အခန်း ၇၀
Vol. 7 Ch. 70
အခန်း (၇၀) - ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေအစီအရင်
“တိုက်ဆိုင်မှုတစ်ခုလို့ပဲ ဆိုရမလား၊ ကံကြမ္မာက ငါ့ဘက်မှာရှိနေတာပဲ”
ကျိုးရီသည် ဖြည်းညင်းစွာ ဆင်းသက်လာသော်လည်း တိုက်ရိုက်ဝင်ရောက်သွားခြင်းမပြုဘဲ စိတ်စွမ်းအားဖြင့် ထိုနေရာတစ်ဝိုက်ကို စူးစမ်းလိုက်သည်။
နတ်ဘုရားတစ်ပါး၏ အမြင်အာရုံကို ဖွင့်လှစ်လိုက်သကဲ့သို့ ကျိုးရီ၏စိတ်စွမ်းအားက ချောက်နက်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
သို့သော်... ကံမကောင်းစွာဖြင့် ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။
ချောက်နက်ကြီးသည် စိတ်စွမ်းအားကို ကာကွယ်ပေးနိုင်သော အထူးစွမ်းအားတစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံထားရပုံပေါ်သည်။
“ဒီချောက်နက်ကြီးက ထူးဆန်းတယ်၊ အလျင်စလို မဝင်သင့်ဘူး”
ကျိုးရီ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် မဟာတာအိုအင်မော်တယ်ဘူးသီးထဲမှ နတ်ဆိုးသားရဲနှစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။
တစ်ကောင်မှာ လူသားမျိုးနွယ်၏ မွေးရာပါအဆင့်နှင့် ညီမျှပြီး အခြားတစ်ကောင်မှာ လူသားမျိုးနွယ်၏ သိုင်းသခင်အဆင့်နှင့် ညီမျှသည်။
ကျိုးရီသည် နတ်ဆိုးသားရဲနှစ်ကောင်လုံးကို သီးခြားစီပစ်ချလိုက်ပြီးနောက် စိတ်စွမ်းအားဖြင့် ဆက်သွယ်ကာ အပေါ်ပြန်တက်လာရန် အမိန့်ပေးလိုက်သည်။
ရလဒ်အနေဖြင့် မွေးရာပါအဆင့် နတ်ဆိုးသားရဲမှာ ချက်ချင်းပျံသန်းတက်လာသော်လည်း သိုင်းသခင်အဆင့် နတ်ဆိုးသားရဲမှာမူ မျက်စိဖြင့်မမြင်နိုင်သော နံရံတစ်ခု၏ ပိတ်လှောင်ခြင်းကို ခံထားရသည့်အလား အောက်ဘက်တွင်သာ လှည့်ပတ်သွားလာနေခဲ့သည်။
“တကယ်ပဲ တစ်ခုခုရှိနေတာကိုး”
ကျိုးရီ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။
ရှေးဟောင်းစစ်မြေပြင်နယ်မြေလို နေရာမျိုးဆိုလျှင် ရတနာရှာဖွေရန် လူများ မလွဲမသွေ လာရောက်ကြမည်ဖြစ်သဖြင့် ယခင်က သူ တွေဝေနေခဲ့ဖူးသည်။
သူတို့အထဲတွင် အဆင့်နိမ့်ကျင့်ကြံသူများ ပါနိုင်သော်လည်း မဟာကမ္ဘာမှ အဆင့်မြင့်ကျင့်ကြံသူများလည်း သေချာပေါက် ပါပေလိမ့်မည်။
ထိပ်တန်းကျင့်ကြံသူတစ်ဦး၏ စိတ်စွမ်းအားဖြင့် စူးစမ်းလိုက်လျှင် မည်သည့်ရတနာက ပုန်းကွယ်နေနိုင်ဦးမည်နည်း။
