← Chapters

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း (၁၃၄)

“ဘာတွေကို အဲလောက်တောင် ငေးကြည့်နေတာလဲ”

အသံကြားမှပဲ သတိပြန်ဝင်လာပြီး ကြည့်လိုက်တော့ အစ်မ ဟျွန်းဂျူးက ကော်ဖီသောက်ရင်း လှမ်းမေးနေတာပါ။ စောစောက ကျွန်တော့်ရှေ့မှာ ပေါ်နေတဲ့ ဟိုလိုဂရမ်ကတော့ ပျောက်ကွယ်သွားပါပြီ။

"နည်းလမ်းကောင်း ရှိမလားလို့ စဉ်းစားနေတာပါ"

ကျွန်တော်က မတင်မကျနဲ့ အေးအေးဆေးဆေးပဲ ပြန်မေးလိုက်တယ်။

"အစ်မ။ ဟိုဆောင်း ငွေစုဘဏ် အကြောင်း သိလား"

အိုအစ်မ ဟျွန်းဂျူးက ခပ်တိုးတိုး ရယ်လိုက်တယ်။

"နင် စဉ်းစားမိတာက ဒါကြီးလား"

"ဟုတ်တယ်၊ ဘာဖြစ်လို့လဲဟင်"

"အဲဒါ ပတ်ဆီဟျွန်း ရဲ့ ခမည်းခမက်တွေ ဖွင့်ထားတဲ့ ငွေစုဘဏ်လေ"

ကျွန်တော်လည်း သိပြီးသား ဖြစ်တဲ့အတွက် ခေါင်းညိတ်ပြလိုက်တယ်။

"ဟုတ်သားပဲ"

ဒါကြောင့်မလို့ပဲ ဒီအကြောင်းက စိတ်ထဲမှာ ချက်ချင်း ပေါ်လာတာ ဖြစ်ရမယ်။

အစ်မ ဟျွန်းဂျူးက ဆက်ပြီး ရှင်းပြတယ်။

လက်ရှိ ဟိုဆောင်း ငွေစုဘဏ် ရဲ့ ဥက္ကဌက မင်ဂျောင်ဂျူး ဖြစ်ပြီး စီအီးအို ကတော့ မင်ဆောင်ဂျူး ပါ။ မင်ဆောင်ဂျူး ရဲ့ သားဖြစ်သူ မင်ဂီဂျင် ကတော့ ပတ်ဆီဟျွန်း ရဲ့ သမက်ပေါ့။

"အဲဒီဘဏ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း တချို့ လောက် ရနိုင်မလား"

အစ်မ ဟျွန်းဂျူးက ကော်ဖီခွက်ကို ချလိုက်တယ်။

"ဟိုဆောင်း ငွေစုဘဏ် က အမျိုးမျိုးသော မျက်နှာသာပေးမှုတွေကို ရရှိခဲ့တာတော့ အမှန်ပဲ။ ပတ်ဆီဟျွန်း ဂယောင်ဂီ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့စဉ်တုန်းက စီမံကိန်း ဘဏ္ဍာငွေ ထောက်ပံ့မှုတွေနဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေအတွက် ရန်ပုံငွေတွေ ရှာဖွေပေးခဲ့လို့ အများကြီး ကြီးထွားလာခဲ့တာလေ။ သူတို့ရဲ့ ပိုင်ဆိုင်မှု ပမာဏက လုပ်ငန်းလောကမှာ အဆင့် ၁၀ ကနေ အဆင့် ၂ အထိ ခုန်တက်သွားခဲ့ပြီး ရုံးခွဲ အရေအတွက်ကလည်း အဆမတန် တိုးပွားလာခဲ့တယ်"

ကျွန်တော် သိခဲ့တာတွေကို ပြန်တွေးကြည့်လိုက်တယ်။

"အဲဒီ မျက်နှာသာပေးမှုတွေကြောင့် အငြင်းပွားစရာတွေ ဖြစ်ခဲ့သေးတယ် မဟုတ်လား"

"အဲဒီကိစ္စက အကြိမ်ကြိမ် စစ်ဆေးခြင်း ခံခဲ့ရဖူးလို့ အခုမှ ထပ်ပြီး အစဖော်နေလည်း သိပ်ပြီး အသုံးဝင်မှာ မဟုတ်ဘူး။ နင်လည်း သိတဲ့အတိုင်း အခု အစိုးရလက်ထက်မှာ ဒီလောက် အဂတိလိုက်စားမှုမျိုးကတော့ ဘယ်သူမှ ဂရုတောင် စိုက်ကြမှာ မဟုတ်ဘူးဟ"

အစ်မ ဟျွန်းဂျူးရဲ့ အမြင်နဲ့မတူတာက ကျွန်တော်က ဒီလို မျက်နှာသာပေးတဲ့ ကိစ္စတွေကို လိုက်နှိုက်ချင်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီဘဏ်က မကြာခင် ဒေဝါလီခံရတော့မယ်လို့လည်း အခုချက်ချင်းကြီး သွားပြောလို့ မရဘူးလေ။

"တခြား ပြဿနာ ရှိဦးမလားဆိုတာ ကျွန်တော် ထပ်ပြီး ရှာကြည့်ချင်တယ်"

အစ်မ ဟျွန်းဂျူးက စီကရက်ကို တစ်ချက် ရှိုက်လိုက်ပြီး ခေါင်းညိတ်ပြတယ်။

"ကောင်းပြီလေ၊ ငါ နင့်ဆီကို အီးမေးလ်ကနေတစ်ဆင့် ပို့ပေးလိုက်မယ်"

