← Chapters

ဝမ့်ယင်းဂိုဏ်း၏ ဘေးဒုက္ခ

Vol. 32 Ch. 320

ဝမ့်ယင်းဂိုဏ်း၏ ဘေးဒုက္ခ

Vol. 32 Ch. 320

ခရီးလွန်နေသော တပည့်များမှလွဲ၍ ကျန်ရှိသော အတွင်းစည်းတပည့် ခုနစ်ထောင်ကျော်စလုံး နက်နဲသော နှလုံးသား နန်းတော်ကြီးအတွင်းသို့ စုံစုံလင်လင် စုဝေးနေကြပြီဖြစ်သည်။ ထိုတပည့်များထဲတွင် ကျင့်ကြံမှုအဆင့်မှာ လက်ရှိအတွင်းစည်းတပည့်များအတွက် သတ်မှတ်ထားသော စံနှုန်းအောက် နိမ့်ကျနေသူများစွာ ပါဝင်နေသော်လည်း၊ မည်သည့်တပည့်မျှ ဤအချက်အပေါ် ကန့်ကွက်ခြင်းမရှိကြချေ။ အစစ်အမှန်မူ၊ သူတို့သည် ဂိုဏ်း၏ စီမံခန့်ခွဲမှုအပေါ် များစွာ ထောက်ခံကြသောကြောင့်ပင်။

ဂိုဏ်းသည် နှစ်နှစ်သုံးနှစ်လျှင် တစ်ကြိမ် အတွင်းစည်းတပည့်များအတွက် သတ်မှတ်စံနှုန်းကို မြှင့်တင်လေ့ရှိရာ၊ ယခုအခါတွင်မူ မူလအားဖြည့်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဤစည်းမျဉ်းသာ မရှိခဲ့ပါက၊ တပည့်များစွာသည် မိမိတို့ ဂိုဏ်းမှ ဖယ်ထုတ်ခံရမည်ကို စိုးရိမ်စိတ်ဖြင့် လမ်းမှားများသို့ ရောက်ရှိသွားကြပေလိမ့်မည်။

အသစ်တိုးတက်လာသော အတွင်းစည်းတပည့်သစ်များသည်လည်း၊ ကျင့်ကြံမှုအရှိန် နှောင့်နှေးနေသော တပည့်ဟောင်းများအပေါ် လှောင်ပြောင်ခြင်းမပြုကြချေ။ အကြောင်းမူကား ချင်းရှောင်ဂိုဏ်း၌ ပါရမီရှင်များ ဘယ်သောအခါမှ မရှားပါးခဲ့ဖူးသကဲ့သို့၊ မိမိတို့ကိုယ်တိုင်လည်း တစ်နေ့တွင် အခြားသူများ၏ ကျော်တက်ခြင်းကို ခံရမည့်ရက် ရောက်ရှိလာနိုင်သောကြောင့်ပင်။

တပည့်များအားလုံး စုံစုံလင်လင် စုဝေးမိကြသောအခါ တိုးညှင်းသော လေသံများဖြင့် အချင်းချင်း စကားဆိုရင်း ဂိုဏ်းချုပ် ပေါ်ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

လီချင်းချိုးက သူတို့ကို ကာလကြာမြင့်စွာ စောင့်ဆိုင်းစေခြင်းမပြုဘဲ၊ မကြာမီမှာပင် ပေါ်ထွက်လာခဲ့သည်။

သူသည် လှေကားထစ်များ၏ အထက်၊ ခန်းမသခင်များ၏ နောက်ကွယ်ရှိ လေထုထဲ၌ ရုတ်ခြည်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။ ခန်းမသခင်များသည်လည်း တစ်နေရာတည်း၌ စုမနေဘဲ ဘေးသို့ ဖယ်ပေးထားကြသဖြင့်၊ တပည့်များက ဂိုဏ်းချုပ်၏ ပုံရိပ်ကို ချက်ချင်းပင် မြင်တွေ့လိုက်ကြရသည်။

လီချင်းချိုး ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသောအခါ၊ နက်နဲသော နှလုံးသား နန်းတော်ကြီးတစ်ခုလုံး တစ်မုဟုတ်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။

ကျန်းယွီက လက်ကို မြှောက်လျက် ဦးညွှတ်ပြီး ကျယ်လောင်လှသော လေသံဖြင့်….

“ဂိုဏ်းချုပ်ကို အရိုအသေပေးပါတယ်...”

အတွင်းတပည့် ခုနစ်ထောင်ကျော်သည်လည်း ၎င်း၏နောက်မှ လိုက်ပါလျက်၊ တညီတညွတ်တည်း ခမ်းနားထည်ဝါစွာ ဦးညွှတ်၍ အရိုအသေပေးကြလေသည်။

“ဂိုဏ်းချုပ်ကို အရိုအသေပေးပါတယ်...”

