အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း (၁၃၁)
အပြင်ဘက်ကို လှမ်းထွက်လိုက်တာနဲ့ စီနီယာ ဆန်းယော့ဆီ ချက်ချင်း ဖုန်းဆက်လိုက်တယ်။
"ဘာထူးလဲ"
"စဉ်းစားကြည့်မယ်လို့တော့ ပြောတာပဲ"
"ကိုရီးယား တက္ကသိုလ်မှာ ပါမောက္ခ ဖြစ်ဖို့ဆိုတာ ပါမောက္ခတွေထဲမှာဆိုရင် ထိပ်သီး ၁ရာခိုင်နှုန်းထဲမှာပဲ ပါတာလေ။ အဲဒီ ရာထူးနေရာကနေ တကယ်ကြီး ထွက်ပါ့မလား"
"ထွက်မယ်လို့ ကျွန်တော် ထင်တယ်"
လူတစ်ယောက်က အဆင့်မြင့်လေလေ၊ စွန့်စားရမှာကို ပိုကြောက်လေလေပါပဲ။ ပါမောက္ခတွေက လူမှုပတ်ဝန်းကျင်မှာ အဆင့်အတန်းရှိတယ်။ ငွေကြေး ပြည့်စုံတယ်။ ဂုဏ်သိက္ခာလည်း အာမခံချက် ရှိတယ်။ အဲဒါကြောင့်ပဲ လူအများကြီးက ပါမောက္ခ ဖြစ်ဖို့ ကြိုးစားကြတာပေါ့။
ဒါပေမဲ့ ကျွန်တော် တွေ့ခဲ့တဲ့ ပါမောက္ခ ကင်ဟိုမင် ကတော့ သာမန် ပါမောက္ခ တစ်ယောက်ထက်စာရင် သိပ္ပံပညာရှင် တစ်ယောက်နဲ့ ပိုတူပါတယ်။ သိပ္ပံပညာရှင် တစ်ယောက်ဆိုရင်တော့ သုတေသန လုပ်ငန်းတွေမှာပဲ အနှောင့်အယှက်မရှိ အာရုံစိုက်နိုင်မယ့် ကမ်းလှမ်းချက်မျိုးကို စိတ်ဝင်စားမှာ အသေအချာပါပဲ။
"ဒါနဲ့ ဘာလို့ ပါမောက္ခ ကင် ဖြစ်ရတာလဲ။ တခြားလူတွေလည်း အများကြီး ရှိတာပဲလေ"
"သူက အသင့်တော်ဆုံး မလို့ပါ။ မပြောနိုင်ဘူးလေ။ သူက သုတေသနမှာ အောင်မြင်ပြီး နောက်ကျရင် နိုဘယ်ဆုတောင် ရသွားနိုင်တယ်လေ"
ကျွန်တော့် စကားက နောက်ပြောင်သလို ဖြစ်သွားတာမလို့ စီနီယာ ဆန်းယော့ က အော်ဟစ်ကာ ရယ်မောလိုက်တယ်။
"ဟားဟား။ စီးပွားရေး နိုဘယ်ဆုကို မင်း ရတာကမှ ပိုမြန်ဦးမယ် ထင်တယ်"
"ဟာဗျာ။ ကျွန်တော်က စီးပွားရေး နိုဘယ်ဆုနဲ့ ဘာဆိုင်လို့လဲ"
အတိအကျ ပြောရရင် စီးပွားရေး နိုဘယ်ဆုဆိုတာက တကယ့် နိုဘယ်ဆု မဟုတ်ပါဘူး။ ဆွီဒင် ဗဟိုဘဏ်က အဲလ်ဖရက် နိုဘယ် ကို ဂုဏ်ပြုတဲ့ အနေနဲ့ တည်ထောင်ခဲ့တာ ဖြစ်ပြီး ဆုရွေးချယ်တာနဲ့ ဆုကြေးငွေတွေကို နိုဘယ် ဖောင်ဒေးရှင်းက မဟုတ်ဘဲ ဗဟိုဘဏ်ကပဲ တာဝန်ယူပေးတာပါ။
ဒါပေမဲ့လည်း စီးပွားရေး နယ်ပယ်မှာတော့ အမြင့်မြတ်ဆုံး ဆုတစ်ခု ဖြစ်နေတုန်းပဲမလို့ စီးပွားရေး ပညာရှင် အများစုက ဒါကို ရဖို့ အိမ်မက်မက်ကြတာပေါ့။ တကယ် ရခဲ့တဲ့ လူတွေကလည်း မေတန် ဖလွိုင်းမန်း၊ ပေါလ် ခရူးမန်း နဲ့ အန်းဂတ်စ် ဒီတန် တို့လို ကမ္ဘာကျော် ပညာရှင်တွေကြီးပါပဲ။
ဒါပေမဲ့ ဒီဆုကို တော်ရုံ ရင်းနှီးမြှုပ်နှံမှု ကောင်းကောင်းလုပ်ပြီး ပိုက်ဆံရှာနိုင်ရုံနဲ့ ရတာမျိုး မဟုတ်ဘဲ စီးပွားရေး ပညာရပ် အပေါ်မှာ ကြီးကြီးမားမား အကျိုးပြုနိုင်မှ ရတာမျိုးပါ။