စကားပြောလို့ ပြီးတာနဲ့ ကျွန်တော်လည်း OTK Company အဆောက်အဦးဆီကို ပြန်လာခဲ့တယ်။

စီအီးအို ရုံးခန်းထဲကို ဝင်လိုက်တော့ တက်ဂယူ က ဆိုဖာပေါ်မှာ ထိုင်နေတာ တွေ့ရတယ်။

"ငါ့အစ်မနဲ့ အဆင်ပြေပြေ တွေ့ခဲ့ရလား"

"အခု အဲဒါက အရေးကြီးနေတာ မဟုတ်ဘူး"

"ဒါဆို ဘာက အရေးကြီးလို့လဲ"

ကျွန်တော်လည်း စောစောက ဖြစ်ပျက်ခဲ့တာတွေကို သူ့ကို ပြောပြလိုက်တယ်။

"ဟိုဆောင်း ငွေစုဘဏ် ဒေဝါလီခံရမယ် ဟုတ်လား။ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်း ဘယ်လို တွေးထားလဲ"

"ဘာကြောင့်ဒေဝါလီခံရမှာလဲကို ငါတို့က အခုကစပြီး ရှာဖွေရမှာ"

အီးမေးလ်ကို ဖွင့်ကြည့်လိုက်တော့ အစ်မဆီကနေ အီးမေးလ် ရောက်နေပါပြီ။

ကျွန်တော် အချက်အလက် အားလုံးကို ပရင်တာနဲ့ ထုတ်လိုက်တယ်။ ငွေစုဘဏ် အများစုလိုပဲ ဒါက စတော့ဈေးကွက်မှာ စာရင်းမဝင်ထားတဲ့ ကုမ္ပဏီဖြစ်ပြီး ပိုင်ရှင်မိသားစုကပဲ တိုက်ရိုက် ထိန်းချုပ်ထားတာပါ။

ပိုင်ဆိုင်မှု ပမာဏက ဝမ် သိန်းပေါင်း ၅ ကုဋေ ရှိပြီး မတည်ရင်းနှီးငွေက ဝမ် သိန်းပေါင်း ၂.၆ ကုဋေ ရှိတာမလို့ IBS ငွေစုဘဏ် ပြီးရင် ဒုတိယ အကြီးဆုံးဘဏ်လည်း ဖြစ်ပါတယ်။

"သာမန်ဘဏ်တွေနဲ့ ငွေစုဘဏ်တွေက မတူဘူး မဟုတ်လား"

"အေး၊ မတူဘူး"

သူတို့ရဲ့ လုပ်ငန်းတွေနဲ့ နာမည်တွေက ဆင်တူနေတာကြောင့် လူတွေ ဇဝေဇဝါ ဖြစ်ရပေမယ့် အတိအကျ ပြောရရင်တော့ ငွေစုဘဏ်တွေက သာမန်ဘဏ် မဟုတ်ကြပါဘူး။

ကူးသန်းရောင်းဝယ်ရေးဘဏ်တွေက ပထမ ဘဏ္ဍာရေးကဏ္ဍမှာ ပါဝင်ပြီး ငွေစုဘဏ်တွေကတော့ ဒုတိယ ဘဏ္ဍာရေးကဏ္ဍထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် ကူးသန်းရောင်းဝယ်ရေးဘဏ်တွေကိုတော့ ဘဏ်လုပ်ငန်းဥပဒေအရ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပြီး ကိုရီးယားဗဟိုဘဏ် ကနေ ကြီးကြပ်တာ ဖြစ်ပေမယ့် ငွေစုဘဏ်တွေကတော့ ငွေစုဘဏ်ဥပဒေကိုပဲ လိုက်နာဖို့လိုတာမလို့ သာမန်ဘဏ်တွေနဲ့ ယှဉ်ရင် စည်းကမ်းချက်တွေက ပိုပြီး လျော့ရဲပါတယ်။

"မူလ နာမည်ကတော့ ကြွေးမြီးချသမဝါယမ အဖွဲ့ ဖြစ်ပေမယ့် ဥပဒေအရ ငွေစုဘဏ် ဆိုတဲ့ နာမည်ကို သုံးခွင့်ပြုဖို့ ပြောင်းလဲခဲ့ကြတာလေ"

"ဘာလို့ ပြောင်းလဲခဲ့တာလဲ"

"သာမန်ဘဏ်တွေနဲ့ ဆင်တူသွားအောင်လို့ပေါ့"

တကယ်တော့ လူအများစုက ဒါကို အတူတူပဲလို့ မှားယွင်း တတ်ကြပါတယ်။

ဒေသတွင်း ငွေစုဘဏ်လေး တစ်ခုအနေနဲ့ စတင်ခဲ့တဲ့ ဟိုဆောင်း ငွေစုဘဏ် ကတော့ ပတ်ဆီဟျွန်း နဲ့ အတူတူ ကြီးထွားလာခဲ့တာပါ။ သူတို့က ကြီးမားတဲ့ စီမံကိန်း ဘဏ္ဍာငွေ ထောက်ပံ့မှုတွေနဲ့ ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပါဝင်ခဲ့ကြပြီး အမြတ်အစွန်း အမြောက်အမြား ရရှိခဲ့ကြပါတယ်။

