အခန်း ၁၃၅
Vol. 14 Ch. 135
အခန်း (၁၃၅)
ဟိုဆောင်း ငွေစုဘဏ် ရဲ့ ဂယောင်ဂီ ပြည်နယ် ရုံးခွဲ ၂။
ဘဏ်လုပ်ငန်း မစတင်ခင်မှာပဲ ရုံးခွဲမန်နေဂျာ ပတ်ဂျွန်ဆန် က ဝန်ထမ်းတွေကို စုပြီး နံနက်ခင်း အစည်းအဝေး လုပ်နေခဲ့တယ်။
"အားလုံး သိကြတဲ့အတိုင်းပဲ ငါတို့ရုံးခွဲက တခြားရုံးခွဲတွေနဲ့ ယှဉ်ရင် ငွေတိုက်စာချုပ် အရောင်းသွက်မှု အပိုင်းမှာ အများကြီး နောက်ကျနေတယ်။ သမိုင်းကြောင်းကောင်းတဲ့ ငါတို့ရုံးခွဲရဲ့ အရောင်းစွမ်းဆောင်ရည်က ပြီးခဲ့တဲ့နှစ်မှ ဖွင့်လှစ်ခဲ့တဲ့ ရုံးခွဲအသစ်ရဲ့ နောက်ကို ရောက်သွားရင် ဘာဖြစ်မလဲ။ တကယ်လို့ အရောင်းပိုင်း ညံ့ဖျင်းနေရင် ဒါက လူတိုင်းရဲ့ စွမ်းဆောင်ရည် အကဲဖြတ်ချက်အပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှု ရှိလိမ့်မယ်ဆိုတာ မှတ်ထားကြပါ။ ငါတို့ များများရောင်းနိုင်လေ ဘောနပ်စ်တွေ ပိုကောင်းလေ ဖြစ်လိမ့်မယ်။ ငါတို့ရုံးခွဲက ထူးချွန်ရုံးခွဲအဖြစ် အသိအမှတ်ပြုခံရပြီး ရာထူးတိုးတာတွေလည်း ပိုမြန်လာလိမ့်မယ်..."
သူက တစ်ခါ စကားပြောပြီဆိုရင် ရပ်မယ့်ပုံမပေါ်ပါဘူး။ ဆက်တိုက်ဆိုသလို ပွစိပွစိ ပြောနေတာကြောင့် ဝန်ထမ်းတွေရဲ့ မျက်နှာအမူအရာက ပိုပြီးတော့ ပျက်လာခဲ့တယ်။
အရှည်ကြီး ပြောပြီးသွားတဲ့အခါမှာတော့ မန်နေဂျာ ပတ် က ဝန်ထမ်းတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်တယ်။
"ကင်မီယောင်။ ရှေ့ကို ခဏလာခဲ့ပါဦး"
အသက် ၂၀ ကျော် အရွယ် အမျိုးသမီးတစ်ယောက် ရှေ့ကို တိုးလာခဲ့တယ်။
" ကင်မီယောင် က ပြီးခဲ့တဲ့လမှာ အရောင်းစွမ်းဆောင်ရည် အကောင်းဆုံး ရရှိခဲ့တယ်။ အားလုံးပဲ လက်ခုပ်တီးပေးလိုက်ကြရအောင်"
ဖြောင်း။ ဖြောင်း။ ဖြောင်း
ဝန်ထမ်းအားလုံးက တပြိုင်ထဲ လက်ခုပ်တီးပေးကြတော့ ကင်မီယောင်က ရှက်ကိုးရှက်ကန်းနဲ့ပဲ ခေါင်းငုံ့ပြီး နှုတ်ဆက်လိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ မန်နေဂျာက တခြားဝန်ထမ်းတစ်ယောက်ကို လှမ်းခေါ်ပြန်တယ်။
"ဟာအွန်ဂျီ"
"ဟုတ်ကဲ့"
မျက်မှန်တပ်ထားတဲ့ အသက် ၃၀ ကျော် အမျိုးသမီးတစ်ယောက်က ခေါင်းကို မတ်မတ်ထောင်ပြီး ထူးလိုက်တယ်။
"ဟာအွန်ဂျီ။ နင့်ရဲ့ အရောင်းစွမ်းဆောင်ရည်က နောက်ဆုံးမှာ ရှိနေတယ်။ နင်က ကောင်တာမှာ ဘာတွေ လုပ်နေတာလဲ။ အလုပ်ချိန်အတွင်းမှာ ဖုန်းသုံးနေတာကို ရပ်ပြီး သုံးစွဲသူတွေကို ကောင်းမွန်တဲ့ ထုတ်ကုန်တွေ ဘယ်လိုရောင်းရမလဲဆိုတာ စဉ်းစားပါ။ ဘဏ်က နင့်ကို ဆိုရှယ်မီဒီယာ သုံးဖို့အတွက် လစာပေးထားတယ်လို့ ထင်နေတာလား"
ရုံးခွဲမန်နေဂျာက အဲဒီလို ကွက်ကွက်ကွင်းကွင်း ထောက်ပြလိုက်တော့ ဟာအွန်ဂျီ ရဲ့ မျက်နှာက ရဲခနဲ ဖြစ်သွားခဲ့ရတယ်။
ဟာအွန်ဂျီ ကလည်း မကျေနပ်တဲ့ လေသံနဲ့ ပြန်ပြောတယ်။
"ကျွန်မလည်း လူတွေကို ဆွဲဆောင်နေတာပါပဲ၊ ဒါပေမဲ့ လူတိုင်းက ငွေတိုက်စာချုပ်တွေအကြောင်း သိပ်မသိကြဘူးဆိုပြီး စိတ်မဝင်စားကြဘူးလေ"
မန်နေဂျာ ပတ် က စိတ်ပျက်လက်ပျက်နဲ့ပဲ ပြန်တုံ့ပြန်လိုက်တယ်။
"ဒါဆိုရင်လည်း ငွေတိုက်စာချုပ်တွေ ဒါမှမဟုတ် အဆင့်နိမ့် ငွေတိုက်စာချုပ်တွေက ဘာလဲဆိုတာကို ရှင်းပြပြီး အချိန်ဖြုန်းမနေနဲ့လေ။ အတိုးနှုန်း မြင့်မားတဲ့ ထုတ်ကုန်တစ်ခုအနေနဲ့ပဲပြောပြီး အရောင်းမြှင့်တင်လိုက်ပေါ့ဟ။ အတိုးနှုန်းက ၅.၆ ရာခိုင်နှုန်းတောင် ရှိတာလေ။ အခုလို ခေတ်ကာလမှာ ဒီလောက် အတိုးနှုန်းမျိုး ပေးတဲ့ ထုတ်ကုန်ကို ဘယ်နေရာမှာမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး"
