← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း (၁၃၃)

ကျွန်တော်က အစိုးရအဖွဲ့ကို ပြတ်ပြတ်သားသား ဆန့်ကျင်ဘက် အနေနဲ့ ရပ်တည်လိမ့်မယ်လို့ မထင်ထားခဲ့ပုံရပြီး ဥက္ကဌ လင်ဂျင်ယုံ က နည်းနည်းတော့ အံ့သြသွားတဲ့ ပုံပဲ။

တကယ်တော့ အရင်တုန်းက ပြန်လည် သင့်မြတ်ဖို့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ သတင်းစာ ရှင်းလင်းပွဲတုန်းက အရပ်သားတွေကို တရားမဝင် စောင့်ကြည့်တာတွေနဲ့ တရားစွဲဆိုရေး အဖွဲ့ရဲ့ တရားမဝင် စုံစမ်းစစ်ဆေးမှုတွေကိုသာ ကျွန်တော်တို့ဘက်က မသိချင်ယောင်ဆောင်ပြီး ငြိမ်ခံလိုက်ရင် အခုလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ရန်သူလို ဖြစ်နေကြမှာ မဟုတ်ဘူးလေ။

ဒါပေမဲ့ ကျွန်တော်က ဒီအတိုင်း မာနတစ်ခုထဲနဲ့ ဘာမှမစဉ်းစားဘဲ ဇွတ်လုပ်နေတာ မဟုတ်ပါဘူး။

အဆိုးဆုံး အခြေအနေ ရောက်လာရင် K Company ကို ဆက်စပ် အဖွဲ့အစည်း တစ်ခုအနေနဲ့ မဟုတ်ဘဲ သီးခြား လွတ်လပ်တဲ့ ကော်ပိုရေးရှင်း တစ်ခုအဖြစ် ခွဲထုတ်ပစ်ဖို့အထိ ကျွန်တော် စဉ်းစားထားပါတယ်။ အဲဒီလိုဆိုရင် OTK Company ကလည်း ကိုရီးယားကနေ လုံးဝ ဆုတ်ခွာသွားရုံပဲပေါ့။

ပြီးရင် တက်ဂယူ နဲ့ ကျွန်တော်က အမေရိကန် နိုင်ငံသားအဖြစ် ပြောင်းလဲလိုက်ရုံပါပဲ။

ဒါပေမဲ့ အဲဒီလို အခြေအနေအထိ ရောက်သွားမယ့် လမ်းကိုတော့ ကျွန်တော် တတ်နိုင်သမျှ ရှောင်ချင်တာပေါ့။

ဥက္ကဌ လင် က သူ့ရဲ့ ဖန်ခွက်ထဲက အရက်ကို တစ်ကျိုက်တည်း မော့ချလိုက်တယ်။

"အခုတော့ စီးပွားရေး အကြောင်းပဲ ပြောကြရအောင်"

"ဟုတ်ကဲ့"

"ဆိုဆောင်း အုပ်စုက အမှားအယွင်း တချို့ လုပ်ခဲ့ဖူးတယ်။ အဲဒီထဲမှာ အမှားကြီး နှစ်ခုကတော့ ထင်ထင်ရှားရှား ရှိနေတာပေါ့"

"အဲဒီထဲက တစ်ခုက Andromeda မဟုတ်လား"

သူက ခေါင်းညိတ်ပြတယ်။

စမတ်ဖုန်း OS ဖြစ်တဲ့ Andromeda ကို တီထွင်ခဲ့တဲ့ ပေါ ကိတ်က အစောပိုင်း သုတေသနလုပ်တဲ့ အဆင့်မှာတင် ဆိုဆောင်း အီလက်ထရောနစ် ဆီကို လာပြီး ကုမ္ပဏီကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးတယ်။ ဒါပေမဲ့ ဆိုဆောင်း က ငြင်းပယ်ခဲ့တာပါ။

အဲဒီအချိန်တုန်းက သူတို့က ကိုယ်ပိုင် OS ကို တီထွင်နေပြီ ဖြစ်လို့လေ။

အားလုံး သိကြတဲ့အတိုင်း Andromeda ကို နောက်ပိုင်းမှာ Google က ဝယ်ယူသွားခဲ့ပြီး NPL ရဲ့ NOS နဲ့ အတူတူ စမတ်ဖုန်း OS ဈေးကွက်ကို တစ်ဝက်စီ ခွဲယူထားနိုင်ခဲ့တယ်။

Google က ဝယ်ယူခဲ့တဲ့ ဈေးနှုန်းက ဒေါ်လာ သန်း ၆၀ လောက်ပဲ ရှိတယ်လို့ ပြောကြပေမယ့် Andromeda က အဲဒီအချိန်ကစပြီး ဒေါ်လာ သန်း ၃သောင်း ကျော်အထိ ဝင်ငွေ ရှာဖွေပေးနိုင်ခဲ့တာပါ။

တကယ်လို့ ဆိုဆောင်း က သာ အဲဒီတုန်းက ဝယ်ယူခဲ့ရင် ဒီလိုမျိုး ဖြစ်လာပါ့မလား ဆိုတာ မသေချာပေမယ့် သူတို့တွေဟာ အခွင့်အရေးကောင်းကြီး တစ်ခုကို လက်လွှတ်လိုက်ရတာကတော့ ငြင်းလို့မရတဲ့ အမှန်တရားပါပဲ။

"နောက်ထပ် အမှားတစ်ခုကတော့ Nikola ပဲ။ တည်ထောင်သူ အယ်လန် အဲဗာဟတ် က ဆိုဆောင်း SB ဆီကို စောစောစီးစီး လာပြီး ၁၈၆၅၀ ဘတ္ထရီတွေကို အမြောက်အမြား ထောက်ပံ့ပေးဖို့ လာတောင်းဆိုခဲ့ဖူးတယ်"