တပည့်များအားလုံး လီချင်းချိုးအား ရင်ထဲမှနေ၍ အစစ်အမှန် ရိုသေလေးစားကြသူများ ဖြစ်ကြသဖြင့်၊ သူတို့၏ ကြွေးကြော်သံကြီးမှာ ဟိန်းထွက်သွားခဲ့ပြီး ကောင်းကင်ယံကြီးကိုပင် မှောက်လှန်ပစ်တော့မည့်အလား ရှိနေတော့သည်။

ခန်းမသခင်များသည်လည်း တစ်ဦးပြီးတစ်ဦး နောက်လှည့်၍ လီချင်းချိုးကို ဦးညွှတ်လိုက်ကြသည်။

ထို့နောက် လီချင်းချိုးက အနောက်ဘက်ရှိ ရာဇပလ္လင်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

သူသည် မူလက ဤရာဇပလ္လင်ကို မလိုလားခဲ့သော်လည်း၊ ဂိုဏ်း၏ အဆင့်မြင့်အရာရှိကြီးများက ချင်းရှောင်ဂိုဏ်းချုပ်၏ အရှိန်အဝါကို ပြသနိုင်ရန်အတွက် အမြင့်ဆုံးနေရာတွင် ထိုင်ရမည်ဟု အတင်းအကျပ် တောင်းဆိုခဲ့ကြသောကြောင့် အခုလိုက်လိုက်လျောခြင်းဖြစ်သည်။

ဤရာဇပလ္လင်ဆီသို့ ဦးတည်သော လှေကားထစ် ကိုးဆင့် ရှိနေခဲ့သည်။ ရာဇပလ္လင်မှာ အလွန်ပင် ကျယ်ဝန်းလှသဖြင့် လူတစ်ယောက် လဲလျောင်းနိုင်လောက်ရုံမျှ ရှိပြီး၊ ၎င်းကိုတွေ့ရခဲသော ကျောက်စိမ်းဖြူများဖြင့်သာ ထုဆစ်ထားခြင်း ဖြစ်၏။ ကုလားထိုင်၏ နောက်ကျောဘက်တွင်မူ ဆန်းကြယ်လှသော နတ်ဓားကိုးလက်ကို မြှုပ်နှံထားခဲ့ကြရာ၊ ၎င်းတို့ထံမှ ပြင်းထန်လှသော အလင်းတန်းများ စီးဆင်းနေ၏။

လီချင်းချိုး ပုလ္လင်ပေါ် ထိုင်လိုက်ပြီးနောက် ယခုလို ရှုထောင့်မှနေ၍ ခန်းမဆောင်ကြီးတစ်ခုလုံးကို ငုံ့ကြည့်ရခြင်းက၊ အမှန်တကယ်ပင် မြင့်မြတ်လှသော အဆင့်အတန်းတစ်ခုကို ခံစားရစေသည်ဟု ဆိုရမည်။

ဤနေရာကို ချင်းရှောင်တာအိုပလ္လင်ဟု အမည်ပေးထားခဲ့ပြီး၊ ဂိုဏ်းချုပ်တစ်ဦးတည်းသာ ထိုင်ခွင့်ရှိသည်။

‘အတော်လေးတော့ စီစဉ်ထားတတ်သားပဲ... ဒါပေမဲ့ ဒါက နောင်မျိုးဆက်တွေအတွက်ပါ ကြိုတင်ပြင်ဆင်ပေးထားတာ ဖြစ်လိမ့်မယ်...’

လီချင်းချိုး ရင်ထဲမှ တိတ်တဆိတ် တွေးတောမိလိုက်သည်။ သာမန်လူတို့၏ သိမြင်နားလည်မှုအရဆိုလျှင်၊ မည်သူမျှ အကြွင်းမဲ့အာဏာကို ထာဝရ ချုပ်ကိုင်ထားနိုင်လိမ့်မည်မဟုတ်ပေ။ ချင်းရှောင်ဂိုဏ်းချုပ်၏ ရာထူးနေရာသည်ပင် အနှေးနှင့်အမြန် မျိုးဆက်သစ်တပည့်များ၏ လက်ထဲသို့ ရောက်ရှိသွားမည် ဖြစ်သည်။

သူ ထိုင်လိုက်သည့် အခိုက်အတန့်တွင်၊ လူတိုင်းက သူ့ကိုမော့၍ ကြည့်ရှုလိုက်ကြရာ၊ သူသည် ထိုအကြည့်များကို ဖတ်နိုင်ခဲ့သည်။

ထိုအကြည့်များ၌ ကြည်ညိုလေးစားမှုများ၊ ရိုသေမှုများ၊ မျှော်လင့်ချက်များနှင့် တောင့်တမှုများစွာ ပြည့်နှက်နေခဲ့ကြ၏။

လီချင်းချိုးကမူ ဤရာထူးနေရာမှ ဘယ်သောအခါမှ ဆင်းသက်ရန် ရည်ရွယ်ချက်မရှိဘဲ၊ အဆုံးစွန်ထိ ဤနေရာ၌သာ ထိုင်နေရန် ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။ သေချာသည်မှာ သူသည် ဤစကားလုံးများကို အပြင်သို့ ထုတ်ဖော်ပြောဆိုမည်မဟုတ်ပေ။

“ဒီနေ့... ငါတို့တွေ စစ်မှန်သော သခင်ကြီး ဆယ်ဦးရဲ့ ရာထူးနေရာတွေကို အရင်ဆုံး အတည်ပြု ဆုံးဖြတ်ကြမယ်...”

လီချင်းချိုး၏ ပထမဆုံးသော စကားလုံးကြောင့် အတွင်းတပည့်များ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားခဲ့သည်။ စစ်မှန်သော သခင်ကြီး ဆယ်ဦး၏ ရာထူးနေရာများနှင့် ပတ်သက်၍၊ တပည့်များက ကာလကြာမြင့်စွာကတည်းက ဆွေးနွေးနေခဲ့ကြခြင်း ဖြစ်၏။

အစွမ်းအထက်ဆုံးနှင့် ဂုဏ်သတင်းအကြီးမားဆုံးသော လူဆယ်ဦးကို စုစည်းရန်မှာ မလွယ်ကူလှပေ။

သို့သော်လည်း၊ အချို့သောသူများကတော့ ဤနေရာကို သေချာပေါက် ရရှိကြမည် ဖြစ်သည်။

“ကျန်းကျောက်ရှား...”

