← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း (၁၃၆)

ကုမ္ပဏီရဲ့ ငွေအမြောက်အမြားကို အပ်နှံမှာဖြစ်တဲ့အတွက် ဘဏ်ရဲ့ ခိုင်မာမှုကို ကြိုတင်စိစစ်တာက သဘာဝကျတဲ့ ကိစ္စပဲလေ။

သူ ဘာမှ မရိပ်မိစေဖို့အတွက် ကျွန်တော် ဆက်ပြောလိုက်တယ်။

"ဝမ် သန်းပေါင်း ၅သိန်းအထိ အပ်ဖို့ စဉ်းစားနေတာပါ။ အဆင်မပြေဘူးဆိုရင်လည်း ထပ်ဆောင်းအတိုးတွေ မပေးလည်း ရပါတယ်"

ကျွန်တော့်စကားကြောင့် မင်ဂီဂျင်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။

ဝမ် သန်း ၁သောင်းလောက် အပ်ရုံနဲ့တင် VIP အဆင့် သတ်မှတ်ခံရတာလေ။ ဒါပေမဲ့ ကျွန်တော်က အဲဒါထက် အဆငါးရာမကတဲ့ ပမာဏကို ကမ်းလှမ်းလိုက်တာပါ။ ပုံမှန်ဆိုရင် ဒီလောက် ပမာဏအများကြီးအပ်ရင် အတိုးပိုတောင်းကြပေမဲ့ ကျွန်တော်ကတော့ မတောင်းဘူးလို့ပါ ပြောလိုက်သေးတာပါ။

ကျွန်တော် ရှေ့ကို တိုးလိုက်ပြီး ပြောလိုက်တယ်။

"ကျွန်တော် ဘာလို့ ဟိုဆောင်းငွေစုဘဏ်ကို ရွေးချယ်ခဲ့လဲဆိုတာ အကြမ်းဖျင်း သဘောပေါက်လိမ့်မယ်လို့ ထင်တယ်။ ဒီအခွင့်အရေးကနေတစ်ဆင့် နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ဆက်ဆံရေးမျိုး တည်ဆောက်နိုင်ဖို့ မျှော်လင့်ပါတယ်"

မင်ဂီဂျင်က သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။

"နားလည်ပါပြီ။ ခင်ဗျား ဆိုလိုတာကို သဘောပေါက်ပါပြီ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ပြီး ချက်ချင်း ပို့ပေးလိုက်ပါမယ်"

"ကျေးဇူးပါပဲ။ ကျွန်တော် အဲဒါတွေကို ပြန်စစ်ဆေးပြီးရင် ဆက်သွယ်လိုက်ပါမယ်"

ကျွန်တော် ထိုင်ခုံကနေ ထလိုက်တယ်။ မင်ဂီဂျင်လည်း လိုက်ထပြီး ပြောတယ်။

"ခင်ဗျားရဲ့ အကြောင်းကို ကျွန်တော့်ယောက္ခမဆီ သေချာပေါက် လက်ဆင့်ကမ်းပေးပါမယ်"

သူ ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်တော် သိပ်တော့ နားမလည်ပေမယ့်...

စိတ်ထဲမှာတော့ သာယာစရာ စကားတစ်ခုခုကို ကြားလိုက်ရသလို ခံစားလိုက်ရတယ်။

"အဲဒီလိုလုပ်ပေးရင် ကျေးဇူးတင်ရမှာပါ။ ကူညီပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်"

"ဟားဟား။ ရပါတယ်ဗျာ။ အခုဆို ခင်ဗျားက ကျွန်တော်တို့ ငွေစုဘဏ်ရဲ့ အကြီးဆုံး Client ဖြစ်သွားပြီဆိုတော့ ခင်ဗျားကို ဂရုစိုက်ဖို့က ကျွန်တော့်တာဝန်ပဲလေ"