"အနည်းဆုံးတော့ တစ်ခုတော့ ရှင်းတယ်လေ။ သူ့မှာ နာမည်ပျက်မရှိဘူး။ သုတေသန ရန်ပုံငွေ အလွဲသုံးစားလုပ်တာမျိုး ဒါမှမဟုတ် ဘွဲ့လွန် ကျောင်းသားတွေကို နှိပ်စက်တာမျိုး မရှိဘူး"
တော်တဲ့ သိပ္ပံပညာရှင် တစ်ယောက် ဖြစ်တိုင်း လူကောင်းတစ်ယောက် ဖြစ်တယ်လို့ အလိုအလျောက် သတ်မှတ်လို့ မရပါဘူး။ တချို့ ပါမောက္ခတွေဆိုရင် သုတေသန ရန်ပုံငွေတွေကို ခိုးယူတာ ဒါမှမဟုတ် ထောက်ပံ့ကြေးတွေကို အလွဲသုံးစား လုပ်ပြီး သူတို့ ကျောင်းသားတွေကို လုပ်အားခ သက်သက်သာသာနဲ့ ကျွန်တွေလို ခိုင်းစားတာ စတာတွေကို လုပ်တတ်ကြတယ်။
တက္ကသိုလ်တွေမှာ ပါမောက္ခတွေက အကြွင်းမဲ့ အာဏာ ရှိတာမလို့ ဒီလို ကိစ္စတွေ ဖြစ်လာရင်တောင် ဘယ်သူမှ မကန့်ကွက်ရဲကြဘူးလေ။ ဘာပဲဖြစ်ဖြစ် ပညာရေး လောကက ဒီလို အခြေအနေမျိုးမလို့ ကိုယ့်ကို လမ်းညွှန်ပေးတဲ့ ဆရာနဲ့ အဆင်မပြေရင် တစ်သက်လုံး နေရာရဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒ့ါအပြင် အမျိုးသားတွေဆိုရင် စစ်မှုထမ်းရမယ့် တာဝန်ကလည်း ရှိသေးတယ်လေ။
ပါမောက္ခ ကင်ဟိုမင် ကတော့ အနည်းဆုံးတော့ ဒီလို ကိစ္စမျိုးတွေမှာ နာမည်ဆိုးမရှိပါဘူး။ သူ့ရဲ့ သုတေသန ကျောင်းသားတွေကို သေချာ ဂရုစိုက်ပေးပြီး စာတမ်းပြုစုတာနဲ့ အလုပ်အကိုင် ရရှိဖို့အတွက်ပါ သူဟာ တက်တက်ကြွကြွ ကူညီပေးတတ်တယ်။
ဒါပေမဲ့လည်း သုတေသန ကျောင်းသားတွေရဲ့ အခြေအနေကတော့ သိပ်မကောင်းလှပါဘူး။ အလုပ်ကသာ အများကြီးလုပ်ရပြီး လစာကတော့ အနည်းဆုံး လစာလောက်ပဲ ရတာပါ။ တက္ကသိုလ်က သုတေသန ရန်ပုံငွေ ဖြတ်လိုက်တာနဲ့ သူတို့ရဲ့ စားဝတ်နေရေးက ချက်ချင်း ပူပန်ရတော့မှာပါ။
ကျွန်တော်ကတော့ သုတေသန အဖွဲ့အစည်းတစ်ခု တည်ထောင်ပြီး သူတို့ အားလုံးကို အလုပ်ခန့်ပြီး အကောင်းဆုံး အခွင့်အရေးတွေ ပေးဖို့ ကမ်းလှမ်းခဲ့တယ်။ ပါမောက္ခ ကင်ဟိုမင် အနေနဲ့ သူတို့အပေါ် တာဝန်သိစိတ် ရှိတယ်ဆိုရင် ကျွန်တော့် ကမ်းလှမ်းချက်ကို လက်ခံဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိပါဘူး။
"သုတေသန အဖွဲ့အတွက် အဆောက်အဦးကို အခုကတည်းက ရှာပေးပါ"
"အခုကတည်းက ရှာရမှာလား"
"ကြိုတင် ပြင်ဆင်ထားတော့ မမှားဘူးပေါ့လေ"
"ဟုတ်ပါပြီ။ အခုချက်ချင်းပဲ စီစဉ်လိုက်မယ်"
စီနီယာ ဆန်းယော့ က နောက်ထပ် ဘာမှ ထပ်မမေးတော့ဘဲ ဖုန်းချသွားတယ်။