အကြီးမားဆုံး အားသာချက်ကတော့ ပတ်ဆီဟျွန်း နဲ့ ခမည်းခမက် တော်စပ်နေတာပါပဲ။

ငွေစုဘဏ်တစ်ခုအတွက် အရေးအကြီးဆုံး အချက်ကတော့ တည်ငြိမ်မှုပါ။ သမ္မတ ဖြစ်လာမယ့်သူရဲ့ သမက်နဲ့ ပတ်သက်နေတဲ့ ငွေစုဘဏ်က တခြားဘဏ်တွေထက်စာရင် ပိုပြီး တည်ငြိမ်မှု ရှိပုံရတာကြောင့် သုံးစွဲသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့တာပေါ့။

ကျွန်တော် အချက်အလက်တွေကို သေသေချာချာ ဖတ်ကြည့်ပေမယ့် ကြီးကြီးမားမား ပြဿနာမျိုး ရှာမတွေ့ခဲ့ပါဘူး။ ဒီလို အခြေအနေမျိုးမှာတော့ ကျွမ်းကျင်သူရဲ့ အကူအညီကို ယူရမှာ မဟုတ်လား။

ကျွန်တော်က အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် ကို လှမ်းခေါ်လိုက်တယ်။

မကြာခင်မှာပဲ အနောက်တိုင်း ဝတ်စုံအပြည့်ဝတ်ထားတဲ့ အသက် ၄၀ ကျော် အမျိုးသားတစ်ယောက် အခန်းထဲကို ဝင်လာခဲ့တယ်။

"ကျွန်တော့်ကို ရှာနေတယ်လို့ ကြားလို့ပါ"

"အဖွဲ့ခေါင်းဆောင်။ ဟိုဆောင်း ငွေစုဘဏ် အကြောင်း သိလား"

အဖွဲ့ခေါင်းဆောင် ဆို က ခေါင်းညိတ်ပြတယ်။

"နာမည်တော့ ကြားဖူးပါတယ်"

ကျွန်တော် ကိုင်ထားတဲ့ စာရွက်စာတမ်းတွေကို သူ့ဆီ ကမ်းပေးလိုက်တယ်။

"ဒါကို တစ်ချက်လောက် ကြည့်ပြီး သူတို့ရဲ့ ဘဏ္ဍာရေး အခြေအနေကို စစ်ဆေးပေးပါဦး"

သူက Red Stoneမှာ ရှိစဉ်တုန်းက ကုမ္ပဏီတွေကို ပေါင်းစည်းတာနဲ့ ဝယ်ယူတာတွေ လုပ်ဖို့အတွက် ဘဏ္ဍာရေး စာရင်းဇယားတွေကို ခွဲခြမ်းစိတ်ဖြာပြီး သင့်တော်တဲ့ ဝယ်ယူမယ့် ဈေးနှုန်းတွေကို သတ်မှတ်ပေးရတဲ့ နေရာမှာ နာမည်ကြီးတဲ့သူပါ။

အဖွဲ့ခေါင်းဆောင် ဆို က ထိုင်လိုက်ပြီး ရရှိတဲ့ စာရွက်စာတမ်းတွေကို သေချာ စိစစ်နေခဲ့တယ်။

အချိန်အတော်ကြာသွားပြီးမှပဲ သူက စကားစလာတော့တယ်။

"ကျွန်တော် ထပ်ပြီး ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်ဦးမှာ ဖြစ်ပေမယ့် လောလောဆယ်တော့ ဘာပြဿနာမှ ရှိပုံမရပါဘူး။ မတည်ရင်းနှီးငွေက ခိုင်မာပြီး BIS အချိုးကလည်း ပုံမှန်ပါပဲ"

"သီးသန့် ရန်ပုံငွေ အချိုးကော အဆင်ပြေရဲ့လား"

"အဲဒါလည်း အဆင်ပြေပါတယ်"

လူတွေက သူတို့ ကြိုးစားရှာဖွေထားတဲ့ ပိုက်ဆံတွေကို ဘဏ်မှာ အပ်နှံကြတဲ့ အကြောင်းရင်းက အတိုးရချင်လို့ပါ။ ဘဏ်က ဝမ် သန်း ၁၀၀ ကို လက်ခံရရှိပြီး ခိုင်ခံ့တဲ့ သေတ္တာထဲမှာ ဒီတိုင်း သိမ်းထားရုံနဲ့ အတိုးက အလိုလို တိုးလာမှာ မဟုတ်ဘူးလေ။

ဘဏ်က သူတို့ လက်ခံရရှိထားတဲ့ အပ်နှံငွေတွေကို လိုအပ်နေတဲ့သူတွေဆီ ချေးငွေအဖြစ် ထုတ်ချေးရပြီး အဲဒီချေးငွေကရတဲ့ အတိုးထဲကနေမှ အပ်နှံသူတွေကို အတိုး ပြန်ပေးရတာပါ။ (ချေးငွေအတိုးနဲ့ အပ်နှံငွေအတိုးကြားက ကွာခြားချက်ကို အတိုးအမြတ် လို့ ခေါ်ပြီး အဲဒါက ဘဏ်ရဲ့ အကျိုးအမြတ်ပါ)

ဒါပေမဲ့ ဘဏ်က အပ်နှံငွေ အားလုံးကိုသာ ထုတ်ချေးပစ်လိုက်ရင် ဘဏ်အကောင့် သုံးစွဲသူတစ်ယောက်က ပိုက်ဆံကို ချက်ချင်း ပြန်ထုတ်ချင်တဲ့အခါ ငွေကြေး ထောက်ပံ့ပေးနိုင်မှာ မဟုတ်တော့ပါဘူး။

