အခန်း ၆၆
Vol. 7 Ch. 66
အခန်း (၆၆) - နတ်ဆိုးသားရဲများ ချောက်ချခံရခြင်း
“ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ မှတ်ထား၊ ဒီလောကကြီးမှာ ခွန်အားက အဓိကပဲ။ မင်းရဲ့ ခွန်အားတွေကို တိုးတက်လာအောင် နည်းလမ်းရှာရမယ်၊ အရာရှိတစ်ယောက် ဖြစ်သွားပြီဆိုပြီး ပေါ့ပေါ့ဆဆမနေနဲ့”
“ဂျူနီယာ မှတ်သားထားပါ့မယ်”
ယန်ကျန်း တည်ကြည်လေးနက်စွာ တုံ့ပြန်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားပုံပေါ်သည်။ သူ့နှုတ်ခမ်းများ လှုပ်ရှားသွားပြီး တစ်ခုခုကို ပြောချင်နေသော်လည်း မပြောရဲဘဲ ဖြစ်နေသည်။
သူ၏ စိတ်ထဲတွင် မည်သည့်အရာများ ရှိနေသည်ကို ကျိုးရီ သဘာဝကျကျ သိရှိထားသည်။ ဤနှစ်များတစ်လျှောက်လုံး ဇောင်ကျားလျှို ကြီးပြင်းလာသည်နှင့်အမျှ ယန်ကျန်း သူမကို ကြည့်သည့် အကြည့်များက ပြောင်းလဲလာခဲ့သည်။
‘ဒီကောင်လေး သေချာပေါက် အရသာခံချင်နေတာပဲ'
ကျိုးရီ၏ မူလအစီအစဉ်မှာ ဇောင်ကျားလျှိုကို သိုင်းသခင်အဆင့်ရောက်သည်အထိသာ ပျိုးထောင်ပေးရန်ဖြစ်သော်ငြား မဟာတာအိုအင်မော်တယ်ဘူးသီး၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသ၍ မရနိုင်ပေ။
ထို့ကြောင့် ဇောင်ကျားလျှိုအနေဖြင့် သိုင်းသခင်အဆင့်သို့ ကျော်ဖြတ်ဝင်ရောက်ရန် ခက်ခဲမည်ဖြစ်ပြီး အနည်းဆုံး အနှစ်နှစ်ဆယ်ခန့် ကြာမြင့်ပေလိမ့်မည်။
သူ နောက်ထပ် အနှစ်နှစ်ဆယ်လောက် ကလေးထိန်း မလုပ်ချင်တော့ချေ။
အဆင်သင့်ပင် ယန်ကျန်းက သိုင်းသခင်တစ်ဦးဖြစ်ပြီး သူမကို ကာကွယ်ပေးနိုင်လောက်အောင် ခွန်အားရှိလာချေပြီ။ သူတို့နှစ်ဦး ပေါင်းဖက်ခြင်းက သူ့အတွက် ပြဿနာတော်တော်များများကို သက်သာသွားစေလိမ့်မည်။
ထို့အပြင် သူသည် မဟာအရှင်သခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သာမန်လူများ မမြင်နိုင်သောအရာများကို ကျိုးရီ မကြာခဏ မြင်တွေ့နိုင်စွမ်းရှိသည်။
ယန်ကျန်းနှင့် ဇောင်ကျားလျှိုကြားတွင် ဝေဝါးဝါး အထူးဆက်သွယ်မှုတစ်ခု၊ အတိအကျဆို အနီရောင် အလင်းတန်းတစ်ခု ရှိနေသည်။ ၎င်းမှာ သူတို့၏ ဖူးစာကံကြမ္မာဖြစ်မည်ဟု ကျိုးရီ ခန့်မှန်းမိသည်။
‘ဒါက ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ ကံကြမ္မာရေစက်ပဲ ဖြစ်ရမယ်'
ထို့အပြင် သူတို့နှစ်ဦး နီးစပ်သွားသည်နှင့်အမျှ ထိုအနီရောင်အလင်းတန်းက ခရမ်းရွှေရောင် မြင့်မြတ်သည့်အငွေ့အသက်တစ်ခုကို ထုတ်ဖော်ပြသလာသည်။