အခု ကျွန်တော် လုပ်ရမှာက အကြောင်းပြန်မှာကို စောင့်ရုံပါပဲ။ ရုံးခန်းကို တန်းမပြန်သေးဘဲ တက္ကသိုလ် ဝင်းထဲမှာ ခဏလောက် လမ်းလျှောက်နေလိုက်တယ်။ နေ့လည်စာ စားရမယ့် အချိန်မလို့ ကျောင်းသားတွေက အုပ်စုလိုက် စုပြီး ထမင်းစားဆောင်ဘက်ကို သွားနေကြတယ်။
စီနီယာ တချို့နဲ့ အထက်တန်းကျောင်းသား ပုံစံ မပျောက်သေးတဲ့ ပထမနှစ် ကျောင်းသားသစ်လေးတွေကို တွေ့ရတယ်။ စာသင်နှစ် စတင်ခါစ ဖြစ်တာမလို့ သူတို့ မျက်နှာတွေပေါ်မှာ တက္ကသိုလ် ကျောင်းသားဘဝအပေါ် မျှော်လင့်ချက်တွေနဲ့ ရင်ခုန် စိတ်လှုပ်ရှားမှုတွေ အပြည့် ဖြစ်နေကြတာပေါ့။
ကျွန်တော့်မှာလည်း ဒီလို အရွယ်မျိုး ရှိခဲ့ဖူးတာပဲ။ ဒါကို တွေးမိတော့ စိတ်ထဲမှာ ထူးထူးဆန်းဆန်း အိုမင်းသွားသလို ခံစားရတယ်။
ဒီအလုပ်ထဲကို မဝင်ခဲ့ဘူးဆိုရင် ကျွန်တော်လည်း ကျောင်းတက်ရင်း အလုပ်အကိုင်ရဖို့အတွက် ပြင်ဆင်နေရတုန်း ဖြစ်မှာပဲလေ။ အဲဒီလို တွေးမိတော့ စိတ်ထဲမှာ ခံစားချက် မျိုးစုံ ဖြစ်သွားရတယ်။
ကျောင်းသား ဘဝကို ပြန်သွားချင်စိတ်လည်း နည်းနည်း ဖြစ်မိသား။ တခြား ကလေးတွေ ဘာလုပ်နေကြလဲ မသိဘူး။ နောက်ပိုင်း သူငယ်ချင်းတွေနဲ့ အဆက်အသွယ် လုံးဝ ပြတ်သွားခဲ့တာလေ။ မင်ယောင်း နဲ့ ကျောင်ဂီ တို့ကို မတွေ့ရတာလည်း တော်တော် ကြာပြီ။
လောလောဆယ်တော့ စီးပွားရေး စီမံခန့်ခွဲမှု အဆောက်အဦးဘက်ကို ဦးတည်လိုက်တယ်။
ရှင်ယူရီ ဒီနေ့ ကျောင်းလာလား မသိဘူး။
တစ်ယောက်ယောက်ဆီ ဖုန်းဆက်မလို့ လုပ်နေတုန်းမှာပဲ ရုတ်တရက် ဖုန်းမြည်လာတယ်။ ကြည့်လိုက်တော့ အံ့သြစရာကောင်းအောင်ပဲ ရှင်ယူရီ ဖြစ်နေတယ်။
"အင်း၊ ရှင်ယူရီ"
ရှင်ယူရီ က အလောတကြီး ပြောတယ်။
"စီနီယာ၊ ကျောင်းကို လာတာလား"
"အင်း၊ ဟုတ်တယ်။ နင် ဘယ်လိုသိလဲ"
"အခု ဘယ်မှာလဲ"
"စီးပွားရေးဌာနဘက်ကို သွားနေတာ။ ရောက်ခါနီးပြီ"
အဲဒီလို ပြောတော့ ရှင်ယူရီ က အော်ပြောတယ်။
"လာလို့ မဖြစ်ဘူး"
"ဘာလို့လဲ"
"စီနီယာ ဒီမှာ ရှိနေတယ်ဆိုတဲ့ ကောလာဟလ ပြန့်သွားလို့ အတန်းတွေ အကုန် ပျက်ပြီး ကျောင်းသားတွေ ဒီမှာ စုနေကြပြီ။ လာရင် လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး"
ရှင်ယူရီ ပြောတာကို ကြားပြီး ကျွန်တော် အံ့အားသင့်သွားတယ်။
"ဘာလဲဟ"
ရှုပ်ထွေးတဲ့ ပြဿနာတွေ မဖြစ်ချင်လို့ ပါမောက္ခ ကင်မြောင်ဂျွန် ကိုပဲ ပြောထားခဲ့တာလေ။ ဌာနမှူးက ကျနော်ရောက်နေတာကို သတင်း ဖြန့်လိမ့်မယ်လို့ မထင်ထားမိဘူး။
"ဘယ်သူ ဖြန့်တာလဲ"
"ဟဲမီ ဖြန့်တာ"
"ဟမ်။ လီဟဲမီ လား"
သူက ဒီကိစ္စထဲ ဘာလို့ ပါလာရတာလဲ။
"စီနီယာက ဌာနမှူးနဲ့ တွေ့ပြီး ထွက်လာတာကို တွေ့လိုက်တယ်လို့ ပြောတာပဲ"
"......"