၁၈၆၅၀ ဆိုတာကတော့ အချင်း ၁၈ မီလီမီတာနဲ့ အမြင့် ၆၅ မီလီမီတာ ရှိတဲ့ ဘတ္ထရီကို ပြောတာဖြစ်ပြီး ဖုန်းတွေနဲ့ လက်တော့တွေမှာ အသုံးများပါတယ်။

အဲဒီလို အမြောက်အမြား ထုတ်လုပ်နိုင်တဲ့ ဘတ္ထရီတွေရဲ့ အကြီးမားဆုံး အားသာချက်ကတော့ ဈေးနှုန်း သက်သာတာပါပဲ။

လျှပ်စစ်ကားတွေက ဘတ္ထရီ ကုန်ကျစရိတ်ကြောင့် ဈေးကြီးရတာပါ။ အယ်လန် က ကားသုံး ဘတ္ထရီ အကြီးကြီးတွေအစား သာမန် ဘတ္ထရီ အသေးလေးတွေ ဖြစ်တဲ့ ၁၈၆၅၀ ဘတ္ထရီ ထောင်ပေါင်းများစွာကို ပြိုင်တူ ချိတ်ဆက်ပြီး ကုန်ကျစရိတ်ကို လျှော့ချဖို့ စိတ်ကူးရခဲ့တာပါ။

သူက ဉာဏ်ကြီးရှင် တစ်ယောက် ဖြစ်တာ မှန်ပေမယ့် ဒီလို စိတ်ကူးမျိုးကတော့ ဘယ်သူမဆို စဉ်းစားမိနိုင်တဲ့ အရာမျိုးပါ။ ဒါပေမဲ့ စိတ်ကူးကို လက်တွေ့အဖြစ် ပြောင်းလဲဖို့ကျတော့ ဘယ်သူမဆို မလုပ်နိုင်ပြန်ဘူးလေ။

ဘတ္ထရီတွေကို ဒီတိုင်း ချိတ်ဆက်ရုံတင် မဟုတ်ဘဲ စွမ်းဆောင်ရည်ကို ညီမျှအောင် ထိန်းချုပ်ရမှာ ဖြစ်သလို အပူဒဏ်ကိုလည်း စီမံခန့်ခွဲရဦးမှာပါ။

လူအများစုက ဒါကို မဖြစ်နိုင်တဲ့ အလုပ်လို့ သတ်မှတ်ခဲ့ကြပေမယ့် အယ်လန် ကတော့ သူ့ရဲ့ ကိုယ်ပိုင် နည်းပညာနဲ့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ချက် အပြည့် ရှိနေခဲ့တာပေါ့။

"ဆိုဆောင်း SB က အဲဒီတောင်းဆိုမှုကို ငြင်းပယ်ခဲ့တယ်"

"အဲဒီအချိန်တုန်းက Nikola က ကားတစ်စီးတောင် သေသေချာချာ မထုတ်လုပ်နိုင်သေးတဲ့ ကုမ္ပဏီ သေးသေးလေးလေ။ အယ်လန် ကတော့ သူတို့ ကားထုတ်နိုင်ရင် ဆိုဆောင်းဆီကနေ ဘတ္ထရီတွေ အများကြီး ဝယ်ပါ့မယ်လို့ အာမခံခဲ့ပေမယ့် စတင်ခါစ startup ကုမ္ပဏီတစ်ခုရဲ့ စွန့်စားရမှုကို ဆိုဆောင်းဘက်က လက်မခံရဲခဲ့ဘူး"

နောက်ဆုံးတော့ အယ်လန် က ဂျပန်က တက်ခနစ် ကုမ္ပဏီကို ရှာဖွေခဲ့ပြီး သီးသန့်စာချုပ် ချုပ်ဆိုခဲ့တယ်။

Nikola ကနေ ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်ကားကတော့ တကယ့်ကို တော်လှန်ရေးတစ်ရပ် ဖြစ်သွားခဲ့ပြီး မုန်တိုင်းလိုမျိုး အပြင်းအထန် ရောင်းချခဲ့ရတာကြောင့် ဒေဝါလီခံရခါနီး ဖြစ်နေတဲ့ တက်ခနစ် ကုမ္ပဏီတောင် ပြန်လည် နာလန်ထူလာနိုင်ခဲ့တယ်။

လောလောဆယ်မှာတော့ ဆိုဆောင်း SB က Nikola ဆီကို ပြန်ပြီး ကမ်းလှမ်းနေရတဲ့ အခြေအနေ ဖြစ်နေပေမယ့် Nikola ကတော့ တက်ခနစ် ဆီကနေပဲ သီးသန့် ဘတ္ထရီ ဝယ်ယူမယ်လို့ ကြေညာထားခဲ့ပြီးသားဖြစ်နေပါပြီ။

ဆိုဆောင်း SB အနေနဲ့ကတော့ ဘတ္ထရီ ဈေးကွက်မှာ ထိပ်ဆုံးက နေရာကို ရယူနိုင်မယ့် ရွှေရောင် အခွင့်အရေးကြီးကို လွဲချော်ခဲ့တာပေါ့။

တကယ်လို့ အဲဒီတုန်းက အဆင်ပြေခဲ့ရင် ဆိုဆောင်းSBက ကျွန်တော်နဲ့ ပူးပေါင်းဖို့ လိုအပ်မှာတောင် မဟုတ်ဘူးမလား။