ဒီလို အခြေအနေမျိုးကို ပြင်ဆင်နိုင်ဖို့အတွက် သုံးစွဲသူတွေရဲ့ အပ်နှံငွေ တချို့ကို ဗဟိုဘဏ်မှာ မဖြစ်မနေ အပ်နှံထားရမယ်လို့ ဥပဒေအရ ပြဌာန်းထားပြီး အဲ့ဒီပြဌာန်းချက်ကို သီးသန့် ရန်ပုံငွေ သတ်မှတ်ချက်လို့ ခေါ်တာ ဖြစ်ပါတယ်။

"အဲဒီလိုလား"

ဒါဆိုရင် ဒေဝါလီခံရမယ့် အချိန်က မရောက်သေးတာလား။

ကျွန်တော် အဲဒီလို စဉ်းစားနေတဲ့ အချိန်မှာပဲ အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် က စာရွက်စာတမ်းတွေကို ပြန်ပေးမယ့် သူ့ရဲ့ လက်ကို ခဏ ရပ်လိုက်တယ်။

"ထူးဆန်းတဲ့ အချက်တစ်ခုတော့ သတိထားမိတယ်"

"ဘာများလဲ "

"သူတို့ရဲ့ အပ်နှံငွေ အတိုးနှုန်းက တခြား ငွေစုဘဏ်တွေထက် ၀.၃ ရာခိုင်နှုန်း ပိုပြီး မြင့်နေပါတယ်"

လောလောဆယ်မှာ ကျွန်တော်တို့က အတိုးနှုန်း နိမ့်တဲ့ ခေတ်ကာလထဲ ရောက်နေတာပါ။ ဘဏ်တွေက ၀.၁ ရာခိုင်နှုန်းလောက် ပိုပေးမလား၊ လျှော့ပေးမလား ဆိုတာကို တစ်ယောက်နဲ့တစ်ယောက် အကဲခတ်နေကြတာလေ။

၀.၃ ရာခိုင်နှုန်း ဆိုတာက သေးငယ်တယ်လို့ ထင်ရပေမယ့် တကယ်လို့ ပျမ်းမျှ အတိုးနှုန်းက ၃ ရာခိုင်နှုန်း ရှိတယ်ဆိုရင် ဒါက နောက်ထပ် ၁၀ ရာခိုင်နှုန်းလောက်ကို အပို ထပ်ပေးထားသလို ဖြစ်နေတာပါ။

ဒီလို အတိုးနှုန်း ပိုပေးရတဲ့ အကြောင်းရင်းက ဘာရှိလို့လဲ။

"ဟိုဆောင်း ငွေစုဘဏ် အကြောင်းကို ထပ်ပြီး စုံစမ်းပေးပါ။ ကျွန်တော်တို့ စုံစမ်းနေတယ်ဆိုတာ အပြင်လူတွေ မသိစေဘဲ တိုးတိုးတိတ်တိတ်ပဲ လုပ်ပေးပါ"

အဖွဲ့ခေါင်းဆောင် ဆို က အကြောင်းရင်းကို မမေးဘဲ ခေါင်းညိတ်ပြလိုက်တယ်။

"နားလည်ပါပြီ"

သုံးရက်အကြာမှာတော့….

အဖွဲ့ခေါင်းဆောင် ဆိုဆောင်းဝန် က စီအီးအို ရုံးခန်းဆီကို ပြန်ရောက်လာခဲ့တယ်။

"ခွဲခြမ်းစိတ်ဖြာကြည့်သလောက်တော့ ဘာပြဿနာမှ မရှိပါဘူး။ တကယ်တော့ အဲ့ဒီဘဏ်က ခိုင်မာပြီး တည်ငြိမ်မှု ရှိနေပါတယ်"

ဒါပေမဲ့ သူ့ရဲ့ စကားပြောဟန်အရ တစ်ခုခု မှားယွင်းနေတာကို သိရှိထားတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။

"ဒါပေမဲ့...တစ်ခုခုတော့ရှိနေတယ်မလား"

"သူတို့က SPC ကော်ပိုရေးရှင်း ပေါင်း ၁၀၀ ကျော်ကို တည်ထောင်ထားပြီး ငွေအမြောက်အမြား ထုတ်ချေးထားတာကတော့ သံသယဖြစ်စရာပါပဲ။ အဲဒီ ကော်ပိုရေးရှင်း တချို့က စာရွက်ပေါ်က ကုမ္ပဏီအတုတွေ ဖြစ်နိုင်တယ်လို့ သံသယရှိပြီး ချေးငွေတွေကို ဘယ်နေရာမှာ သုံးစွဲနေလဲဆိုတာ မရှင်းလင်းပါဘူး"

"ဒါဆို ခင်ဗျားအမြင်အရ အဲဒါတွေက ပြန်မရနိုင်တော့မယ့် ကြွေးမြီဆိုးတွေ ဖြစ်လာနိုင်တယ်လို့ ပြောချင်တာလား"

"အတိအကျတော့ မပြောနိုင်သေးပါဘူး။ လောလောဆယ်တော့ အတိုးပေးချေမှုတွေကို ပုံမှန်အတိုင်း ရရှိနေတုန်းမလို့ပါ"

"အတိုးကို ဘယ်လောက်ပဲ မှန်မှန်ပေးပေး၊ တကယ်လို့ မတည်ရင်းနှီးငွေရဲ့ အရင်းကို ပြန်မရနိုင်တော့ဘူးဆိုရင် အလကားပဲလေ"

