အခန်း ၆၈
Vol. 7 Ch. 68
အခန်း (၆၈) - သံမဏိအပိုင်းအစတစ်ခု ထပ်မံရရှိခြင်း၊ မိတ်ဆွေဟောင်းတစ်ဦး၏ မြေး
ရက်အနည်းငယ်ကြာပြီးနောက် တာ့ချီ၏ အရှေ့ပိုင်းဒေသအထက်တွင် တောက်ပသော အမွေးအတောင်များရှိသည့် ရွှေရောင်မျက်လုံး ကျောက်စိမ်းကြက်တစ်ကောင် ကောင်းကင်ယံ၌ ပျံသန်းနေ၏။
ပေါလောပေါ်နေသော တိမ်တိုက်များ ဝန်းရံထားပြီး အောက်ဘက်ရှိ လှပသော တောင်တန်းများနှင့် မြစ်များကို ငုံ့ကြည့်နေရသည်မှာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုပင်။
ကျိုးရီသည် ကြက်၏ ကျောပေါ်တွင် ထိုင်နေပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“လျူရှင်း... မင်း စိတ်နည်းနည်းတင်းထားဖို့ လိုတယ်။ မင်းက မိုင်တစ်သိန်းလောက်ပဲ ပျံရသေးတယ်၊ ပင်ပန်းနေပြီလား၊ အရင်တုန်းက မင်းရဲ့ဦးလေး လျူနန်က မင်းထက် အများကြီး ပိုသန်မာတယ်”
လျူရှင်းက အတောင်ပံများကို အစွမ်းကုန်ခတ်ရင်း ညည်းညူလိုက်သည်။
“နတ်ဘုရားသခင်... အရင်တုန်းက ကျွန်တော့်ဦးလေးက မိုင်နှစ်သိန်း ဒါမှမဟုတ် သုံးသိန်းလောက် ပျံသန်းခဲ့တယ်ဆိုပေမယ့် သူက ရပ်လိုက်၊ နားလိုက်နဲ့ ပျံသန်းခဲ့တာပါ၊ အခု သူ့ကို ခေါ်ပြီး နေ့ရောညပါ ပျံသန်းခိုင်းမယ်ဆိုရင် သူတောင် ကတုန်ကယင်ဖြစ်နေလောက်ပြီ”
“ခွေးကောင်လေး၊ မင်းက ပြန်ပြောရဲတယ်ပေါ့။ မင်းရဲ့ အမွေးတွေကို နှုတ်ပြီး ကြက်ကင်လုပ်စားပစ်လိုက်ရ”
“ဒါဆိုရင်လည်း အခုချက်ချင်းသာ ကင်စားလိုက်ပါတော့၊ ကျွန်တော် တကယ်ကို ဆက်မပျံနိုင်တော့ဘူး”
“ကျွတ်... ကျွတ်... ကျွတ်... ဒါဆိုရင်လည်း ကောင်းပြီလေ၊ အစက ငါ တွေးထားတာက မင်းသာ တစ်ခါတည်းနဲ့ မိုင်နှစ်သိန်းလောက် ပျံနိုင်မယ်ဆိုရင် မင်းတို့ နတ်ဘုရားကြက်မျိုးနွယ်စုထဲက အလှဆုံး ကြက်မလေးကို ဆုချမလို့၊ အခုတော့ မင်းက သိပ်အသုံးမကျတော့ သူမကို မင်းဆီပေးရတာ နှမြောစရာကြီး ဖြစ်သွားပြီ”
လျူရှင်း၏ မျက်လုံးများ တောက်ပသွားသည်။
“တကယ်လား”
“ဟီးဟီး... အခုမှ နောင်တရနေပြီလား၊ နောက်ကျသွားပြီ”
“နေပါဦး၊ နေပါဦး... နတ်ဘုရားသခင်... ကျွန်တော့်ရဲ့ ဘိုးဘေးကြီး၊ မလုပ်ပါနဲ့... မလုပ်ပါနဲ့... မလုပ်ပါနဲ့”
သို့သော် ကျိုးရီသည် သူ့ကို မဟာတာအိုအင်မော်တယ်ဘူးသီး အတွင်းသို့ သိမ်းဆည်းလိုက်ပြီး အောက်ဘက်သို့ တိုက်ရိုက်ဆင်းသက်သွားလေပြီ။
မြို့တော်ရှိ လီထျန်းဂိုဏ်းကို ဖျက်ဆီးပစ်လိုက်သည့် နေ့မှစ၍ ကျိုးရီသည် မြို့မှ ထွက်ခွာလာခဲ့ပြီး သီရိတောင်ခြေရှိ ရှေးဟောင်းစစ်မြေပြင်ကို ဦးတည်လာခဲ့ခြင်းဖြစ်သည်။