ဥက္ကဌ လင်ဂျင်ယုံ က သူ့ရဲ့ ဖန်ခွက်ထဲကို အရက် ထပ်ငှဲ့လိုက်တယ်။

"ဆိုဆောင်း အုပ်စု က အစိုးရရဲ့ ပံ့ပိုးကူညီမှုကြောင့် ကြီးထွားလာခဲ့တာ"

"အဲဒါကတော့ လုပ်ငန်းစုကြီးတွေ အားလုံးအတွက် အတူတူပါပဲ"

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အရင်းအမြစ်တွေက ကန့်သတ်ချက် ရှိနေတာမလို့ အလားအလာရှိတဲ့ ကုမ္ပဏီတွေကိုပဲ အဓိက ထားပြီး ပံ့ပိုးပေးကြတာ သဘာဝပါပဲ။

ကိုရီးယားမှာရှိတဲ့ လုပ်ငန်းစုကြီးတွေက ပြည်သူတွေရဲ့ အခွန်ငွေနဲ့ ကြီးထွားလာခဲ့တာလို့ ပြောရင်လည်း မမှားပါဘူး။ သူတို့က ကောင်းမွန်တဲ့ ရန်ပုံငွေတွေကို ရရှိခဲ့ကြပြီး ပြည်တွင်းဈေးကွက်ရဲ့ ကာကွယ်မှုကိုလည်း ရခဲ့တယ်။ အကြပ်အတည်းတွေ ကြုံလာရရင်လည်း ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ သူတို့ကို ကယ်တင်ပေးခဲ့ကြတာလေ။

"ကိုရီးယား ဈေးကွက်က သေးငယ်ပါတယ်။ ပြည်တွင်းဈေးကွက် တစ်ခုထဲအပေါ်ပဲ မှီခိုနေရင်တော့ ကျရှုံးသွားမှာပဲ။ အဲဒါကြောင့် ငါ့ရဲ့ အဖိုးနဲ့ အဖေက ကမ္ဘာ့ဈေးကွက်ကို သွားရမယ်လို့ အမြဲတမ်း ပြောခဲ့ကြတာ။ နိုင်ငံရဲ့ ပံ့ပိုးမှုနဲ့ ကြီးပြင်းလာခဲ့တာမလို့ နိုင်ငံခြားငွေ ရှာဖွေပေးတာကမှ မျိုးချစ်စိတ်ဓာတ် တစ်ခုလို့ သူတို့ ယုံကြည်ခဲ့ကြတယ်"

"မှန်ပါတယ်၊ အဲဒါက တကယ့် မျိုးချစ်စိတ်ရဲ့ အနှစ်သာရပါပဲ"

ဆိုဆောင်း အုပ်စု က နှစ်စဉ် နိုင်ငံခြားကနေ ဒေါ်လာ သန်းထောင်ပေါင်းများစွာ ရှာဖွေပေးနေပြီး ကိုရီးယား စီးပွားရေးကို ထောက်ပံ့ပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။

သဘာဝကျကျပဲ တကယ်လို့ ဆိုဆောင်း အီလက်ထရောနစ် သာ မရှိခဲ့ရင် တခြားကုမ္ပဏီတစ်ခုခုက ဒီနေရာကို အစားထိုးဝင်ရောက်လာမှာပါ။ ဒါပေမယ့်လည်း ဝမ် သိန်းပေါင်း ၃၀၀ကုဋေ တန်ဖိုးရှိတဲ့ ကုမ္ပဏီကြီးတစ်ခု ပျောက်ကွယ်သွားရုံနဲ့ ဝမ် သိန်းပေါင်း ၃၀ကုဋေ တန်ဖိုးရှိတဲ့ ကုမ္ပဏီ ၁၀ ခုက ချက်ချင်း ပေါ်လာမှာတော့ မဟုတ်ဘူးလေ။

ဒါကို ဂျပန်ရဲ့ အီလက်ထရောနစ် လုပ်ငန်းတွေကို ကြည့်ရင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။

ဆိုနီ နဲ့ တိုရှီဘာ လို ကုမ္ပဏီကြီးတွေရဲ့ ဈေးကွက်တန်ဖိုးတွေ ကျဆင်းသွားခဲ့ပေမယ့် ကုမ္ပဏီအသစ်တွေ ပေါ်မလာခဲ့ဘဲ ဈေးကွက်တွေကို ဆိုဆောင်း အီလက်ထရောနစ် နဲ့ N-full လိုမျိုး နိုင်ငံခြား ကုမ္ပဏီတွေကပဲ သိမ်းပိုက်သွားခဲ့ကြတာပါ။

"ဆိုဆောင်း အီလက်ထရောနစ် က Semiconductorတွေနဲ့ စမတ်ဖုန်းတွေကြောင့် ကမ္ဘာ့အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ။ အခု ပြဿနာက ရှေ့ဆက်မယ့် လမ်းပဲ။ တကယ်လို့ ငါတို့က တိုးတက်မှု လမ်းအသစ်ကို မဖန်တီးနိုင်ရင် ဘယ်အချိန်မဆို နောက်ကျကျန်ခဲ့မှာပဲ"

"အဲဒီ တိုးတက်မှု လမ်းက မော်တော်ကား လုပ်ငန်းလား"

ဥက္ကဌ လင်ဂျင်ယုံ က ခေါင်းညိတ်ပြတယ်။

"ဟိုက်ဒရိုဂျင်ကားတွေအပေါ် မင်းရဲ့ အမြင်က ဘယ်လိုရှိလဲ"

"စီနီယာရဲ့ အမြင်ကကော ဘယ်လိုလဲ ခင်ဗျ"