တကယ်ပါကွာ။ သူက ငါ့ ဘဝအတွက် လုံးဝကို အသုံးမဝင်တဲ့လူပဲ။
ခေါင်းကို အမြန်ငုံ့ပြီး ကိုယ်ကို လှည့်လိုက်တယ်။ ဒီအခြေအနေကနေ အမြန်ဆုံး ထွက်ပြေးဖို့ လိုနေပါပြီ။ အဲဒီအချိန်မှာပဲ တစ်ယောက်ယောက်က ကျွန်တော့် လက်မောင်းကို လှမ်းဆွဲလိုက်တယ်။ လန့်သွားပြီး လှည့်ကြည့်လိုက်တော့ ရှင်ယူရီ က ဖုန်းကို ကိုင်ပြီး ရပ်နေတာပါ။
ရှင်ယူရီ က တောက်ပစွာ ပြုံးပြီး ပြောတယ်။
" စီနီယာက ဒီမှာ ရှိနေတာပဲ"
"ဟာ။ လန့်သွားတာပဲ"
"မတွေ့ရတာ ကြာပြီနော်"
ရွှေဝါရောင် ဆံပင်ကို မြင်းမြီးပုံစံ စည်းထားပြီး အဖြူရောင် လည်ပိတ် အင်္ကျီနဲ့ ဒူးအထိ ရောက်တဲ့ စကတ်ကို ရှင်ယူရီ ဝတ်ထားတာပါ။ သူကတော့ ချစ်စရာကောင်းပြီး တက်ကြွနေတုန်းပဲ။
ရှင်ယူရီ က စနောက်တဲ့ပုံစံနဲ့ ဗျစ်တောက်ဗျစ်တောက် ပြောတယ်။
"ကျောင်းလာတာကို ဘာလို့ မပြောတာလဲ"
"တကယ်တော့ ဖုန်းဆက်မလို့ လုပ်နေတုန်း နင့်ဖုန်းက အရင် ဝင်လာတာ"
"တကယ်ကြီးလား"
နောက်ဆုံးအကြိမ် တွေ့တုန်းက သူက ပထမနှစ် ကျောင်းသူလေးပဲ ရှိသေးတာပါ။ အခုတော့ တတိယနှစ် ဖြစ်နေပါပြီ။
အချိန်တွေ ကုန်တာ တကယ် မြန်တာပဲ။
အဲဒီအချိန်မှာပဲ ကျောင်းသား အုပ်စုတစ်စုက ကျွန်တော်တို့ ဘေးကနေ ဖြတ်သွားကြတယ်။
"ဘာတွေ ဖြစ်နေတာလဲ"
"ကန်ဂျင်ဟူ ကျောင်း ရောက်နေတယ်ဟ"
"တကယ်ကြီးလား၊ စီးပွားရေး ဌာနက ကန်ဂျင်ဟူ လား"
"အေးလေ၊ အိုတာကူ Company ရဲ့ စီအီးအို လေ"
"OTK Company မဟုတ်ဘူးလားဟ"
"အင်း။ သွားကြည့်ရအောင်"
"......"
ငါ့ရဲ့ လူကြိုက်များမှုက ဒီအဆင့်အထိ ရှိနေတာလား။ ဟောလိဝုဒ် စတားတစ်ယောက် ရောက်လာတယ်လို့ပဲ ထင်ရလောက်တယ်။
တကယ်တော့ လူကြိုက်များတာထက် စူးစမ်းချင်စိတ်ကြောင့် ဖြစ်မှာပါ။ ကန်ဂျင်ဟူ ဘယ်လိုပုံစံလဲ ဆိုတာကိုပဲ လူတွေက မြင်ဖူးချင်ကြတာ ဖြစ်ပါလိမ့်မယ်။
ရှင်ယူရီ က ကျွန်တော့် လက်ကို ဆွဲပြီး ခေါ်သွားတယ်။
"မိသွားရင်တော့ ပြဿနာ အကြီးကြီး ဖြစ်လိမ့်မယ်။ မြန်မြန် ထွက်ပြေးရအောင်"
ကျွန်တော်တို့ ကားပါကင်ဘက်ကို အမြန် သွားလိုက်ကြတယ်။
ကျွန်တော် မောင်းသူနေရာမှာ ဝင်ထိုင်လိုက်ပြီး ရှင်ယူရီ ကတော့ ဘေးခုံမှာ ဝင်ထိုင်တယ်။
"ဒါဆို ကျွန်မတို့တွေ ကုမ္ပဏီကို တန်းသွားမှာလား"
"ဟမ်"
" ကုမ္ပဏီကို လိုက်ပြမယ်လို့ စီနီယာ ပြောဖူးတယ်လေ"
"......"