သူ အလျင်မလိုပေ။
အင်မော်တယ်တစ်ပါးအနေဖြင့် သူ့တွင် အချိန်များ အဆုံးမရှိ များပြားကာ ခွန်အားများလည်း ပြည့်၀နေသဖြင့် ဤခရီးကို တောင်များနှင့် မြစ်များကြားမှ အပန်းဖြေခရီးတစ်ခုအဖြစ်သာ သဘောထားလိုက်သည်။
လမ်းတစ်လျှောက်တွင် ကျိုးရီသည် အချည်းနှီး အချိန်ဖြုန်းနေခဲ့ခြင်း မဟုတ်ဘဲ ကိစ္စများစွာကို လုပ်ဆောင်ခဲ့သည်။
ကျားခံတွင်းတောင်ကြားကို ဖြတ်သန်းသွားစဉ် ဝိညာဉ်အလံ၏ အခြေအနေကို စစ်ဆေးခဲ့ရာ အခြေအနေ ကောင်းမွန်နေကြောင်း တွေ့ရှိခဲ့ရသည်။ သူသည် ဝိညာဉ်အလံ၏ စွမ်းအင်စုပ်ယူမှုအမြန်နှုန်းကို တိုးမြှင့်ရန်အတွက် ထိုနေရာတွင် အစီအရင်တစ်ခု ထပ်မံထည့်သွင်းပေးခဲ့သည်။
ထို့အပြင် ချင်းပြည်နယ်တွင် ရေနဂါးတစ်ကောင်ကို သတ်ဖြတ်ကာ ၎င်း၏ သွေးအနှစ်သာရကို သန့်စင်ခဲ့၏။
ထို့နောက် နဂါးတစ်ကောင်အဖြစ် ပျိုးထောင်နိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ရန်အတွက် မဟာတာအိုအင်မော်တယ်ဘူးသီး အတွင်းရှိ မကြာသေးမီကမှ မွေးဖွားလာသော စပါးကြီးမြွေ နတ်ဆိုးတစ်ကောင်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းပေးခဲ့သည်။
သူ ဤနေရာတွင် ဆင်းသက်ခဲ့ရခြင်း၏ အဓိကအကြောင်းရင်းမှာ စစ်သူကြီးကျောက် သူ့အား လက်ဆောင်ပေးခဲ့သော အပိုင်းအစလေးက ခန္ဓာကိုယ်အတွင်းမှနေ၍ တုန်ခါနေသောကြောင့်ပင်။
ထိုအရာသည် မဟာတာအိုအင်မော်တယ်ဘူးသီးနှင့် နှိုင်းယှဉ်နိုင်သော ထိပ်တန်းအဆင့်မြင့်ရတနာတစ်ခု၏ အပိုင်းအစဖြစ်သည်။ ၎င်းသည် အကြောင်းပြချက်မရှိဘဲ တုန်ခါနေမည်မဟုတ်ပေ။
ဤသို့ တုံ့ပြန်လာပုံထောက်လျှင် အောက်ဘက်တွင် အခြားအပိုင်းအစများ ရှိနေနိုင်ခြေ အလွန်များပေသည်။
ကျိုးရီ ကောင်းကင်မှ ဆင်းသက်လာရာ ဤနေရာမှာ မြို့ငယ်လေးတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဤမြို့ငယ်လေးမှာ မှောင်ခိုဈေးတစ်ခုကဲ့သို့ သိုင်းပညာကျင့်ကြံသူများ သီးသန့်စုဝေးနေသော နေရာတစ်ခုဖြစ်သည်။
“ချီစွမ်းအင်စုဆောင်းခြင်းဆေးလုံးတွေ၊ စစ်မှန်တဲ့ ချီစွမ်းအင်စုဆောင်းခြင်းဆေးလုံးတွေ ရမယ်”
“ဝိညာဉ်ကျောက်တုံးတွေ၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေ။ ငွေကြေး မယူဘူး၊ ဆေးဖက်ဝင်အပင်တွေနဲ့ပဲ လဲလှယ်မယ်”
“လက်နက်တွေ။ သံမဏိနဲ့ သွန်းလုပ်ထားတဲ့ ဓားတွေ၊ ရွှံ့ကို အလွယ်တကူ ဖြတ်တောက်နိုင်တယ်၊ အကာအကွယ် ချီစွမ်းအင်တွေကို ဖောက်ထွင်းနိုင်ပြီး သိုင်းသခင်တွေကိုတောင် သတ်ဖြတ်နိုင်တယ်။ လာခဲ့ကြ”