"ငါတို့ရဲ့ ကျွမ်းကျင်သူတွေကြားထဲမှာတင် အမြင်တွေက ကွဲပြားနေကြတုန်းပဲ။ တချို့က လျှပ်စစ်ကားခေတ်က အကြာကြီး မခံဘဲ ဟိုက်ဒရိုဂျင်ခေတ်ကို ပြောင်းလဲသွားမယ်လို့ ယုံကြည်ကြပြီး တချို့ကတော့ လျှပ်စစ်ကားရော၊ ဟိုက်ဒရိုဂျင်ကားပါ အတူတူ ယှဉ်တွဲ တည်ရှိနေမယ်လို့ ထင်ကြတယ်"

"ဒါဆို စီနီယာက ဟိုက်ဒရိုဂျင်ကားတွေက ဈေးကွက်ရဲ့ အစိတ်အပိုင်း တစ်ခုကို ရယူနိုင်လိမ့်မယ်လို့ ယူဆတာပေါ့"

"ဟုတ်တယ်။ သူတို့မှာ လျှပ်စစ်ကားတွေထက် အားသာချက် တချို့ ရှိနေတာလေ။ တကယ်လို့ နည်းပညာ တိုးတက်မှုနဲ့ အမြောက်အမြား ထုတ်လုပ်မှုကနေတစ်ဆင့် ဈေးနှုန်းတွေကို လျှော့ချနိုင်ရင် လျှပ်စစ်ကားတွေကို ဖယ်ရှားပစ်ဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး"

"ဆန့်ကျင်ဘက် အနေနဲ့ တကယ်လို့သာ လျှပ်စစ်ကားတွေက ဘတ္ထရီ ပြဿနာတွေကို ဖြေရှင်းနိုင်သွားရင်တော့ ဟိုက်ဒရိုဂျင်ကားတွေကို ဘေးဖယ်ပစ်ပြီး သူတို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပစ်လိုက်နိုင်တယ်မလား"

ကျွန်တော့်ရဲ့ စကားကြောင့် ဥက္ကဌ လင်ဂျင်ယုံ ရဲ့ မျက်လုံးတွေက တောက်ပသွားတယ်။

"အဲဒါက တကယ်ပဲ ဖြစ်နိုင်လို့လား"

ကျွန်တော်က ယုံကြည်ချက်အပြည့်နဲ့ ပြန်ပြောလိုက်တယ်။

"ဒါက အသေအချာကို ဖြစ်လာမှာပါ"

သုံးရက်အကြာမှာတော့….

ပါမောက္ခ ကင်ဟိုမင် က OTK Company ဆီကို တိုက်ရိုက် ရောက်လာခဲ့တယ်။ ဧည့်ကြိုကောင်တာကနေ ဖုန်းဆက်လာတာကြောင့် ကျွန်တော်လည်း ဧည့်ခန်းဆီကို အမြန် ဆင်းသွားလိုက်တာပေါ့။

"ကျွန်တော့်ကို ဖုန်းလှမ်းဆက်လိုက်တာမဟုတ်ဘူး။ ကျွန်တော်ပဲ လာခေါ်မှာပေါ့"

"ရပါတယ်ကွာ။ ဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် စာသင်ချိန် မရှိတဲ့နေ့ ဖြစ်နေလို့ပါ"

ကျွန်တော် သူ့ကို စီအီးအို ရုံးခန်းထဲကို ခေါ်ဆောင်လာခဲ့တယ်။ ပါမောက္ခ ကင်ဟိုမင် က ခေါင်းကို ကုတ်ရင်း ပြောတယ်။

"ငါ ရက်အနည်းငယ်လောက် စဉ်းစားနေခဲ့တာ။ ပါမောက္ခ ကင်မြောင်ဂျွန် နဲ့လည်း ဆွေးနွေးဖြစ်ခဲ့တယ်"

"သူက ဘာပြောလဲ ခင်ဗျာ"

"သူက ဒါကို အခွင့်အရေးကောင်း တစ်ခုအနေနဲ့ သေချာပေါက် လက်ခံဖို့ အပြင်းအထန် တိုက်တွန်းခဲ့တယ်"

ကျွန်တော် ထင်ထားတဲ့အတိုင်း ကျွန်တော်တို့ ဌာနမှူးကတော့ အကောင်းဆုံးပါပဲ။ နောက်မှ သူ့ကို ကျေးဇူးတင်စကား လှမ်းပြောရမယ်။

"ငါတို့ ဆွေးနွေးခဲ့တဲ့ ကတိတွေ အားလုံးကို တကယ်ပဲ တည်နိုင်ပါ့မလား။ သုတေသန လုပ်ငန်းတွေရဲ့ လမ်းကြောင်းပေါ်ကို လုံးဝ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူးဆိုတာရယ်၊ သုတေသန ပညာရှင်တွေကို သေသေချာချာ ပြုစုပျိုးထောင်ပေးမယ် ဆိုတာတွေရယ်ကို တကယ်လုပ်ပေးမှာလား"

နားထောင်ကြည့်ရုံနဲ့ သူ သေချာပေါက် ဆုံးဖြတ်ပြီးပြီဆိုတာ သိသာပါတယ်။

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"သေချာပေါက် စကားတည်မှာပါ"

"မင်းကတော့ မသိနိုင်ပေမယ့် သုတေသန ပညာရှင်တစ်ယောက် ဖြစ်ရတာက မလွယ်ကူတဲ့ အလုပ်တစ်ခုပဲ။ အလုပ်တွေက အရမ်းများပေမယ့် လစာက နည်းတယ်။ နောက်ပိုင်းမှာ အောင်မြင်ဖို့အတွက်လည်း အာမခံချက် သိပ်မရှိလှဘူး"