ငါ အဲဒီလို ပြောခဲ့လို့လား။
"နင် အတန်းမတက်တော့ဘူးလား"
"အတန်းအကုန် ပြီးသွားပြီ"
"တကယ်လား"
ရှင်ယူရီ က အကြည့်ကို အသာလေး လွှဲလိုက်တယ်။
"တကယ်ပေါ့"
"......"
သူ အတန်းပြေးလာတာ ထင်တာပဲ။
"ကဲ…. ဒရိုင်ဘာ ကန်။ သွားကြစို့"
"ကောင်းပါပြီ"
ကျွန်တော် ကားကို စက်နှိုးလိုက်တယ်။
ကုမ္ပဏီကို မောင်းသွားတဲ့ လမ်းတစ်လျှောက်မှာ ရှင်ယူရီ က ကျောင်းက အကြောင်းတွေကို စုံနေအောင် ပြောပြတယ်။
"စီနီယာ မင်ယောင်းက ကာကွယ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်ရသွားပြီ။ စီနီယာ ကျောင်ဂီကတော့ KATUSA (ကိုရီးယားရှိ အမေရိကန် စစ်တပ် တပ်ဖွဲ့ခွဲ) ကို သွားတယ်"
"သူတို့ နှစ်ယောက်လုံးတော့ တော်တော်ကြာ ပင်ပန်းရဦးမှာပဲ"
ဒါပေမဲ့လည်း တပ်ကြပ်ကြီး အဆင့်နဲ့ စစ်မှုထမ်းပြီးခဲ့တဲ့ လူတစ်ယောက် အနေနဲ့ ပြောရရင်တော့ သာမန် စစ်တပ်ထဲ သွားရတာထက်စာရင် အဆတစ်ရာမက ပိုကောင်းပါတယ်။
"စီနီယာ ဟဲမီ က ဂျူနီယာတွေကို စီနီယာ့ အကြောင်းတွေ အများကြီး လျှောက်ပြောနေတာ သိလား။ ပထမနှစ် ကလေးတွေ အကုန်လုံးက စီနီယာတို့ နှစ်ယောက်ကြားမှာ တစ်ခုခု ရှိခဲ့တယ်လို့ ထင်နေကြတာ"
"......"
ဒါက ကောလာဟလ အမှားတွေ ဖြန့်ပြီး သိက္ခာချတာလို့ သတ်မှတ်လို့ မရဘူးလား။
"သူ ကျောင်းမပြီးသေးဘူးလား"
"သူက Credit မပြည့်တဲ့ ကိစ္စတွေ(အတန်းချိန်မပြည့်တာမျိုး) အများကြီး ရှိလို့ ဒီနှစ်အထိ နေရဦးမှာ။ ကျောင်းပြီးရင် OTK Company ထဲ ဝင်နိုင်မယ်လို့ ယုံကြည်ချက် အပြည့် ရှိနေတာလေ"
သူက ဘာတွေ လျှောက်တွေးနေတာလဲဟ။
"ဩော်…. စီနီယာ ဆွန်းအာ ကတော့ ကျောင်းပြီးသွားလို့ GH ဆောက်လုပ်ရေး မှာ အလုပ်ရသွားပြီ"
"တကယ်လား"
ကြည့်ရတာ သူတို့ နှစ်ယောက်က အခုထက်ထိ အဆင်ပြေပြေ တွဲနေကြတုန်းပဲ ထင်တယ်။
"ကျွန်မလည်း ကျောင်းပြီးရင် အလုပ် မြန်မြန် ရချင်ပြီ။ အဆင်ပြေရင် နောက် စာသင်နှစ်ပြီးတာနဲ့ ကျောင်းစောစော ပြီးနိုင်မယ်မျှော်လင့်ရတာပဲ"
(အမှတ်တွေကောင်းနေလို့ ကျောင်းအစောပြီးနိုင်တာမျိုးပါ)
အဲဒီစကားကြောင့် ကျွန်တော် အတော်လေး အံ့သြသွားတယ်။
"နင်က အမှတ်တွေကို အံ့သြစရာကောင်းလောက်အောင် ထိန်းထားနိုင်တာပဲ"
"အံ့သြစရာကောင်းလောက်အောင် ဟုတ်လား။ ကျွန်မလောက် ကြိုးစားတဲ့ ကျောင်းသူ မရှိပါဘူးနော်။ နောက်ကျရင် အလုပ်လျှောက်တဲ့အခါ ကျေးဇူးပြုပြီး သေချာ ဂရုစိုက်ပေးပါဦး၊ စီအီးအိုကြီး"
"......"