ရှေးဟောင်းစစ်မြေပြင်သည် ဟိုးယခင်အချိန်ကတည်းက တူးဆွခံထားရသင့်သည်။
ယခုတော့ သူ သဘောပေါက်သွားလေပြီ။ ဤနေရာတွင် အထူးစည်းမျဉ်းများ သက်ရောက်နေခြင်းဖြစ်သည်။
အစွမ်းထက်ကျင့်ကြံသူများ ဝင်ရောက်၍မရနိုင်ပေ။ အတိအကျဆို ဝင်ရလွယ်ကူသော်လည်း ထွက်ရခက်သည်။ မိမိ၏စွမ်းအား ကြီးမားလေလေ ထွက်ခွာရန် မဖြစ်နိုင်လေလေဖြစ်သည်။
အားနည်းသူများအတွက်မူ အတွင်းရှိ နေရာများတွင် အတားအဆီးများ ရှိနေနိုင်ပြီး အန္တရာယ်များလွန်းလှသည်။
ဤနေရာတွင် ကျဆုံးသွားသော ရှေးဟောင်းကျင့်ကြံသူများသည် သူတို့၏ ရုပ်ကြွင်းများအား မျိုးဆက်သစ်များ ခိုးယူမည်ကို စိုးရိမ်သဖြင့် ဤအတားအဆီးအား ဖန်တီးခဲ့ခြင်း ဖြစ်နိုင်ပေသည်။
သို့သော် အားနည်းသူလူတစ်စုကိုသာ ရှာဖွေရန် စေလွှတ်လိုက်၍လည်း မရပေ။ ၎င်းမှာ ဘာမှ ထူးခြားလာမည် မဟုတ်ပေ။
ကျိုးရီ စတင် တွေးတောလိုက်သည်။ သူသည် နတ်ဘုရားစွမ်းရည်များစွာကို ပိုင်ဆိုင်ထားပြီး သာမန်လူများနှင့် မတူသဖြင့် ဖြေရှင်းရန်နည်းလမ်းတစ်ခု ရှိသင့်ပေသည်။
မကြာမီမှာပင် ကျိုးရီ စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာသည်။ သဏ္ဌာန်မဲ့ကျင့်စဉ်ကို အသုံးပြုကာ အတာအဆီးအတွင်းသို့ ပေါင်းစပ်ဝင်ရောက်နိုင်ရန် သူ့စွမ်းအားကို ပုံသဏ္ဌာန်မဲ့အခြေအနေသို့ ပြောင်းလဲလိုက်သည်။
၎င်းစွမ်းအားဖြင့် သိုင်းသခင်အဆင့်နတ်ဆိုးသားရဲကို လွှမ်းခြုံလိုက်ရာ သတ္တဝါလေးသည် အတားအဆီးထဲမှ ချက်ချင်း ခုန်ထွက်လာပြီး ကောင်းကင်ယံတွင် ဝမ်းသာအားရ ပျံသန်းသွားလေသည်။
“ငါထင်ထားတဲ့အတိုင်းပဲ”
ပုံသဏ္ဌာန်မဲ့ကျင့်စဉ်က ဤအဆင့်ကန့်သတ်ချက်ကို ကျော်လွှားနိုင်သည်၊ ဆိုလိုသည်မှာ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်သည်ဟူ၍ပင်။
‘အကောင်းဆုံးပဲ’
သေချာစေရန် ကျိုးရီသည် နောက်ထပ်နတ်ဆိုးသားရဲအချို့ဖြင့် စမ်းသပ်ကြည့်လိုက်သည်။ အကြိမ်ကြိမ် အတည်ပြုပြီးနောက်မှသာ ကိုယ်တိုင်ဝင်ရောက်သွားလေသည်။
ချောက်နက်ကြီး၏အောက်ခြေသို့ ရောက်ရှိသွားသောအခါ ကျိုးရီသည် သူ့ဆီသို့ လွှမ်းမိုးလာသော အေးစက်မှုကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
ချောက်နက်ကြီး၏ အောက်ခြေသည် တစ်နှစ်ပတ်လုံး နေရောင်ခြည်နှင့် မထိတွေ့ရသော်လည်း ဤသည်မှာ ရေခဲစွမ်းအင်များချည်းကြောင့် မဟုတ်ပေ။ ယင်ချီစွမ်းအင်များ၊ အလွန်အမင်း သိပ်သည်းလှသော ယင်ချီစွမ်းအင်များလည်း ရှိနေသည်။