မင်ဂီဂျင်က ကျွန်တော့်ကို ထွက်ပေါက်အထိ လိုက်ပို့ပေးတယ်။

"ဒီအကြောင်းကို မီဒီယာတွေမှာ ကြော်ငြာလို့ ရမလား"

ကျွန်တော်က ချက်ချင်းပဲ ခေါင်းညိတ် သဘောတူလိုက်တယ်။

"ရတာပေါ့"

ကြွားဝါသလို ဖြစ်နေနိုင်ပေမယ့် ကျွန်တော်က အခုထိ ရင်းနှီးမြှုပ်နှံမှု တော်တော်များများကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တာလေ။ ကျွန်တော် ဟိုဆောင်းငွေစုဘဏ်နဲ့ လက်တွဲလုပ်ဆောင် နေတယ်ဆိုတဲ့ အချက်တစ်ခုထဲနဲ့တင် အတော်လေး ကြော်ငြာသလို ဖြစ်သွားမှာပါ။

စောင့်နေတဲ့ ကားထဲကို ကျွန်တော် ဝင်ထိုင်လိုက်တယ်။

"နောက်လည်းထပ်တွေ့ကြတာပေါ့။ စီအီးအို"

ဒရိုင်ဘာဖြစ်တဲ့ တက်ဂယူက ကားကို စက်နှိုးလိုက်တယ်။

မင်ဂီဂျင် မျက်စိရှေ့ကနေ ပျောက်သွားတာနဲ့ တက်ဂယူက လှမ်းမေးတယ်။

"အဆင်ပြေခဲ့ရဲ့လား"

"ပြေတာပေါ့။ ဝမ် သန်းပေါင်း ၂သိန်းကို ငါစာအနေနဲ့ ပြလိုက်တာပဲလေ။ သူ မဟပ်ဘဲ နေမလား"

တက်ဂယူက သဘောကျပြီး ရယ်လိုက်တယ်။

"ဒါက တန်ပြန်တိုက်စစ်ရဲ့ အစလား"

အလုပ်တွေပြီးသွားတဲ့နောက် ပတ်ဆီဟျွန်းက အိမ်မှာရှိနေတုန်း သူ့သမက်ဆီကနေ ဖုန်းလက်ခံရရှိခဲ့တယ်။ မျှော်လင့်မထားတဲ့ သတင်းကြောင့် သူ အံ့သြသွားပေမယ့် ဖုန်းမချခင်အထိ တည်တည်ငြိမ်ငြိမ်ပဲ တုံ့ပြန်ခဲ့တယ်။

ပတ်ဆီဟျွန်းက ဆိုဖာပေါ်မှာ ထိုင်ရင်း အတွေးနက်နေမိတယ်။

ဒီအချိန်အတောအတွင်း ကန်ဂျင်ဟူရဲ့ တည်ရှိမှုက သူ့အတွက် ဆူးတစ်ချောင်းလို ဖြစ်နေခဲ့တာပါ။ အဲဒီကောင်ကြောင့် အစီအစဉ်တွေ ပျက်စီးခဲ့ရတာ တစ်ကြိမ်မကတော့သလို လူသိရှင်ကြား တောင်းပန်စာတောင် ထုတ်ပြန်ခဲ့ရသေးတယ်။

အဲဒီအချိန်ကို ပြန်တွေးမိတိုင်း သူ့ဒေါသတွေက အခုထိ တောက်လောင်နေတုန်းပဲ။

"ဒါနဲ့ သူက ဟိုဆောင်းငွေစုဘဏ်ဆီ သူ့အလိုလို ရောက်လာပြီး ပိုက်ဆံအပ်ချင်တယ်လို့ ပြောတာလား"

ကန်ဂျင်ဟူက သူ့ကို အဆုံးထိ ထိပ်တိုက်ရင်ဆိုင်လိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် အခုတော့ ဒီလို ဖြစ်သွားခဲ့ပြီ။