'ဒါက အပ်နှံငွေ မဟုတ်ဘဲ အဆင့်နိမ့် ငွေတိုက်စာချုပ် ဖြစ်နေတာလေ'
ဟာအွန်ဂျီ ကတော့ စိတ်ထဲက ရှိတဲ့အတိုင်း ထုတ်ပြောချင်စိတ်ကို အောင့်အီးထားလိုက်ရတယ်။
"ဘဏ်တချို့က ပြန်လည်ဖွဲ့စည်းမှုတွေ လုပ်နေပြီးတော့ ကိုယ့်သဘောဆန္ဒအလျောက် အနားယူမယ့်သူတွေကို အနားပေးနေတယ်ဆိုတာ နင်တို့လည်း သိကြမှာပါ။ ငါတို့လည်း ဒီလို အခြေအနေမျိုးနဲ့ မကြုံရဘူးလို့ မပြောနိုင်တဲ့အတွက် အားလုံးပဲ သတိရှိကြပါ"
ဝန်ထမ်းတွေရဲ့ မျက်နှာအမူအရာက ပိုပြီးတော့ မှိုင်ကျသွားခဲ့ရတယ်။
ဒါပေမဲ့ ရုံးခွဲမန်နေဂျာ ပတ်ဂျွန်ဆန် ကတော့ ဂရုမစိုက်ဘဲ လက်ကို မြှောက်လိုက်တယ်။
"ကဲ… ဒါဆိုရင် ဒီနေ့ကို တက်တက်ကြွကြွနဲ့ပဲ စတင်လိုက်ကြရအောင်။ ငါတို့အားလုံးက အတူတူ လက်တွဲလုပ်ဆောင်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲ"
သူက ဦးဆောင်ပြီး ကြွေးကြော်လိုက်တဲ့အခါမှာတော့ ဝန်ထမ်းတွေကလည်း လက်တွေကို တပြိုင်ထဲ မြှောက်လိုက်ကြပြီး "ဟိုဆောင်း ငွေစုဘဏ်" လို့ အော်ဟစ်လိုက်ကြတယ်။
နံနက် ၉ နာရီ…
အလုပ်ချိန် စတင်ခဲ့ပြီ။ ဒေသတွင်း ငွေစုဘဏ် ဖြစ်တာကြောင့် သုံးစွဲသူအများစုက လူသစ်တွေထက်စာရင် ရင်းနှီးပြီးသား လူဟောင်းတွေပဲ ဖြစ်ကြပါတယ်။
"နံပါတ် ၃ လာပါရှင်"
ခါးကုန်းကုန်းနဲ့ ဆံပင်ဖြူဖြူ အဖွားအိုတစ်ယောက်က တိုကင်လက်မှတ်ကို ကိုင်ပြီး ကောင်တာဆီကို လျှောက်လာခဲ့တယ်။
ဟာအွန်ဂျီ က ခေါင်းငုံ့ပြီး နှုတ်ဆက်လိုက်တယ်။
"အဖွားကင် ရောက်လာပြီပဲ"
"အိုမို….ငါ့မြေး အွန်ဂျီလေး အဆင်ပြေပြေ ရှိရဲ့လား"
ကင်ဆွန်ယာ ကတော့ ဒီရုံးခွဲကို ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုလာခဲ့တဲ့ သစ္စာရှိ ငွေစုသူတစ်ယောက်ပါ။ ရုံးခွဲ စတင်ဖွင့်လှစ်စဉ်တုန်းက အကောင့်ဖွင့်ရင် အလကားပေးမယ့် ခေါက်ဆွဲခြောက်နဲ့ တစ်ရှူးလိပ်ကို ရချင်လို့ ကလေးကို ကျောမှာပိုးပြီး လာခဲ့ရတဲ့ အကြောင်းကို သူက မကြာခဏ ပြန်ပြောပြတတ်သေးတယ်။
"ဒီနေ့ ဘာကိစ္စရှိလို့ လာတာလဲဟင်။ အဖွား"
ကင်ဆွန်ယာက ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြန်ဖြေတယ်။
"အရင်က ဖွင့်ထားတဲ့ စုဆောင်းငွေ အကောင့်က သက်တမ်းပြည့်သွားလို့လေ"
ဟာအွန်ဂျီ ကတော့ သိပြီးသား ဖြစ်ပေမယ့် မသိချင်ယောင်ဆောင်ပြီး အံ့သြပြလိုက်တယ်။
"ဟာ... အချိန်က အဲလောက်တောင် ကုန်သွားပြီလား။ အဖွားက အဲဒီတုန်းက သက်တမ်းမပြည့်ခင် သေသွားမှာပါဆိုပြီး ပြောခဲ့သေးတာလေ "
"အဲဒါက ဒီတိုင်း ပြောလိုက်တာပါ။ အဖွားကြီးတစ်ယောက် သေရတာက ဆန်းတဲ့ကိစ္စမှ မဟုတ်တာ"
"ကျွန်မ ပြောသားပဲ၊ အဲဒီတုန်းက အကောင့်ဖွင့်လိုက်တာ မှန်သွားတယ် မဟုတ်လား"
"ဟုတ်ပါ့၊ ဟုတ်ပါ့။ တကယ်လို့ အွန်ဂျီရဲ့ စကားကိုသာ ငါမနားထောင်ခဲ့ရင် ဘာလုပ်မိမလဲ မသိဘူး"
"အဖွားရဲ့ ဘဏ်စာအုပ်၊ တံဆိပ်တုံးနဲ့ မှတ်ပုံတင်လေး ပေးပါဦးနော်"
ကင်ဆွန်ယာက သူ့ရဲ့ ခါးပတ်ကြားထဲမှာ သေသေချာချာ ထုပ်ပိုးသိမ်းဆည်းထားတဲ့ ဘဏ်စာအုပ်ကို ထုတ်ပေးလိုက်တယ်။
"ဒီမှာပါ။ ငါ့ယောကျ်ားရဲ့ စာအုပ်ကိုပါ ယူလာခဲ့တယ်၊ ပိုက်ဆံ ဘယ်လောက်ရှိလဲဆိုတာ တစ်ချက်လောက် စစ်ဆေးပေးပါဦး"
