← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အခန်း (၆၇) - သိုင်းသူတော်စင်က နိုင်ငံကို ဖိနှိပ်ထားပြီး၊ သိုင်းသူတော်စင်ကို ငါက အတွေးတစ်ချက်နဲ့ ဖိနှိပ်ထားတယ်

ဝုန်း...

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ကောင်းကင်အကျဉ်းထောင်တွင် အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားသည်။

ကျိုးရီသည် ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံထားပြီးဖြစ်ရာ သူ တမင်တကာ မရပ်တန့်သရွေ့ ၎င်းကို အသက်သွင်းရန်ပင် မလိုအပ်ဘဲ အလိုအလျောက် အလုပ်လုပ်နေပေလိမ့်မည်။

ချန်မုရှင်း၏ သွေးအနှစ်သာရ၊ ကျင့်ကြံမှုများနှင့် မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းတို့မှာ ကျိုးရီ၏ ကိုယ်တွင်းသို့ ရောက်ရှိလာတော့သည်။

[တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ကြိုးစားပမ်းစား သိုင်းပညာတွေကို ကျင့်ကြံနေပေမယ့် ဘယ်တော့များမှ ငါ ရှေ့ရောက်လာမှာလဲ]

[ဆေးလုံးတွေ မရှိ၊ ရတနာတွေ မရှိဘဲနဲ့ တစ်နေ့နေ့ အသတ်ခံလိုက်ရရင်တောင် ငါ သိမှာ မဟုတ်ဘူး]

[ဘာလို့ တချို့လူတွေက မွေးကတည်းက အုပ်ချုပ်သူတွေဖြစ်လာပြီး အရာအားလုံးကို စံစားနေကြရတာလဲ။ ငါတို့က ဘာလို့ အနင်းခံရဖို့ ကံပါလာရတာလဲ]

[အရင်းအမြစ်တွေ မရှိဘူးဆိုရင် ငါ ဖန်တီးမယ်လေ။ အဲဒီ အောက်ခြေက လူသားတွေကို အသုံးပြုပြီး နတ်ဆိုးတွေကို အစာကျွေးလိုက်ရင် ပိုပြီးအစွမ်းထက်တဲ့ နတ်ဆိုးအမြုတေတွေကို ငါ ရနိုင်တယ်။ ဒါဆိုရင် ပိုပြီးအဆင့်မြင့်တဲ့ ဆေးလုံးတွေကို ဖန်တီးနိုင်မှာပဲ]

[အနိမ့်ကျဆုံး သားရဲတွေကို လူသားတွေ စားသောက်ကြသလိုပဲ၊ အောက်ခြေက လူတွေဆိုတာ လူ့အရေခွံခြုံထားတဲ့ သားရဲတွေပဲ။ ဘာမှ သနားနေစရာ မလိုဘူး]

“လီထျန်းဂိုဏ်းက တကယ်ကို ရက်စက်တာပဲ၊ ပိုပြီး အဆင့်မြင့်တဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ရဖို့အတွက် သာမန်ပြည်သူတွေရဲ့ အသက်တွေကို နတ်ဆိုးတွေရဲ့ ဗိုက်ထဲ တိုက်ရိုက် ထိုးထည့်ပေးနေတာကိုး”

သိုင်းလောကတွင် ဤကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်ဆောင်သူများ မရှိသည်မဟုတ်သော်လည်း ထိုအများစုမှာ မိစ္ဆာခေါင်းဆောင်များအဖြစ် သတ်မှတ်ခံရပြီး လူတိုင်းက လိုက်လံရှာဖွေ သတ်ဖြတ်ကြမည့် လမ်းပေါ်က ကြွက်များကဲ့သို့ ဖြစ်သွားကြသည်။

လီထျန်းဂိုဏ်းကဲ့သို့သော အဖွဲ့အစည်းမျိုးက မွန်မြတ်သော ဂိုဏ်းတစ်ခုလို ဟန်ဆောင်နေပြီး လက်တွေ့တွင်မူ လူယုတ်မာများသာ လုပ်မည့် လုပ်ရပ်များကို လုပ်ဆောင်နေခြင်းသည် တကယ့် လူယုတ်မာများထက်ပင် ပို၍ ရွံရှာဖွယ်ကောင်းနေပေသည်။