မြေပြင်သည် ထူထပ်လှသော သစ်ရွက်ခြောက်များဖြင့် ဖုံးလွှမ်းနေသည်။
ကျိုးရီသည် စိတ်စွမ်းအားဖြင့် စူးစမ်းလိုက်သောအခါ မီတာအနည်းငယ်ထူသော သစ်ရွက်ခြောက်များ၏အောက်တွင် အရိုးဖြူများ ခင်းထားသည်ကို တွေ့လိုက်ရသည်။
“ကောလာဟလတွေအရ ရှေးခေတ်တုန်းက ဒီနေရာမှာ သန်းရာနဲ့ချီတဲ့ သိုင်းပညာရှင်တွေက နတ်ဆိုးတွေကို တိုက်ခိုက်ခဲ့ကြတယ်တဲ၊ အခု ကြည့်ရတာ အဲဒီလောက်မများရင်တောင် သန်းဆယ်ချီလောက်တော့ သေချာပေါက်ရှိနိုင်တယ်”
စကားဆုံးသည်နှင့်တစ်ပြိုင်နက် မလှမ်းမကမ်းမှ ဆူညံသံအချို့ ထွက်ပေါ်လာသည်။
“မိစ္ဆာအိုကြီးချန်... နင် ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ရဲတယ်ပေါ့။ တစ်နေ့ကျရင် လင်းယွမ်ဂိုဏ်းက မင်းရဲ့ခေါင်းကို သေချာပေါက်ပြန်ယူမယ်”
“ဟီးဟီးဟီး... အလှလေး၊ ငါ မင်းကို အရသာခံပြီးသွားရင် ငါတို့က လင်မယားတွေဖြစ်သွားပြီလေ။ အဲဒီအခါကျရင် လင်းယွမ်ဂိုဏ်းကို ငါ့ဆီလွှတ်ပြီး အရေးယူခိုင်းဖို့အထိ မင်း ရက်စက်နိုင်ပါ့မလား”
“တိရစ္ဆာန်ကောင်... ငါ သေသွားရင်တောင် နင့်အကြံအစည် အောင်မြင်ခွင့်ပေးမှာမဟုတ်ဘူး”
အသံများ ပိုမိုနီးကပ်လာပြီး လူရိပ်အချို့ အလျင်အမြန် ပျံသန်းလာကြသည်။ သူတို့မှာ သိုင်းပညာရှင်များဖြစ်ကြောင်း ထင်းရှားလှပေသည်။
ရှေ့ဆုံးမှ ပြေးလာသော အမျိုးသမီးက ကျိုးရီကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများက ကယ်တင်ရှင်ကို မြင်လိုက်ရသည့်အလား ရုတ်တရက် တောက်ပသွားပြီး သူ့ထံသို့ ပြေး၀င်လာခဲ့သည်။
“သူရဲကောင်းလေး... ကျေးဇူးပြုပြီး ကယ်ပါဦး။ ကျွန်မက လင်းယွမ်ဂိုဏ်းရဲ့နတ်သမီးပါ၊ အကယ်၍ ရှင်သာ ကျွန်မကို ကယ်တင်ပေးမယ်ဆိုရင် လင်းယွမ်ဂိုဏ်းက သေချာပေါက် ဆုလာဘ်တွေအများကြီး ချီးမြှင့်ပါလိမ့်မယ်”
စကားပြောရင်းနှင့်ပင် ရှေ့ပြေးလာကာ ကျိုးရီ၏ရင်ခွင်ထဲသို့ ဝင်ရောက်ရင်း မည်သူမဆို အရည်ပျော်သွားစေနိုင်သည့် သနားစဖွယ်အမူအရာဖြင့် မော့ကြည့်လာသည်။
သို့သော် နောက်တစ်စက္ကန့်မှာပင် ဖူးခနဲ အသံနှင့်အတူ ကျိုးရီ၏ လက်ဝါးကြီးက သူမရင်ဘတ်ကို ချက်ချင်းဖောက်ဝင်သွားတော့သည်။
လင်းယွမ်နတ်သမီး၏ မျက်နှာပေါ်တွင် သာမန်လူတစ်ယောက်တွင် ရှိသင့်သော ရှုပ်ထွေးမှုများ မပေါ်လာဘဲ၊ မူလကတည်းက သေဆုံးနေသူတစ်ဦးကဲ့သို့ အလွန်အမင်း တည်ငြိမ်နေလေသည်။
