အခန်း ၆၉
Vol. 7 Ch. 69
အခန်း (၆၉) - အဆင့်မြင့်ရတနာ၏ တတိယမြောက် ရတနာအပိုင်းအစ
ကျိုးရီ သံမဏိကျောက်တုံးကို ယူကာ ခြေတစ်လှမ်းတည်းဖြင့် မိုင်တစ်သောင်းကို ဖြတ်ကျော်ပြီး သစ်တောတစ်ခု၏ အထက်သို့ ရောက်ရှိသွားသည်။
အတွေးတစ်ချက်ဖြင့် သူ့လက်ထဲရှိ သံမဏိကျောက်တုံးမှာ တိုက်ရိုက်ကြေမွသွားပြီး ၎င်းအတွင်းရှိ အဆင့်မြင့်ရတနာအပိုင်းအစလေး ထွက်ပေါ်လာသည်။
သေချာပေါက်ပင် သူ၏ အဆင့်မြင့်ရတနာအပိုင်းအစနှင့် ပုံစံချင်း တူညီနေပေသည်။
ကျိုးရီ သူ၏ ရတနာအပိုင်းအစလေးကို ထုတ်ယူလိုက်ရာ ထိုနှစ်ခုမှာ အမှန်တကယ်ပင် ဆက်စပ်နေသော အပိုင်းအစများ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ရတနာအပိုင်းအစနှစ်ခုကို ထိတွေ့လိုက်သောအခါ ၎င်းတို့မှာ အလိုအလျောက် ပေါင်းစည်းသွားကြသည်။ မူလက တစ်ခုလျှင် လက်ဖဝါးအရွယ်ခန့်သာ ရှိသော်လည်း ယခုအခါ အုတ်ခဲတစ်ဝက် အရွယ်ခန့် ဖြစ်သွားလေပြီ။
ဝုန်း...
အဆင့်မြင့်ရတနာအပိုင်းအစထံမှ နတ်ဘုရားအလင်းတန်းတစ်ခု ပစ်ထွက်လာပြီး ပုံရိပ်တစ်ခုကို ပြသလာသည်။
အောက်ခြေတွင် အဆုံးမရှိသော ချောက်နက်ကြီးတစ်ခု ရှိနေသည့် ဧရာမတောင်ကြီးတစ်လုံးဖြစ်သည်။
ထိုချောက်နက်ကြီးအတွင်းမှ နတ်ဆိုးသားရဲများ၏ ဟိန်းဟောက်သံများ ဝေဝါးဝါး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ချောက်နက်ကြီးအတွင်း ပဲ့တင်ထပ်နေသည်။
“ဒါက အခြားရတနာအပိုင်းအစတွေရှိတဲ့ နေရာများလား၊ အဆင့်မြင့်ရတနာဆိုတဲ့အတိုင်း သူ့ကိုယ်သူ ပြန်ရှာနိုင်တဲ့ စွမ်းရည်တောင် ရှိနေတာပဲ၊ အံ့ဩဖို့ကောင်းလိုက်တာ”
အကယ်၍ ဤရတနာသာ အပြည့်အဝ ပေါင်းစည်းသွားပါက ၎င်း၏ စွမ်းအားမှာ သေချာပေါက် သူ၏ မဟာတာအိုအင်မော်တယ်ဘူးသီးကိုပင် ကျော်လွန်သွားနိုင်ကြောင်း ကျိုးရီ ရဲရဲဝံ့ဝံ့ ပြောရဲပေသည်။
အဘယ်ကြောင့်ဆိုသော် မဟာတာအိုအင်မော်တယ်ဘူးသီးသည် အခြေခံအားဖြင့် အထောက်အကူပြု ရတနာတစ်ခုသာဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည် နည်းပါးလွန်းသောကြောင့်ဖြစ်သည်။