သူ ပထမဆုံး ထုတ်ဖော်ပြောဆိုလိုက်သော အမည်ကြောင့် မည်သူမျှ အံ့အားသင့်ခြင်းမရှိကြဘဲ၊ ၎င်းမှာ အလွန်ပင် သဘာဝကျလှသည်။

ကျန်းကျောက်ရှားက ရွှီနင်းကို လှမ်းကြည့်လျက် မာန်တက်နေသော အပြုံးမျိုး ပြုံးလိုက်သဖြင့် ရွှီနင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

“ရွှီနင်း၊ ရှန်ယွဲ့၊ ယွမ်လီ၊ ရွှယ်ကျင်း၊ ယွင်ချိုင်... ဒီခြောက်ယောက်ကတော့ စစ်မှန်သော သခင်ကြီး ဆယ်ဦး ရဲ့ ရာထူးနေရာကို အရင်ဆုံး ရရှိကြမယ်... ကျန်ရှိတဲ့ နေရာလေးခုကိုတော့ နောက်မှပဲ အတည်ပြု ဆုံးဖြတ်တော့မယ်...”

ထိုစကားကြောင့် ခန်းမဆောင်ကြီးအတွင်း၌ ဆူညံသွားခဲ့ရပြီး၊ ခန်းမသခင်များပင်လျှင် အံ့အားသင့်သွားကြရသည်။ ရာထူးနေရာလေးခုကို ချန်လှပ်ထားခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။

သို့သော်လည်း ဤလူခြောက်ဦး ရာထူးရရှိခြင်းအပေါ် မည်သူမျှ ကန့်ကွက်ဝံ့ခြင်း မရှိကြချေ။ လွန်ခဲ့သော နှစ်များအတွင်း ယွင်ချိုင်၏ စွမ်းဆောင်ချက်များမှာ ကြီးမားလှပေသည်။သူမသည် တာဝန်ခန်းမ၏ အကျိုးပြုစာရင်းတွင် မကြာခဏ ပါဝင်လေ့ရှိသလို ဝိညာဉ်အသိအာရုံအဆင့်ရှိသော တစ္ဆေမိစ္ဆာတစ်ကောင်ကို တစ်ကိုယ်တည်း သုတ်သင်နိုင်ခဲ့သည့် ပြင်းထန်လှသော တိုက်ပွဲမှတ်တမ်းလည်း ရှိနေခဲ့သည်မဟုတ်ပါလား။

ကျန်ရှိသော ငါးဦးမှာမူ၊ သူတို့၏ စစ်မှန်သော စွမ်းဆောင်ချက်များနှင့် ခွန်အားများမှာ ပိုမို၍ ကြီးမားလှသဖြင့် မည်သူမျှ ငြင်းချက်ထုတ်နိုင်ခြင်း မရှိချေ။

ကျောက်ကျိန်း၊ ကျိယာ၊ အထီးကျန်ဓား၊ဟန်လန်၊ ယန်တုန်း၊ ရှောင်ဝူတိ နှင့် အခြားသော ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သော ပါရမီရှင်များကတော့ ရင်ထဲ၌ စိတ်ပျက်အားငယ်မှုအချို့ကို ခံစားလိုက်ကြရသည်။

သူတို့သည် ဤလူခြောက်ဦး ရာထူးရရှိခြင်းအပေါ် မည်သို့သော သံသယမျှ မရှိကြသော်လည်း၊ မိမိတို့ကိုယ်မိမိ ဂိုဏ်းချုပ် စိတ်ကျေနပ်အောင် လုပ်ဆောင်ပေးနိုင်ခြင်းမရှိသည့်အချက်အပေါ်တွင်သာ နောင်တရနေကြခြင်း ဖြစ်သည်။

သို့သော်လည်း၊ အခွင့်အရေး ရှိနေဆဲ ဖြစ်ရာ...ကျန်ရှိသော ရာထူးနေရာများအတွက် ဆက်လက်၍ ပြိုင်ဆိုင်နိုင်ကြပေမည်။

“စစ်မှန်သော သခင်ကြီး ဆယ်ဦးရဲ့ ရာထူးနေရာဆိုတာ ထာဝရ မဟုတ်ပါဘူး... အကယ်၍ မျိုးဆက်သစ်တပည့်တွေက သူတို့ရဲ့ ကျင့်ကြံမှု ဒါမှမဟုတ် စွမ်းဆောင်မှုပိုင်းမှာ ကျော်တက်နိုင်မယ်ဆိုရင်၊ သူတို့ရဲ့ နေရာကို အစားထိုး သိမ်းပိုက်နိုင်မှာပါ..”

လီချင်းချိုး ဆက်လက်၍ မိန့်ကြားလိုက်ရာ၊ ၎င်းက တပည့်များအား စိတ်အားထက်သန်သွားစေခဲ့သလို ကျန်းကျောက်ရှားအပါအဝင် ရာထူးရရှိပြီးသား လူခြောက်ဦးကတော့ မည်သည့်စိန်ခေါ်မှုကိုမဆို မကြောက်ရွံ့ဝံ့သော ယုံကြည်မှုမျက်နှာထားများကို ပြသလိုက်ကြသည်။

ဝူး…..