ပြန်တွေးကြည့်ရင် ဒါက ပုံမှန်ပါပဲ။ ကော်ပိုရေးရှင်းတွေနဲ့ အစိုးရ ထိပ်တိုက်တွေ့ရင် နှစ်ဖက်စလုံး သွေးထွက်သံယိုဖြစ်ရတာလေ။ တစ်ဖက်က နိုင်ရင်တောင် မူလအခြေအနေကိုပဲ ပြန်ရောက်မှာဖြစ်ပြီး ရှုံးရင်တော့ အကြီးအကျယ် ထိခိုက်ပျက်စီးမှာပါ။

"သူ နောက်ဆုံးတော့ သတိဝင်လာပြီ ထင်တယ်"

ကိုက်နေတဲ့ သွားတစ်ချောင်းက နောက်ဆုံးတော့ ကျွတ်ထွက်သွားသလိုမျိုး ခံစားလိုက်ရတယ်။

သူ့သဘာဝအရ သစ္စာဖောက်တွေကို ဘယ်တော့မှ ခွင့်မလွှတ်တတ်ဘူး။ ဒါပေမဲ့ ပြိုင်ဘက်မှာ ပိုက်ဆံရှိရင်တော့ အခြေအနေက ပြောင်းလဲသွားတတ်ပါတယ်။ ခြွင်းချက်ဆိုတာ အမြဲရှိတာပဲလေ။

အဲဒီရှုထောင့်ကကြည့်ရင် ကန်ဂျင်ဟူက တကယ်ပဲ ခွင့်လွှတ်ပေးဖို့ ထိုက်တန်ပါတယ်။

ဒါ့အပြင် သူက မော်တော်ကားလုပ်ငန်းထဲကိုလည်း ဝင်ရောက်လာပြီလေ။ အခြေအနေပေါ်မူတည်ပြီး နောက်နောင်မှာ တန်ဖိုးရှိတဲ့ မိတ်ဖက်တစ်ခု ဖြစ်လာနိုင်တယ်။

လုံးဝ ခွင့်လွှတ်ပေးဖို့ အချိန်မတန်သေးပေမယ့် သူက အရင်ဆုံး ဦးညွှတ်လာတာဖြစ်တဲ့အတွက် သင့်တော်တဲ့ သဘောထားကြီးမှု မျိုးတော့ ပြသဖို့ လိုအပ်တယ်။

"ပထမဆုံးအနေနဲ့ ငွေကြေးကြီးကြပ်ရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကို ရပ်တန့်ရမယ်"

ပိုက်ဆံအပ်နှံမှုကို လက်ခံဖို့ စိတ်အားထက်သန်နေလို့ထင်တယ်။ တောင်းဆိုထားတဲ့ အချက်အလက်တွေက တစ်ရက်မပြည့်ခင်မှာပဲ ရောက်လာခဲ့တယ်။

အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန်က လူသိရှင်ကြား ထုတ်ပြန်ထားတဲ့ အချက်အလက်တွေနဲ့အတူ အဲဒီဒေတာတွေကို ချက်ချင်း စတင်ဆန်းစစ်တော့တယ်။

"ကိန်းဂဏန်းတွေကို ကြည့်ရုံနဲ့ သိနိုင်လို့လား"

ကျွန်တော့်မေးခွန်းကို သူက ယုံကြည်မှုအပြည့်နဲ့ ခေါင်းညိတ်ပြတယ်။

"လူတွေက လိမ်ညာနိုင်ပေမယ့် ကိန်းဂဏန်းတွေကတော့ ဘယ်တော့မှ မလိမ်ပါဘူး"