ဤရတနာကမူ အင်မော်တယ်ဘူးသီးနှင့် ကွာခြားလှသည်။ ၎င်းထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်များနှင့် တိုက်ခိုက်လိုစိတ်များကို ကျိုးရီ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
ဤသည်မှာ တိုက်ခိုက်ရေးအမျိုးအစား ရတနာတစ်ခုဖြစ်သည်။
သူ အတွေးများနေချိန်မှာပင် အရှိန်အဝါအချို့က သူ့ကို အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာမှ ဝိုင်းရံလာကြသည်။
စုစုပေါင်း လူခြောက်ဦးရှိပြီး ဓားသခင်နှစ်ဦး၊ စာပေပညာရှင်တစ်ဦး၊ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး၊ ဘုန်းကြီးတစ်ဦးနှင့် လူအသွင်ပြောင်းထားသော မဟာနတ်ဆိုးကြီးတစ်ကောင်တို့ ဖြစ်ကြသည်။
ဤလူများ၏ ခွန်အားမှာ သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ အဆင့်မြင့်ရတနာမှ ထုတ်လွှတ်လိုက်သော နတ်ဘုရားအလင်းတန်း၏ ဆွဲဆောင်မှုကြောင့် သူတို့ ဤနေရာသို့ ရောက်ရှိလာကြခြင်းပင်။
ကျင့်ကြံမှုအမြင့်ဆုံးဖြစ်သော စာပေပညာရှင်က အရင်ဆုံး စကားစပြောလာသည်။
“ဒီညီအစ်ကိုက အတော်လေး သူစိမ်းဆန်နေပါလား။ ဘယ်ဂိုဏ်းက ကျင့်ကြံသူလဲ မသိဘူး။ ငါတို့အားလုံးက သွေးဖီးနစ်နတ်ဘုရားနန်းတော်ရဲ့ လက်အောက်က လူတွေချည်းပါပဲ”
‘သွေးဖီးနစ်နတ်ဘုရားနန်းတော်’ ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ကျိုးရီ ဆက်လက်၍ နားထောင်မနေချင်တော့ချေ။
“အမှိုက်တွေက သူတို့ကိုယ်သူတို့ မိတ်ဆက်နေစရာ မလိုပါဘူး”
စာပေပညာရှင်၏ မျက်နှာအမူအရာ ချက်ချင်း အေးစက်သွားပြီး ထိုနေရာတစ်ဝိုက်တွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားကာ ပတ်ဝန်းကျင်အပူချိန်များ သိသိသာသာ လျော့ကျသွားသည်။
“မင်း ငါ့ကို အမှိုက်လို့ ပြောလိုက်တာလား”
“နားလည်မှု မလွဲပါနဲ့၊ ဒီနေရာမှာ ရှိနေတဲ့သူအားလုံး အမှိုက်တွေချည်းပဲလို့ ပြောချင်တာ”
“သေချင်နေတာပဲ”
စာပေပညာရှင်က ဟိန်းဟောက်လိုက်ရာ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။
ကျိုးရီက လှည့်ပင်မကြည့်ဘဲ သူ၏ လက်ထဲရှိ အုတ်ခဲကျိုးဖြင့် တိုက်ရိုက် ပစ်ပေါက်လိုက်သည်။
ဝုန်း...