ဟာအွန်ဂျီ က ကီးဘုတ်ပေါ်မှာ ချက်ချင်း ရိုက်နှိပ်ပြီး စစ်ဆေးလိုက်တယ်။
"အကောင့် နှစ်ခုလုံးကို ပေါင်းလိုက်ရင် အတိုးအပါအဝင် စုစုပေါင်း ဝမ် ၈၆,၄၃၅,၃၅၀ ရှိပါတယ်ရှင်"
ငွေပမာဏကို ကြားလိုက်ရတဲ့အခါမှာတော့ ကင်ဆွန်ယာရဲ့ မျက်နှာမှာ ပျော်ရွှင်မှုတွေနဲ့ ဝေဆာသွားခဲ့ရတယ်။
"ဟာ... ဒီအတိုင်းဆိုရင် ငါမသေခင် ဝမ် သန်း ၁၀၀ ပြည့်တော့မှာပေါ့နော်"
"သက်တမ်းပြည့်သွားပြီဆိုတော့ အဖွား ကြိုက်တဲ့အချိန် လာထုတ်လို့ ရပါပြီ။ အခုကော ဘာဆက်လုပ်ပေးရမလဲဟင်"
"ဒီပိုက်ဆံတွေကို အပ်နှံငွေအဖြစ် ပြန်ပြောင်းထားပြီး သီးခြား စုဆောင်းငွေ အကောင့်တစ်ခု ထပ်ဖွင့်မလို့လေ။ ကောင်းမွန်တဲ့ အပ်နှံငွေနဲ့ဆိုင်တဲ့ အကောင့်မျိုး ရှိမလား"
ဟာအွန်ဂျီ က အမြင်သာဆုံး နေရာမှာ ချထားတဲ့ လမ်းညွှန်စာစောင်ကို ကမ်းပေးလိုက်တယ်။
"အတိုးနှုန်း အရမ်းကောင်းတဲ့ productတစ်ခု ရှိတယ်/ အဖွား။ အဲဒါကတော့ အဆင့်နိမ့် ငွေတိုက်စာချုပ်..."
ကင်ဆွန်ယာ က လက်ခါပြလိုက်တယ်။
"ငါ အဲဒါတွေကို နားမလည်ပါဘူး။ ငါ့ပိုက်ဆံတွေကို ဒီတိုင်းပဲ အပ်နှံထားချင်တာ။ အရင်ကလည်း ပြောဖူးသားပဲ၊ ငါ့ယောကျ်ားက IMF အကြပ်အတည်းတုန်းက စတော့ရှယ်ယာတွေမှာ အကုန်ဆုံးရှုံးခဲ့ပြီး အကြွေးတွေတောင် တင်ခဲ့တာလေ။ ငါကတော့ အဲဒီလို အရာတွေကို လှည့်တောင်မကြည့်ချင်ဘူး။ အပ်နှံငွေက အကောင်းဆုံးပဲ"
ဟာအွန်ဂျီ က လမ်းညွှန်စာစောင်ကို ပြန်ပိတ်ဖို့ စဉ်းစားလိုက်ပေမယ့် ဒီမနက်တင် ရုံးခွဲမန်နေဂျာ ဆူပူကြိမ်းမောင်းခဲ့တာကို ပြန်တွေးမိသွားတယ်။ တကယ်လို့ ဒီနေ့သာ ရောင်းမထွက်ရင် မနက်ဖြန်မနက်မှာလည်း ဒီလိုမျိုး ထပ်ပြီး ကြုံရဦးမှာပဲ။
သူက တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ပဲ စကားပြောပုံကို ပြောင်းလဲလိုက်တယ်။
"ဒီproductက အပ်နှံငွေနဲ့ အတူတူပါပဲ၊ ဒါပေမဲ့ အတိုးနှုန်းကတော့ အများကြီး ပိုမြင့်တယ်"
"ဘယ်လောက်အထိ ပိုမြင့်လို့လဲ"
"ကျွန်မတို့ ဘဏ်ရဲ့ အမြင့်ဆုံး အတိုးနှုန်းက အခု ၃.၁ ရာခိုင်နှုန်း ရှိတာ ဖြစ်ပေမယ့် ဒီထုတ်ကုန်ကတော့ ၅.၆ ရာခိုင်နှုန်းတောင် ပေးတာ။ လူတိုင်းက ဒါကိုပဲ ရွေးချယ်နေကြတာပါ"
အဲဒါကို ကြားလိုက်ရတော့ ကင်ဆွန်ယာ ရဲ့ မျက်လုံးတွေ ဝိုင်းစက်သွားခဲ့ရတယ်။
"ဟာ... အဲလောက်တောင် များတာလား"
သူငယ်စဉ်တုန်းကတော့ အတိုးနှုန်း ၁၀ ရာခိုင်နှုန်းက ပုံမှန်ဖြစ်ခဲ့ပြီး IMF အကြပ်အတည်း ပြီးခါစတုန်းကတော့ အတိုးနှုန်းက ၂၀ ရာခိုင်နှုန်းအထိတောင် ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒါတွေက အတိတ်က ကိစ္စတွေပဲလေ။ အခုခေတ်မှာတော့ အတိုးနှုန်း ၃ ရာခိုင်နှုန်း ပေးတဲ့ ဘဏ်ကိုတောင် ရှာဖို့ ခက်ခဲနေပါပြီ။
"အကြောင်းရင်း မရှိဘဲ အတိုးနှုန်း ပိုမြင့်နေတာတော့ မဖြစ်နိုင်ဘူး ထင်တယ်"
"အဲဒါကြောင့်မလို့ပဲ ဒါက ကောင်းမွန်တဲ့ productတစ်ခု ဖြစ်နေတာပေါ့။ အဖွားရယ်"
ဆက်တိုက် ဆွဲဆောင်နေတာကြောင့် ကင်ဆွန်ယာ ရဲ့ စိတ်က စတင် လှုပ်ရှားလာခဲ့ရတယ်။
နောက်ဆုံး ပြောလိုက်တဲ့ စကားကတော့ အဆုံးအဖြတ် ဖြစ်သွားခဲ့တာပါပဲ။
"ကျွန်မက အဖွားအတွက် မကောင်းတဲ့ productမျိုးကို အကြံပြုပါ့မလား။ အဖွားရဲ့ ပိုက်ဆံတွေ ပိုပြီး တိုးပွားလာအောင် ကူညီပေးချင်ရုံ သက်သက်ပါ"
"ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။ နင်က ငါ့အပေါ် စေတနာထားမှန်း ငါသိပါတယ်"
ကင်ဆွန်ယာ က ဆုံးဖြတ်ချက် ချလိုက်တယ်။
"ဒါဆိုရင် ငါ့အတွက် တစ်ခု၊ ငါ့ယောကျ်ားအတွက် တစ်ခု လုပ်လိုက်ရမလား"
ငွေစုဘဏ်တွေက တစ်ဦးလျှင် မတည်ငွေနဲ့ အတိုးအပါအဝင် ဝမ် သန်း ၅၀ အထိ အကာအကွယ် ပေးထားတာ ဖြစ်ပေမယ့် ငွေတိုက်စာချုပ်တွေကတော့ အပ်နှံငွေ အာမခံချက်ထဲမှာ မပါဝင်ပါဘူး။ ဒါကြောင့် နာမည်တွေကို ခွဲပြီး ဖွင့်နေလည်း အလကားပါပဲ။
ဟာအွန်ဂျီ ကတော့ အဲဒီအချက်ကို ရှင်းပြမနေတော့ပါဘူး။
"ကျွန်မတို့ ဘဏ်က သုံးနှစ်အတွင်းမှာ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး"
"ဟုတ်ပါပြီ။ ငါ နင့်ကိုပုံအပ်လိုက်တော့မယ်နော်"
သူက ငွေတိုက်စာချုပ်တွေ ဝယ်ယူဖို့အတွက် ဝမ် ၄၃ သန်းကို အကောင့်နှစ်ခုထဲကို ချက်ချင်း ခွဲထည့်လိုက်တယ်။ မိသားစုဝင်တွေ ဖြစ်ကြပေမယ့် တခြားသူရဲ့ နာမည်နဲ့ အကောင့်ဖွင့်တာက တရားမဝင်တာမလို့ စည်းကမ်းအရဆိုရင် ကာယကံရှင်ကိုယ်တိုင် လာရမှာပါ။ ဒါပေမဲ့ အဲဒီလို လုပ်ခိုင်းရင် သူတို့ စိတ်ပြောင်းသွားမယ့် စွန့်စားရမှု ရှိနေတာလေ။ ဘာပဲဖြစ်ဖြစ် သူတို့က တစ်ယောက်နဲ့တစ်ယောက် သေသေချာချာ သိနေကြတာပဲ။
အဆင့်နိမ့် ငွေတိုက်စာချုပ်တွေကိုလည်း ဘဏ်စာအုပ်လိုမျိုး ပုံစံနဲ့ပဲ ထုတ်ပေးတာ ဖြစ်ပြီး ရက်စွဲတွေနဲ့ ပမာဏတွေကို အတူတူပဲ ပရင်တာနဲ့ ရိုက်နှိပ်ပေးထားတာပါ။ ကွာခြားချက်ကတော့ ဘေးနားမှာ "အဆင့်နိမ့် ငွေတိုက်စာချုပ်" ဆိုတဲ့ စာတန်းလေး သေးသေးလေး ပါနေတာပါပဲ။
"စုစုပေါင်း ဝမ် ၈၆ သန်း ရှိတာမလို့ အတိုးအပေါ် အခွန်နုတ်ပြီးရင် တစ်နှစ်ကို ဝမ် ၄.၀၇ သန်းလောက် ရရှိမှာ ဖြစ်ပြီး သုံးလတစ်ကြိမ်ကို ဝမ် ၁ သန်းနီးပါး ရမှာပါ။ စာရင်းသေ အပ်နှံငွေအရင်းကိုတော့ သုံးနှစ်အတွင်း ပြန်ထုတ်လို့ မရပေမယ့် ရလာတဲ့ အတိုးကိုတော့ အဖွား ကြိုက်တဲ့အချိန် ထုတ်သုံးလို့ ရပါတယ်ရှင်"
ကင်ဆွန်ယာ က အတိုးနှုန်းအကြောင်း ကြားလိုက်ရတော့ သူ့ရဲ့ ပျော်ရွှင်မှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပါဘူး။
"သုံးလတစ်ခါ ဝမ် ၁ သန်း ဟုတ်လား။ ငါ့ပိုက်ဆံတွေ ဝမ် သန်း ၁၀၀ ပြည့်ဖို့က မကြာခင် ဖြစ်တော့မှာပဲ"
"အသေအချာပေါ့။ အဖွားရယ်"
ကင်ဆွန်ယာ က မတ်တပ်ရပ်ပြီး သူ့ရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း ကျေးဇူးတင် စကားပြောနေတာကို ကြည့်ပြီး ဟာအွန်ဂျီလည်း အဖွားအိုရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာကြောင့် ဂုဏ်ယူသလိုမျိုး ခံစားလိုက်ရတယ်။
"သုံးစွဲသူ နံပါတ် ၂၅ လာပါရှင်"
ဒီတစ်ကြိမ်မှာတော့ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး ဦးထုပ်ဆောင်းထားတဲ့ သက်ကြီးရွယ်အို အမျိုးသားတစ်ယောက် ထိုင်လိုက်တယ်။
"အဟမ်း... ငါ့ဆီကို မကြာခင်ကပဲ ပိုက်ဆံတချို့ ရောက်လာလို့ အပ်နှံမလို့ပါ။ တကယ်လို့ ဝမ် သန်း ၅၀ အပ်နှံထားရင် အတိုး ဘယ်လောက် ရမလဲ"
သူက ပြုံးရွှင်စွာနဲ့ပဲ ပြန်ဖြေလိုက်တယ်။
"ဟုတ်ကဲ့ပါ။ အဖိုး။ အပ်နှံငွေတွေက ကောင်းမွန်ပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ ဘဏ်ကနေ အခုအထူး ထုတ်ဝေထားတဲ့ productတစ်ခု ရှိသေးတယ်ရှင့်..."