၎င်းက သူတို့၏ ကံကြမ္မာများ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ညွှန်ပြနေပြီး သူတို့နှစ်ဦး ပေါင်းဖက်ခြင်းက မမျှော်လင့်ထားသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးနိုင်ပေလိမ့်မည်။
ကျိုးရီသည် ဇောင်ကျားလျှိုကို လက်ယပ်ခေါ်လိုက်ရာ သူမက ရှက်ရွံ့စွာ ခေါင်းငုံ့ပြီး ဝင်ရောက်လာခဲ့သည်။
“စီနီယာ”
“ကျားလျှို... ကျောက်မိသားစုကနေ အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်ကို ပျိုးထောင်ပေးမယ်လို့ အရင်တုန်းက မင်းအဘိုးကို ငါကတိပေးခဲ့တယ်”
“ငါသင်ပေးထားတဲ့ ကျင့်စဉ်နဲ့ဆိုရင် မင်း ကြိုးကြိုးစားစား ကျင့်ကြံပြီး အဆင့်တွေအတိုင်း လိုက်လုပ်သရွေ့ သိုင်းသခင်အဆင့်ကို ရောက်ဖို့က လွယ်ပါတယ်”
“မူလကတော့ မင်းကို ငါ့ဘေးနားမှာပဲ ထားဖို့ ရည်ရွယ်ထားတာ။ ဒါပေမဲ့ ယောကျ်ားလေးတွေနဲ့ မိန်းကလေးတွေက အရွယ်ရောက်လာရင် အိမ်ထောင်ပြုရမှာပဲလေ”
“ယန်ကျန်း ကြီးပြင်းလာတာကို ငါကိုယ်တိုင် စောင့်ကြည့်နေခဲ့ရတာ၊ သူ့ရဲ့ စရိုက်နဲ့ ပါရမီက အပြစ်ပြောစရာမရှိဘူး။ သူနဲ့လက်ထပ်ပြီး ချူပြည်နယ်ကို အတူတူလိုက်သွားဖို့ မင်းဆန္ဒရှိလား”
ကျားလျှို သူမ၏ လက်သေးသေးလေးများဖြင့် အင်္ကျီစကို ပွတ်သပ်နေပြီး မျက်နှာတစ်ခုလုံး နီရဲသွားကာ ကျိုးရီ၏ မျက်လုံးကို တည့်တည့်မကြည့်ရဲတော့ချေ။
“အရာရာတိုင်းမှာ စီနီယာရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ လိုက်နာပါ့မယ်”
“ကောင်းပြီ၊ ဒါဆိုရင်လည်း ပြီးတာပဲ။ ယန်ကျန်းနဲ့အတူ ချူပြည်နယ်ကိုသွားလိုက်၊ မင်းတို့နှစ်ယောက်လုံးကို ယင်၊ ယန် နတ်ဘုရားကျင့်စဉ်တစ်ခု သင်ပေးလိုက်မယ်”
“တတ်မြောက်သွားတာနဲ့ မင်းတို့ရဲ့ တိုးတက်မှုကို သိသိသာသာ မြန်ဆန်လာလိမ့်မယ်။ မထွက်သွားခင် ကျောက်မိသားစုက မင်းအကြီးအကဲတွေကို သွားနှုတ်ဆက်ဖို့ မမေ့နဲ့ဦး”
သူတို့နှစ်ဦး အတူတကွ ဒူးထောက်ချလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် စီနီယာ”
ကျိုးရီ လက်ဝှေ့ယမ်းပြလိုက်၏။
“သွားကြတော့... သွားကြတော့”
သူတို့၏ မျက်လုံးများ အနည်းငယ် နီရဲသွားပြီးနောက် လှည့်ထွက်သွားကြလေသည်။
ကျိုးရီရင်ထဲတွင် လေးနက်သော ခံစားချက်များ ဖြစ်ပေါ်လာမိသည်။
“ငါက ဘာလို့ အဘိုးကြီးတစ်ယောက်နဲ့ ပိုပိုပြီး တူလာရတာလဲ”
သူ ကူးပြောင်းလာသည့်နေ့မှစ၍ ဤလမ်းစဉ်ကို လျှောက်လှမ်းရန် ကံကြမ္မာက ဖန်တီးထားခဲ့ခြင်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
သက်ရှည်ခြင်းသည် အရာရာတိုင်းတွင် ကောင်းမွန်သော်လည်း ရှောင်လွှဲ၍မရနိုင်သော အထီးကျန်ခြင်းကံကြမ္မာတော့ ရှိနေသည်။