“ရန်သူလာပြီ... ရန်သူလာပြီ”

“တစ်ယောက်ယောက်က အကျဉ်းထောင်ကို ဝင်စီးနေတယ်၊ မြန်မြန်လုပ်”

ကောင်းကင်အကျဉ်းထောင်ကို စောင့်ကြပ်နေသော တပ်ဖွဲ့များမှာ ထိုနေရာကို ဝိုင်းရံရန် စတင်နေပြီဖြစ်သည်။

ကျိုးရီသည် လက်တစ်ချက် ဝှေ့ယမ်းကာ နတ်ဆိုးသားရဲအချို့ကို မဟာတာအိုအင်မော်တယ်ဘူးသီးအတွင်းသို့ သိမ်းဆည်းလိုက်ပြီး ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားလေသည်။

မြို့တော်ရှိ ရုံမြို့စားကြီးအိမ်တော်။

လူရိပ်တစ်ခု တိတ်ဆိတ်စွာ ဝင်ရောက်လာပြီး ပင်မခန်းမဆောင် သို့ ရောက်ရှိသွားသည်။

“ဂိုဏ်းချုပ်... မပူးပေါင်းတဲ့ အဲဒီနတ်ဘုရားအရာရှိတွေ အားလုံးကို ကောင်းကင်အကျဉ်းထောင်ကို ပို့လိုက်ပါပြီ”

လီထျန်းဂိုဏ်း ဂိုဏ်းချုပ်၏ အကြည့်များမှာ အေးစက်နေသည်။

“အကြီးအကဲမုချန်ကို သွားပြောလိုက်၊ ဘာပဲဖြစ်ဖြစ် အဲဒီနတ်ဆိုးတွေ ကောင်းကင်အကျဉ်းထောင်ထဲကနေ အသက်ရှင်လျက် ထွက်မလာစေနဲ့လို့”

“စိတ်ချပါ ဂိုဏ်းချုပ်။ အကြီးအကဲမုချန်ကို ကောင်းကင်အကျဉ်းထောင်မှာ နေရာချထားတာက မတော်တဆဖြစ်ရပ်တွေ မဖြစ်လာအောင် တားဆီးဖို့ပါပဲ”

“အဲဒီနတ်ဆိုးတွေကို ဘယ်သူမှမသိအောင် ဖယ်ရှားဖို့ နည်းလမ်းတစ်ခု ရှာမယ်လို့ သူ ကျွန်တော့်ကို ပြောထားပြီးပါပြီ”

“ကောင်းတယ်”

လီထျန်းဂိုဏ်း ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်သည်။

“လက်ရှိမှာ ကောင်းကင်နတ်ဘုရားနန်းတော်နဲ့ သွေးဖီးနစ်နတ်ဘုရားနန်းတော်တို့ အပြင်းအထန် တိုက်ခိုက်နေကြတယ်။ ဒီစစ်ပွဲပြီးရင် ဘယ်နှစ်ယောက်လောက် သေမလဲဆိုတာ ဘယ်သူမှမသိဘူး။ ဒါက ငါတို့လီထျန်းဂိုဏ်း အင်အားကြီးလာဖို့ အချိန်ကောင်းပဲ”

“ဒီအချိန်ကာလကို ငါတို့ တောင့်ခံနိုင်သရွေ့ ထျန်းကျီဂိုဏ်းလို ဂိုဏ်းတစ်ခုအထိ တက်လှမ်းနိုင်ပြီး သူတို့နဲ့ တန်းတူရပ်တည်နိုင်မယ့် အခွင့်အရေး ရလာလိမ့်မယ်”

“အဲဒီအချိန်ကျရင် ငါတို့ရဲ့ အထက်မှာ ကောင်းကင်နတ်ဘုရားနန်းတော်တစ်ခုပဲ ရှိတော့မယ်ဆိုတော့ ခေါင်းပုံဖြတ်ခံရမယ့် အလွှာတစ်ခုကို ရှောင်လွှဲနိုင်မှာပဲ”