အဆင့်မြင့်ရတနာအပိုင်းအစထဲတွင် အဆုံးမရှိသော စွမ်းအားများ ပါဝင်နေသည်။ ကျိုးရီက မည်သည့် ကျင့်စဉ်ကိုမျှ အသုံးမပြုခဲ့ဘဲ သူ၏ ကိုယ်ခန္ဓာခွန်အားကိုသာ အသုံးပြု၍ ပစ်ပေါက်လိုက်ခြင်းဖြစ်သည်။
အုပ်ခဲကျိုးက တစ်ဖက်လူ၏ အကာအကွယ်ချီစွမ်းအင်ကို စက္ကူတစ်ရွက်ပမာ ထိုးဖောက်သွားပြီး ထိုလူ၏ ခေါင်းကို တိုက်ရိုက် ကြေမွသွားစေသည်။
သွေးမိုးများ ရွာကျနေသည့်ကြားမှ ရတနာအပိုင်းအစလေးက သူ့လက်ထဲသို့ ပြန်ရောက်လာခဲ့သည်။
အခြားသူများ၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားပြီး လန့်ဖြတ်နေသော ငှက်များနှင့် သားရဲများကဲ့သို့ ချက်ချင်း လူစုကွဲသွားကြသည်။
“မကောင်းတော့ဘူး၊ သူက အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ပဲ၊ ဆုတ်ကြ၊ မြန်မြန်”
ကံမကောင်းစွာဖြင့် နောက်ကျသွားခဲ့လေပြီ။ သူ့ကို လာရောက် စိန်ခေါ်လာသူများအား ကျိုးရီ မည်သည့်အခါမျှ အလွတ်ပေးလေ့မရှိပေ။
သူ အပိုင်းအစကို ထပ်မံပစ်ပေါက်လိုက်ရာ ၎င်းက ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ်အတွင်း တစ်ပတ်လည်သွားလေသည်။
ဘန်း... ဘန်း... ဘန်း...
ကျန်ရှိနေသော သိုင်းသူတော်စင်များ၏ ခေါင်းများအားလုံး အပိုင်းပိုင်းအစစ ကြေမွသွားတော့သည်။
“မဆိုးပါဘူး။ အပိုင်းအစလေးတစ်ခုတည်းနဲ့တင် ဒီလောက်အစွမ်းထက်နေပြီ၊ အပြည့်အစုံသာ စုဆောင်းမိသွားရင် ငါ့အတွက် နောက်ထပ် အသက်ကယ်ဝှက်ဖဲတစ်ခု ဖြစ်လာမှာပဲ”
ဤနေရာတွင် သိုင်းသူတော်စင်များသာ ရှိနေပြီး သူ့အစွမ်းကို စမ်းသပ်ရန် မြေကမ္ဘာအင်မော်တယ် သို့မဟုတ် မဟာအရှင်သခင်အဆင့် ကျွမ်းကျင်သူများ မရှိသည်မှာ နှမြောစရာ ကောင်းလှသည်။
လက်တွေ့ဘဝနှင့် ဝတ္ထုများမှာ တကယ်တော့ ကွာခြားလှပေသည်။ ဝတ္ထုများထဲတွင် ဇာတ်လိုက် အဆင့်တက်သွားပြီးနောက် အဆင့်တူ လူဆိုးအုပ်စုက ဇာတ်လိုက် လက်သွေးရန်အတွက် အသက်လာပေးကြသည့် အခြေအနေမျိုးဆိုသည်မှာ စိတ်ကူးယဉ်မျှသာ။
ကျိုးရီ၏ ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းက အလိုအလျောက် လည်ပတ်နေပြီး သိုင်းသူတော်စင်များ၏ သွေးအနှစ်သာရ ကျင့်ကြံမှုများနှင့် မှတ်ဉာဏ်များကို ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူနေလေသည်။