သူက တကယ်ပဲ အားကိုးရတဲ့သူပါ။

ဒီလို အရည်အချင်းရှိသူက ကျွန်တော့်ဆီ ရောက်လာတာ ကံကောင်းတာပဲ။

ဒေတာတွေကို ဆန်းစစ်ဖို့ တစ်ရက်တိတိကြာသွားပါတယ်။ အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန်က မောပန်းနွမ်းနယ်နေတဲ့ မျက်နှာနဲ့ ကျွန်တော်တို့ကို ရှင်းပြတယ်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ စစ်ဆေးဖို့ အခက်ခဲဆုံးအပိုင်းက SPC ကော်ပိုရေးရှင်းကြီးတွေပဲ။ ဒီမှာ ချေးထားတဲ့ စုစုပေါင်းပမာဏက ဝမ် သိန်းပေါင်း ၅ ကုဋေ ရှိတယ်။ ဒါပေမဲ့ SPCကော်ပိုရေးကြီးတွေရဲ့ ဥက္ကဌတွေထဲမှာ 'မင်' ဆိုတဲ့ မျိုးရိုးအမည်နဲ့လူတွေ တော်တော်များများ ပါနေတယ်"

ဒါက ဘာကို ဆိုလိုတာလဲ။

တက်ဂယူက ပြောတယ်။

"ဒါက မင်မိသားစုက အားလုံးကို အိတ်ထဲထည့်နေတာလို့ ဆိုလိုတာလား"

"မှန်ပါတယ်"

SPC ကော်ပိုရေးရှင်း တော်တော်များများမှာ ပရော်ဖက်ရှင်နယ် မန်နေဂျာတွေ မဟုတ်ဘဲ အဓိက ရှယ်ယာရှင်တွေနဲ့ အမှုဆောင်တွေရဲ့ ဆွေးမျိုးတွေက အရာရှိတွေ ဖြစ်နေကြတာပါ။ အဲဒီလိုနေရာမျိုးမှာ သင့်လျော်တဲ့ ချေးငွေစစ်ဆေးအကဲဖြတ်မှုတွေ လုပ်ခဲ့မှာ မဟုတ်တာ သေချာပါတယ်။

"ချေးထားတဲ့ ပိုက်ဆံတွေနဲ့ သူတို့ ဘာလုပ်ကြလဲ"

"နိုင်ငံရပ်ခြားက ဖွံ့ဖြိုးရေးစီမံကိန်းအမျိုးမျိုးမှာ ရင်းနှီးမြှုပ်နှံခဲ့ကြတာလို့ ထင်ရတာပဲ။ စစ်ဆေးကြည့်တော့ ဖျက်သိမ်းခံရတာ ဒါမှမဟုတ် ကျရှုံးသွားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ရှိခဲ့တယ်"

"ချေးငွေ ပြန်လည်ရရှိမှုကော"

ချေးငွေတွေကို အချိန်မှန် ပြန်မရရင် စာရင်းထဲမှာ အရှုံးပြရမှာပဲလေ။

"သူတို့က သက်တမ်းကိုပဲ ဆက်တိုက် တိုးပေးနေခဲ့ကြတာ"

"ဒါဆိုရင် BIS အချိုး (ငွေလုံးငွေရင်း ဖူလုံမှုအချိုး) မှာ ပြဿနာရှိလာမှာပေါ့"

"သူတို့က ကိန်းဂဏန်းတွေကို ညှိဖို့ စာရင်းတွေကို မမှန်မကန် လုပ်ထားပုံရတယ်။ စာရင်းအင်းလိမ်လည်မှုကို အတော်လေး ကြာကြာလုပ်လာခဲ့တာ ဖြစ်နိုင်တယ်"

ဒါက စာရင်းအင်းလိမ်လည်မှုအတွက် ရှုပ်ထွေးတဲ့ ဘဏ္ဍာရေး ပညာရပ်ကို သုံးထားတာမျိုး မဟုတ်ပါဘူး။ အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန်ရဲ့ အဆိုအရ နည်းနည်းလေး စစ်ဆေးကြည့်လိုက်ရုံနဲ့တင် မိသွားမယ့် စာရင်းလိမ်မှုပါ။