“အရင်းအမြစ်တွေ အလုံအလောက် ရလာပြီဆိုတာနဲ့ ငါတို့က ဒီလိုအလုပ်တွေကို လုပ်စရာမလိုတော့ဘူးလေ။ ငါတို့ရဲ့ ဂုဏ်သတင်းကို ပြန်ဆေးကြောပြီးသွားရင် လူတိုင်းရဲ့ လေးစားအားကျမှုကို ခံရမယ့် လမ်းမှန်လမ်းစဉ်ရဲ့ မဏ္ဍိုင်ကြီးတွေ ဖြစ်လာမှာပဲ”

“ဂိုဏ်းချုပ်ရဲ့ အမြော်အမြင်က တကယ်ကို ထူးခြားပြောင်မြောက်တာပါပဲ၊ ဂိုဏ်းချုပ်ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ရဲ့ လီထျန်းဂိုဏ်းက ပိုပြီးကြီးကျယ်ခမ်းနားတဲ့ ခြေလှမ်းတစ်လှမ်းကို သေချာပေါက် လှမ်းနိုင်မှာပါ”

စကားဆုံးသည်နှင့်တစ်ပြိုင်နက် အသံတစ်ခုက သူတို့၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

“ဒုက္ခပါပဲ။ နတ်ဆိုးသားရဲတွေ... နတ်ဆိုးသားရဲတွေ”

“ဘာတွေဖြစ်နေတာလဲ”

သူတို့နှစ်ဦး၏ မျက်နှာများ မည်းမှောင်သွားပြီး ခြံဝင်းထဲသို့ ချက်ချင်း ရောက်ရှိသွားကြကာ မြို့စားအိမ်တော်တစ်ခုလုံးတွင် နတ်ဆိုးသားရဲများက လူများအား သတ်ဖြတ်နေသည်ကို တွေ့လိုက်ရသည်။

လူသေအလောင်းများ ပြန့်ကျဲနေပြီး သွေးများက မြစ်တစ်စင်းပမာ စီးဆင်းနေသည်။

“ဒီနတ်ဆိုးသားရဲတွေ ဘယ်ကနေ ရောက်လာတာလဲ”

“ကျွန်တော်လည် မသိဘူး”

သူတို့ မတုံ့ပြန်နိုင်မီမှာပင် ရွှေရောင်မျက်လုံး ကျောက်စိမ်းကြက်တစ်ကောင်က တပည့်တစ်ဦး၏ ပခုံးကို လျှပ်စီးပမာ ဖောက်ထွင်းပြီး အတောင်ပံများကို ဖြန့်ကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။

“အား... ဂိုဏ်းချုပ်... ကယ်ပါဦး”

လီထျန်းဂိုဏ်း ဂိုဏ်းချုပ်မှာ ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။ သူ့မျက်စိရှေ့မှာတင် ဤမျှလောက် မောက်မောက်မာမာ လုပ်ဆောင်နေခြင်းက သူ့မျက်နှာကို ဖြတ်လိုက်သကဲ့သို့ပင်။

“ယုတ်မာလိုက်တဲ့ ခွေးကောင်၊ သေချင်နေတာလား”

သို့သော် သူ တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပင် သူ့ခန္ဓာကိုယ်မှာ အေးခဲသွားကြောင်း တွေ့လိုက်ရသည်။

သူ့ကိုယ်တွင်းရှိ ပင်လယ်ပြင်ပမာ ကျယ်ပြောလှသော သိုင်းသူတော်စင် စွမ်းအားများကို အနည်းငယ်မျှပင် ထုတ်ဖော်၍ မရနိုင်တော့ချေ။

“ဘာ... ဘာတွေဖြစ်နေတာလဲ”

လီထျန်းဂိုဏ်း ဂိုဏ်းချုပ်မှာ စတင် ထိတ်လန့်လာတော့သည်။ ထိုအချိန်မှာပင် မလှမ်းမကမ်းရှိ နံရံပေါ်တွင် ရပ်နေသော လူရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။