လူအုပ်ကြီးကြားတွင် ရပ်နေသော ဟူယန်၏ မျက်လုံးများအတွင်း၌ တွေ့ရခဲလှသော ရည်မှန်းချက်အရောင်အဝါများ ဖြတ်ပြေးသွားခဲ့လေသည်။ သူသည်လည်း စစ်မှန်သော သခင်ကြီးတစ်ဦး ဖြစ်ချင်သည်။

မလှမ်းမကမ်းတွင် ရပ်နေသော သူနှင့် တစ်နေ့တည်း ဂိုဏ်းသို့ ဝင်ရောက်လာခဲ့ဖူးသော တွမ့်ရှောင်ကျွမ်းက သူ့ကို လှမ်း၍ ကြည့်ရှုလိုက်သည်။ သူမက တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ခေါင်းကို ပြန်မော့လျက်၊ သူမ၏ မျက်လုံးများအတွင်း၌လည်း ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

တစ်နေ့တွင်၊ သူမသည်လည်း ဤကဲ့သို့ ခမ်းနားစွာ တောက်ပလာရမည် ဖြစ်သည်။

“ရာထူးရရှိတဲ့ သခင်ကြီးတွေအနေနဲ့ စစ်မှန်သော သခင်ကြီး ချင်းရှောင်အမိန့်ပြားကို လက်ခံဖို့ ရှေ့ကို လာခဲ့ကြပါ...”

ချူကျင်းက စကားဆိုလိုက်ရင်း ညာလက်ကို မြှောက်လိုက်၏။ ထိုအခါ သိုလှောင်အိတ်အတွင်းမှ ရွှေရောင်အမိန့်ပြားများ တစ်ခုပြီးတစ်ခု ပျံသန်းထွက်ပေါ်လာခဲ့ကြပြီးနောက်၊ ချင်းရှောင်တာအိုပလ္လင်၏ လှေကားထစ်များ ရှေ့မှောက်ရှိ လေထုထဲ၌ လွင့်ပျံနေကြသည်။

ကျန်းကျောက်ရှားနှင့် အခြားသူများက ချက်ချင်းပင် လူအုပ်အတွင်းမှ လျှောက်လှမ်းထွက်လာခဲ့ကြပြီး၊ ချင်းရှောင်တာအိုပလ္လင်ဆီသို့ ဦးတည်၍ ချီတက်လာခဲ့ကြ၏။

ခန်းမသခင်တစ်ဦးဖြစ်သော ရွှယ်ကျင်း

လီချင်းချိုးဘက်သို့ ကတော့ မျက်နှာမူရန်အတွက် ခန္ဓာကိုယ်ကို လှည့်လိုက်ရုံမျှသာ ဖြစ်သည်။ သူသည် ထိုစစ်မှန်သော သခင်ကြီးအမိန့်ပြားကို ကြည့်ရှုလိုက်ရာ၊ သူ့ မျက်လုံးများအတွင်း၌ ပြင်းထန်လှသော အရောင်အဝါများ ပြည့်နှက်နေခဲ့၏။

သူသည် မောက်မာမှုများကို ထိန်းချုပ်ထားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း၊ ဂိုဏ်းချုပ်၏ အသိအမှတ်ပြုမှုကိုမူ အမြဲတမ်း မျှော်လင့်နေခဲ့သူ ဖြစ်သည်။

သူ့ရဲ့ မွေးရာပါ ပါရမီက မျိုးဆက်သစ်တပည့်များကို လိုက်မီနိုင်ခြင်း မရှိတော့သော်လည်း၊ စိတ်ပျက်အားငယ်ခဲ့ခြင်းမရှိဘဲ အမြဲတမ်း အပြင်းအထန် ကျင့်ကြံနေခဲ့သည်။မူလက မိမိအနေဖြင့် စစ်မှန်သော သခင်ကြီး ဆယ်ဦး၏ နေရာနှင့် မထိုက်တန်တော့ဟု ထင်မှတ်ထားခဲ့သော်လည်း၊ ယခုလို ရွေးချယ်ခြင်းခံလိုက်ရလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့မိချေ။

လီချင်းချိုးက ရွှယ်ကျင်းကို ကြည့်၍ မျက်တောင်တစ်ချက် ခတ်ပြလိုက်ရာ၊ ၎င်းက ရွှယ်ကျင်းအား ဂိုဏ်းချုပ်၏ အထူးမျက်နှာသာပေးမှုကို ခံလိုက်ရသကဲ့သို့ ခံစားရစေကာ ဝမ်းမြောက်ဝမ်းသာ စိတ်လှုပ်ရှားသွားစေခဲ့သည်။

ကျန်ရှိသော လေးဦးမှာလည်း တစ်ဦးပြီးတစ်ဦး တက်လှမ်းလာခဲ့ကြ၏။ ယွင်ချိုင်နှင့် ရွှီနင်းတို့က ဘေးချင်းယှဉ်လျက် လျှောက်လှမ်းလာခဲ့ကြသည်။ ဤအမျိုးသမီးနှစ်ဦးမှာ ကမ္ဘာမြေသို့ ဆင်းသက်လာသော နတ်သမီးအလား ရှိနေခဲ့ကြပြီး ပြင်းထန်လှသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။ရွှီနင်းက အေးစက်လှသော်လည်း၊ ယွင်ချိုင်ကတော့ ပိုမို၍ အားမာန်ပြည့်နှက်နေပုံ ရသည်။

ယွင်ချိုင်သည် အမိန့်ပြား ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီးနောက်၊ လီချင်းချိုးကို မာနကြီးသောအပြုံးမျိုး ပြုံးပြလိုက်ရာ၊ သူမ၏ မျက်လုံးများက တစ်စုံတစ်ခုကို ပြောဆိုနေသကဲ့သို့ ရှိနေတော့သည်။

ရွှီနင်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသဖြင့် နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်မိသည်။

သူမ ဤကောင်မလေးနှင့် လက်ရည်စမ်းရန်အတွက် အခွင့်အရေးကို သေချာပေါက် ရှာဖွေရမည်ဟု ဆုံးဖြတ်လိုက်မိသည်။