သူမက ကျိုးရီကို အေးစက်စက် စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
“ဘယ်လိုလုပ် သိသွားတာလဲ”
“မင်းရဲ့သရုပ်ဆောင်မှုက သိပ်ကို သိသာလွန်းနေတာကိုး”
ကျိုးရီ၏အကြည့်က ရေပြင်ပမာ တည်ငြိမ်နေ၏။
အမျိုးသမီး၏ မျက်နှာသည် ဖြည်းညင်းစွာ အက်ကွဲလာပြီး အသားများ အတုံးလိုက် အတစ်လိုက် ကွာကျလာကာ အရိုးခေါင်းကြီး ဖြစ်သွားလေသည်ာ
သူမ၏ မျက်၀န်းအတွင်းမှ နီရဲရဲအလင်းတန်းများ တောက်ပသွားပြီးနောက် အရိုးစုတစ်ခုလုံး အပိုင်းပိုင်းအစစ ကြေမွသွားကာ သစ်ရွက်ခြောက်များပေါ်သို့ ကျဆင်းသွားလေသည်။
အနောက်မှ လိုက်လံဖမ်းဆီးနေသော သိုင်းပညာရှင်များမှာလည်း အသားများ ကွာကျသွားကြပြီး အရိုးစုနတ်ဆိုးများအဖြစ် ပြောင်းလဲသွားကြသည်။
တစ္ဆေချီစွမ်းအင်များက ကောင်းကင်ယံအထိ ထိုးတက်သွားပြီး အမည်းရောင်မီးတောက်များကဲ့သို့ တောက်လောင်နေကြသည်။
သူတို့၏ ပတ်လည်တွင် ယင်လေပြင်းများ ဆက်တိုက်တိုက်ခတ်လာပြီး နာကျည်းဝိညာဉ်များကဲ့သို့ အူသံများပေးကာ မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များ လေဆင်နှာမောင်းတစ်ခုပမာ ကောင်းကင်ယံအထိ လွင့်ပျံသွားသည်။
သစ်ရွက်ခြောက်များ၏ အောက်မှနေ၍ မကောင်းဆိုးဝါးတစ္ဆေများ တစ်ကောင်ပြီးတစ်ကောင် တွားသွားထွက်ပေါ်လာကြသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သောင်းချီသော တစ္ဆေတပ်စုကြီး ပေါ်ထွက်လာပြီး သူတို့၏ အငွေ့အသက်များက နေရာတိုင်းကို လွှမ်းမိုးထားလေသည်။
“ဂျီး... ဂျီး... ဂျီး... မင်းက ဒီနှစ်တွေတစ်လျှောက်လုံးမှာ အာရုံလှည့်စားခြင်းကို တစ်ချက်ကြည့်ရုံနဲ့ သိသွားတဲ့ ပထမဆုံးလူပဲ၊ မဆိုးဘူး၊ မင်းက အရမ်းအစွမ်းထက်တယ်။ မင်းရဲ့ အသားနဲ့သွေးတွေက စွမ်းအင်တွေ ပြည့်နှက်နေမှာ သေချာတယ်”
“ငါတို့ထဲကတစ်ယောက် ဖြစ်လာလိုက်စမ်း”
ကျိုးရီသည် လက်နှစ်ဖက်နောက်ပစ်ကာ ရပ်နေပြီး တစ်ဖက်လူကို မောက်မာဝင့်ကြွားစွာ ရယ်မောခွင့်ပြုထား၏။
ခဏအကြာတွင် သူ့ခန္ဓာကိုယ်မှ လျှပ်စီးမီးပွားများ ပေါက်ကွဲထွက်ပေါ်လာသည်။
ရန်သူများ မတုံ့ပြန်နိုင်မီမှာပင် လျှပ်စီးတန်းများက ဓားအလင်းတန်းများပမာ ပြေးထွက်သွားပြီး ဓားအလင်းတန်းဖြတ်သန်းရာ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ရူးသွပ်စွာ ဆုတ်ဖြဲပစ်လိုက်သည်။
ဝုန်း... ဝုန်း... ဝုန်း...