သူက တကယ်ကြီး OTK Company ကို လာဖို့ တွေးနေတာလား။
ရှင်ယူရီ က ပေါ့ပေါ့ပါးပါးပဲ ထပ်ပြောတယ်။
"အဖေနဲ့ ဦးလေး ရူချောဂယွန် တို့က စီနီယာနဲ့ အတူတူ တစ်ခွက်လောက် သောက်ချင်တယ်လို့ ပြောနေကြတယ်"
"ဂုဏ်ယူစရာပေါ့"
"ကျွန်မလည်း ပါလို့ရမလား"
"စီးပွားရေး ကိစ္စမှ မဟုတ်တာ၊ ရတာပေါ့"
"ဟီးဟီး။ စီနီယာက ခွင့်ပြုလိုက်ပြီ ဆိုတော့ အဖေ့ကို ပြောလိုက်တော့မယ်။ ဒါနဲ့ ကျောင်းကို ဘာကိစ္စနဲ့ လာတာလဲ"
"ဌာနမှူးကို မတွေ့တာ ကြာလို့ လာတွေ့တာပါ..."
နောက်ပိုင်းလည်း သိသွားမှာပဲမလို့ ကျွန်တော် အမှန်အတိုင်းပဲ ပြောပြလိုက်တယ်။
"ဘတ္ထရီ သုတေသန အဖွဲ့တစ်ခု တည်ထောင်ဖို့ တွေးထားလို့လေ။ အဲဒါ ဓာတုဗေဒ ဌာနက ပါမောက္ခ တစ်ယောက်ကို အဖွဲ့ရဲ့ အကြီးအကဲ အဖြစ် ခေါ်မလို့"
"ဩော်… အဲဒါကြောင့် သူတို့ကို ကိုယ်တိုင်လာပြီး စည်းရုံးတာပေါ့လေ"
"ဒီလိုပါပဲ"
"စီနီယာက အလုပ်တွေ အများကြီး လုပ်နေတာပဲ။ ကားကုမ္ပဏီကို ဝယ်တယ်။ ဘတ္ထရီ စက်ရုံ ထောင်တယ်။ အခုလည်း သုတေသန အဖွဲ့ထောင်ဦးမယ်ဆိုပဲ။ အလုပ်တွေ အရမ်းများမနေဘူးလား"
"နင် ပြောတာ မှန်ပါတယ်"
အစတုန်းကတော့ CarOS မှာပဲ ရင်းနှီးမြှုပ်နှံခဲ့တာပါ။ ဒါပေမဲ့ ဘယ်လိုကနေ ဘယ်လို ကားလုပ်ငန်း တစ်ခုလုံးဆီ ခြေဆန့်မိသွားမှန်း မသိတော့ဘူး။ ဒါက ဘယ်လို ရလဒ်မျိုး ထွက်လာမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
"ဒါပေမဲ့ အခြေခံ သိပ္ပံ သုတေသနဘက်တွေကနေ စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ အချိန် တော်တော် ကြာတတ်တာ မဟုတ်ဘူးလား"
နည်းပညာတွေ ဒါမှမဟုတ် မူပိုင်ခွင့်တွေက သူ့အလိုလို ပိုက်ဆံ ဖြစ်လာတာ မဟုတ်ပါဘူး။ စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ဆိုရင် မရေမတွက်နိုင်တဲ့ စမ်းသပ်မှုတွေနဲ့ ကြိုးစားမှုတွေ လိုအပ်ပါတယ်။ တစ်ခါတလေ ဒီလုပ်ငန်းစဉ်ထဲမှာ ကျရှုံးတာမျိုး ရှိနိုင်သလို သုတေသနလုပ်နေတဲ့အတောအတွင်း ပိုကောင်းတဲ့ နည်းပညာတွေ ပေါ်လာတာမျိုးလည်း ရှိနိုင်တယ်။
"ငါက ရေရှည်အတွက် ရင်းနှီးမြှုပ်နှံတာပါ"
မြန်မြန် ငွေရလာရင်တော့ ကောင်းတာပေါ့။ တကယ်လို့ အချိန်ကြာသွားရင်တောင် ဓာတုဗေဒ နိုဘယ်ဆု ရလောက်မယ့် သုတေသန ရလဒ်တွေကို ရနိုင်ဦးမှာပဲလေ။ အခုရင်းနှီးမြှုပ်နှံမှုမှာ စွန့်စားရတာမျိုး မရှိပါဘူး။
"အစိုးရကတော့ ဟိုက်ဒရိုဂျင် ကားတွေကို တွန်းအားပေးဖို့ ဆုံးဖြတ်လိုက်ပြီ ထင်တယ်"
