← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အခန်း (၆၅) - ဇောင်ကျားလျှို

“ခွေးကောင်လေး... မင်း ငါ့ကို လှည့်စားဖို့ ကြံနေပြန်ပြီ”

စစ်သူကြီးကျောက်မှာ ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်မွေးများပင် ထောင်တက်သွားပြီး မျက်လုံးပြူးကာ စိုက်ကြည့်နေတော့သည်။

ကျိုးရီ မည်မျှ ပါးနပ်ကောက်ကျစ်ကြောင်းကို သူကလွဲ၍ မည်သူမှ ပိုမသိနိုင်ပေ။ ဤကောင်သည် စကားကို တစ်ခွန်းမျှ ရိုးရိုးသားသား မပြောဖူးဘဲ သူ၏ နေ့ရက်များကို အဆုံးအစမရှိ ပုန်းအောင်းနေခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤကျိုးရီသည် ကျင့်ကြံမှုကို ဖုံးကွယ်ထားပြီး သူသည် မွေးရာပါအဆင့် နှောင်းပိုင်းသို့ပင် ရောက်ရှိနေလောက်ပြီဟု သူ သံသယ၀င်နေသည်။

သူ့စကားကိုသာ နားယောင်လိုက်လျှင် ရောင်းစားခံရနိုင်ပေသည်။

“မင်းမှာ အဲဒီလိုရည်ရွယ်ချက် မရှိမှတော့ ငါ့ရဲ့ ရတနာကို ငါ့ဆီပြန်ပေး”

စစ်သူကြီးကျောက်က သူ့ရတနာသူ ပြန်ယူရန် လက်လှမ်းလိုက်သော်လည်း ကျိုးရီက သူ့လက်ကို ပုတ်ထုတ်လိုက်သည်။

“ဟေ့... ဟေ့... ဟေ့... အရမ်း အလောတကြီး မလုပ်ပါနဲ့။ ကျွန်တော်တို့ သေချာ တိုင်ပင်ကြည့်ရအောင်။ ကျွန်တော်တို့ ဆွေးနွေးလို့ မပြီးသေးဘူး မဟုတ်လား”

“ခွေးကောင်လေး... မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို တော်တော်လေး ဖုံးကွယ်ထားနိုင်တာပဲ”

စစ်သူကြီးကျောက်၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။ သာမန် မွေးရာပါအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ့လက်ကို ပုတ်ထုတ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

ကျိုးရီက ဆက်ဖုံးကွယ်ထားရန် အားထုတ်မနေတော့ပေ။ ပုန်းအောင်းခြင်းတာအို၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ မိမိ၏ ကျင့်ကြံမှု အပြည့်အဝကို မည်သည့်အခါမျှ ထုတ်ဖော်မပြသခြင်းသာဖြစ်ပြီး လုံးဝ ထုတ်ဖော်မပြသခြင်း မဟုတ်ပေ။

ကိုးဆယ့်ကိုးရာခိုင်နှုန်းကို ဖုံးကွယ်ထားပြီး တစ်ရာခိုင်နှုန်းကို ထုတ်ဖော်ပြသခြင်းက မည်သည့်ခြိမ်းခြောက်မှုကိုမျှ ဖြစ်ပေါ်စေမည် မဟုတ်ပေ။

“ဟီးဟီး... သိုင်းလောကထဲမှာ ကျင်လည်နေတဲ့အခါ နောက်ကျော်က ဓားထိုးခံရတာကို ဘယ်လိုလုပ် ရှောင်လွှဲနိုင်မှာလဲ၊ သတိထားတာက မမှားပါဘူး”

“ခွေးကောင်လေး... မင်းက တကယ်ကို ပုန်းအောင်းခြင်းနတ်ဘုရားပဲ။ ငါ တကယ် လေးစားသွားပြီ၊ မင်းက သိုင်းသခင်အဆင့်ကို ရောက်နေတာတောင် တစ်ချိန်လုံး လူသစ်လေးလို ဟန်ဆောင်နေတုန်းပဲ”

“ခင်ဗျားတောင် ဟန်ဆောင်မနေလို့ အခု စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရပြီ မဟုတ်လား”

ဤစကားတစ်ခွန်းက စစ်သူကြီးကျောက်ကို စကားမဆိုနိုင်ဖြစ်သွားစေပြီး နောက်ဆုံးတွင် သူက စိတ်ပျက်လက်ပျက်ဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။

“ကောင်းပြီ၊ ကောင်းပြီ။ မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤရလဒ်ကို သူ မကျေနပ်ပေ။