သူ့ပတ်ဝန်းကျင်ရှိ လူများမှာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲသွားခဲ့ကြသည်။ အချိန်ကာလ၏ ပြောင်းလဲမှုများနှင့် မရေမတွက်နိုင်သော အတွေ့အကြုံများကြားတွင် နောက်ဆုံး၌ အရာအားလုံးကို သူ တစ်ယောက်တည်း ခံစားရမည်သာ။
အကယ်၍ တစ်နေ့နေ့တွင် သူသာ အမြင့်ဆုံးအဆင့်ကို ကျော်ဖြတ်ဝင်ရောက်သွားခဲ့ပါက အချိန်ကို နောက်ပြန်လှည့်ပြီး အခြားသူများကိုပါ အသက်ရှည်အောင် ထားနိုင်မည်လော။
‘အဲဒီအချိန်ကျရင် ငါ အထီးကျန်တဲ့ခံစားချက်ကို ခံစားရတော့မှာ မဟုတ်ဘူး'
သို့သော် ကျိုးရီ တွေးရုံသာ တွေးကြည့်မိခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုကိစ္စမှာ အလွန်ဝေးကွာလွန်းလှပြီး ယခုအချိန်တွင် သူ့အတွက် လက်လှမ်းမမီနိုင်သေးသော အရာဖြစ်နေသည်။
များမကြာမီ သိမ်းငှက်တစ်ကောင် ပျံသန်းဝင်ရောက်လာ၏။ ထိုသိမ်းငှက်က ကျိုးရီ၏ ခြံဝင်းအတွင်းသို့ ဆင်းသက်ကာ လူအသွင်ပြောင်းပြီးနောက် ကျိုးရီထံသို့ အလျင်အမြန် ချဉ်းကပ်လာခဲ့သည်။
“နတ်ဘုရားသခင်ကို ဂါရဝပြုပါတယ်”
ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။
“သွေးဖီးနစ်နတ်ဘုရားနန်းတော်နဲ့ ကောင်းကင်နတ်ဘုရားနန်းတော်တို့ကြားက စစ်ပွဲအခြေအနေ ဘယ်လိုရှိလဲ”
“နတ်ဘုရားသခင်ကို သတင်းပို့ပါတယ်၊ နတ်ဘုရားနန်းတော်နှစ်ခုကြားက စစ်ပွဲက အပြင်းထန်ဆုံး အခြေအနေကို ရောက်နေပါပြီ၊ လက်ရှိမှာ သွေးဖီးနစ်နတ်ဘုရားနန်းတော်က အသာစီး ရနေဆဲပါ"
“ကောင်းကင်နတ်ဘုရားနန်းတော်က သူတို့ရဲ့ နယ်မြေ သုံးပုံနှစ်ပုံကို ဆုံးရှုံးလိုက်ရပါပြီ။ မကြာခင်အချိန်အတွင်းမှာ ကောင်းကင်နတ်ဘုရားနန်းတော် လုံးဝ ကျဆုံးသွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်”
“အဲဒီလိုလား…”
‘ကောင်းကင်နတ်ဘုရားနန်းတော်က အချိန်အကြာကြီး ဆက်ပြီး တောင့်ခံနိုင်တော့မယ့်ပုံ မပေါ်ဘူး'
ကောင်းကင်နတ်ဘုရားနန်းတော်ကို သူ သိပ်ဂရုမစိုက်သော်လည်း သွေးဖီးနစ်နတ်ဘုရားနန်းတော်နှင့် ရန်ငြိုးအချို့ ရှိနေသည်။
သူ့ထံတွင် ကိုယ်ကျင့်တရား သိပ်မရှိသော်လည်း အားနည်းချက်များတော့ အများအပြား ရှိနေသေးသည်။ အထင်ရှားဆုံးတစ်ခုမှာ ကလဲ့စားချေတတ်ခြင်းပင်။ အလွန်အမင်း ကလဲ့စားချေတတ်ခြင်းဖြစ်သည်။
သွေးဖီးနစ်နတ်ဘုရားနန်းတော်သည် သူ့ကို ပစ်မှတ်ထားခဲ့သော အင်အားစုတစ်ခု ဖြစ်သည်။ သူတို့ အင်အားကြီးလာပြီး မောက်မာဝင့်ကြွားစွာ ကြွားလုံးထုတ်နေမည်ကို ကျိုးရီ မလိုလားပေ။
‘ပြီးတော့ ငါ မရောက်ဖူးသေးတဲ့ ရှေးဟောင်းစစ်မြေပြင်လည်း အဲဒီမှာ ရှိနေသေးတယ်...’