သမ္မတရဲ့ တိုက်ရိုက် အမိန့်ကြောင့် ဟိုက်ဒရိုဂျင် ကား ဖွံ့ဖြိုးရေး အစီအစဉ်က တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်နေတယ်။ ဒေသခံ အစိုးရတွေကလည်း အားသွင်းစနစ် တည်ဆောက်မယ့် နေရာတွေကို စတင် ရွေးချယ်နေကြပြီ ဖြစ်သလို အာဏာပိုင်တွေက ဟိုက်ဒရိုဂျင် ကား အစီးရေ ၃၀၀ ဝယ်ယူဖို့ စာချုပ် ချုပ်ဆိုခဲ့ကြတယ်။
လောလောဆယ် ကိုရီးယားမှာ ထွက်ရှိထားတဲ့ တစ်ခုထဲသော ဟိုက်ဒရိုဂျင် ကားက အွန်ဆောင်း မော်တာ ရဲ့ PotenHY ဖြစ်တာမလို့ သဘာဝကျကျပဲ PotenHY က ပစ်မှတ် ဖြစ်လာခဲ့တာပေါ့။
ဟိုက်ဒရိုဂျင် ကားတွေက အနာဂတ်ရဲ့ ယာဉ်တွေအဖြစ် ရေပန်းစားလာတာနဲ့အမျှ သက်ဆိုင်ရာ စတော့ရှယ်ယာတွေ အားလုံးက အတက်ပြလာတယ်။ အကျိုးအမြတ် အများဆုံး ရမယ့် အွန်ဆောင်း မော်တာ ရဲ့ စတော့ရှယ်ယာ ဈေးနှုန်းက သုံးရာခိုင်နှုန်းလောက် တက်သွားခဲ့တယ်။
ဆန့်ကျင်ဘက် အနေနဲ့ လျှပ်စစ်ကား စတော့ရှယ်ယာတွေကတော့ ကျဆင်းနေပြီး ဆိုဆောင်း အီလက်ထရောနစ် ရဲ့ စတော့ရှယ်ယာ ဈေးနှုန်းက ဝမ် ၃ သိန်းအောက်ကို ပြန်ကျသွားခဲ့တယ်။
တကယ်လို့ ဟိုက်ဒရိုဂျင် ကားတွေက ဒီလိုမျိုး အဓိကအနေအထားနဲ့ ရေပန်းစားလာမယ်ဆိုရင် လျှပ်စစ်ကားတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေ အရှုံးကြီး ရှုံးပါလိမ့်မယ်။ ကျွန်တော့်ရဲ့ အရှုံးကလည်း ကြီးမားမှာ အသေအချာပါပဲ။
ကားမောင်းနေတုန်း ရှင်ယူရီ က ဘေးကနေ ကျွန်တော့် မျက်နှာကို စိုက်ကြည့်နေတယ်။
"ဘာလို့စိုက်ကြည့်နေရတာလဲ"
ရှင်ယူရီ က ပြုံးပြီး ပြန်ဖြေတယ်။
"ဒီတိုင်းပဲ ကြည့်တာပါ"
ကုမ္ပဏီဆီ အမြန်ပဲ ရောက်သွားခဲ့တယ်။
ကားပါကင် ထိုးပြီးတာနဲ့ အပေါ်ဆုံးထပ်ကို တန်းသွားလိုက်ကြတယ်။ ရှင်ယူရီ က စီအီးအို ရုံးခန်းကို ကြည့်ပြီး သဘောကျနေတယ်။
"ဝိုး… တီဟီရန်ရို လမ်းတစ်ခုလုံးကို တစ်ပြိုင်ထဲ မြင်နေရတာပဲ။ စီနီယာက ဒီလို နေရာကောင်းမှာ အလုပ်လုပ်နေရတာကိုး"
"နင့် အဖေ့ ရုံးခန်းလည်း ဒီလိုပဲ မဟုတ်ဘူးလား"
RCK Brothers အဆောက်အဦးကလည်း ဂန်နမ် မှာ ရှိတာဖြစ်ပြီး အကျယ်အဝန်းကလည်း အတူတူလောက်ပဲလို့ ထင်ပါတယ်။
"အာ…. ဒီလိုမျိုးကြီးတော့ မဟုတ်ပါဘူး။ ဒါနဲ့ အစ်ကို တက်ဂယူကော စီနီယာနဲ့ ဒီမှာ အတူတူ အလုပ်လုပ်တာလား"
"စီအိုအို ရုံးခန်းက အောက်ထပ်မှာ ရှိတယ်။ အခင်းအကျင်းကတော့ အတူတူပဲ"
"ဒါဆို သူက အောက်ထပ်မှာ အလုပ်လုပ်နေတာပေါ့"
"အဲဒါက..."