အဖွဲ့ခေါင်းဆောင် ဆို ကလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။

"ဒါ့အပြင် ဒါနဲ့မသက်ဆိုင်တဲ့ စိုးရိမ်စရာ အချက်တစ်ခုလည်း ရှိပါသေးတယ်"

"ဘာများလဲ "

"ပြီးခဲ့တဲ့လကစပြီး သူတို့က သုံးနှစ်သက်တမ်းရှိတဲ့ ဝမ် သိန်းပေါင်း ၂.၈ ကုဋေ တန်ဖိုးရှိ ကာလလတ် အဆင့်နိမ့် ငွေတိုက်စာချုပ်တွေကို အဆင့်ဆင့် ထုတ်ဝေခဲ့ပြီး အဲဒါတွေကို ရုံးခွဲအသီးသီးမှာ ရှိတဲ့ သာမန်သုံးစွဲသူတွေဆီကို ရောင်းချနေကြတာပါ"

ကုမ္ပဏီတွေက ငွေတိုက်စာချုပ် ထုတ်ဝေတာကတော့ ပုံမှန်ပါပဲ။

ကိုရီးယားမှာတော့ အပ်နှံသူတွေကို အကာအကွယ်ပေးဖို့အတွက် ကိုရီးယား အပ်နှံငွေ အာမခံကော်ပိုရေးရှင်း ကနေ ဝမ် သန်း ၅၀ အထိ အာမခံပေးထားပါတယ်။ ဘဏ်က ပျက်စီးသွားပြီး ပိုက်ဆံအားလုံး ဆုံးရှုံးသွားရင်တောင် အပ်နှံသူတွေက သူတို့ရဲ့ ဝမ် သန်း ၅၀ ကိုတော့ အသေအချာ ပြန်ရနိုင်တာပေါ့။

ဆန့်ကျင်ဘက် အနေနဲ့ ငွေတိုက်စာချုပ်တွေက အပ်နှံငွေတွေထက် အတိုးပိုရနိုင်ပေမယ့် အာမခံချက်တော့ မရှိပါဘူး။ ဒေဝါလီခံရတဲ့ အခြေအနေမျိုးမှာ ဘယ်သူကမှ ပြန်လည် ပေးလျော်ဖို့ အာမခံမှာ မဟုတ်ဘူးလေ။ ရလဒ်အနေနဲ့ ပျက်စီးမယ့် စွန့်စားရမှု မြင့်မားလာတာနဲ့အမျှ ငွေတိုက်စာချုပ်တွေကို အပေါစား ဈေးနှုန်းတွေနဲ့ပဲ အရောင်းအဝယ် လုပ်ကြရတော့တာပါ။

ဒါ့အပြင် အဆင့်နိမ့် ငွေတိုက်စာချုပ် ဆိုတာကတော့ နာမည်အတိုင်းပဲ ပြန်လည် ပေးဆပ်ရမယ့် ဦးစားပေး အဆင့်မှာ အနိမ့်ဆုံး ဖြစ်ပါတယ်။

တကယ်လို့ ဟိုဆောင်း ငွေစုဘဏ်သာ တကယ်ကြီး ဒေဝါလီခံလိုက်ရရင် အဲဒီ အဆင့်နိမ့် ငွေတိုက်စာချုပ်တွေကို ဝယ်ယူထားတဲ့သူတွေက ဘာမှ ပြန်ရမှာ မဟုတ်တော့ဘူး။

ကျွန်တော် မယုံနိုင်ဘဲ မေးလိုက်တယ်။

"လူအများစုက အဆင့်နိမ့် ငွေတိုက်စာချုပ် ဆိုတာ ဘာလဲဆိုတာတောင် သိကြမှာ မဟုတ်ဘူး"

"ဝန်ထမ်းတွေက အပ်နှံငွေတွေထက် အတိုး နှစ်ဆ ပိုရမယ်လို့ ပြောပြီး သုံးစွဲသူတွေကို ဆွဲဆောင်နေကြတာ အထင်အရှားပါပဲ"

"……."

ငွေစုဘဏ်ရဲ့ သုံးစွဲသူ အများစုက သာမန် ပြည်သူတွေဖြစ်ကြပြီး အဲဒီထဲမှာ သက်ကြီးရွယ်အို အရေအတွက်ကလည်း မနည်းပါဘူး။ ရလဒ်အနေနဲ့ ဝန်ထမ်းတွေက ကောင်းပါတယ်လို့ ထောက်ခံချက်ပေးတဲ့အခါ သုံးစွဲသူ အများအပြားက ယုံကြည်ပြီး လက်မှတ်ထိုး မိသွားကြတာပေါ့။

ဘဏ်က သက်တမ်းကုန်ဆုံးတဲ့အထိ တည်ငြိမ်နေသရွေ့တော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး။ အပ်နှံငွေတွေထက် အတိုးပိုရတာက သူတို့အတွက် ပိုပြီး ကောင်းမွန်တယ်လေ။

ဒါပေမဲ့ ကျွန်တော် တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားရတယ်။

"သူတို့ရဲ့ ဘဏ္ဍာရေး အခြေအနေက အဆင်ပြေရဲ့သားနဲ့ ဘာလို့ အဆင့်နိမ့် ငွေတိုက်စာချုပ်တွေကို ထုတ်ဝေနေရတာလဲ။ သုံးစွဲသူတွေကို ရောင်းချမယ့်အစား အပ်နှံငွေ ထုတ်ကုန်တွေကိုပဲ ရောင်းချတာက ပိုပြီး အကျိုးရှိမှာ မဟုတ်ဘူးလား"