ထို့အပြင် တာ့ချန်သည် သူ့အတွက် သိပ်ပြီး အသုံးမဝင်တော့ပေ။
သူ့ခွန်အားမှာ အလွန် မြင့်မားနေပြီဖြစ်ရာ သေဆုံးသွားသူများ၏ မှတ်ဉာဏ်များဖြစ်စေ၊ သွေးအနှစ်သာရမှ ရရှိသော ကျင့်ကြံမှုများဖြစ်စေ ၎င်းတို့ကို စုပ်ယူခြင်းက အရေးမပါတော့သလို အသုံးလည်းမဝင်တော့ချေ။
“အသိုက်အသစ်တစ်ခု ရှာရမယ့်အချိန် ရောက်လာပြီထင်တယ်”
ထိုအချိန်မှာပင် ကောင်းကင်အကျဉ်းထောင်အတွင်းမှ သူနှင့် ဆက်သွယ်ထားသော အငွေ့အသက်အချို့ကို ကျိုးရီ အာရုံခံမိလိုက်သည်။
“ဒါက...”
ထိုအရာများမှာ သူ လွှတ်ပေးခဲ့သော နတ်ဆိုးသားရဲများဖြစ်ကြောင်း ကျိုးရီ အာရုံခံမိနေသည်။
“သူတို့က ဘာလို့ ဒီမှာ ရောက်နေရတာလဲ၊ နေရာအနှံ့အပြားမှာ နတ်ဘုရားတာဝန်တွေကို ထမ်းဆောင်နေရမှာ မဟုတ်ဘူးလား”
ကျိုးရီသည် အကျဉ်းထောင်အတွင်းသို့ ချက်ချင်းရောက်ရှိသွားသည်။ မှန်ပေသည်၊ သူ့လက်အောက်ခံ နတ်ဆိုးသားရဲအချို့ကို မြင်တွေ့လိုက်ရသည်။
လက်ရှိတွင် သူတို့၏ စွမ်းအင်ကိုးပေါက်လုံး ချိတ်ပိတ်ခံထားရပြီး အရိုးများအားလုံး ကျိုးပဲ့နေကာ အကျဉ်းထောင်ထဲတွင် သံကြိုးများဖြင့် ချည်နှောင်ခံထားရ၏။ ကွပ်မျက်သူက အရေခွံဆုတ်၊ အရိုးနွှာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေကြရသည်။
ကျိုးရီ၏ မျက်လုံးများ အေးစက်သွားသည်။ ကျင်းဧကရာဇ်သည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း သူ ဖန်တီးခဲ့သော ဥပဒေများကိုမူ တင်းတင်းကျပ်ကျပ် လိုက်နာကြဆဲဖြစ်သည်။
ဤနတ်ဆိုးသားရဲများကို ဒေသဆိုင်ရာ မြို့စောင့်နတ်၊ တောင်စောင့်နတ် သို့မဟုတ် မြစ်များ၊ ရေကန်များ၏ ရေစောင့်နတ်များအဖြစ် နေရာအသီးသီးတွင် နတ်ဘုရားတာဝန်များ ထမ်းဆောင်ရန် ခန့်အပ်ထားခဲ့ခြင်းဖြစ်သည်။
လူအစုလိုက်အပြုံလိုက် စားသောက်ခြင်းကဲ့သို့သော ပြစ်မှုကြီးများ ကျူးလွန်ထားခြင်းမရှိလျှင် သူတို့သည် မည်သည့်အခါမျှ ဖမ်းဆီးခံရမည်မဟုတ်ပေ။
“ဘာတွေဖြစ်နေတာလဲ”
ကျိုးရီ အေးစက်စက် မေးလိုက်ရာ နတ်ဆိုးအချို့က ငိုသံဖြင့် ပြောလာကြသည်။
“နတ်ဘုရားသခင်... ကျွန်တော်တို့ လုပ်ကြံခံလိုက်ရတာပါ”
“လီထျန်းဂိုဏ်းက လူတွေက နတ်ဆိုးတွေကို အစာကျွေးဖို့ လူ့အသက်တွေကို အသုံးပြုနေကြတာ၊ အဲဒါကို ကျွန်တော်တို့ သိသွားတဲ့အခါ သူတို့ရဲ့ အကျင့်ပျက်ခြစားမှုထဲကို ကျွန်တော်တို့ကိုပါ ဆွဲသွင်းချင်ကြတယ်”
“ကျွန်တော်တို့က ငြင်းလိုက်တော့ ဒီလိုအခြေအနေကို ရောက်သွားတာ”
“ဪ... ဒါကြောင့်ကိုး”