သူကတော့ အခုတလော e-sports အသင်း တည်ထောင်ဖို့ ပြင်ဆင်နေတာနဲ့ အလုပ်ရှုပ်နေတာလေ။
"သွားကြစို့။ တခြား နေရာတွေ လိုက်ပြမယ်"
ကျွန်တော် ရှင်ယူရီကို ခေါ်ပြီး ကုမ္ပဏီရဲ့ နေရာအနှံ့ကို လိုက်ပြပေးခဲ့တယ်။ အဲဒီနောက် ပြန်ကြားရေး ဌာန နားမှာ စီနီယာ ကီဟုမ်နဲ့ တိုးပါလေရော။
စီနီယာ ကီဟုမ် က အံ့သြသွားတဲ့ ပုံစံနဲ့ မေးတယ်။
"ဟင်…. ရှင်ယူရီ မဟုတ်လား"
ရှင်ယူရီ က ခေါင်းငုံ့ပြီး နှုတ်ဆက်လိုက်တယ်။
" မင်္ဂလာပါ၊ စီနီယာ"
"ဘာကိစ္စ ရှိလို့ ရောက်လာတာလဲ"
ကျွန်တော်ကပဲ ကြားထဲကနေ ဝင်ရှင်းပြလိုက်တယ်။
"သူက ကုမ္ပဏီကို လာလေ့လာတာပါ"
စီနီယာ ကီဟုမ် က ပြုံးပြီး ခေါင်းညိတ်ပြတယ်။
"ဪ… အေးအေး။ ပျော်ပျော်ပါးပါး လည်ကြည့်ဦးနော်"
"......"
အဲဒါ ဘာအဓိပ္ပာယ်လဲဟ။
လည်ပတ်တာတွေ ပြီးသွားတော့ ရှင်ယူရီကို မေးလိုက်တယ်။
"နေ့လည်စာ မစားရသေးဘူးမလား"
"အင်း။ မစားရသေးဘူး"
"သွားကြစို့။ အရသာရှိတာ ကျွေးမယ်"
"ဟုတ်။ ဗိုက်ဆာနေပြီ။ မြန်မြန် သွားရအောင်"
အဆောက်အဦး အပြင်ဘက်ကို ထွက်လိုက်တဲ့ အချိန်မှာပဲ တက်ဂယူနဲ့ အယ်လီ တို့ အတူတူ လမ်းလျှောက်ပြီး ဝင်လာတာကို တွေ့လိုက်ရတယ်။
"ဟေ့…. ကန်ဂျင်ဟူ။ ကျောင်းက ကိစ္စ ဘယ်လိုနေလဲ"
အယ်လီ က ကျွန်တော့်ကို ပျော်ပျော်ရွှင်ရွှင် လက်လှမ်းပြပြီးတော့ ဘေးက ရှင်ယူရီကို ကြည့်လိုက်တယ်။
"ဒါ ဘယ်သူလဲ..."
ကျွန်တော် နည်းနည်း ထစ်ထစ်အအနဲ့ပဲ ပြန်ဖြေလိုက်တယ်။
"ဒါ-ဒါက ကျောင်းက ဂျူနီယာ ပါ"
"ဪ…. ဟုတ်လား"
အယ်လီ က နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်တယ်။
"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မက အယ်လီကင် ပါ"
ရှင်ယူရီ က ခေါင်းကို အသာလေး ငုံ့လိုက်တယ်။
"မင်္ဂလာပါ။ ကျွန်မက ရှင်ယူရီ ပါ"
ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်နေကြတဲ့ နှစ်ယောက်လုံး ရုတ်တရက် ငြိမ်ကျသွားတယ်။ တစ်ယောက်ရဲ့ နာမည်ကို တစ်ယောက်က မှတ်မိသွားကြတဲ့ ပုံစံပဲ။
"ကျောင်းပိတ်ရက်တုန်းက ကန်ဂျင်ဟူ နဲ့ အတူတူ ကျောင်းလာတဲ့ နိုင်ငံခြားသူ မဟုတ်လား..."
"အိမ်အထိ လိုက်လာတဲ့ ဂျူနီယာ ဆိုတာ..."
"...."
"...."
ခဏလောက် တိတ်ဆိတ်သွားပြီးတဲ့နောက် တက်ဂယူ က ကျွန်တော့် ပခုံးပေါ် လက်တင်ပြီး အသံတိုးတိုးနဲ့ ပြောလာတယ်။
"ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ငါ ကြိုသိနေခဲ့တယ်။ သူငယ်ချင်း"