ဤလောကကြီးတွင် သွေးသားတော်စပ်မှုမရှိဘဲ ဆရာနှင့် တပည့်မျှသာ ဖြစ်နေခြင်းက လုံခြုံမှုအနည်းငယ်မျှသာ ပေးစွမ်းနိုင်ပေသည်။

သို့သော် သူတို့သာ လက်ထပ်လိုက်မည်ဆိုလျှင်တော့ ကွာခြားသွားပေလိမ့်မည်။ ကလေးအနည်းငယ် ရလာလျှင် အကောင်းဆုံးဖြစ်ပြီး မျိုးဆက် ရှိလာပါက သံယောဇဉ်ကြိုးမှာ ပိုမိုနက်ရှိုင်းသွားနိုင်ပေသည်။

သို့သော် အချို့သောအရာများကို အတင်းအကျပ် လုပ်ယူ၍ မရနိုင်ပေ။

သူတို့နှစ်ဦး နှုတ်ဆက်အရက်သောက်ပြီးနောက် စစ်သူကြီးကျောက်က သူ့မိသားစုကို ကလေးတစ်ယောက် လာပို့ခိုင်းလိုက်သည်။

ဤအဘိုးကြီးက လုံးဝ အရှုံးမပေးသေးကြောင်း ထင်ရှားလှသည်။

ကျိုးရီက ယောကျ်ားလေးတစ်ယောက်ကို ပျိုးထောင်ပေးရန် သဘောတူခဲ့သော်လည်း သူက မိန်းကလေးတစ်ယောက်ကိုသာ ပို့ဆောင်လာခဲ့သည်။

သူမက အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့်ရှိပြီး တောက်ပသော မျက်လုံးဝိုင်းကြီးများ ရှိသည်။

ရတနာကို ထောက်ထား၍ ကျိုးရီလည်း ဘာမျှ ဆက်မပြောတော့ပေ။

သို့သော် စစ်သူကြီးကျောက်၏ ရည်ရွယ်ချက်များမှာ သေချာပေါက် အချည်းနှီးဖြစ်သွားပေလိမ့်မည်။

ကျိုးရီသည် မိန်းမလျာတစ်ယောက် ဖြစ်ရန် ဆုံးဖြတ်ထားခြင်းကြောင့် မဟုတ်ပေ။ သူသည် အင်မော်တယ်တစ်ပါးဖြစ်ပြီး သူ့ခွန်အားများမှာ လျင်မြန်စွာ တိုးတက်နေသောကြောင့် အနာဂတ်တွင် သူရှာဖွေမည့် မည်သည့်အမျိုးသမီးမဆို ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်မှရပေမည်။

မွေးရာပါ သူတော်စင်ခန္ဓာကိုယ်ပါလာပြီး ရေသောက်ရုံဖြင့် ကျင့်ကြံမှုများ တိုးတက်လာမည့် သူမျိုးကဲ့သို့ပင်။

ထိုကဲ့သို့သော သူမျိုးများသာလျှင် သူ့သက်တမ်းနှင့် ညီအောင် အသက်ရှင်နိုင်မည်ဖြစ်သည်။

‘ငါသာ သာမန်လူတစ်ယောက်ကို ရှာမိရင် သူမသက်တမ်းကို ဘယ်လိုရှည်အောင်လုပ်ရမလဲ၊ ခွန်အားကို ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာတွေကို ပူပန်နေရမှာပဲ၊ အဲဒါက ကိုယ့်ပြဿနာ ကိုယ်ရှာတာ မဟုတ်ဘူးလား'

“မင်း နာမည် ဘယ်လိုခေါ်လဲ”

“စီနီယာကျိုး၊ ဂျူနီယာရဲ့ နာမည်က ဇောင်ကျားလျှိုပါ”

“ဇောင်ကျားလျှို... နာမည်က အတော်လေး ထူးဆန်းတာပဲ၊ အခုကစပြီး မင်း ဒီခြံဝင်းထဲမှာပဲနေပြီး နေ့တိုင်း ကျင့်ကြံရမယ်။ ဘယ်မှ လျှောက်မသွားရဘူး၊ နားလည်လား”

“နားလည်ပါတယ်”

“မင်း ဘယ်လိုသိုင်းပညာမျိုးတွေ သင်ဖူးလဲ”

ဇောင်ကျားလျှိုက ခေါင်းလေး ခါယမ်းပြလိုက်သည်။

“ဂျူနီယာက အခြေခံ စိတ်အာရုံကျင့်စဉ်တချို့ကိုပဲ သင်ဖူးပါတယ်”