"ဆရာ့ကိုရော သုတေသန ပညာရှင်တွေကိုပါ အကောင်းဆုံး ပံ့ပိုးပေးမယ်လို့ ကျွန်တော် ကတိပေးပါတယ်"

ပါမောက္ခ ကင်ဟိုမင် က ကျွန်တော့်ကို စိုက်ကြည့်ပြီး မေးတယ်။

"မင်းက ငါ့ကို တကယ်ကြီး ချမ်းသာအောင် လုပ်ပေးနိုင်လို့လား။ ဒါက ပိုက်ဆံတစ်ခုထဲအတွက် မဟုတ်ဘူး။ သုတေသနအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင် လုပ်ငန်းရှင်တွေ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံသူတွေထက်တောင် ပိုပြီး အောင်မြင်နိုင်တယ်ဆိုတာကို ငါတို့ လူတွေကို ပြသချင်လို့ပါ"

"ဟုတ်ကဲ့ပါ။ ဆရာက သူတို့အတွက် စံပြပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာစေရပါမယ်"

ပါမောက္ခ ကင်ဟိုမင် က သူ့ရဲ့ လက်ကို ကမ်းပေးလာတယ်။

"ကောင်းပါပြီ။ ဒါဆိုရင် ရှေ့ဆက်ပြီး အတူတူ လက်တွဲလုပ်ဆောင်ကြရအောင်၊ စီအီးအို"

ကျွန်တော်လည်း သူ့ရဲ့ လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်တယ်။

"ကျွန်တော်လည်း ဆရာနဲ့ အတူတူ လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်နေပါတယ်။ သုတေသန အဖွဲ့ရဲ့ ဒါရိုက်တာကြီး"

တော်တော်ကြာမှ အစ်မ ဟျွန်းဂျူးနဲ့ ကျွန်တော် နှစ်ယောက်ထဲ သီးသန့် တွေ့ဖြစ်ကြတယ်။

"ကျွန်တော် ကော်ဖီ ယူလာခဲ့တယ်"

"ကျေးဇူးပဲ"

သူကတော့ အခုထိ ပင်ပန်းနေတဲ့ ပုံစံ ရှိနေတုန်းပဲ။

"အစ်မရဲ့ ဆွဲကြိုးနဲ့ နားကပ်က အစ်မနဲ့ အရမ်း လိုက်ဖက်တာပဲ"

အစ်မ ဟျွန်းဂျူးက ကျွန်တော့်ရဲ့ စကားကြောင့် ခပ်တိုးတိုး ရယ်လိုက်တယ်။

"လက်ဆောင်အတွက် ကျေးဇူးပါပဲ။ ငါလည်း နင့်အတွက် တစ်ခုခု ပြန်လုပ်ပေးရမှာပေါ့လေ"

"ကျွန်တော့်မှာ ပိုက်ဆံတွေ အများကြီး ရှိနေတာမလို့ အစ်မရဲ့ စေတနာကိုပဲ လက်ခံလိုက်ပါ့မယ်"

အစ်မ ဟျွန်းဂျူးက စီကရက်တစ်လိပ်ကို မီးညှိလိုက်တယ်။ ကျွန်တော် ထိုင်လိုက်ပြီး ကော်ဖီကို တစ်ငုံ သောက်လိုက်တယ်။

"အလုပ်တွေ ဘယ်လိုလဲ"

"အလုပ်ကတော့ အမြဲများနေတာပါပဲ"

"လောလောဆယ် Golden Gate က အရမ်း အောင်မြင်နေတယ်လို့ ကြားတယ်"

ကိုရီးယား ဈေးကွက်ထဲကို ဝင်ရောက်လာခဲ့တဲ့ Golden Gate က သူ့ရဲ့ လုပ်ငန်းတွေကို တက်တက်ကြွကြွ တိုးချဲ့လာခဲ့တယ်။ သူတို့က စတော့ရှယ်ယာတွေ၊ ငွေတိုက်စာချုပ်တွေ၊ ရန်ပုံငွေတွေ၊ Futureနဲ့ optionတွေ၊ ပိုင်ဆိုင်မှု စီမံခန့်ခွဲမှု၊ ကော်ပိုရိတ် ချေးငွေတွေနဲ့ ပရောဂျက် ဘဏ္ဍာငွေ ထောက်ပံ့မှုတွေအထိ လက်လှမ်းလာခဲ့တာပါ။

ပြည်တွင်းက လုံခြုံရေး လုပ်ငန်းတွေနဲ့ ယှဉ်ရင် အထင်ရှားဆုံး အင်္ဂါရပ်ကတော့ သူတို့ရဲ့ နိုင်ငံခြား ရန်ပုံငွေတွေပါပဲ။

မနှစ်ကတည်းက သူတို့က အာဆီယံ ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမယ့် ရန်ပုံငွေ တချို့ကို စတင် မိတ်ဆက်ခဲ့ပြီး ကမ္ဘာ့ဈေးကွက်မှာ တည်ဆောက်ထားတဲ့ သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှု စွမ်းရည်တွေက မယုံနိုင်စရာ ကောင်းလောက်အောင် မြင့်မားတဲ့ အမြတ်အစွန်းတွေကို ဖန်တီးပေးခဲ့တယ်။ သဘာဝကျကျပဲ ဒါက ကမ္ဘာ့စီးပွားရေး ပြန်လည် နာလန်ထူလာတာကြောင့်လည်း ပါတာပေါ့။

အမြတ်အစွန်း ရနိုင်မှန်း သိသာသွားတာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပုံအောပြီး ဝင်လာခဲ့ကြတော့တယ်။