ယွမ်လီကမူ အလွန်ပင် တည်ငြိမ်နေခဲ့သည်။ အစ်ကိုဖြစ်သူ ယွမ်ချီ အကြောင်းကို ပြန်လည်တွေးတောမိသွားခြင်း ဖြစ်သည်။

အကယ်၍ ယွမ်ချီသာ ယခုအချိန်အထိ ရှိနေဦးမည်ဆိုပါက၊ သူသည်လည်း သေချာပေါက် များစွာ ဝမ်းမြောက်နေပေလိမ့်မည်။

စစ်မှန်သော သခင်ကြီး ဆယ်ဦးအနက် ခြောက်ဦးကို အတည်ပြုခန့်အပ်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ဤသတင်းမှာ ချင်းရှောင်ဂိုဏ်းတစ်ခွင်လုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ပြီဖြစ်ရာ၊ ကျန်းကျောက်ရှားနှင့် အခြားသူများ၏ အမည်များက ဂိုဏ်းအတွင်းရှိ ပြည်သူများ၏ ပါးစပ်ဖျားတွင် ထပ်မံ၍ ကျော်ကြားလာခဲ့ပြန်သည်။

ဤနက်နဲသော နှလုံးသား နန်းတော်ကြီး၏ စုဝေးမှုအတွင်း၌၊ သူတို့သည် စစ်မှန်သော သခင်ကြီးတစ်ဦး၏ အဆင့်အတန်းနှင့် အာဏာစွမ်းရည်များကိုပါ တပည့်များအား အသိပေးခဲ့သည်။ စစ်မှန်သော သခင်ကြီးတစ်ဦးသည် ခန်းမသခင်တစ်ဦးနှင့် တူညီသော အဆင့်အတန်းကို ပိုင်ဆိုင်ရမည် ဖြစ်၏။ ဂိုဏ်း၌ အန္တရာယ်များနှင့် ကြုံတွေ့ရသည့် အရေးပေါ်အခြေအနေမျိုးတွင်၊ စစ်မှန်သော သခင်ကြီးတစ်ဦးက မသေမျိုးမြို့တော်များနှင့် ကင်းစခန်းအသီးသီးမှ အင်အားစုများကို တိုက်ရိုက် အမိန့်ပေးစေခိုင်းနိုင်ခွင့် ရှိပြီး၊ ခန်းမသခင်အဆင့်အောက်ရှိ တပည့်များအားလုံးမှာလည်း နာခံကြရမည် ဖြစ်သည်။

ဤကဲ့သို့သော အာဏာစွမ်းရည်က ဂိုဏ်းအတွင်းရှိ တပည့်များကို ကြီးမားလှသော တုန်လှုပ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ၎င်းမှာ ခန်းမသခင်တစ်ဦးထက်ပင် ပိုမို၍ အာဏာကြီးမားလှသည်မဟုတ်ပါလား။

ထို့ကြောင့်ပင်၊ ကျန်ရှိသော ရာထူးနေရာလေးခုကို မည်သူများ ရရှိကြမည်နည်းဟူသောအချက်က တပည့်များစွာကြား ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့တော့သည်။

လူအများစု၏ ပြောစကားအရဆိုလျှင်၊ နောက်ထပ်ကျင်းပမည့် ဓမ္မညီလာခံ၏ နံပါတ်တစ်ရာထူးရရှိသူသည် စစ်မှန်သော သခင်ကြီးတစ်ဦး ဖြစ်လာနိုင်ခြေရှိကြောင်း သိရသည်။ ထို့ကြောင့်၊ ဓမ္မညီလာခံနှင့် ပတ်သက်သော ကိစ္စရပ်များမှာ ထပ်မံ၍ ဆူပွက်လာခဲ့ပြန်၏။

တတိယအကြိမ်မြောက် ဓမ္မညီလာခံ ကျင်းပရန်အတွက် နောက်ထပ် တစ်နှစ်သာ အချိန်လိုတော့သည်။

မူလအားဖြည့်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သော ပါရမီရှင်တပည့်များစွာမှာ၊ ထိုပွဲတော်ကြီး ရောက်ရှိလာမည့်အချိန်ကို လက်ရုံးတန်းလျက် ကြိုတင်၍ မျှော်လင့်နေကြချေပြီ။

အခြားတစ်ဖက်တွင်မူ...

ဝေးကွာလှသော အနောက်ဘက်အရပ်ရှိ၊ တာ့ရှားဟု အမည်ရသော မြေပြင်ပေါ်တွင် မင်းဆက်တစ်ခု ရှိနေခဲ့သည်။

တာ့ရှားမင်းဆက်သည် နှစ်ပေါင်းငါးရာကျော်တိုင်အောင် တည်တံ့လာခဲ့သော သမိုင်းကြောင်းရှိပြီး၊ နယ်မြေ ကျယ်ပြောလှကာ မြို့ပေါင်းထောင်ချီ၍ ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်၏။

အန်းရွှမ်မြို့၊ ယင်အိမ်တော်….

ပင်မခန်းမဆောင်ကြီးတစ်ခု၏ အတွင်း၌၊ ယင်မိသားစု၏ အရှင်သခင် ယင်ရှောင်တယောက် ကုလားထိုင်တွင် ထိုင်လျက်၊ မျက်မှောင်ကြုံ့ကာ များစွာ စိုးရိမ်ပူပန်နေခဲ့သည်။

ထိုစဉ် ဝတ်စုံပြာကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ခန်းမဆောင်ကြီးအတွင်းသို့ သိမ်မွေ့စွာ လျှောက်လှမ်းဝင်လာခဲ့၏။ သူမ၏ ရင်ခွင်အတွင်း၌မူ၊ အသက်တစ်နှစ်ခန့်သာ ရှိသေးပုံရသော ကလေးငယ်တစ်ဦးကို ပွေ့ချီထားသည်။

“ယောက်ကျား... ရှင် ဘာတွေကို ဒီလောက်အထိ စိုးရိမ်နေရတာလဲ...”