အတိုးနှုန်း ပိုပေးရမယ့် ငွေတိုက်စာချုပ်တွေကို ရောင်းချဖို့ တကယ်ပဲ လိုအပ်လို့လား။

ဘဏ်တွေက အပ်နှံငွေကနေ ရရှိတဲ့ ပိုက်ဆံတွေကို ချေးငွေအဖြစ် ထုတ်ချေးရတာပါ။ ပြောင်းပြန်အနေနဲ့ အပ်နှံငွေတွေကို ပြန်ပေးဖို့အတွက် အဲဒီချေးငွေတွေကို ပြန်လည် သိမ်းဆည်းရမှာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ တကယ်လို့ ချေးငွေတွေကို သေသေချာချာ ပြန်မရနိုင်တော့ဘူးဆိုရင်ကော ဘာဖြစ်မလဲ။ အပ်နှံငွေတွေကို ပြန်ပေးဖို့အတွက် ငွေတိုက်စာချုပ်တွေကို ရောင်းချနေတာ ဒါမှမဟုတ် အပ်နှံငွေတွေကို ငွေတိုက်စာချုပ်တွေအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားနေတာမျိုး ဖြစ်နိုင်မလား။

အပ်နှံငွေတွေကိုတော့ ဘယ်အချိန်မဆို ပြန်ထုတ်နိုင်ပေမယ့် ငွေတိုက်စာချုပ်တွေကိုတော့ သက်တမ်းမပြည့်မချင်း ပြန်ရွေးလို့ မရပါဘူး။ ဝယ်ယူသူအနေနဲ့ သက်တမ်းမပြည့်ခင် ပိုက်ဆံပြန်ရချင်ရင် တခြားတစ်ယောက်ဆီကိုပဲ ပြန်ရောင်းရမှာပါ။

ဘဏ်တွေအနေနဲ့ သက်တမ်းမပြည့်မချင်း ပိုက်ဆံပြန်ပေးဖို့ တာဝန်မရှိတာမလို့ သူတို့အတွက် သုံးနှစ်စာ အချိန်ဆွဲဖို့ အခွင့်အရေး ရသွားတာပေါ့။

"ခင်ဗျားအမြင်က ဘယ်လိုရှိလဲ"

အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် က သေသေချာချာ စဉ်းစားပြီး ပြောတယ်။

"ဒါက စာရင်းဇယားတွေကို မမှန်မကန် လိမ်လည် ပြင်ဆင်ထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

ကျွန်တော့်မှာ မရေမရာတဲ့ သံသယတစ်ခု ရှိခဲ့တာပါ။ ဒေဝါလီခံရမယ့် အနာဂတ်ကို မြင်ခဲ့ရပြီး ဘဏ္ဍာရေး ရှင်းတမ်းတွေမှာ ဘာပြဿနာမှ မရှိဘူးဆိုရင်တော့ ဒါက စာရင်းဇယားတွေကို မမှန်မကန် လိမ်လည် ပြင်ဆင်ထားတာ ဖြစ်ဖို့ ရာခိုင်နှုန်း အရမ်း မြင့်မားပါတယ်။

"ဆုံးရှုံးမှု ပမာဏက ဘယ်လောက်အထိ ရှိမယ်လို့ ထင်လဲ"

"အချက်အလက်တွေတင် ကြည့်ရုံနဲ့တော့ အတိအကျ ပြောဖို့ ခက်ပါတယ်"

"အတိအကျ မဟုတ်ရင်တောင် ခင်ဗျား ခန့်မှန်းရသလောက်ပဲ ပြောပြပေးပါ"

ခဏလောက် စဉ်းစားပြီးနောက် ဆိုဆန်းဝန် က ပမာဏတစ်ခုကို ပြောလာခဲ့တယ်။

"အနည်းဆုံးတော့ ဝမ် သိန်းပေါင်း သန်းနဲ့ချီ ရှိပါလိမ့်မယ်"

"တကယ်လို့ အဲဒါထက် ပိုများနေရင်ကော"

"ဝမ် သိန်းပေါင်း ၂ ကုဋေထက်တောင် ကျော်လွန်သွားနိုင်ပါတယ်"

"……"

ကျွန်တော် ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အသွားခဲ့ရတယ်။

ကော်ပိုရေးရှင်းတစ်ခုမှာ ရှိတဲ့ အရာအားလုံးကို စာရွက်ပေါ်က ကိန်းဂဏန်းတွေနဲ့ပဲ ဖော်ပြကြတာပါ။

ဒါ့အပြင် ကော်ပိုရိတ် စာရင်းကိုင် လုပ်ငန်းက လစာတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီမံခန့်ခွဲမှု အကဲဖြတ်ချက်တွေ၊ အခွန်တွေနဲ့ ခန့်မှန်းချက်တွေ အပါအဝင် စီးပွားရေး လုပ်ငန်းအားလုံးရဲ့ အခြေခံ အုတ်မြစ် ဖြစ်ပါတယ်။ အဲဒါကြောင့် စာရင်းဇယား အချက်အလက်တွေကို မမှန်မကန် ပြုပြင်တာကို ဥပဒေအရ တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး မမျှော်လင့်ထားတဲ့ ပြဿနာတွေကို ကာကွယ်ဖို့အတွက် ပြင်ပ စာရင်းစစ်ဆေးမှုတွေကို လုပ်ဆောင်ကြတာပေါ့။