ရေတိမ်မှာပဲ ကူးခတ်နေကြတဲ့ ပြည်တွင်း ကုမ္ပဏီတွေကတော့ စိုးရိမ်ပူပန်မှုတွေ ထုတ်ဖော်လာခဲ့ကြတယ်။ ဒါပေမဲ့ ကုမ္ပဏီတချို့ကတော့ သူတို့ရဲ့ လုပ်ငန်းတွေကို အမြန် တိုးချဲ့ပြီး ထုတ်ကုန်အသစ်တွေကို မိတ်ဆက်ကာ တုံ့ပြန်ခဲ့ကြတာပေါ့။

အချိန်အတော်ကြာအောင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဘဏ်တွေက ကိုရီးယားမှာ ခြေကုပ်ရဖို့ ရုန်းကန်ခဲ့ရတာပါ။ Golden Gate အနေနဲ့ အချိန်တိုအတွင်းမှာ ဒီလို နေရာခိုင်မာအောင် လုပ်နိုင်ခဲ့တာကတော့ ရုံးခွဲမန်နေဂျာ ဖြစ်တဲ့ အစ်မ ဟျွန်းဂျူးရဲ့ ကြိုးစား အားထုတ်မှုကြောင့်လည်း အများကြီး ပါတာပေါ့။

"နင်တို့ဘက်ကော ဘယ်လိုလဲ"

ကျွန်တော်လည်း ကျွန်တော်တို့ရဲ့ တိုးတက်မှု အခြေအနေတွေကို ပြောပြလိုက်တယ်။

"ကျွန်တော်တို့ သုတေသန စင်တာရဲ့ အကြီးအကဲကို ခေါ်ယူပြီးပါပြီ။ ပြီးတော့ စီမံကိန်းအတိုင်း တည်ဆောက်ဖို့ ပြင်ဆင်နေတယ်။ ရန်ပုံငွေကတော့ နောက်လာမယ့် သုံးလပတ်မှာ OTK Games ရဲ့ အမြတ်ဝေစုကနေ ရလာလိမ့်မယ်လို့ ထင်တာပဲ"

အစ်မ ဟျွန်းဂျူးက သူ့ရဲ့ ဖန်ခွက်ကို ဘေးဖယ်လိုက်ပြီး မေးတယ်။

"ငါ သိချင်နေတာ ကြာပြီ။ နင် အခုလိုမျိုး အလုပ်တွေကို အလောတကြီး လုပ်နေရတဲ့ အကြောင်းရင်း ရှိလို့လား"

တကယ်တော့ အလုပ်တစ်ခုမှာ လုပ်ထုံးလုပ်နည်း အစီအစဉ်တကျ လုပ်ရတာမျိုး ရှိရမှာလေ။

ပထမဆုံး ကားကုမ္ပဏီကို ဝယ်ရမယ်၊ ပြီးရင် ရောင်းအားအပေါ် မူတည်ပြီး စက်ရုံကို တိုးချဲ့ရမယ်၊ အဲဒီနောက်မှ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု အသစ်တွေမှာ ရင်းနှီးမြှုပ်နှံရမှာပါ။

ဒါပေမဲ့ ကျွန်တော်ကတော့ ကုမ္ပဏီ ဝယ်ယူမှု၊ နည်းပညာ တိုးတက်မှု၊ စက်ရုံ တည်ဆောက်ရေး၊ ဘတ္ထရီ ဖက်စပ်လုပ်ငန်းနဲ့ ဘတ္ထရီ သုတေသနအဖွဲ့ တည်ထောင်ခြင်း စတာတွေကို တစ်ပြိုင်ထဲ လုပ်ဆောင်နေတာပါ။

"တကယ်လို့ အားလုံးက စီမံထားတဲ့အတိုင်း အဆင်ပြေသွားရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ တစ်ခုခု မှားယွင်းသွားရင်တော့ တစ်ခုပြီးတစ်ခု အကုန်လုံး ပြိုလဲသွားနိုင်တယ်"

"ကျွန်တော်လည်း စွန့်စားရမှုတွေကို မသိတာ မဟုတ်ပါဘူး"

တကယ်လို့ ကျွန်တော့်မှာ အနာဂတ်ကို မြင်နိုင်တဲ့ ပင်ကိုသိစိတ် သာ မရှိရင် အရာအားလုံးကို တစ်ပြိုင်ထဲ လုပ်ဆောင်ရဲမှာ မဟုတ်ပါဘူး။

"ဒါဆိုရင် ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ အနာဂတ်က ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန် ချဉ်းကပ်လာနေလို့ပါ"

လက်ရှိ လုပ်ငန်းလောကက ကဏ္ဍစုံမှာ လျင်လျင်မြန်မြန် ပြောင်းလဲနေတာပါ။

မျှဝေသုံးစွဲတဲ့ စီးပွားရေး စနစ်၊ Big Data၊ AI၊ မိုဘိုင်းလ် ငွေပေးချေမှု စတာတွေပေါ့။

တရုတ်နိုင်ငံမှာဆိုရင် လမ်းဘေးဈေးသည်တွေတောင် ကတ်တွေ ဒါမှမဟုတ် ငွေသားအစား Jinipay ကနေတစ်ဆင့် ငွေပေးချေမှုတွေကို လက်ခံနေကြပါပြီ။ ဒါက ဘယ်လောက်အထိ အသုံးများလဲဆိုရင် Jinipay မရှိရင် ကူးသန်းရောင်းဝယ်ရေး လုပ်ဖို့ မဖြစ်နိုင်တော့တဲ့ အထိပါပဲ။ ဒါကြောင့် တရုတ်ကမ္ဘာလှည့်ခရီးသည်တွေ အများကြီး လာတတ်တဲ့ မြောင်ဒုံ နဲ့ အကောက်ခွန်မဲ့ စတိုးဆိုင်တွေမှာပါ Jinipay ကို လက်ခံလာကြရပြီလေ။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက Blockchain အကြောင်းကို ဘယ်သူမှ မကြားဖူးကြသလောက်ပါပဲ။ ဒါပေမဲ့ အခုတော့ Blockchainဆိုတာက ခေတ်စားလာခဲ့ပြီး ဘန့်ကွိုင် အပါအဝင် မတူညီတဲ့ Cryptocurrencyတွေရဲ့ ဈေးနှုန်းက နေ့တိုင်း ထိုးတက်နေပါပြီ။