“သိုင်းသခင်က အရှေ့တိမ်တိုက်တောင်တန်းကို ဖြတ်သန်းဖို့ ဦးဆောင်မယ်၊ လူတစ်ယောက်ကို ငွေစ ငါးရာ၊ သုံးနေရာပဲ ကျန်တော့တယ်”
ကျိုးရီသည် စည်ကားနေသော ဈေးထဲသို့ လျှောက်သွားလိုက်ပြီး သူ့အငွေ့အသက်များကို ဖုံးကွယ်ကာ လူအုပ်ထဲသို့ ရောနှောဝင်ရောက်သွားသည်။
မကောင်းသော ရည်ရွယ်ချက်ရှိသူအချို့က သူ့ကို ခိုးကြည့်နေကြသော်လည်း သူတို့၏ အကြည့်များကို အခြားသူများထံသို့ အလျင်အမြန် လွှဲဖယ်သွားကြသည်။
ဤသည်မှာ ရိုးရှင်းသော အာရုံလှည့်စားခြင်းကျင့်စဉ်တစ်ခု မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ စွက်ဖက်မှုတစ်မျိုးဖြစ်သည်။
ကျိုးရီ၏ အာရုံလှည့်စားခြင်း ကျင့်စဉ်များမှာ မိမိဆန္ဒရှိသလို အသုံးပြုနိုင်ပြီး သဘာဝတရားနှင့် လုံးဝပေါင်းစပ်သွားနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်နေလေပြီ။
၎င်းသည် သူ၏ အသွင်အပြင်နှင့် အငွေ့အသက်ကို ပြောင်းလဲရုံသာမကဘဲ အာရုံလှည့်စားခြင်းနယ်ပယ် တစ်ခုလုံးကို တိုက်ရိုက်ဖန်တီးလိုက်ခြင်းပင်။
အာရုံလှည့်စားခြင်းနယ်ပယ်အတွင်း၌ အခြားသူများက ကျိုးရီ မြင်စေချင်သော အသွင်အပြင်ကိုသာ မြင်တွေ့ရမည်ဖြစ်၏။ ထို့အပြင် သူ၏ စိတ်စွမ်းအား ထိန်းချုပ်ခြင်းကိုပါ ခံရမည်ဖြစ်သည်။
ကျိုးရီက လူအများ သူ့ကို အာရုံမစိုက်စေချင်သောအခါ သူတို့သည် သဘာဝကျကျပင် အာရုံစိုက်မိကြမည်မဟုတ်ပေ။
သူသည် ဆိုင်ငယ်လေးတစ်ဆိုင်ဆီသို့ တိုက်ရိုက်လျှောက်သွားလိုက်သည်။
အဆင့်မြင့်ရတနာအပိုင်းအစလေးက ထပ်မံ၍ တုန်ခါသွားပြန်သည်။ ကျိုးရီ ရပ်တန့်လိုက်ပြီး ဆိုင်ရှင်ကို မြင်လိုက်ရသောအခါ ခေတ္တမျှ မှင်တက်သွားမိသည်။
သိပ်ကို တူလွန်းလှသည်။ ထိုသူက ထောင်မှူးမာကို ပုံတူကူးချထားသကဲ့သို့ပင်။
“အို... သခင်လေး၊ တစ်ခုခုဝယ်ချင်လို့လား”
တစ်ဖက်လူက အပြုံးဖြင့် နှုတ်ဆက်လာရာ ကျိုးရီ သတိပြန်ဝင်လာသည်။
“မင်းရဲ့ မျိုးရိုးနာမည်က မာ လား”
“ဟင်၊ ခင်ဗျား ဘယ်လိုသိလဲ”
တစ်ဖက်လူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပေါ်လာသည်။ ကျိုးရီက သူ့မျိုးရိုးနာမည်ကို ချက်ချင်းမှတ်မိသွားလိမ့်မည်ဟု မထင်ထားပေ။
“ထောင်မှူးမာက မင်းနဲ့ ဘယ်လို အမျိုးတော်စပ်လဲ”
“ကျွန်တော့်အဘိုးကို ခင်ဗျားသိလို့လား”
တစ်ဖက်လူမှာ ပို၍ပင် အံ့အားသင့်သွားရသည်။
ကျိုးရီ နောက်ဆုံးတော့ နားလည်သွားသည်။ မိတ်ဆွေဟောင်းတစ်ယောက်၏ အသွင်အပြင်မျိုး ရှိနေခြင်းက မဆန်းတော့ပေ၊ သူသည် မိတ်ဆွေဟောင်းတစ်ယောက်၏မြေး ဖြစ်နေခဲ့လေ၏။