ဒါပေမဲ့ အခုထိ ဘယ်သူမှ မသိကြဘူးပေါ့လေ။

ရယ်စရာကောင်းတာက ပြီးခဲ့တဲ့နှစ်က ငွေကြေးကြီးကြပ်ရေးအဖွဲ့က ဘဏ်တွေနဲ့ ငွေစုဘဏ်တွေရဲ့ ဘဏ္ဍာရေးခိုင်မာမှုကို စစ်ဆေးဖို့ မြေပြင်ဆင်းပြီး အသေးစိတ် စာရင်းစစ်ဆေးမှုတွေ လုပ်ခဲ့တာပါ။

တက်ဂယူက ကျွန်တော့်ကို ကြည့်ပြီး မေးတယ်။

"သူတို့အားလုံးက နိုင်ငံ့ဝန်ထမ်းတွေ မဟုတ်ဘူးလား။ လစာတွေယူပြီး ဘာတွေလုပ်နေကြတာလဲ"

"……"

တကယ်ပဲ ဘာမှမလုပ်ဘူးလေ။

အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန်က ခါးခါးသီးသီး ပြုံးလိုက်တယ်။

"ဆိုးရွားတဲ့ ကြွေးမြီတွေရဲ့ ပမာဏက ကျွန်တော်တို့ မျှော်လင့်ထားတာထက် နည်းနည်း ကွာခြားနေတယ်"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"သိန်းပေါင်း ၂ကုဋေလို့ ခင်ဗျား ပြောခဲ့တာမလား။ ငွေစုဘဏ်တစ်ခုရဲ့ ကြွေးမြီဆိုးပမာဏအတွက်တော့ အဲဒါက များလွန်းတယ်လို့ ထင်ခဲ့တာ"

အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန်က ခေါင်းခါပြတယ်။

"ဆန့်ကျင်ဘက်ပါပဲ။ ကြွေးမြီဆိုးက သိန်းပေါင်း ၃ ကုဋေထက် ကျော်လွန်သွားနိုင်တဲ့ အလားအလာ ရှိနေတာပါ"

ဒီစကားကြောင့် ကျွန်တော်တို့ အံ့သြသွားရတယ်။

"သိန်းပေါင်း ၃ကုဋေတဲ့လား"

ငွေစုဘဏ်တစ်ခုထဲကနေ သိန်းပေါင်း ၃ ကုဋေလောက်အထိ ဆုံးရှုံးဖို့ဆိုတာ ဖြစ်နိုင်လို့လား။

"ကျွန်တော်က အချက်အလက်တွေအပေါ်မှာပဲ အခြေခံပြီး အကဲဖြတ်ထားတာဆိုတော့ အသေအချာတော့ မပြောနိုင်ပါဘူး"

ခန့်မှန်းချက်တွေကိုသာ ကျွန်တော် မမြင်ခဲ့ရင် ဒါက မဟုတ်လောက်ပါဘူးလို့ တွေးမိကောင်း တွေးမိမှာပါ။ ဒါပေမယ့်...

ကျွန်တော် ထပ်ပြီး ခေါင်းညိတ်လိုက်တယ်။

"မဟုတ်ဘူး။ ဒါက လုံလောက်အောင် သေချာပါတယ်"

ပြန်လည်စိစစ်နေတုန်းပဲ ဖြစ်ပေမယ့် OTK Company ရဲ့ အပ်နှံမှုက အတည်ဖြစ်လုနီးပါး ဖြစ်နေပါပြီ။ ပမာဏက သန်းပေါင်း ၂သိန်းလား ဒါမှမဟုတ် အဲဒါထက် ပိုမလားဆိုတဲ့ မေးခွန်းပဲ ကျန်တော့တာပါ။

ဟိုဆောင်းငွေစုဘဏ်က သတင်းအချက်အလက်တွေကို မီဒီယာတွေဆီ အတိအလင်း ပေါက်ကြားအောင် လုပ်ခဲ့တယ်။ အစိုးရလိုလားတဲ့ မီဒီယာတွေက သူတို့ ကြားခဲ့ရတာတွေကိုပဲ ပြန်ကူးချရေးသလိုမျိုး ပရိုမိုးရှင်းဆင်းပေးတဲ့ ဆောင်းပါးတွေကို ထုတ်ဝေခဲ့ကြတယ်။