“ဒါဆိုရင် မင်းကို စိတ်အာရုံကျင့်စဉ်တစ်ခုနဲ့ ဓားကျင့်စဉ်တစ်ခု သင်ပေးမယ်”

သူမ သိုင်းသခင်အဆင့်သို့ ရောက်ရှိသွားသည်နှင့် သူမ၏အမေကို ရှာဖွေရန် အိမ်သို့ပြန်လွှတ်လိုက်မည်ဟု ကျိုးရီ ဆုံးဖြတ်ချက်ချလိုက်သည်။

အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး မျက်တောင်တစ်ခတ်အတွင်း နှစ်အနည်းငယ် ထပ်မံကြာညောင်းသွားခဲ့ပြီဖြစ်သည်။

ဇောင်ကျားလျှိုသည် ကျက်သရေရှိသော မိန်းမပျိုလေးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။

သူမသည် အလွန် ဉာဏ်ကောင်းပြီး ကျိုးရီ သင်ပေးသော ကျင့်စဉ်တိုင်းကို လျင်မြန်စွာ သင်ယူတတ်မြောက်ခဲ့သည်။ ကျိုးရီ၏ အကူအညီဖြင့် မွေးရာပါအဆင့်သို့ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့သည်။

ဒေါက်... ဒေါက်... ဒေါက်...

ယနေ့ သူတို့နှစ်ဦးလုံး အိမ်၌ ရှိနေစဉ် တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။

ခြံဝင်းထဲတွင် တံမြက်လှည်းနေသော ဇောင်ကျားလျှိုက တံခါးသွားဖွင့်လိုက်သည်။ လာသူကို မြင်လိုက်ရသောအခါ သူမ၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ လင်းလက်သွားသည်။

“အစ်ကိုကြီးယန်”

“ညီမလေးကျောက်... စီနီယာ အိမ်မှာရှိလား”

“သူ အထဲမှာရှိပါတယ်။ ကုန်ကြမ်းပစ္စည်းဌာနကနေ အခုလေးတင် ပြန်ရောက်လာတာ၊ ပင်မခန်းမဆောင်ထဲမှာ ရှိတယ်”

“သူ့ကို လာတွေ့တာ”

“လက်ဖက်ရည် သွားငှဲ့ပေးမယ်နော်”

ဇောင်ကျားလျှို မီးဖိုချောင်ဘက်သို့ ပြေးသွားပြီး ယန်ကျန်းကမူ လက်ဆောင်များကို သယ်ဆောင်ကာ ပင်မခန်းမဆောင် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

“စီနီယာ”

ကျိုးရီသည် ကုလားထိုင်ပေါ်တွင် မျက်လုံးမှိတ်ကာ အနားယူနေသည်။ ယန်ကျန်း ချဉ်းကပ်လာသည်ကို မြင်သောအခါ မျက်လုံးဖွင့်ကြည့်လိုက်သည်။

“မဆိုးပါဘူး။ ဒီနှစ်တွေတစ်လျှောက်လုံး မင်းက ပိုပြီး ကြိုးစားကျင့်ကြံနေခဲ့တာပဲ။ အခုဆို မင်းရဲ့ ကျင့်ကြံမှုက သိုင်းသခင်အဆင့်ကို ရောက်နေပြီ”

ယန်ကျန်း၏ အဆင့်မှာ သိုင်းသခင်အဆင့်သို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း ကျိုးရီ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ အရင်က သူ၏ အမြန်နှုန်းလောက် မမြန်သော်လည်း သာမန်လူများနှင့်ယှဉ်လျှင် များစွာ မြန်ဆန်နေဆဲပင်။

ယန်ကျန်း ပြုံးကာ ပြောလိုက်သည်။

“စီနီယာရဲ့ သင်ကြားပြသမှုတွေကြောင့်သာ ဂျူနီယာ အခုလို မြန်မြန်ဆန်ဆန် အဆင့်ကျော်ဖြတ်နိုင်ခဲ့တာပါ”

“နန်းတွင်းမှာ မင်း အတော်လေး အခြေအနေကောင်းနေတယ်လို့ ကြားတယ်။ မဆိုးပါဘူး၊ မင်းမိဘတွေသာ တမလွန်ကနေ သိမယ်ဆိုရင် အေးချမ်းစွာ အနားယူနိုင်ကြမှာပါ”