ဝတ်စုံပြာနှင့် အမျိုးသမီး၏ မျက်နှာမှာ လှပကျော့ရှင်းလှပြီး၊ စရိုက်လက္ခဏာများမှာလည်း သိမ်မွေ့လှသဖြင့် တွေ့ရခဲလှသော မိန်းမလှလေးတစ်ဦး ဖြစ်သည်ဟု ဆိုရမည်ဖြစ်ကာ၊ သူမ၏ လေသံမှာလည်း ပိုမို၍ နူးညံ့လှပေသည်။

ယင်ရှောင်သည် သန်မာထွားကျိုင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်၏။သာမန်အဝတ်အစားများကို ဝတ်ဆင်ထားသည့်တိုင်အောင်၊ သူ့ ခန္ဓာကိုယ်အတွင်း၌ ကြီးမားလှသော ခွန်အားများ ပုန်းကွယ်နေကြောင်း အထင်အရှား သိရှိနိုင်သည်။ သူသည် မော့ကြည့်လိုက်သော်လည်း ဇနီးဖြစ်သူ၏ ရှေ့မှောက်၌ အပြုံးတစ်ခုကိုပင် မဖန်တီးနိုင်ခဲ့ချေ။

“ဝမ့်ယင်းဂိုဏ်းက လူတွေ မကြာခင်မှာ ဒီကို ရောက်လာကြတော့မယ်... ငါ သူတို့ကို ဘယ်လိုမျိုး ကိုင်တွယ်ရမလဲဆိုတာကိုပဲ စိုးရိမ်နေတာပါ...”

ယင်ရှောင်က သက်ပြင်းတစ်ချက်ချလိုက်ရင်း၊ သူ့ လေသံအတွင်းမှ စိုးရိမ်ထိတ်လန့်မှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ချေ။

“စိတ်မပူပါနဲ့... ဝမ့်ယင်းဂိုဏ်းက ကျင့်ကြံသူတွေရဲ့ ဂိုဏ်းတစ်ခု ဖြစ်တယ်ဆိုပေမဲ့၊ သူတို့တွေ စိတ်ကြိုက် ဇွတ်တရုတ် လုပ်လို့ရမှာ မဟုတ်ပါဘူး... ငါတို့တွေက မြို့ထဲမှာ ရှိနေတာဖြစ်ပြီး တာ့ရှားမင်းဆက်ရဲ့ ကာကွယ်မှုအောက်မှာ ရှိနေတာပဲလေ... ဧကရာဇ်နဲ့ ဖြောင့်မတ်တဲ့လမ်းစဉ်က ဂိုဏ်းတွေ ငါတို့ကို သေချာပေါက် ကာကွယ်ပေးကြမှာပါ...”

“ငါလည်း သိပါတယ်၊ ဒါပေမဲ့ ငါတို့ဘက်က လုံလောက်တဲ့ စည်းစိမ်ဥစ္စာတွေကို မပေးအပ်နိုင်ဘူးဆိုရင်၊ ဝမ့်ယင်းဂိုဏ်းက လူတွေက လွယ်လွယ်နဲ့ လက်လွှတ်ကြမှာ မဟုတ်ဘူး... ဒါ့အပြင် ကျင့်ကြံသူတွေရဲ့ နည်းလမ်းတွေဆိုတာ မင်းနဲ့ ငါ စဉ်းစားလို့ရနိုင်တဲ့ အရာတွေ မဟုတ်ဘူးလေ...”

ကျင့်ကြံသူများဟူသော စကားလုံးကို ပြောဆိုလိုက်သည့် ထိုခဏ၌၊ သူ့ မျက်လုံးများအတွင်း၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။

သူ မတ်တတ်ရပ်လိုက်ပြီးနောက် ဇနီးဖြစ်သူ၏ ရင်ခွင်အတွင်းမှ သားငယ်လေးအား လှမ်း၍ ကြည့်ရှုလိုက်ရာ၊ သူ့ မျက်နှာထက်၌ အပြုံးတစ်ခု နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့သည်။

“ကျင်းရှင်း... မကြောက်ပါနဲ... အဖေ မင်းတို့ကို သေချာပေါက် ကာကွယ်ပေးမှာပါ...”ဟု ယင်ရှောင်က ညင်သာစွာ ဆိုလိုက်ပြီးနောက်၊ လက်ကို လှမ်း၍ သားငယ်လေး၏ လက်ကို ဆုပ်ကိုင်လိုက်လေသည်။

၎င်းကို မြင်တွေ့လိုက်ရသောအခါမှသာ၊ ဝတ်စုံပြာနှင့် အမျိုးသမီးသည်လည်း စတင်၍ ပြုံးလိုက်မိသော်လည်း၊ သူမ၏ ရင်ထဲ၌မူ စိုးရိမ်ထိတ်လန့်မှုအချို့ ရှိနေဆဲပင်။