“ကျွန်တော်က မာယွမ်ဖေးပါ။ စီနီယာ့ရဲ့ နာမည်ကို သိခွင့်ပြုပါ”
“ငါ့ရဲ့ မျိုးရိုးနာမည်က ကျိုး”
“မျိုးရိုးနာမည် ကျိုးလား၊ စီနီယာက ဘိုးဘေးကျိုးရီရဲ့ ဆွေမျိုးများလား”
ကျိုးရီမှာ စကားပင် မဆိုနိုင်တော့ချေ။
‘ငါက အဲဒီလောက်တောင် အသက်ကြီးသွားပြီလား'
“အဟွတ်... အဟွတ်... အဲဒီလိုပဲထားပါတော့၊ အဘိုးကြီးမာ နေကောင်းရဲ့လား”
“ကျွန်တော့်အဘိုး ဆုံးသွားတာ နှစ်အနည်းငယ်ရှိပါပြီ”
မာယွမ်ဖေး သက်ပြင်းတစ်ချက် ချလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျိုးရီ ခေတ္တမျှ တိတ်ဆိတ်သွားပြီး သူ့ရင်ထဲတွင် တစ်စုံတစ်ခု ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။
‘နောက်ထပ် မိတ်ဆွေဟောင်းတစ်ယောက် ထွက်သွားပြန်ပြီပဲ'
“သူ အစောကြီးဆုံးသွားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
“အဲဒီတုန်းက ကျွန်တော့်အဘိုးက မိသားစုတစ်ခုလုံးနဲ့ ထွက်ပြေးခဲ့တာပါ၊ လမ်းခရီးမှာ သွေးဖီးနစ်နတ်ဘုရားနန်းတော်ရဲ့ လက်အောက်ခံ အရှေ့ပိုင်းတာအိုဂိုဏ်းနဲ့ ကြုံတွေ့ခဲ့ရတယ်”
“အဘိုးက အဖမ်းခံလိုက်ရပြီး ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတစ်ခုမှာ နှစ်အတော်ကြာ အလုပ်ကြမ်းလုပ်ဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရတယ်၊ နောက်ဆုံးတော့လည်း... ဟူး... အားလုံးက ကံကြမ္မာစီမံရာအတိုင်းပါပဲ”
“စိတ်မကောင်းပါဘူး”
ကျိုးရီသည် ‘အရှေ့ပိုင်းတာအိုဂိုဏ်း ‘ ဟူသော အမည်ကို သူ့ရင်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်ပြီးနောက် အခြားကိစ္စများကို စတင် အာရုံစိုက်လိုက်သည်။
ဆိုင်ကို နတ်ဘုရားအာရုံဖြင့် စူးစမ်းကြည့်လိုက်ရာ မာယွမ်ဖေး၏ ဆိုင်ပေါ်တွင် သံမဏိကျောက်တုံးတစ်ခုကို တွေ့လိုက်ရသည်။ အဆင့်မြင့်ရတနာ၏ တုန်ခါမှုမှာ ထိုအရာနှင့် ဆက်သွယ်ကာ ထွက်ပေါ်နေခြင်းဖြစ်သည်။
ကျိုးရီက သံမဏိကျောက်တုံးကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်ပြီး မေးလိုက်သည်။
“ဒါက ဘယ်လောက်လဲ”
မာယွမ်ဖေးက တစ်ချက် လှမ်းကြည့်လိုက်သည်။
“ဟာ... အဲဒါက သိပ်တန်ဖိုးမရှိပါဘူး။ ခင်ဗျားက တာ့ချီက အသိမိတ်ဆွေ တစ်ယောက်ဖြစ်နေတာရယ်၊ ရှားရှားပါးပါး တွေ့ခဲ့ရတာရယ်ဆိုတော့ ခင်ဗျားကို အလကားပေးလိုက်ပါ့မယ်”