သူ့မိဘများအကြောင်းကို ပြောလိုက်သောအခါ ယန်ကျန်း ရင်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“သူတို့ ဒီနေ့ကို အသက်ရှင်လျက် မမြင်တွေ့သွားရတာ နှမြောစရာပဲ”

ခေတ္တရပ်နားပြီးနောက် သူ ထပ်မံပြောဆိုလာသည်။

“အဲဒီအကြောင်း မပြောကြတော့ဘူး။ ဒီနေ့ ဂျူနီယာလာတာ စီနီယာ့ကို နှုတ်ဆက်ချင်လို့ပါ”

“ဪ”

“အရှင်မင်းကြီးက ကျွန်တော့်ကို ချူပြည်နယ် နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံအရာရှိအဖြစ် ခန့်အပ်လိုက်တယ်၊ နောက်ရက်အနည်းငယ်နေရင် ရာထူးသွားယူရတော့မယ်”

“မဆိုးဘူးပဲ။ နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ တာ၀န်ခံအရာရှိ ဆိုတာ ဒုတိယအဆင့် အရာရှိလေ၊ အခုဆို မင်းက နန်းတွင်းရဲ့ အဆင့်မြင့်အရာရှိကြီးတစ်ယောက် ဖြစ်နေပြီပဲ”

ယန်ကျန်း ခေါင်းခါယမ်းကာ ခါးသီးစွာ ပြုံးလိုက်သည်။

“ဒီရာထူးကို ရယူဖို့ သိပ်မလွယ်ဘူး”

သူ ဘာဆိုလိုသည်ကို ကျိုးရီ သဘာဝကျကျ သိရှိထားသည်။

ကျင်းဧကရာဇ်သည် အခြားဧကရာဇ်များနှင့် မတူပေ။ သူသည် ရည်မှန်းချက် အလွန်ကြီးမားရုံသာမက အာဏာလှည့်ကွက်များကိုလည်း အလွန် ကျွမ်းကျင်လှသည်။

အစပိုင်းတွင် သူသည် ဂိုဏ်းကြီးလေးခုကို ဖိနှိပ်ရန် ထျန်းကျီဂိုဏ်းအား အသုံးပြုခဲ့ပြီး သူ၏ ကိုယ်ပိုင် ခွန်အားကို တိုးမြှင့်ခဲ့သည်။

နောက်ပိုင်းတွင် ထျန်းကျီဂိုဏ်း၏ အထက်လူကြီးများက ဤအရာကို သိရှိသွားပြီး သူသည် အနည်းငယ် ထိန်းချုပ်မရ ဖြစ်လာနေကြောင်း သတိပြုမိသွားသောကြောင့် ဂိုဏ်းကြီးလေးခုကို ပြန်လည် ထောက်ပံ့ပေးလာခဲ့ကြသည်။

ထို့အပြင် ဂိုဏ်းကြီးလေးခု၏ ဩဇာလွှမ်းမိုးမှုမှာ နှစ်ပေါင်းများစွာ ရောယှက်နေခဲ့ပြီး နေရာအနှံ့အပြားတွင် အမြစ်တွယ်နေသောကြောင့် ကျင်းဧကရာဇ်၏ ဩဇာလွှမ်းမိုးမှုမှာ သိသိသာသာ လျော့ကျသွားခဲ့ရသည်။

သူ၏ ဩဇာလွှမ်းမိုးမှုကို တိုးမြှင့်ရန်အတွက် အရည်အချင်းရှိသော လူငယ်များကို ရာထူးတိုးပေးပြီး ရဲရဲဝံ့ဝံ့ အာဏာလွှဲအပ်ပေးရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ့အတွက် အချိန်သိပ်မကျန်တော့သောကြောင့်ဖြစ်သည်။

ဝမ်ဧကရာဇ်၏ နေလနတ်ဘုရားဂိုဏ်းသည်လည်း ဤနှစ်များအတွင်း တာ့ချန်၏ အင်အားစုများစွာကို ထိုးဖောက်ဝင်ရောက်နေခဲ့သည်။

ကျင်းဧကရာဇ်ကို ပိုမိုစိတ်ပျက်စေသည်မှာ ဤအကြောင်းကို ထျန်းကျီဂိုဏ်းထံသို့ ပြောပြ၍ မရနိုင်ခြင်းပင်။ ထိုသို့မဟုတ်ပါက ထျန်းကျီဂိုဏ်းကို သံသယဖြစ်ပေါ်ပြီး သူ့ကို လုံးဝ စွန့်ပစ်သွားမည်ဆိုလျှင် သူ ပို၍ ဒုက္ခရောက်ပေလိမ့်မည်။