အမေရိကန်မှာဆိုရင် တက္ကစီ ငှားမယ့်အစား Uberကို ခေါ်တာက ပုံမှန်လို ဖြစ်နေပြီး တရုတ်မှာလည်း Alizini နဲ့ WeChat တို့တွေ တည်ထောင်ထားတဲ့ Dada Chuxing က တက္ကစီအငှားစျေးကွက်နေရာကို ရယူထားခဲ့ပါပြီ။

ဒါတွေနဲ့ နှိုင်းယှဉ်ရင် ကိုရီးယားကတော့ ဂါလာပါဂိုးစ် ကျွန်းစုလို ဖြစ်နေတုန်းပါပဲ။ စည်းမျဉ်းစည်းကမ်း အမျိုးမျိုးက ဆန်းသစ်တီထွင်မှုတွေကို ပိတ်ဆို့ထားကြတာပါ။

"အလိုအလျောက် မောင်းနှင်မယ့် ကားတွေနဲ့ လျှပ်စစ်ကားတွေက ကမ္ဘာကြီးကို ပြောင်းလဲပစ်လိမ့်မယ်။ အဲဒီအချိန်က သိပ်မဝေးတော့ဘူး"

အစ်မ ဟျွန်းဂျူး က စီကရက်ကို ဆေးလိပ်ပြာခွက်ထဲမှာ ဖိခြေပစ်လိုက်တယ်။

"နင်က ဘယ်လို အနာဂတ်မျိုးကို စိတ်ကူးပုံဖော်နေတာလဲ"

ကျွန်တော် ပြုံးလိုက်တယ်။

"အမှန်အတိုင်း ပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း သေသေချာချာ မသိပါဘူး"

ကျွန်တော့်မှာ ရှိတဲ့ အချက်အလက်တွေက ပြန့်ကျဲနေပြီး ကန့်သတ်ချက် ရှိနေတာလေ။ အချက်အလက်တွေက သီးခြား အမှတ်ကလေးတွေ လိုပါပဲ။ ဒါပေမဲ့ အဲဒီအမှတ်တွေကို ချိတ်ဆက်လိုက်ရင် လိုင်းတွေ ဖြစ်လာပြီး လိုင်းတွေကို ထပ်ပြီး ချိတ်ဆက်လိုက်ရင်တော့ ဧရိယာအကျယ်အဝန်း ဖြစ်လာတာပေါ့။

"ဒါဆိုရင် အနာဂတ်က ဘယ်လိုပုံစံ ဖြစ်လာမလဲဆိုတာကို ငါတို့ ခန့်မှန်းကြည့်ရင်ရော ရမလား"

"ဒါနဲ့ အစ်မက ကျွန်တော့်ကို ဘာလို့ ဒီကို ခေါ်တာလဲ"

အစ်မ ဟျွန်းဂျူး က ဆိုဖာပေါ် မှီလိုက်ရင်း ကော်ဖီကို တစ်ငုံ သောက်လိုက်တယ်။

"Golden Gate နဲ့ OTK Company ကြားက အရောင်းအဝယ်တွေကို ငွေကြေးကြီးကြပ်ရေးအဖွဲ့ က စုံစမ်းစစ်ဆေးလိမ့်မယ်လို့ ငါ ကြားထားတယ်"

"ငွေကြေးကြီးကြပ်ရေးအဖွဲ့ ဟုတ်လား"

တကယ်လို့ မျှတတဲ့ ကုန်သွယ်ရေး ကော်မရှင်က ကော်ပိုရေးရှင်းတွေအတွက် သေမင်းဆိုရင် ငွေကြေးကြီးကြပ်ရေးအဖွဲ့ ကတော့ ဘဏ္ဍာရေး ကုမ္ပဏီတွေအတွက် သေမင်းပါပဲ။

"ဘာအကြောင်းပြချက်ကြောင့်လဲ"

"သူတို့က အရောင်းအဝယ် လုပ်ငန်းစဉ်အတွင်းမှာ တစ်စုံတစ်ရာ မျက်နှာသာပေးမှုတွေ ရှိခဲ့လား၊ တရားမဝင် လုပ်ဆောင်မှုတွေ ရှိခဲ့လား ဆိုတာကို စစ်ဆေးကြမှာ။ တကယ်လို့ ပြဿနာ ရှာတွေ့ရင် ပြစ်ဒဏ်တွေ ချမှတ်လိမ့်မယ်"

"အမျိုးသား ထောက်လှမ်းရေး အဖွဲ့၊ တရားစွဲဆိုရေး အဖွဲ့နဲ့ အမျိုးသား အခွန်ဦးစီးဌာန ပြီးတော့ အခု ငွေကြေးကြီးကြပ်ရေးအဖွဲ့ရဲ့ အလှည့်ပေါ့လေ"

"နောက်ထပ် ဘာလာဦးမလဲ မသိဘူး။ သူတို့က နောက်ထပ် အခွန်စစ်ဆေးမှုတစ်ခုကိုတောင် ထပ်ပြီး လုပ်လာနိုင်သေးတယ်"

ရိုနယ် သာ ရှိနေသရွေ့တော့ သူတို့တွေဟာ အရင်တုန်းကလို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကို လုပ်ဖို့က မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ သူတို့က တရားဝင် နည်းလမ်းနဲ့ စုံစမ်းစစ်ဆေးတာမျိုး လုပ်လာရင်တော့ ဒါကို တားဆီးဖို့ နည်းလမ်းမရှိတာလည်း အမှန်ပါပဲ။

"ကျွန်တော် ဥက္ကဌ လင်ဂျင်ယုံ နဲ့ တွေ့ခဲ့သေးတယ်..."