ထိုမှတ်ဉာဏ်များကို စုပ်ယူပြီးနောက် ကျိုးရီ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားရသည်။
“ကြည့်ရတာ ကောင်းကင်နတ်ဘုရားနန်းတော်ရဲ့ အခြေအနေက ငါထင်ထားတာထက်တောင် ပိုဆိုးနေပုံပဲ”
သွေးဖီးနစ်နတ်ဘုရားနန်းတော်၏ နည်းလမ်းများမှာ အလွန် ထူးခြားပြောင်မြောက်လှပေသည်။
ပထမဦးစွာ သူတို့သည် ကောင်းကင်နတ်ဘုရားနန်းတော်မှ သိုင်းသူတော်စင်များနှင့် မြေကမ္ဘာအင်မော်တယ်များကို သူတို့၏ ကိုယ်ပိုင်အင်အားတိုးတက်စေရန် ရာထူးအာဏာများနှင့် အလှပဂေးများအား အသုံးပြု၍ ဆွဲဆောင်ခဲ့ကြသည်။
ထို့နောက် နှစ်ဖက် မင်္ဂလာပွဲ ပြုလုပ်ခြင်းမှတစ်ဆင့် အခြားနတ်ဘုရားနန်းတော်တစ်ခု၏ ထောက်ခံမှုကို ရယူခဲ့ကြသည်။
နတ်ဘုရားနန်းတော် နှစ်ခုပေါင်း၍ တစ်ခုကို တိုက်ခိုက်နေခြင်းဖြစ်ရာ ကောင်းကင်နတ်ဘုရားနန်းတော် တောက်လျှောက် ဆုတ်ခွာနေရသည်မှာ မဆန်းတော့ချေ။
ဤအတိုင်းသာ ဆက်သွားနေပါက ကောင်းကင်နတ်ဘုရားနန်းတော်မှာ သေချာပေါက် ကျဆုံးသွားတော့ပေမည်။
ဤသိုင်းသူတော်စင်များ၏ မှတ်ဉာဏ်များအရ ရှုံးနိမ့်သည့်ဘက်မှ နယ်မြေများနှင့် လူအားလုံးကို အနိုင်ရသူက ထိန်းချုပ်သွားမည်ဖြစ်သည်။
ကောင်းကင်နတ်ဘုရားနန်းတော်၏ လက်အောက်ခံအင်အားစု အများအပြားမှာ သွေးဖီးနစ်နတ်ဘုရားနန်းတော်၏ လက်အောက်ခံဂိုဏ်းများအတွက် မိုင်းတွင်းလုပ်သားများနှင့် အမြောက်စာများ ဖြစ်သွားခဲ့ကြလေပြီ။
အချို့သော ထိပ်တန်း ကျင့်ကြံသူများပင်လျှင် သူတို့၏ မျိုးဆက်များ အသက်ရှင်သန်နိုင်ရန် ကိုယ့်ဂုဏ်သိက္ခာကို မြိုသိပ်ထားရပြီး အမျိုးသမီး သိုင်းသူတော်စင်များကို မယားငယ်များအဖြစ် ပေးစားရသည်အထိ ဖြစ်နေကြရသည်။ တကယ်ကို အရှက်ကွဲစရာ ကောင်းလှပေသည်။
ကောင်းကင်နတ်ဘုရားနန်းတော် ဆက်လက်တည်ရှိသည်ဖြစ်စေ၊ ကျဆုံးသည်ဖြစ်စေ ကျိုးရီ ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေ သူတို့နှင့် သူ့ကြားတွင် မည်သည့်ပတ်သက်မှုမျှ မရှိပေ။
သို့သော် သွေးဖီးနစ်နတ်ဘုရားနန်းတော် သက်တောင့်သက်သာရှိနေသည်ကို မြင်ရခြင်းက သူ့ကို အတော်လေး စိတ်ကသိကအောက် ဖြစ်စေသည်။
“ကြည့်ရတာ သေမင်းအရှင်သခင်ရဲ့ စတိုင်ကို နည်းနည်းလောက် အတုခိုးမှ ရတော့မယ်ထင်တယ်”