အလွန် ငယ်ရွယ်ပုံရသော လူရိပ်တစ်ခု။

သူသည် လူငယ်တစ်ဦးဖြစ်သော်လည်း ထိုနေရာတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး ရှင်းပြ၍မရနိုင်သော ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။

တစ်ဖက်လူသည် မည်သည့်အထူးစွမ်းအားကိုမျှ အသုံးပြုမနေကြောင်း လီထျန်းဂိုဏ်း ဂိုဏ်းချုပ် ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

သူ့ကို ရိုးရိုးရှင်းရှင်းလေး စိုက်ကြည့်နေရုံသာ။

“သူ့ရဲ့ အကြည့်တစ်ချက်တည်းနဲ့တင် ဘာခွန်အားမှ အသုံးမပြုနိုင်လောက်တဲ့အထိ ဖိနှိပ်ထားနိုင်တယ်ပေါ့'

‘ငါက သိုင်းသူတော်စင်လေ'

‘နိုင်ငံတစ်ခုရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ သိုင်းသူတော်စင်တစ်ပါး'

‘ဒီလူက ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက်ပဲ၊ မြေကမ္ဘာအင်မော်တယ်အဆင့်ကိုတောင် ကျော်လွန်နေလောက်ပြီ'

ထိုအချိန်မှာပင် လီထျန်းဂိုဏ်း ဂိုဏ်းချုပ်သည် ဤလောကနှင့်ပတ်သက်သော ဒဏ္ဍာရီများကို ရုတ်တရက် သတိရသွားသည်။

‘သူတော်စင်ခန္ဓာကိုယ်ရဲ့ ဒဏ္ဍာရီ'

‘တကယ်ပါလား။ လွန်ခဲ့တဲ့ နှစ်တွေကတည်းက မြေကမ္ဘာအင်မော်တယ်အဆင့်ကို ရောက်နေတဲ့ သူတော်စင်ခန္ဓာကိုယ် ပါရမီရှင်က အခု ဒီအဆင့်အထိ ကြီးထွားလာခဲ့ပြီလား'

‘ပြီးတော့ ဒီလိုလူမျိုးကို ငါက သွားဆွမိလိုက်တာလား'

လီထျန်းဂိုဏ်း ဂိုဏ်းချုပ်မှာ ဆက်လက် မောက်မာမနေရဲတော့ဘဲ အသက်ချမ်းသာပေးရန် ချက်ချင်းတောင်းပန်တော့သည်။

“စီနီယာ... အသက်ချမ်းသာပေးပါ။ စီနီယာ... ချမ်းသာပေးပါ။ ဂျူနီယာ ကိုယ့်အမှားကို သိပါပြီ၊ ဂျူနီယာ နောက်ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး”

“မင်း မှားတယ်ဆိုတာကို မင်းမသိပါဘူး၊ မင်း သေရတော့မယ်ဆိုတာကိုပဲ မင်းသိတာပါ”

မြို့စားအိမ်တော်အတွင်းရှိ လီထျန်းဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များအားလုံး သူ့မျက်စိရှေ့မှာတင် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရသည်အထိ ကျိုးရီ စောင့်ဆိုင်းနေခဲ့သည်။

သူ့ကို ကြောက်ရွံ့ထိတ်လန့်မှုများ အလွန်အမင်း ခံစားစေပြီးနောက် ကျိုးရီက တစ်ချက် ဝေ့ကြည့်လိုက်သည်။

လီထျန်းဂိုဏ်း ဂိုဏ်းချုပ်၏ သွေးများ ပြောင်းပြန်စီးဆင်းလာပြီး အရေပြားများ အက်ကွဲလာကာ အသားများက တစ်လက်မချင်းစီ ဆုတ်ဖြဲခံရတော့သည်။

နောက်ဆုံးတွင် သူသည် အော်ဟစ်သံများကြားမှ ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး ကျိုးရီ၏ ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းအတွက် အာဟာရ ဖြစ်သွားလေတော့သည်။

သူတစ်ယောက်တည်းသာမက လီထျန်းဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များအားလုံးလည်း အလားတူကံကြမ္မာနှင့် ရင်ဆိုင်ခဲ့ကြရသည်။