ကျွန်တော် ဥက္ကဌ လင်ဂျင်ယုံ နဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို မျှဝေလိုက်တော့ အစ်မ ဟျွန်းဂျူး က ခေါင်းညိတ်ပြတယ်။

"မှန်ပါတယ်။ အနည်းဆုံးတော့ ပတ်ဆီဟျွန်း က တခြား နိုင်ငံရေးသမားတွေထက်စာရင် အရည်အချင်း ရှိတဲ့ ပုံစံမျိုး ရှိခဲ့တာလေ။ အားလုံးက စီးပွားရေးကို မြှင့်တင်ပေးနိုင်ပြီး ချမ်းသာတဲ့ နိုင်ငံတစ်ခုကို ဖန်တီးပေးနိုင်ရင် သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အားနည်းချက် တချို့ကိုတော့ လျစ်လျူရှုပေးလို့ရတယ်လို့ ထင်ခဲ့ကြတာပေါ့"

ပတ်ဆီဟျွန်း က ကုမ္ပဏီတွေ အဆင်ပြေရင် ပြည်သူတွေလည်း ချမ်းသာလာလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စီးပွားရေး လုပ်ငန်းတွေကို ပံ့ပိုးပေးမယ့် မူဝါဒတွေကို ဖော်ဆောင်ခဲ့တယ်။ အမျိုးမျိုးသော အခွင့်အရေးတွေကြောင့် ကုမ္ပဏီကြီးတွေက သိသိသာသာ ကြီးထွားလာခဲ့တာပေါ့။

ဒါပေမဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေရဲ့ အခြေအနေကတော့ ပိုဆိုးလာခဲ့ပြီး လစာတိုးနှုန်းတွေ နည်းပါးလာတာကြောင့် အမှန်တကယ်ရှိနေတဲ့ ဝင်ငွေတွေက ငြိမ်သက်နေခဲ့ရတယ်။

ကုန်ထုတ်လုပ်မှု လုပ်ငန်း အများစုကို အသေးစား လုပ်ငန်းတွေက ကိုင်တွယ်နေတာမလို့ သူတို့ ရုန်းကန်နေရတဲ့ အချိန်မှာ သာမန်ပြည်သူတွေရဲ့ စီးပွားရေးက ဘယ်လိုလုပ်ပြီး တိုးတက်လာနိုင်ပါ့မလဲ။

ဒါပေမဲ့လည်း ပြည်သူတွေက ပတ်ဆီဟျွန်း ကိုပဲ ဆက်ပြီး ထောက်ခံနေခဲ့ကြတုန်းပဲ။

"အရှုပ်တော်ပုံတွေ အများကြီး ပေါ်ထွက်လာတာတောင်မှပေါ့။ တကယ်လို့ တခြား သမ္မတ သာ ဆိုရင် အခုလောက်ဆို ရာထူးကနေ ဖယ်ရှားခံရပြီးလောက်ပြီ"

"အဲဒါကြောင့်ပဲ လူတစ်ယောက်ရဲ့ ပုံရိပ်က အရမ်း အရေးကြီးတာလေ"

သန့်ရှင်းတဲ့ ပုံရိပ်ရှိတဲ့ နိုင်ငံရေးသမားတစ်ယောက်ကတော့ သေးငယ်တဲ့ အရှုပ်တော်ပုံလေးကြောင့်တောင် ကြီးကြီးမားမား ထိခိုက်ခံရတတ်ပါတယ်။

ပတ်ဆီဟျွန်း ရဲ့ ကိစ္စမှာတော့ ဆန့်ကျင်ဘက်ပါပဲ။ သူက အားနည်းချက်တွေ ရှိနေပေမယ့် အရည်အချင်း ရှိတယ်လို့ အမြင်ခံရတာကြောင့် အကျင့်ပျက် ခြစားမှု အရှုပ်တော်ပုံတွေ ပေါ်လာရင်တောင် "ဪ…. သူကတော့ ဒီလိုပဲ ဖြစ်မှာပေါ့" ဆိုပြီး ယေဘုယျဆန်တဲ့ သဘောထားမျိုးပဲ ရှိကြတာပါ။

တကယ်လို့ အထောက်အထားတွေ ရှာတွေ့ပြီး PAS နဲ့ ပတ်သက်တဲ့ ဆက်နွယ်မှုတွေကို ဖွင့်ချနိုင်ခဲ့ရင်ကော၊ အဲ့ဒါက တကယ်ပဲ ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်လာနိုင်ပါ့မလား။

တခြား ပိုကောင်းတဲ့ နည်းလမ်း မရှိတော့ဘူးလား။

အဲဒီအချိန်မှာပဲ ကျွန်တော့်ရဲ့ ရှေ့မှာ ဟိုလိုဂရမ် တစ်ခု ပေါ်လာခဲ့တယ်။

ဟိုဆောင်း ငွေစုဘဏ် ဒေဝါလီခံရခြင်း -

All Chapters