ဟိုဆောင်း ငွေစုဘဏ် ဥက္ကဌ မင်ဂျောင်ဂျူး
သူ့မှာ ငါးမြူးနေချိန်မှာ ပိုက်ကွန်ပိုချရမယ် ဆိုတဲ့ စီမံခန့်ခွဲမှု ဒဿနတစ်ခု ရှိပါတယ်။ အခုအချိန်အထိတော့ ငါးမြူးတဲ့ အခြေအနေအထိ ဖြစ်မလာခဲ့ဖူးပေမယ့် သူ့တူရဲ့ ယောက္ခမ နိုင်ငံရေးလောကထဲ ဝင်လာတဲ့ အချိန်မှာတော့ အခြေအနေတွေက ပြောင်းလဲသွားခဲ့ရတယ်။
ပတ်ဆီဟျွန်း က ဂယောင်ဂီ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့စဉ်တုန်းက စီမံကိန်း အမျိုးမျိုးကို တပြိုင်ထဲ စတင်ခဲ့တယ်။ ဂယောင်ဂီ ပြည်နယ်မှာ အဲဒီစီမံကိန်း အားလုံးကို ရင်းနှီးမြှုပ်နှံဖို့ ဘတ်ဂျက် မရှိတာကြောင့် အားလုံးကို ပုဂ္ဂလိက ကဏ္ဍတွေ အနေနဲ့ပဲ လုပ်ဆောင်ခဲ့ကြတာပါ။ အဲဒီအချိန်တုန်းက ဟိုဆောင်း ငွေစုဘဏ် က ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံသူအဖြစ် ပါဝင်ခဲ့ပြီး မျက်နှာသာပေးမှု အမျိုးမျိုးကို ရရှိခဲ့တယ်။
ဂယောင်ဂီ ပြည်နယ်တစ်ခုလုံးမှာ လမ်းတွေ ဖောက်လုပ်ခဲ့ကြပြီး ဥမင်လိုဏ်ခေါင်းတွေ တူးခဲ့ကြသလို ရထားလမ်း စနစ်တွေကိုလည်း မိတ်ဆက်ခဲ့ကြတာပေါ့။
ကုမ္ပဏီတစ်ခုက ရင်းနှီးမြှုပ်နှံပြီဆိုရင် အကျိုးအမြတ် ရရှိဖို့ မျှော်လင့်တာကတော့ သဘာဝပါပဲ။ ပုဂ္ဂလိက ကဏ္ဍတွေအနေနဲ့ ဖောက်လုပ်ခဲ့တဲ့ လမ်းတွေ၊ ဥမင်လိုဏ်ခေါင်းတွေနဲ့ ရထားလမ်းတွေက အလကား မဟုတ်ဘဲ အားလုံးက ဖြတ်သန်းခ ကောက်ခံတဲ့ စနစ်တွေပါ။
အများပြည်သူပိုင်ပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိကပိုင်ပဲ ဖြစ်ဖြစ် ဖြတ်သန်းခတွေက သင့်တင့်မျှတနေသရွေ့တော့ ဘာကွာခြားမှုမှ ရှိမနေပါဘူး။ ဒါပေမဲ့ အဲဒီ ဖြတ်သန်းခတွေက အဆမတန် မြင့်မားနေခဲ့တာပါ။
ဖြတ်သန်းခတွေ မြင့်မားလွန်းတာကြောင့် အသုံးပြုသူ နည်းပါးသွားခဲ့ရပြီး ရလဒ်အနေနဲ့ ဝင်ငွေတွေ လျော့နည်းသွားခဲ့ရတယ်။ ဒါပေမဲ့ ဒါက ပြဿနာ မဟုတ်ခဲ့ပါဘူး။
ပတ်ဆီဟျွန်း က ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဆယ်စုနှစ်ပေါင်းများစွာအထိ အနည်းဆုံး ဝင်ငွေ ရရှိဖို့ အာမခံပေးထားခဲ့ပြီး လိုအပ်ချက် မှန်သမျှကို ပြည်သူတွေရဲ့ အခွန်ငွေတွေထဲကနေပဲ စိုက်လျော်ပေးခဲ့တာလေ။
တကယ်တမ်း အကျိုးအမြတ် ပေါ်ထွက်လာသည်ဖြစ်စေ၊ မပေါ်ထွက်လာသည်ဖြစ်စေ ရင်းနှီးမြှုပ်နှံသူတွေကတော့ နှစ်တိုင်း ပိုက်ဆံတွေ အိတ်ထဲ ထည့်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါက အခြေခံအားဖြင့် စွန့်စားဖို့ လုံးဝမလိုတဲ့ စီးပွားရေး ပုံစံမျိုးပေါ့။
နောက်ပိုင်းမှာတော့ ပတ်ဆီဟျွန်း က ပြည်နယ်အုပ်ချုပ်ရေးမှူး သက်တမ်း ပြီးဆုံးသွားတဲ့အခါမှာ သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရတယ်။
ဒီအခြေအနေမှာတော့ ငါးမြူးရုံတင်မကဘဲ အလိုရှိတဲ့ လေညင်းပါ တိုက်ခတ်လာသလိုမျိုး ဖြစ်သွားခဲ့ရတယ်။ အဲဒါကြောင့်မလို့ပဲ ဟိုဆောင်း ငွေစုဘဏ် က သူတို့ရဲ့ ရုံးခွဲကွန်ရက်တွေကို တိုးချဲ့ပြီး ပြင်းပြင်းထန်ထန် ကြီးထွားလာနိုင်ခဲ့တာပါ။