ထိုသို့ဖြင့် နောက်ရက်အနည်းငယ်အတွင်း သွေးဖီးနစ်နတ်ဘုရားနန်းတော်၏ လက်အောက်ခံဂိုဏ်းများသည် ထူးဆန်းသော ဖြစ်ရပ်အချို့နှင့် ကြုံတွေ့ခဲ့ကြရသည်။
ဂိုဏ်းတစ်ခု၏ အကြီးအကဲတစ်ဦးသည် လမ်းပေါ်တွင် လူတစ်ယောက်ကို တစ်ချက်ကြည့်မိရုံဖြင့် ဝိညာဉ်ပျက်စီးသွားသည်အထိ ရိုက်နှက်ခံလိုက်ရပြီး သူနှင့်အတူ သူ့ဂိုဏ်းတစ်ခုလုံးပါ သုတ်သင်ရှင်းလင်းခံလိုက်ရသည်။
ဂိုဏ်းချုပ်တစ်ဦးသည် တောင်တံခါးမှအထွက် ဘယ်ဘက်ခြေထောက်ကို အရင်လှမ်းမိသောကြောင့် ပေါက်ကွဲထွက်သွားပြီး ဝင်စားခွင့် လုံးဝမရတော့ကာ ထာဝရသေဆုံးသွားရသည်။
ကျိုးရီ အမည်ရှိ ရုပ်ဆိုးသူတစ်ယောက်လည်း ရိုက်သတ်ခံလိုက်ရသည်။
တရားခံမှာ တစ္ဆေတစ်ကောင်ကဲ့သို့ ရောက်လာပြီး သဲလွန်စတစ်ခုမျှ မကျန်ရစ်စေဘဲ ပြန်ထွက်ခွာသွားရာ သွေးဖီးနစ်နတ်ဘုရားနန်းတော်၏ အင်အားမှာ သိသိသာသာ လျော့ကျလာနေလေသည်။
သွေးဖီးနစ်နတ်ဘုရားနန်းတော်အတွင်း၌ အကြီးအကဲတစ်ဦးသည် မျက်နှာတစ်ခုလုံး မည်းမှောင်နေသော နန်းတော်သခင်ကို တုန်တုန်ရီရီဖြင့် မော့ကြည့်ပြီး ရရှိထားသော သတင်းအချက်အလက်အသစ်များကို တင်ပြနေသည်။
“ဒီမနက်အစောပိုင်းမှာ ချင်းယွီဂိုဏ်း ရှင်းလင်းခံလိုက်ရပါတယ်။ ဂိုဏ်းသဘာပတိအဖွဲ့ လုံးဝ သုတ်သင်ခံလိုက်ရတယ်၊ ဂိုဏ်းချုပ်လည်း အသတ်ခံလိုက်ရပြီး အခုတော့ ဂိုဏ်းတစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေပါပြီ”
“နာရီဝက်ကြာပြီးနောက် ဝူလိန်ဂိုဏ်းလည်း ဖျက်ဆီးခံလိုက်ရပါတယ်၊ သူတို့ရဲ့ ဘိုးဘွားပိုင် သင်္ချိုင်းတွေတောင် အတူးခံလိုက်ရတယ်”
“အား...”
သွေးဖီးနစ်နန်းတော်သခင်က သူ့ရှေ့ရှိ ကျောက်စိမ်းစားပွဲကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်ခွဲပစ်လိုက်သည်။
“ဘယ်သူလုပ်တာလဲ။ ဘယ်သူလုပ်တာလဲ၊ သူ့ကို ငါသတ်မယ်၊ အဲဒီလူကို ငါ သေချာပေါက်သတ်ပစ်မယ်”
“နန်းတော်သခင်... ဒေါသကို ထိန်းပါဦး။ ဘယ်သူပဲလုပ်လုပ်၊ ဒါက ကောင်းကင်နတ်ဘုရားနန်းတော်က ကျွန်တော်တို့ရဲ့ နောက်ကွယ်မှာ လှည့်ကွက်တွေသုံးနေတာ သေချာပါတယ်၊ သူတို့က ကျွန်တော်တို့ကို မနိုင်တော့ အမှောင်ထဲကနေ ဒီလို ယုတ်မာတဲ့နည်းလမ်းတွေကိုပဲ အသုံးပြုနိုင်တော့တာပေါ့”
“ဂိုဏ်းတွေအားလုံး သတိထားနေကြဖို့ ကျွန်တော် အမိန့်ပေးထားပြီးပါပြီ၊ ပြဿနာ အရိပ်အယောင်လေး တွေ့တာနဲ့ သတိပေးချက်ထုတ်ပြန်ပြီး အနီးအနားက ဂိုဏ်းတွေဆီကနေ ချက်ချင်း အကူအညီတောင်းဖို့ပါသတိ…”