ကျိုးရီ မြို့စားအိမ်တော်မှ ထွက်ခွာသွားရာ နတ်ဆိုးသားရဲ များကလည်း အနောက်မှ လိုက်ပါသွားကြသည်။

“နေရာအသီးသီးမှာ နေရာချထားတဲ့ နတ်ဘုရားအရာရှိတွေကို အကြောင်းကြားလိုက်။ ဒီနတ်ဘုရားက လီထျန်းဂိုဏ်းကို သဘောမကျဘူး၊ အဲဒီဂိုဏ်းက လူတွေကိုလည်း သဘောမကျဘူး။ မှတ်ထား၊ အဲဒါက လူတိုင်းကို ဆိုလိုတာပဲ”

“နတ်ဘုရားသခင်ရဲ့ အမိန့်ကို နာခံပါ့မယ်”

နတ်ဆိုးသားရဲများက အရပ်မျက်နှာ အသီးသီးသို့ ပျံသန်းထွက်ခွာသွားကြသည်။

သူတို့ ထွက်ခွာသွားပြီး သိပ်မကြာမီမှာပင် လူရိပ်အချို့ ထိုနေရာသို့ ရောက်ရှိလာကြသည်။

သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်ပြီး လူသူကင်းမဲ့နေသော ရုံမြို့စားအိမ်တော်ကို မြင်လိုက်ရသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

“ဘာ... ဘာတွေဖြစ်နေတာလဲ။ လီထျန်းဂိုဏ်းက လူအများကြီး တစ်ပြိုင်နက်တည်း ဘယ်လိုလုပ် ပျောက်သွားနိုင်မှာလဲ”

“လေထုထဲမှာ သွေးနံ့တွေ အရမ်းပြင်းနေတယ်။ ခုနက လူတွေအများကြီးသေသွားတာ သေချာတယ်။ လီထျန်းဂိုဏ်းက လူတွေအားလုံး အသတ်ခံလိုက်ရပြီထင်တယ်”

“ဘာ၊ ဒါပေမဲ့ ဒါကို ဘယ်သူ လုပ်သွားတာလဲ။ လီထျန်းဂိုဏ်းက လူအားလုံးကို မျက်တောင်တစ်ခတ်အတွင်း အသံမထွက်ဘဲ သတ်သွားနိုင်တာ ဘယ်သူများလဲ”

“ပြိုင်ဘက်ရဲ့ ခွန်အားက အနည်းဆုံးတော့ မြေကမ္ဘာအင်မော်တယ်အဆင့်မှာ သေချာပေါက် ရှိရမယ်”

လူတိုင်း တုန်လှုပ်သွားကြပြီး ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားကြတော့သည်။

နန်းတော်ကြီး အတွင်း၌ ကျင်းဧကရာဇ်သည်လည်း ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အမူအရာတစ်ခု ပေါ်လာသည်။

“လီထျန်းဂိုဏ်း ရှင်းလင်းခံလိုက်ရတယ် ဟုတ်လား။ သူတို့ကို အချိန်တိုအတွင်းမှာ ဖျက်ဆီးပစ်နိုင်ဖို့ဆို အဲဒီလူရဲ့ ခွန်အားက မြေကမ္ဘာအင်မော်တယ် အဆင့်ကို ရောက်နေရမယ်”

“သွေးဖီးနစ်နတ်ဘုရားနန်းတော်က မြေကမ္ဘာအင်မော်တယ် တစ်ပါးလား၊ ဒါမှမဟုတ် အဲဒီလူများလား”

သူ လက်သီးဆုပ်ကာ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

“ငါ့ကိုယ်ငါ တိုးတက်အောင် လုပ်ရမယ်။ နိုင်ငံတော်ကံကြမ္မာရဲ့ စွမ်းအားကို အသုံးပြုပြီး နောက်ထပ်ငါးနှစ်အတွင်းမှာ မြေကမ္ဘာအင်မော်တယ်အဆင့်ကို ငါ သေချာပေါက် ဝင်ရောက်ရမယ်”

All Chapters