“အား...”
သောင်းချီသော တစ္ဆေတပ်စုကြီးမှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ပေါက်ကွဲထွက်သွားကြလေသည်။
ကျိုးရီသည် အရိုးစုအကြွင်းအကျန်အချို့ကို ပေါ့ပေါ့ပါးပါး ထိတွေ့လိုက်ရာ မှတ်ဉာဏ်များက သူ့ဦးနှောက်ထဲသို့ ချက်ချင်း စီးဆင်းလာတော့သည်။
[ပြီးသွားပြီ၊ ငါ လင်းယွမ်ဂိုဏ်းကို ဘယ်တော့မှ ပြန်သွားလို့မရတော့ဘူး၊ ငါ့မိဘတွေကိုလည်း ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး]
[ဘာလို့ ငါ့ရဲ့ဝိညာဉ်နဲ့ ခန္ဓာကို ငါ မထိန်းချုပ်နိုင်ရတာလဲ။ ငါ လူတွေကို အရမ်းကာရောမသတ်ချင်ဘူး၊ ငါက လူသတ်သမားအရူးတစ်ယောက် မဟုတ်ဘူး။ ငါ အသက်ရှင်ချင်ရုံလေးပါ]
[သူလာပြန်ပြီ၊ သူလာပြန်ပြီ။ သူက ငါတို့ကို ပိုပြီးကြောက်စရာကောင်းတဲ့ ဘီလူးတွေအဖြစ် ပြောင်းလဲပစ်တော့မယ်]
မှတ်ဉာဏ်များကို စူးစမ်းကြည့်ပြီးနောက် ကျိုးရီ၏ မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားသည်။
“သီရိချောက်နက်ထဲမှာ ဒီလိုလူမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ခုနက လူများ၏ ကိုယ်ပိုင်လက္ခဏာရပ်များမှာ အစစ်အမှန်ဖြစ်သော်ငြား ၎င်းတို့မှာ သူတို့အသက်ရှင်စဉ်က လက္ခဏာရပ်များသာ ဖြစ်ကြသည်။
တစ်စုံတစ်ယောက်က သူတို့ကို သတ်ဖြတ်ပြီး ထောင်ချောက်ဆင်ရန် ဤနေရာတွင် ကြီးမားသော အစီအရင်တစ်ခုကို ဖန်တီးထားခဲ့ခြင်းဖြစ်သည်။
တစ်စုံတစ်ယောက် ဝင်ရောက်လာသည်နှင့် အာရုံလှည့်စားခြင်းခံရပြီး မကောင်းဆိုးဝါးဝိညာဉ်များ၏ သတ်ဖြတ်ခြင်းခံရမည်ဖြစ်သည်။ ထို့နောက် မကောင်းဆိုးဝါးဝိညာဉ်အသစ်တစ်ကောင် ဖြစ်လာရန် ဤအစီအရင်အတွင်းသို့ ပေါင်းစပ်သွားပေလိမ့်မည်။
ယင်ဓာတ်အားကောင်းလွန်းသော နေရာတွင် မကောင်းဆိုးဝါးတစ္ဆေများကို အားဖြည့်ပေးရန် ကြောက်မက်ဖွယ်အစီအရင်တစ်ခုကို အသုံးပြုထားရာ သူတို့၏ ရန်ငြိုးများ၊ ကံဆိုးမှုများနှင့် ယင်ချီစွမ်းအင်များက အချိန်ကြာလာသည်နှင့်အမျှ စုပုံလာခဲ့သည်။