ပုံမှန်အားဖြင့် မည်မျှပင် ကြီးမားလှသော အခက်အခဲများနှင့် ကြုံတွေ့ရပါစေဦးတော့၊ ယင်ရှောင် ဤမျှအထိ စိုးရိမ်ပူပန်လေ့မရှိချေ။ ၎င်း၏ အဓိပ္ပာယ်မှာ သူတို့နှင့် ဝမ့်ယင်းဂိုဏ်းကြားမှ ယခင်က တွေ့ဆုံမှုမှာ အဆင်ပြေချောမွေ့ခဲ့ခြင်း မရှိဟူသောအချက် ဖြစ်ပေသည်။

“တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း... ငါတို့ရဲ့ သားကြီး ကျင်းထျန်းက ဖေးဟုန်ဂိုဏ်းမှာ ကျင့်ကြံနေတယ်ဆိုတဲ့အကြောင်း ထည့်ပြောလိုက်ပေါ့... သူတို့တွေ မျက်နှာသာ နည်းနည်း ပေးလာနိုင်တာပဲလေ...” ဟု ဝတ်စုံပြာနှင့် အမျိုးသမီးက အကြံပြုလိုက်သည်။

ယင်ရှောင်က ခေါင်းယမ်းပြလိုက်ပြီး…

“ကျင်းထျန်း အဲဒီကို ရောက်တာ နှစ်အနည်းငယ်ပဲ ရှိသေးတာကို... ငါတို့က သူ့အတွက် ရန်သူတွေ ထပ်ပြီး တိုးအောင် လုပ်ရဦးမှာလား... ဖေးဟုန်ဂိုဏ်းဆိုတာ ဝမ့်ယင်းဂိုဏ်းရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး...”

ဝတ်စုံပြာနှင့် အမျိုးသမီး တိတ်ဆိတ်သွားခဲ့ရှာသည်။ သူမသည်လည်း မည်သို့လုပ်ဆောင်ရမည်ကို မသိရှိတော့သဖြင့်၊ ကောင်းကင်ဘုံကသာ သူတို့ကို စောင့်ရှောက်ပါစေဟု ဆုတောင်းနေမိတော့သည်။

ထိုစဉ်မှာပင်...

ဝေးကွာလှသော ကောင်းကင်ယံ၏ ပြင်ပမှ မိုးခြိမ်းသံကြီးတစ်ခု ရုတ်တရက် မြည်ဟိန်းလာခဲ့သဖြင့်၊ ထိုဇနီးမောင်နှံနှစ်ဦးစလုံး တံခါးဝဆီသို့ လျှောက်လှမ်းသွားခဲ့ကြ၏။ သူတို့ မော့ကြည့်လိုက်သောအခါ၊ လိပ်တက်လာသော မဟူရာတိမ်တိုက်ကြီးများက အန်းရွှမ်မြို့တစ်ခုလုံး၏ ကောင်းကင်ယံကို လွှမ်းမိုးထားခဲ့ပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။

“မိုးရွာတော့မှာလားဟင်...”

ယင်ရှောင်ကမူ ကောင်းကင်ယံဆီသို့ စိုက်ကြည့်လျက် မျက်မှောင်ကြုံ့လိုက်မိသည်။

“မဟုတ်ဘူး... ဒါက သူတို့ပဲ... ဘာဖြစ်လို့ ဒီလောက်အထိ အရှိန်အဝါတွေ ပြနေရတာလဲ...”

သူ့ ရင်ထဲ၌ ပိုမို၍ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာခဲ့ရပြီး၊ ကြီးမားလှသော ကိစ္စရပ်တစ်ခုခု ဖြစ်ပွားတော့မည် ဖြစ်ကြောင်း အလိုလို သိလိုက်သည်။

ထို့ကြောင့် ဝတ်စုံပြာနှင့် အမျိုးသမီးကို ချက်ချင်းပင် မှာကြားလိုက်လေသည်။

“ကျင်းရှင်းကို ခေါ်ပြီး မြေအောက်ခန်းထဲမှာ အမြန်သွားပုန်းလိုက်တော့... ငါကိုယ်တိုင်လာ မခေါ်မချင်း၊ ဘယ်လိုအခြေအနေမျိုးမှာမဆို အပြင်ကို လုံးဝ ထွက်မလာခဲ့နဲ့ဦး... ဘယ်သူပဲ လာခေါ်ခေါ် လုံးဝ နားမထောင်နဲ့နော်... မြန်မြန်သွားတော့...”

အလောတကြီး တိုက်တွန်းမှုများကြောင့် ဝတ်စုံပြာနှင့် အမျိုးသမီး၏ မျက်နှာ ဖြူလျော်သွားခဲ့ရသော်လည်း၊ စီစဉ်မှုများအတိုင်း လိုက်နာလျက် မိမိ၏ သားငယ်လေးကို ပွေ့ချီကာ ချက်ချင်းပင် ထွက်ခွာသွားခဲ့တော့သည်။

ယင်ရှောင်သည် ခြံဝင်းအတွင်းသို့ လျှောက်လှမ်းလာခဲ့ပြီးနောက်၊ လိပ်တက်နေသော မဟူရာတိမ်တိုက်ကြီးများဆီသို့ မော့ကြည့်လိုက်ရာ၊ ထိုတိမ်တိုက်များအတွင်း၌ တစ္ဆေသရဲများအလား လှုပ်ရှားသွားလာနေကြသော ပုံရိပ်များကို ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။

“ကျင့်ကြံခြင်းလမ်းစဉ်...”