ကိန်းဂဏန်း အနည်းငယ်ကို ပြုပြင်ရုံနဲ့ အားနည်းချက်တွေကို ဖုံးကွယ်ထားနိုင်ပြီး ဝင်ငွေနဲ့ အမြတ်အစွန်းတွေကို ပိုပြီး မြှင့်တင်ပြနိုင်တာမလို့ စာရင်းလိမ်လည်ချင်တဲ့ သွေးဆောင်မှုက အရမ်း ပြင်းထန်ပါတယ်။

အဲဒါကြောင့်ပဲ သမိုင်းကနေ သင်ခန်းစာတွေ ရခဲ့ကြပေမယ့် နှစ်အနည်းငယ်ကြာတိုင်း ကြီးမားတဲ့ အရှုပ်တော်ပုံတွေက ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့တာလေ။

၂၀၀၇ ခုနှစ်က Enron အရှုပ်တော်ပုံက ထင်ရှားတဲ့ ဥပမာတစ်ခု ဖြစ်သလို အနီးစပ်ဆုံး ပြဿနာကတော့ စာရင်းလိမ်လည်မှုကြောင့် ဆုံးရှုံးမှုတွေကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တဲ့ တိုရှီဘာ ပါပဲ။ အမှန်တရား ပေါ်ထွက်လာတဲ့ အခါမှာတော့ သူတို့မှာ ဝမ် သိန်းပေါင်း ၅ကုဋေကျော် ဆုံးရှုံးမှုတွေ ရှိနေတာကို တွေ့ရပြီး အဲဒီအပေါက်တွေကို ပိတ်ဖို့အတွက် အမြတ်အစွန်း အများဆုံး ရနေတဲ့ သူတို့ရဲ့ Semiconductor ဌာနကိုပါ ရောင်းချခဲ့ရတယ်။

ကိုရီးယား သမိုင်းမှာ အကြီးမားဆုံး စာရင်းလိမ်လည်မှု ကိစ္စကတော့ ဒေဟူး အုပ်စု နဲ့ ပတ်သက်နေတာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ပေါ်ထွက်လာခဲ့တဲ့ စာရင်းလိမ်လည်မှု ပမာဏက ဝမ် သိန်းပေါင်း ၄၀ ကုဋေ ရှိခဲ့တာမလို့ နိုင်ငံတည်ထောင်ပြီးကတည်းက အကြီးမားဆုံး စံချိန် ဖြစ်ခဲ့ရတယ်။

တက်ဂယူ က မေးတယ်။

"ဒါဆို လိုငွေပြမှုက ဘယ်လောက်အထိ ကြီးမားနေတာလဲ"

"အဲဒါကတော့..."

"ဘာပဲဖြစ်ဖြစ်၊ ဒေဝါလီခံရမယ့် အခြေအနေအထိ ရောက်ဖို့ကတော့ သေချာသလောက် ရှိနေတာပေါ့"

"အဲဒီလို ဖြစ်ဖို့ များပါတယ်"

လိုငွေပြမှုရဲ့ အတိအကျ ပမာဏကို မသေချာပေမယ့် ဒေဝါလီခံရတော့မှာကတော့ ထင်ရှားနေပါတယ်။

တကယ်လို့ ဝမ် သိန်းပေါင်း သန်းချီလောက်ပဲ ဆိုရင်တော့ ဒီတစ်ကြိမ်မှာ သူတို့တွေက ဘယ်လိုမဆို ကျော်ဖြတ်နိုင်ကောင်း ပါလိမ့်မယ်။ အဲဒါထက် နည်းနည်း ပိုများရင်လည်း ပြန်လည် နာလန်ထူဖို့ အကူအညီတွေ ရရှိနိုင်သေးပါတယ်။

ဒါပေမဲ့ တကယ်လို့ ဝမ် သိန်းပေါင်း ၁ကုဋေထက် ကျော်လွန်သွားရင်တော့ ဒေဝါလီခံရမယ့် ဘေးကနေ ရှောင်လွှဲလို့ ရမှာ မဟုတ်တော့ဘူး။

ကံကောင်းတာက ဒါက အဓိက ဘဏ်ကြီးတစ်ခု မဟုတ်ဘဲ ဒေသတွင်း ငွေစုဘဏ်လေး တစ်ခု ဖြစ်နေတာပါပဲ။ ငွေစုဘဏ်တစ်ခု ပျက်စီးသွားရုံနဲ့ နိုင်ငံရဲ့ စီးပွားရေးတစ်ခုလုံး တုန်လှုပ်သွားမှာတော့ မဟုတ်ပါဘူး။

"စီအီးအိုက သိနေတာလား"

"ပြဿနာ ရှိနေမှန်းတော့ ကျွန်တော် သိတယ်။ ဒါပေမဲ့ ဒီလို အခြေအနေအထိ ဖြစ်နေလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး"

တကယ်လို့ သူ သာ သိခဲ့ရင် စောစောစီးစီး အစီအမံတွေ လုပ်ဆောင်ခဲ့မှာပေါ့။

"တကယ်လို့ ဒါကြီး ပေါက်ကွဲသွားရင် ပြဿနာ အကြီးကြီး ဖြစ်လာမှာ မဟုတ်ဘူးလား"

"အေး။ ပြဿနာကတော့ အကြီးကြီးပဲ"

ဒါက ဘယ်သူ့ကိစ္စမှ မဟုတ်ဘဲ သမ္မတရဲ့ခမည်းခမက်တွေ ဖွင့်ထားတဲ့ ငွေစုဘဏ် ဖြစ်နေတာလေ။ ဒါက ဘယ်လောက်အထိ ပတ်သက်မှု ရှိလဲဆိုတာ မသေချာပေမယ့် တာဝန်ယူမှု တာဝန်ခံမှုကနေ ရှောင်လွှဲဖို့ နည်းလမ်းမရှိပါဘူး။