ကျိုးရီသည် တာ့ချန်၏ ကိစ္စရပ်များကို သိပ်ပြီး စိတ်မဝင်စားတော့ပေ။ သူသည် တာ့ချန် တွင် ပုန်းအောင်းကာ ကျင့်ကြံနေခြင်းမျှသာဖြစ်ပြီး တာ့ချန်တစ်ခုလုံးတွင် သူ့ကို ခြိမ်းခြောက်နိုင်သူတစ်ဦးမျှ မရှိချေ။

သူတကယ်သတိထားနေသည့် သူနှင့် စွမ်းအားခြင်း မကွာခြားသူများမှာ ကောင်းကင်နတ်ဘုရားနန်းတော်၊ သွေးဖီးနစ်နတ်ဘုရားနန်းတော်နှင့် တာ့ချန် တောင်ပိုင်းနယ်စပ်ရှိ တောင်တစ်သောင်းဒေသမှ နတ်ဆိုးဧကရာဇ်တို့သာ ဖြစ်သည်။

သူသည် အင်္ကျီလက်ထဲမှ အနက်ရောင် သံမဏိတိုကင်တစ်ခုကို ထုတ်ယူကာ ယန်ကျန်းထံသို့ ပစ်ပေးလိုက်သည်။

“ဒါကို ယူထားလိုက်။ ချူပြည်နယ် ဒေသက နတ်ဘုရားလမ်းစဉ်အရာရှိတွေအားလုံး မင်းစကားကို နားထောင်လိမ့်မယ်”

လွန်ခဲ့သောနှစ်များက ကျိုးရီ ဖြန့်ကျက်ထားသော နတ်ဆိုးသားရဲများသည် တာ့ချန်မှ နတ်ဘုရား၊ ကွန်ဖြူးရှပ်၊ သိုင်းနှင့် တာအိုဟူသော လမ်းစဉ်လေးခုကို ဖန်တီးခဲ့စဉ်ကတည်းက နတ်ဘုရားလမ်းစဉ်တွင် နေရာယူထားခဲ့ပြီးဖြစ်သည်။

တာ့ချန်၏ ကျင့်ကြံခြင်းလမ်းစဉ်လေးခုအနက် နတ်ဘုရားလမ်းစဉ်တစ်ခုလုံးမှာ သူ့လက်အောက်ခံများဖြစ်သော နတ်ဆိုးသားရဲများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်

သူတို့သည် တာ့ချန်ရှိ သန်းရာချီသော သာမန်ပြည်သူများ၏ ယုံကြည်မှုစွမ်းအားရို ခံစားနေကြပြီး နတ်ဘုရားလမ်းစဉ် ကျင့်ကြံခြင်းနည်းလမ်းကို အသုံးပြု၍ သူတို့၏ ကိုယ်ပိုင်ခွန်အားများကို အဆက်မပြတ် မြှင့်တင်နေကြသည်။

ကျိုးရီသည် နန်းတွင်း၏ စားသောက်ဖွယ်ရာများကို ကြားဖြတ်လုယူရင်း သူ့လက်အောက်ခံများကို ပျိုးထောင်နေခြင်းဖြစ်သည်။

ဤသည်မှာ အရင်းမရှိဘဲ အမြတ်ယူနေခြင်းဖြစ်ပြီး သူ့ဘဝမှာ တကယ်ကို သက်တောင့်သက်သာ ရှိလှပေသည်။

“ကျစ်... ကျေးဇူးတင်ပါတယ် စီနီယာ”

ယန်ကျန်း အံ့အားသင့်သွားကာ ဆုတ်သပ်လိုက်မိသည်။ ကျိုးရီတွင် ဤကဲ့သို့သော နည်းလမ်းမျိုး ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

တာ့ချန်တွင် လမ်းစဉ်လေးခုသာ ရှိပြီး နတ်ဘုရားလမ်းစဉ်မှာ သိုင်းတာအို၏အောက် တစ်ဆင့်သာ နိမ့်ကျသော အလွန်အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

သို့သော်ငြား ဤလမ်းစဉ်တစ်ခုလုံးမှာ ကျိုးရီ၏ လူများဖြင့်သာ ဖွဲ့စည်းထားသည်။

၎င်းမှာ စကားတစ်ခွန်းတည်းဖြင့် ရိုးရိုးရှင်းရှင်း ဖော်ပြရလျှင်….

‘အရမ်း ကြောက်ဖို့ကောင်းလွန်းတယ်’

All Chapters