သူတို့၏ ခွန်အားများ တဖြည်းဖြည်း ကြီးထွားလာပြီး နောက်ဆုံးတွင် ဤကဲ့သို့သော မကောင်းဆိုးဝါးတစ္ဆေတပ်စုကြီးကို ပျိုးထောင်နိုင်ခဲ့ခြင်းဖြစ်သည်။
အရေအတွက်က သတ်မှတ်ချက်တစ်ခုအထိ ရောက်ရှိသွားသောအခါ ထိပ်တန်းကျင့်ကြံသူများပင်လျှင် ဝေးဝေးမှ ရှောင်ရှားရမည်မှာ သေချာသလောက်ရှိသည်။
ထိုမကောင်းဆိုးဝါးတစ္ဆေအုပ်စုက ရိုးရှင်းပုံပေါ်သော်လည်း လက်တွေ့တွင် ယခုနေရာ၌ သူ့သာ မဟုတ်ခဲ့လျှင် သိုင်းသူတော်စင်တစ်ပါးပင် ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။
ဝင်ဝင်ချင်းမှာပင် ဤမျှလောက်အန္တရာယ်များသော အရာမျိုး ရှိနေသည်ကို ကြည့်လျှင် ဤနေရာသည် တကယ်ကို ထူးခြားလွန်းလှပေသည်။
ကျိုးရီသည် ခြေဖျား ခပ်ဖွဖွလေး ထောက်လိုက်ရာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
သူ ထွက်ခွာသွားပြီး သိပ်မကြာမီမှာပင် အမှောင်ထုက တွန့်လိမ်သွားပြီးနောက် အမာရွတ်များနှင့် ဆံပင်ဖြူအဘိုးအိုတစ်ဦး ရောက်ရှိလာသည်။
ပတ်ဝန်းကျင်ကို ရှုပ်ထွေးမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် လှမ်းကြည့်လိုက်ပြီး သူ၏မျက်လုံးများက တဖြည်းဖြည်း အေးစက်လာသည်။
“ထူးဆန်းတယ်၊ မကြာသေးခင်ကမှ ငါ တည်ထောင်ထားတဲ့ မကောင်းဆိုးဝါးတစ္ဆေအစီအရင်ကို ဘယ်သူဖျက်ဆီးသွားတာလဲ၊ ဟိုအဘိုးကြီးတွေများ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာကြပြီလား”
“ဒါပေမဲ့ သူတို့ ထွက်လာတယ်ဆိုရင်တောင် ငါ့ကို လာစိန်ခေါ်ရဲတဲ့သူ ဘယ်သူမဆို သေရမှာပဲ”
သူက လေထဲတွင် လက်သင်္ကေတတစ်ခုကို ဖန်တီးလိုက်ရာ ပတ်ဝန်းကျင်ရှိ တစ္ဆေချီစွမ်းအင်များ အလျင်အမြန် စုစည်းသွားပြီး လမ်းကြောင်းတစ်ခုဆီသို့ ဦးတည်သွားလေသည်။
သူသည် လက်နောက်ပစ်ကာ တစ္ဆေချီစွမ်းအင်များ အနောက်သို့ လိုက်ပါသွားလေတော့သည်။