“အသုံးမဝင်ဘူး”
သွေးဖီးနစ်နန်းတော်သခင်မှာ ခေါင်းကြီး ပေါက်ကွဲထွက်တော့မတတ် ဒေါသထွက်နေသော်လည်း သူ့ထံတွင် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းအနည်းငယ်တော့ ရှိနေသေးသည်။
“ဒီကောင်က ခြေရာဖျောက်တဲ့နေရာမှာ ကျွမ်းလွန်းတယ်၊ ရိုးရိုးရှင်းရှင်း နည်းလမ်းတွေသုံးပြီး သူ့ကို ဖမ်းဖို့ကြိုးစားရင် အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး၊ အဲဒီအစား ငါတို့ကပဲ နှာဖားကြိုး ဆွဲခံနေရလိမ့်မယ်”
“ဒါဆို နန်းတော်သခင်... ကျွန်တော်တို့ ဘာလုပ်သင့်လဲ”
“ငါ့အမိန့်ကို ထုတ်ပြန်လိုက်၊ ဂိုဏ်းက တပည့်တွေအားလုံးကို ပြန်ခေါ်ပြီး သွေးဖီးနစ်နတ်ဘုရားနန်းတော်ကို ပြောင်းရွှေ့ခိုင်းလိုက်။ တောင်စောင့်အစီအရင်ရဲ့ အကာအကွယ်အောက်မှာဆိုရင် မဟာအရှင်သခင်အဆင့် ကျင့်ကြံသူတစ်ယောက် လာမတိုက်သရွေ့ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုတော့ဘူး”
“ဒီနည်းနဲ့ ငါတို့ရဲ့ လူတွေက ကျင့်ကြံဖို့ အာရုံစိုက်နိုင်မှာပဲ”
“ဒီတစ်ခါတော့ ဒီလူတွေကို အသုံးပြုပြီး ကောင်းကင်နတ်ဘုရားနန်းတော်နဲ့ နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲမယ်၊ သူတို့ကို ဒီလောကကြီးကနေ ထာဝရပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်”
“နန်းတော်သခင်က တကယ်ကို အမြော်အမြင်ကြီးမားတာပဲ။ ဒီအစီအစဉ်က တကယ်ကို ထူးခြားပြောင်မြောက်တယ်၊ ခံစစ်ကနေ တိုက်စစ်ပြောင်းလိုက်တာနဲ့တင် ဒီခေါင်းကိုက်စရာ ကိစ္စတွေကို ကျွန်တော်တို့ ဆက်ပြီး ဖြေရှင်းနေစရာမလိုတော့ဘူးပေါ့”
အခြားတစ်ဖက်တွင် ကျိုးရီသည် အားခွန်ပေးခဲ့သော မြေပုံအတိုင်း သီရိတောင်သို့ ရောက်ရှိနေပြီဖြစ်သည်။
ကြီးကျယ်ခမ်းနားလှသော သီရိတောင်ကြီးကို မြင်လိုက်ရသောအခါ သူ အံ့အားသင့်သွားရသည်။
သူ အံ့အားသင့်သွားရခြင်းမှာ သီရိတောင်ကြီး၏ ကြီးကျယ်ခမ်းနားမှုကြောင့် မဟုတ်ဘဲ ၎င်း၏ ရှုခင်းများက အဆင့်မြင့်ရတနာအပိုင်းအစမှ ထုတ်ဖော်ပြသခဲ့သော ပုံရိပ်နှင့် တစ်ထပ်တည်း ကျနေသောကြောင့်ပင်။
“ဒါဆို တတိယမြောက် ရတနာအပိုင်းအစက ဒီသီရိတောင်မှာ ဖုံးကွယ်နေတာပေါ့”