ကျိုးရီ ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားသည်။ ဤမာယွမ်ဖေးသည် ထောင်မှူးမာ၏မြေး ဖြစ်ထိုက်၏။ မာမိသားစု၏ ပေါ့ပေါ့တန်တန် နေတတ်သော စရိုက်ကို အပြည့်အဝ အမွေဆက်ခံထားပုံရသည်။
‘စကားနည်းနည်းလောက် ပြောရုံနဲ့ ပစ္စည်းကို အလကားပေးလိုက်တယ်တဲ့လား'
“ဒါက မသင့်တော်ပါဘူး၊ ဒီဟာက ငါ့အတွက် အသုံးဝင်တယ်၊ တန်ဖိုးမရှိတဲ့ အရာတစ်ခု မဟုတ်ပါဘူး”
“ဒါဆိုရင်လည်း ခင်ဗျားသင့်တော်သလို ပေးလိုက်ပါ”
“ဒါဆိုရင် ဒီဆေးပုလင်းနဲ့ လဲလိုက်မယ်”
ကျိုးရီသည် ကျင့်ကြံမှု အရှိန်မြှင့်တင်ပေးနိုင်သည့် အဆင့်မြင့် ဆေးတစ်ပုလင်းကို မာယွမ်ဖေးထံသို့ ကမ်းပေးလိုက်ပြီးနောက် သံမဏိကျောက်တုံးကို ယူကာ လှည့်ထွက်သွားလေသည်။
“ဟေး... တကယ် ထူးဆန်းတဲ့လူပဲ”
မာယွမ်ဖေး သူ့ခေါင်းသူ ကုတ်လိုက်သည်။ ထိုအချိန်မှာပင် ချောမောလှပသော မိန်းမပျိုလေးတစ်ဦး ဓားတစ်လက်ကို ကိုင်ဆောင်ကာ လျှောက်လာခဲ့၏။
“မာယွမ်ဖေး... ဘယ်သူ့ကို ထူးဆန်းတဲ့လူလို့ ပြောနေတာလဲ”
“ထျန်းရှောင်လင် ... ခုနက ထူးဆန်းတဲ့လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူက ငါ့ကို မြင်မြင်ချင်း မာမိသားစုရဲ့ မျိုးဆက်ဆိုတာကို မှတ်မိသွားတယ်”
“သူက အဘိုးကျိုးရီရဲ့ ဆွေမျိုးလားလို့ ငါမေးတော့ သူက မငြင်းဘူး၊ ပြီးတော့ ကျိုးပဲ့နေတဲ့ သံမဏိကျောက်တုံး အပိုင်းအစလေးကို ဆေးတစ်ပုလင်းနဲ့ ငါ့ဆီကနေ ဝယ်သွားသေးတယ်”
“စီနီယာကြီးကျိုးရီရဲ့ ဆွေမျိုးလား။ ဒါဆို နင်က သူ့ကို မတားထားတာလဲ၊ စီနီယာကျိုးက ငါတို့ ထျန်းမိသားစုနဲ့ မာမိသားစုရဲ့ ကျေးဇူးရှင်ကြီးလေ။ အဲဒီတုန်းက သူသာ ၀င်မပါခဲ့ရင် ငါတို့ အဘိုးနှစ်ယောက်လုံး ကောင်းကင်အကျဉ်းထောင်ထဲမှာ သေသွားကြလောက်ပြီ”
“ငါလည်း သူ့ကို တားထားချင်တာပဲ၊ ဒါပေမဲ့ ငါ စကားတစ်ခွန်းမှ မပြောရသေးခင်မှာ သူက ပျောက်သွားတာကိုး”
“နင်တို့ မာမိသားစုက လူတွေက တကယ်ကို အားကိုးမရဘူးပဲ၊ တစ်နေ့လုံး အလကား အချိန်ဖြုန်းနေကြတာ”
“ဟေ့... ထျန်းမျိုးရိုးနာမည်နဲ့ ကလေးမ၊ နင် စကားကို ဆင်ခြင်ပြောနော်။ ငါ့အဘိုးက နင့်အဘိုးကို ဆဲခဲ့သလိုမျိုး ငါက နင့်ကို ဆဲရအောင် မလုပ်နဲ့”
“နင် ဆဲရဲလို့လား၊ နင့်ပါးစပ်ကို ငါ ဆုတ်ဖြဲပစ်မယ်ဆိုတာ ယုံလား”
“ထျန်းရှောင်လင်... မသာမ”
မာယွမ်ဖေးသည် အော်ဟစ်ပြီး ထွက်ပြေးသွားရာ ထျန်းရှောင်လင်က ဓားဆွဲထုတ်ကာ အနောက်မှ လိုက်ဖမ်းတော့သည်။
“မာမျိုးရိုးနာမည်နဲ့ကောင်... အဲဒီမှာ ရပ်လိုက်စမ်း၊ ဒီတစ်ခါတော့ သခင်မလေးက နင့်လျှာကို သေချာပေါက် ဆွဲထုတ်ပစ်မယ်”