၎င်းနောက်ကွယ်ရှိ ပြဿနာက ဤမျှရိုးရှင်းမည်မဟုတ်ကြောင်း ကျိုးရီ သိထားသည်။
လွန်ခဲ့သောနှစ်များက ၀ိညာဉ်စွမ်းအင်များ စတင်နိုးထလာချိန်တွင် ဂိုဏ်းအတော်များများ ဤကဲ့သို့ ရူးသွပ်သော လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည်။ ထိုအချိန်က ကျိုးရီသည် ကျားခံတွင်းမြို့တော်ဟုခေါ်သော နေရာတစ်ခုကိုပင် သုတ်သင်ရှင်းလင်းခဲ့ဖူးသည်။
နောက်ပိုင်းတွင် ကျင်းဧကရာဇ်က ကျင့်ကြံခြင်း လမ်းစဉ်လေးခုကို ဖန်တီးလိုက်သောအခါ လောကကြီး တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။
လူသားဂိုဏ်းများက သာမန်ပြည်သူများကို အန္တရာယ်ပြုသည့် ဖြစ်ရပ်များ အလွန်ရှားပါးသွားခဲ့သည်။ ၎င်းက နောက်တစ်ကြိမ် ထပ်ဖြစ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
‘မဟုတ်ဘူး။ ပိုပြီး တိတိကျကျပြောရရင် ဒီကိစ္စက တစ်ချိန်လုံး ဖြစ်နေခဲ့တာ သေချာတယ်။ ဘာလို့လဲဆိုတော့ လီထျန်းဂိုဏ်းက တာ့ချန်ကို အစောကြီးကတည်းက ရောက်နေခဲ့တာ'
“ကျိုးရီ... မင်းက ဒီနေရာမှာ ရှိမနေသင့်ဘူး”
ကျိုးရီ တွေးတောနေစဉ်မှာပင် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျိုးရီ လှမ်းကြည့်လိုက်ရာ လီထျန်းဂိုဏ်း၏ အကြီးအကဲ၊ အကျဉ်းထောင်မှူးချန်မုရှင်း ဖြစ်နေသည်။
လွန်ခဲ့သော ဆယ်နှစ်ကျော်က သူသည် ဝမ်ဆန်းကို ဖယ်ရှားပြီး အကျဉ်းထောင်မှူး ဖြစ်လာခဲ့သည်။ ထိုအချိန်ကတည်းက သူသည် အလွန်မောက်မာလွန်းခဲ့ပြီး ဤနှစ်များတစ်လျှောက်လုံးတွင်လည်း ဟန်ရေးပြရသည်ကို သဘောကျနေဆဲပင်။
သူ၏ စကားပြောဆိုပုံမှာ ကျန်းပေက မိတ်ဆွေဟောင်းတစ်ယောက်ကဲ့သို့ပင် မောက်မာလွန်းလှသည်။
“စကားကို ရပ်မထားဘဲ ဆက်တိုက်ပြောလို့မရဘူးလား”
ကျိုးရီ စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် တံတွေးထွေးလိုက်သည်။ ချန်မုရှင်း၏ မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားပြီး မျက်လုံးထဲတွင် မကျေနပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
“ကျိုးရီ... မင်း အမှားတစ်ခု လုပ်မိသွားပြီ”
ကျိုးရီ သူ့လက်ကို ဖျတ်ခနဲ ဝှေ့ယမ်းလိုက်ရာ လျှပ်စီးဓားအလင်းတန်းတစ်ခု ပြေးထွက်သွားသည်။
ချန်မုရှင်း၏ မျက်၀န်းများ ချက်ချင်း ကျုံ့ဝင်သွားပြီး ဦးရေပြားများ ထုံကျဉ်သွားကာ စကားတစ်ခွန်းမျှ မပြောနိုင်လိုက်ခင်မှာတင် ဓားအလင်းတန်း၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။
“စကားကို သေချာပြောဖို့ ငါပြောထားတယ်လေ”