'ဒါပေမဲ့ ဝမ် သိန်း​ပေါင်း ၁ ကုဋေ ဒါမှမဟုတ် သိန်းပေါင်း ၂ ကုဋေ ဆိုတာက အဲလောက်ကြီးတဲ့ ပမာဏ မဟုတ်ဘူး မဟုတ်လား'

သူတို့ ခိုးယူထားတဲ့ ပိုက်ဆံတွေနဲ့ ယှဉ်ရင် ဒါက သမုဒ္ဒရာထဲက ရေတစ်စက်စာလောက်ပဲ ရှိတာပါ။

' ပမာဏအရ ကြည့်ရင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ဒါတွေအားလုံးက သာမန် ပြည်သူတွေရဲ့ ပိုက်ဆံတွေလေ'

ဆိုဆောင်း အီလက်ထရောနစ် က L6 ပေါက်ကွဲမှုကြောင့် ဝမ် သိန်းပေါင်း ကုဋေနဲ့ချီ ဆုံးရှုံးရတာနဲ့ သာမန်ပြည်သူတွေက ဝမ် သိန်းပေါင်း ၂ ကုဋေ ဆုံးရှုံးရတာက လုံးဝကို ကွဲပြားခြားနားတဲ့ ကိစ္စပါ။

ငွေစုဘဏ်ရဲ့ သုံးစွဲသူ အများစုက ကော်ပိုရေးရှင်းကြီးတွေ ဒါမှမဟုတ် ချမ်းသာတဲ့ သူဌေးကြီးတွေ မဟုတ်ကြပါဘူး၊ သူတို့က သာမန် ပြည်သူလူထုတွေပါ။ တကယ်လို့ တစ်ခုခု မှားယွင်းသွားရင် ဒေသတွင်း စီးပွားရေးက ပျက်စီးသွားမှာ ဖြစ်သလို သာမန်ပြည်သူတွေပဲ ဒုက္ခရောက်ကြရမှာလေ။

'ဒါကို ငွေကြေးကြီးကြပ်ရေးအဖွဲ့ ဆီကို သွားပြီး တိုင်ကြားသင့်တာ မဟုတ်ဘူးလား'

'သူတို့လည်း အတူတူ ပတ်သက်နေကြတာပဲ။ တကယ်လို့ ငွေကြေးကြီးကြပ်ရေးအဖွဲ့ သာ သူတို့အလုပ်ကို သေသေချာချာ လုပ်ခဲ့ရင် အခြေအနေတွေက ဒီလိုမျိုး ဖြစ်လာပါ့မလား'

ငွေကြေးကြီးကြပ်ရေးအဖွဲ့ ရဲ့ အကြီးအကဲတွေနဲ့ စာရင်းစစ်နှင့် အကဲဖြတ်ရေးဘုတ်အဖွဲ့ တွေက အားလုံး သမ္မတရဲ့ လူယုံတွေ ဖြစ်ကြတာလေ။ ဟိုဆောင်း ငွေစုဘဏ် နဲ့ ပတ်သက်နေတဲ့ နိုင်ငံရေးသမားတွေလည်း အများကြီး ရှိနေလောက်ပါတယ်။

သမ္မတ သက်တမ်း ကုန်ဆုံးဖို့က ၁ နှစ်တောင် မလိုတော့ဘူး။ သူတို့က ပြဿနာရဲ့ ကြီးမားပုံကို သိရှိရင်တောင်မှ တိုးတိုးတိတ်တိတ်ပဲ စီမံခန့်ခွဲပြီး နောက်အစိုးရလက်ထက်ဆီပဲ လွှဲပြောင်းပေးဖို့ ကြိုးစားကြမှာပဲ။

'ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ သူတို့က အခုထိ အဆင့်နိမ့် ငွေတိုက်စာချုပ်တွေကို ပျော်ပျော်ကြီး ရောင်းချနေကြတုန်းမလား။ အဲဒါက သာမန်ပြည်သူတွေရဲ့ သွေးကို စုပ်ယူနေတာနဲ့ အတူတူပဲ'

ဒါကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဟိုဆောင်း ငွေစုဘဏ် ရဲ့ ကြွေးမြီဆိုး ပမာဏကို ချက်ချင်း ဖွင့်ချလိုက်ဖို့ပါပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ဖို့အတွက် ချေးငွေတွေ၊ အပေါင်ပစ္စည်းတွေနဲ့ ပြန်လည် ရရှိနိုင်မယ့် အလားအလာ အသေးစိတ်ကို အတည်ပြုရမှာ ဖြစ်ပြီး အဲဒါတွေကို လုပ်ပိုင်ခွင့်က ကျွန်တော်တို့မှာ မရှိပါဘူး။

ပြီးတော့ ကြီးကြပ်ရေး အာဏာပိုင်တွေဘက်ကလည်း ဝင်ရောက် စွက်ဖက်မှာမဟုတ်ဘူး။

ကျွန်တော် တက်ဂယူ ရဲ့ ပုခုံးကို ပုတ်ပေးရင်း ပြောလိုက်တယ်။

'အဲဒါကြောင့်ပဲ ဒါကို ငါတို့ကိုယ်တိုင် ဖွင့်ချဖို့လိုနေတာပေါ့'

All Chapters