ယင်ရှောင် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ တစ်ချိန်က၊ သူသည်လည်း ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် တောင့်တခဲ့ဖူးသော်လည်း၊ ကံမကောင်းစွာဖြင့် သူ့ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်အမြစ် ပါဝင်မလာခဲ့သဖြင့် ဖေးဟုန်ဂိုဏ်း၏ ငြင်းပယ်ခြင်းကို ခံခဲ့ရဖူးသည်။

ထို့ကြောင့် သားနှစ်ဦးအပေါ်၌ များစွာ မျှော်လင့်ချက်များ ထားရှိခဲ့ခြင်း ဖြစ်၏။

သားကြီး ယင်ကျင်းထျန်းတွင် ဝိညာဉ်အမြစ် ပါဝင်ကြောင်း တွေ့ရှိခဲ့ပြီး ဖြစ်သည်။ အကယ်၍ သားငယ် ယင်ကျင်းရှင်းတွင်လည်း ပါဝင်ဦးမည်ဆိုပါက၊ သူတို့၏ ယင်မိသားစု သေချာပေါက် မြင့်မားလာနိုင်ပေသည်။

ကံမကောင်းစွာဖြင့်၊ သူ ထိုနေ့ရက်များကို မမြင်တွေ့ရသေးမီအချိန်မှာပင်၊ ဝမ့်ယင်းဂိုဏ်းက တံခါးဝအထိ လာရောက်၍ ရှာဖွေခဲ့ကြပြီ ဖြစ်သည်။

သူတို့ ပထမဆုံး ဆုံတွေ့ခဲ့ဖူးစဉ်ကတည်းက၊ ဝမ့်ယင်းဂိုဏ်းတွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေခဲ့ကြောင်း ကောင်းစွာ သိရှိထားခဲ့၏။ သူသည် သာမန်လူသားတစ်ဦးမျှသာ ဖြစ်ရာ၊ လောကီစည်းစိမ်ဥစ္စာများက ဝမ့်ယင်းဂိုဏ်းအတွက် မည်သို့သော အသုံးဝင်မှုမျိုး ရှိပါမည်နည်း။

အန်းရွှမ်မြို့မှ ထွက်ပြေးရန် စဉ်းစားခဲ့ဖူးသော်လည်း၊ ကျင့်ကြံသူများ၏ နည်းလမ်းများကို ကောင်းစွာ သိရှိထားသဖြင့် လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း နားလည်ထားသည်။ မိမိ၏ ဇနီးနှင့် သားငယ်လေးအား မြေအောက်ခန်းအတွင်း၌ ပုန်းကွယ်ခိုင်းထားခြင်းမှာလည်း၊ စိတ်ထဲမှ ဆုတောင်းနေရုံမျှသာ ဖြစ်၏။

ထိုအခိုက်၌၊ လိပ်တက်နေသော မဟူရာတိမ်တိုက်ကြီးများအတွင်းမှ မဟူရာချီစွမ်းအင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီးနောက်၊ လေဆင်နှာမောင်းတစ်ခုအလား မိမိထံသို့ ဦးတည်၍ တစ်ဟုန်ထိုး ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ရသည်။

ပြင်းထန်လှသော လေပြင်းဒဏ်များ ဖိနှိပ်လာခဲ့သဖြင့်၊ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ ခြံဝင်းအတွင်းရှိ သစ်ပင်ပန်းမာန်များမှာလည်း ပြင်းထန်စွာ လှုပ်ခါသွားခဲ့ကြပြီး အမိုးအကာများမှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျပျက်စီးသွားခဲ့ကြရသည်။

မဟူရာချီစွမ်းအင်သည် ခြံဝင်းအတွင်းသို့ ဆင်းသက်လာခဲ့ပြီးနောက် လျင်မြန်စွာ ကွာကျသွားခဲ့ပြီဖြစ်ရာ၊ ၎င်း၏ အတွင်းမှ ဝတ်စုံနက်နှင့် အမျိုးသားတစ်ဦး၏ ပုံရိပ် ပေါ်ထွက်လာခဲ့လေသည်။

ဤဝတ်စုံနက်နှင့် အမျိုးသားသည် အေးစက်လှသော မျက်နှာထားကို ပိုင်ဆိုင်ထားပြီး၊ မျက်ခုံးနှစ်ခုကြားတွင် မိစ္ဆာချီစွမ်းအင်များ ပြည့်နှက်နေသည်။ ဆံပင်နက်များကိုမူ ခရမ်းရောင်ကျောက်စိမ်းဆံထိုးတစ်ခုဖြင့် သေရပ်စွာထုံးဖွဲ့ထားသည်။ ထိုနေရာ၌ ရပ်နေရုံမျှဖြင့်ပင်၊ သူသည် အမြင့်ဆုံးသော မကောင်းဆိုးဝါး မိစ္ဆာခေါင်းဆောင်ကြီးတစ်ဦးအလား ရှိနေတော့သည်။

ထိုသူကို ကြည့်ရှုရင်း၊ ယင်ရှောင်အနေဖြင့် စိတ်ကို မည်သို့မျှ တည်ငြိမ်အောင် ထားရှိနိုင်ခြင်း မရှိတော့ချေ။

“ငါတို့အတွက် ကိစ္စတစ်ခု လုပ်ပေးစမ်းပါ... အဲဒီလိုလုပ်ပေးရင်ေ နောင်ကျရင် မင်း ဆိုးဆိုးရွားရွား ဆက်ဆံခံရမှာ မဟုတ်ဘူး...” ဟု ဝတ်စုံနက်နှင့် အမျိုးသားက စကားဆိုလိုက်၏။ သူ့ လေသံအတွင်း၌ မည်သို့သော ခံစားချက်မျှ ပါဝင်နေခြင်းမရှိဘဲ၊ ၎င်းမှာ ယင်ရှောင်၏ နှလုံးသားအတွင်းသို့ ဓားတစ်လက်ဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ရှိနေခဲ့သဖြင့် ငြင်းဆန်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။

All Chapters