မင်ဂျောင်ဂျူး ကတော့ ဒီနှစ်အတွင်းမှာပဲ IBS ငွေစုဘဏ် ကို ကျော်ဖြတ်ပြီး လုပ်ငန်းလောကရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိနိုင်မယ်လို့ ယုံကြည်နေခဲ့တယ်။
ဒါပေမဲ့ ဒီလို ရည်မှန်းချက် ရှိနေပေမယ့်လည်း လောလောဆယ်မှာတော့ သူတို့က ငွေသားပြတ်လပ်မှု ဒုက္ခနဲ့ ရုန်းကန်နေရပါတယ်။ အကြောင်းရင်းကတော့ SPC ကော်ပိုရေးရှင်းတွေကို ထုတ်ချေးထားတဲ့ ချေးငွေတွေကို ပြန်မသိမ်းဘဲ သက်တမ်းတွေကိုသာ ဆက်တိုက် တိုးပေးနေခဲ့လို့ပါ။
ရေရှည် ရန်ပုံငွေတွေကို ရရှိနိုင်ဖို့အတွက် သူတို့က တခြား ငွေစုဘဏ်တွေထက် အတိုးနှုန်း ပိုပေးပြီး ရေရှည်အပ်နှံငွေတွေကို ဆွဲဆောင်ခဲ့ကြသလို အဆင့်နိမ့် ငွေတိုက်စာချုပ်တွေကိုလည်း ထုတ်ဝေခဲ့ကြတယ်။ ဒါပေမဲ့ ရန်ပုံငွေတွေက မျှော်လင့်ထားသလောက် မြန်မြန်ဆန်ဆန်နဲ့ စုဆောင်းမမိခဲ့ဘူး။
"ရုံးခွဲအသီးသီးကို သတ်မှတ်ပေးထားတဲ့ ငွေတိုက်စာချုပ် အရောင်းပန်းတိုင်တွေကို ထပ်ပြီး မြှင့်တင်လိုက်ရမလား"
မင်ဂျောင်ဂျူး က ဖြေရှင်းမယ့် နည်းလမ်းကို စဉ်းစားနေတဲ့ အချိန်မှာပဲ မျှော်လင့်မထားတဲ့ အစီရင်ခံစာတစ်ခု ရောက်လာခဲ့တယ်။
"OTK Company က ငါတို့ဘဏ်မှာ ပိုက်ဆံလာအပ်ဖို့ ကမ်းလှမ်းထားတယ်ပေါ့လေ။ ဟုတ်လား"
အမှုဆောင် ရှင်ဟျွန်း က ခေါင်းညိတ်ပြတယ်။
"ဟုတ်ကဲ့။ သူတို့ဘက်က တရားဝင် စုံစမ်းမေးမြန်းလာတာပါ"
"ဘယ်လောက်အထိအပ်နှံမှာလဲ"
"ပထမတော့ ဝမ် သန်းပေါင်း ၂သိန်း လို့ ပြောထားပေမယ့် အခြေအနေအပေါ် မူတည်ပြီး အဲဒါထက် ပိုပြီးတော့လည်း အပ်နှံနိုင်ခြေ ရှိပုံရပါတယ်"
"ဟမ်..."
ဒီအခြေအနေမှာတော့ ဒါက ငွေစုဘဏ်တစ်ခုအတွက် အမြင့်ဆုံး အပ်နှံငွေ ပမာဏလို့ ပြောရင်တောင် မမှားပါဘူး။
မင်ဂျောင်ဂျူး က အမှုဆောင် ဒါရိုက်တာ လီရှင်ဟျွန်းကို ပြန်လွှတ်လိုက်ပြီး သူ့ရဲ့ မောင်ဖြစ်သူ မင်ဆောင်ဂျူး ကို လှမ်းခေါ်ပြီး အခြေအနေကို ရှင်းပြလိုက်တယ်။
"သူတို့က ဘာဖြစ်လို့ ကျွန်တော်တို့ဆီမှာ ပိုက်ဆံလာအပ်ချင်ရတာလဲ"
OTK Company ဆိုတာက အဓိက ကော်ပိုရေးရှင်းကြီးတွေနဲ့ ယှဉ်နိုင်တဲ့အဆင့် ရှိတာပါ။ သူတို့အနေနဲ့ သာမန် ငွေစုဘဏ်လေး တစ်ခုနဲ့ လက်တွဲလုပ်ဆောင်ရမယ့် အကြောင်းရင်း မရှိပါဘူး။
ဒါ့အပြင် သူတို့မှာ အဓိက အရောင်းအဝယ် လုပ်နေတဲ့ ဘဏ်ဖြစ်တဲ့ Golden Gate ဘဏ်လည်း ရှိပြီးသားပဲ။ တတိယ အကြီးဆုံး ရှယ်ယာရှင်အဖြစ် လူသိများတဲ့ အိုဟျွန်းဂျူး က ကိုရီးယားနိုင်ငံရဲ့ ရုံးခွဲမန်နေဂျာ ဖြစ်နေတာလေ။
မင်ဆောင်ဂျူး ကတော့ တစ်ခုခုကို ရိပ်မိသွားခဲ့တယ်။
"ငွေကြေးကြီးကြပ်ရေးအဖွဲ့ က Golden Gate ဘဏ်နဲ့ OTK Company ကြားက အရောင်းအဝယ် ကိစ္စတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ကြားမိတယ်။ သူတို့ တစ်ခုခုကို စိုးရိမ်စိတ်ပူနေကြလို့များ ဖြစ်မလား"
"ဟင်... ငွေကြေးကြီးကြပ်ရေးအဖွဲ့ ရဲ့ စုံစမ်းစစ်ဆေးမှုကြောင့် ဟုတ်လား..."
တကယ်တော့ ပိုက်ဆံရှာဖွေနေတဲ့ အချိန်အတွင်းမှာ ဘယ်လိုမျိုး တရားမဝင်တဲ့ လုပ်ငန်းတွေ ရှိခဲ့မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ တကယ်လို့ ငွေကြေးကြီးကြပ်ရေးအဖွဲ့သာ သေချာနှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးလာရင်တော့ တစ်ခုခုကို အသေအချာ ရှာတွေ့သွားမှာ ဖြစ်ပါတယ်။
"သူတို့က ယောက္ခမကြီးဆီမှာ ဒူးထောက် အညံ့ခံချင်ပေမယ့် တိုက်ရိုက် ဆက်သွယ်လို့ မရတာကြောင့် ကျွန်တော်တို့ကို ကြားခံအဖြစ် ဆောင်ရွက်ပေးဖို့ တောင်းဆိုနေတာမျိုးများလား မသိဘူးနော်"
ကန်ဂျင်ဟူ က သမ္မတနဲ့ ဆက်ဆံရေး မကောင်းဘူးလို့ နာမည်ကြီးတဲ့သူပါ။ ဒီလို အခြေအနေမျိုးမှာ သမ္မတရဲ့ ခမည်းခမက်တွေ ဖွင့်ထားတဲ့ ငွေစုဘဏ်မှာ ဝမ် သန်းပေါင်း ၂သိန်း လာအပ်တယ်ဆိုတာက အဓိပ္ပာယ် အများကြီး ရှိတာပေါ့။
ဒါက လက်နက်ချပြီး အညံ့ခံတဲ့ သဘောမျိုး ဖြစ်နေတာပါ။
မင်ဂျောင်ဂျူး က အော်ဟစ် ရယ်မောလိုက်တယ်။
"ဟားဟား။ နာမည်ကြီး ကန်ဂျင်ဟူ တောင်မှ ဘာမှ မဆန်းပါလား"
မင်ဆောင်ဂျူး ကလည်း ပြုံးလိုက်တယ်။
"သူလည်း အခုမှပဲ အာဏာရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို သဘောပေါက်သွားတာ ဖြစ်လိမ့်မယ်။ အရင်ကတော့ ဘာမှ မသိဘဲ နေခဲ့တာလေ"
စဉ်းစားကြည့်ရင် သူတို့တွေ အခုအချိန်အထိ တောင့်ခံထားနိုင်ခဲ့တာကတင် အံ့သြစရာကောင်းနေပါပြီ။ ဆက်ဆံရေး ကောင်းမွန်နေရင် ပြီးတာပဲလို့ တွေးပြီး စောစောစီးစီး အညံ့ခံလိုက်ရင် ရနေတာပဲကို။
ဘာပဲဖြစ်ဖြစ် အခု ဝမ် သန်းပေါင်း ၂သိန်းသာ ဝင်လာရင်တော့ ငွေသားပြတ်လပ်မယ့် ပြဿနာ ရှိတော့မှာ မဟုတ်ပါဘူး။
ဒါ့အပြင် ကန်ဂျင်ဟူ က ဘဏ္ဍာရေး လောကမှာ လက်ဖျားမှာ ရွှေဖြစ်တဲ့သူ အဖြစ် လူသိများတဲ့သူပါ။ တကယ်လို့ သူက ဟိုဆောင်း ငွေစုဘဏ် နဲ့ စီးပွားရေး လုပ်နေတယ်ဆိုတာသာ လူသိရှင်ကြား ဖြစ်သွားရင် ကြော်ငြာစရာမလိုဘဲ အကျိုးသက်ရောက်မှုက အဆမတန် ကြီးမားသွားမှာ ဖြစ်ပါတယ်။
"ငါတို့တွေ လုပ်ငန်းလောကရဲ့ ထိပ်ဆုံးနေရာကို ချက်ချင်း ရောက်သွားနိုင်တယ်ကွ"
"ကန်ဂျင်ဟူ နဲ့ သွားတွေ့ရမလား"
"တကယ်ပဲ သွားတွေ့ဖို့ လိုလို့လား။ ဆိုးလ်မှာ ရှိတဲ့ ဂီဂျင် ကိုပဲ သူ့ဆီ သွားတွေ့ခိုင်းလိုက်ရင် ရတာပဲလေ"
မင်ဆောင်ဂျူး ရဲ့ စကားကို မင်ဂျောင်ဂျူး ကလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
"အဲ့လိုလုပ်တာ အကောင်းဆုံးပဲ"
ဟိုဆောင်း ငွေစုဘဏ် က ကုမ္ပဏီတွေကို ပေါင်းစည်းတာနဲ့ ဝယ်ယူတာတွေကတစ်ဆင့် ဆိုးလ်မှာ ရုံးခွဲတစ်ခု ရှိနေခဲ့တာပါ။
ဂွမ်ဟွာမွန်း ရုံးခွဲကတော့ တခြားဘဏ်အများစုထက် ပိုပြီး ကြီးမားပါတယ်။ မကြာခင်ကမှ နေရာရွှေ့ပြောင်း ထားတာကြောင့်လားတော့မသိဘူး အတွင်းပိုင်းကတော့ အိမ်အသစ်တစ်လုံးလိုမျိုး သပ်သပ်ရပ်ရပ် ရှိနေခဲ့တာလေ။
ရုံးခွဲ အရေအတွက်ကို တိုးချဲ့တာနဲ့ ဝန်ထမ်းတွေကို ထပ်ပြီး ငှားရမ်းတာက သုံးစွဲသူတွေကို ပိုပြီး ဆွဲဆောင်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်တာမျိုးပါ။ ဒါပေမဲ့ ပုံမှန်အားဖြင့်တော့ ရင်းနှီးမြှုပ်နှံမှုတွေကနေ အကျိုးအမြတ် ပြန်ရဖို့အတွက် အချိန်တချို့တော့ လိုအပ်တာပေါ့။
ဒီလောက် မြန်မြန်ဆန်ဆန် ကြီးထွားလာတာကြောင့် ဘဏ္ဍာရေး အခြေအနေက ယာယီအားဖြင့် လျော့နည်းသွားလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် ဘဏ္ဍာရေး ရှင်းတမ်းတွေထဲမှာတော့ အဲဒီလို အထောက်အထားမျိုး လုံးဝ ရှာမတွေ့ခဲ့ပါဘူး။
ဒါက တကယ့်ကို ထူးဆန်းတဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။ မှော်အတတ် တစ်ခုခုကို သုံးထားသလိုမျိုး ခံစားရစေနိုင်ပါတယ်။
ကျွန်တော်က VIPအခန်းထဲမှာ ထိုင်ပြီး ဝန်ထမ်းတစ်ယောက် လာချပေးတဲ့ ကော်ဖီကို သောက်နေခဲ့တယ်။ မကြာခင်မှာပဲ အမျိုးသားတစ်ယောက် ဝင်လာခဲ့တယ်။ သူက အသက် ၄၀ ကျော် အရွယ် ဖြစ်ပြီး အရပ်ရှည်ရှည်နဲ့ ရုပ်ရည်သန့်ပြန့်တဲ့သူပါ။
သူက ကျွန်တော့်ကို နှုတ်ဆက်လိုက်ပြီး သူ့ရဲ့ လိပ်စာကတ်ကို ကမ်းပေးတယ်။
"မင်္ဂလာပါ ခင်ဗျာ၊ ကျွန်တော်က ဟိုဆောင်း ငွေစုဘဏ် ရဲ့ အမှုဆောင် ဒါရိုက်တာ မင်ဂီဂျင်ပါ"
ကျွန်တော်လည်း မတ်တပ်ရပ်လိုက်တယ်။
"တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်တော်က ကန်ဂျင်ဟူ ပါ"
နှုတ်ဆက်စကားတွေ ပြောပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ နေရာမှာ ပြန်ထိုင်လိုက်ကြတယ်။
"အကောင့်ဖွင့်ပြီး ပိုက်ဆံအပ်နှံဖို့ စုံစမ်းထားတယ်လို့ ကြားသိရပါတယ်။ ပမာဏ ဘယ်လောက်အထိ အပ်နှံဖို့ စဉ်းစားထားလဲ ခင်ဗျာ"
"စုံစမ်းတုန်းက ပြောခဲ့တဲ့အတိုင်းပါပဲ၊ လောလောဆယ်တော့ ဝမ် သန်းပေါင်း ၂သိန်း လောက် အပ်နှံဖို့ စဉ်းစားထားပါတယ်။ ပိုက်ဆံတွေကို တစ်ခါထဲ အများကြီး အပ်နှံလိုက်ရင် စီမံခန့်ခွဲမှု အပိုင်းမှာ အခက်အခဲ ရှိသွားမှာ စိုးလို့ပါ"
ဘဏ်တစ်ခုအနေနဲ့ အပ်နှံငွေ အများကြီးကို ဒီတိုင်း လက်ခံလိုက်တာမျိုးက ကောင်းမွန်တာတော့ မဟုတ်ပါဘူး။
တကယ်လို့ ဘဏ်က ထုတ်ချေးနိုင်မယ့် ပမာဏထက် ကျော်လွန်ပြီး အပ်နှံငွေတွေကို လက်ခံထားရင် ရလာတဲ့ အတိုးတွေကို ပြန်ပေးဖို့အတွက် ရုန်းကန်ရတတ်လို့ပါ။
မင်ဂီဂျင် ရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့ရတယ်။
"ဒါဆိုရင် အခြေအနေအရ အဲဒါထက် ပိုပြီးတော့လည်း အပ်နှံနိုင်ခြေ ရှိတယ်လို့ ပြောချင်တာလား ခင်ဗျာ"
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
"အသေအချာပေါ့။ ကျွန်တော် အပ်နှံမယ့် ပမာဏက ဟိုဆောင်း ငွေစုဘဏ် ရဲ့ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်အပေါ်မှာပဲ လုံးဝ မူတည်နေတာပါ"
ပြီးတော့ ကျွန်တော်က နောက်ပြောင်တဲ့ သဘောနဲ့ ထပ်ပြောလိုက်သေးတယ်။
"ခင်ဗျားလည်း သိတဲ့အတိုင်းပဲ ကျွန်တော့်မှာ ပိုက်ဆံတွေ အများကြီး ရှိတာပဲလေ"
ကျွန်တော့်ရဲ့ စကားကြောင့် မင်ဂီဂျင် က အော်ဟစ် ရယ်မောလိုက်တယ်။
"ဟားဟား။ အသေအချာပေါ့ ခင်ဗျာ။ တခြားသူလည်း မဟုတ်ဘဲ OTK Company ရဲ့ ကိုယ်စားလှယ် ဖြစ်နေတာဆိုတော့ ငွေရေးကြေးရေး ခြေသလုံးမွှေးဖြစ်နေမှာသေချာတာပေ့ါ"
အခြေအနေတစ်ခုလုံးကတော့ ပျော်ရွှင်စရာ ကောင်းနေခဲ့တယ်။
"ဒီတစ်ကြိမ်မှာ အဆင့်နိမ့် ငွေတိုက်စာချုပ်တွေကိုလည်း ထုတ်ဝေထားတယ်လို့ ကြားမိတယ်"
"ဟုတ်ပါတယ် ခင်ဗျာ"
"ကျွန်တော် အပ်နှံငွေတွေအပြင် အဲဒီ ငွေတိုက်စာချုပ်တချို့ကိုလည်း ဝယ်ယူဖို့ စဉ်းစားနေလို့ပါ"
သူ့ရဲ့ မျက်နှာက ပိုပြီးတော့ တောက်ပသွားခဲ့ရတယ်။
"ပမာဏ ဘယ်လောက်အထိ ဖြစ်မလဲ ခင်ဗျာ"
သူ့ရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး ကျွန်တော် စိတ်ထဲကနေပဲ ပြုံးလိုက်မိတယ်။
"ပထမဆုံးအနေနဲ့ လူသိရှင်ကြား ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအပြင် ငွေတိုက်စာချုပ်တွေနဲ့ပတ်သတ်တဲ့ ဘဏ္ဍာရေး အခြေအနေနဲ့ ချေးငွေ အခြေအနေတွေနဲ့ ပတ်သက်တဲ့ နောက်ထပ် စာရွက်စာတမ်း တချို့ကို ကျွန်တော့်ဆီ ပေးလို့ ရမလား။ ကျွန်တော် အဲဒါတွေကို ပြန်လည် သုံးသပ်ပြီးမှပဲ အပ်နှံငွေနဲ့ ငွေတိုက်စာချုပ် ဝယ်ယူမယ့် ပမာဏကို ဆုံးဖြတ်ပေးပါ့မယ်"