[OTK Company၊ ဟိုဆောင်းငွေစုဘဏ်တွင် ဝမ် သန်းပေါင်း ၅သိန်း အပ်နှံရန် စဉ်းစားနေ]

[ငွေစုဘဏ်သမိုင်းတွင် အကြီးမားဆုံးသော အပ်နှံမှုပမာဏ]

[ဒေသတွင်း ငွေစုဘဏ်တစ်ခုက Golden Gate ကို မည်သို့ သာလွန်သွားသနည်း]

[OTK Company နှင့် ဟိုဆောင်းငွေစုဘဏ်တို့အကြား စီးပွားရေးမိတ်ဖက်ဖြစ်မှု]

[ဟိုဆောင်းငွေစုဘဏ်က လုပ်ငန်းကဏ္ဍတွင် ထိပ်တန်းခေါင်းဆောင် ဖြစ်လာတော့မည်လား]

ဆောင်းပါးတွေ ထွက်လာတာနဲ့ အင်တာနက်ဖိုရမ်တွေမှာ ဆွေးနွေးမှုတွေ ဆူညံသွားခဲ့တယ်။

OTK Company က ငွေစုဘဏ်တွေထက် အဆင့်အတန်း ပိုမြင့်တာ မဟုတ်ဘူးလား။

ဟိုဆောင်းငွေစုဘဏ်က ဘာအလုပ်ကို ဘာလုပ်တာလဲ။

ဟိုဆောင်းက သမ္မတရဲ့ ယောက္ခမတွေဆီက ဘဏ်ပဲလေ။ ငါတို့ နယ်ဘက်မှာတော့ အတော်လေး နာမည်ကြီးတယ်။

ဒါက ဒုတိယအကြီးဆုံး ငွေစုဘဏ်ပဲ။ ဆိုးလ်မှာ ဘဏ်ခွဲတွေ တော်တော်များများ ရှိတယ်။

ဒီကိစ္စက သမ္မတရဲ့ သြဇာလွှမ်းမိုးမှုကြောင့်လား။

အစိုးရနဲ့ ပြန်လည်သင့်မြတ်အောင် လုပ်နေတာထင်တယ်။

သမ္မတနဲ့ အိုတာကူတို့ရဲ့ ဒုတိယအချီကို မျှော်လင့်နေတာ၊ အခုတော့ စိတ်ပျက်မိတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကန်ဂျင်ဟူဘက်က စကားကို နားထောင်သင့်တာ မဟုတ်ဘူးလား။

မီဒီယာတွေက OTK Company ဆီကနေ အတည်ပြုချက် ရယူဖို့ ကြိုးစားခဲ့ကြတယ်။

ဒါပေမဲ့ မျှော်လင့်မထားဘဲ ကန်ဂျင်ဟူက လုံးဝခြားနားတဲ့ စကားကို ပြောလိုက်တယ်။

"အချက်အလက်မျိုးစုံကို သေချာဆန်းစစ်ပြီးတဲ့နောက် စာရင်းအင်းလိမ်လည်မှုနဲ့ အကြီးစား ချေးငွေပျက်ကွက်မှုတွေ ရှိနေတယ်လို့ ကျွန်တော်တို့ သံသယရှိပါတယ်။ ကြွေးမြီဆိုးတွေရဲ့ တိကျတဲ့ ပမာဏကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အတော်လေး များပြားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့် OTK Company အနေနဲ့ ဟိုဆောင်းငွေစုဘဏ်နဲ့ လုပ်ဆောင်မယ့် အရောင်းအဝယ်တွေကို အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်ပါတယ်။ ဪ…ဒါနဲ့ တကယ်လို့ ခင်ဗျားတို့အနေနဲ့ ဟိုဆောင်းငွေစုဘဏ်မှာ ဝမ် သန်း ၅၀ထက်ပိုပြီး အပ်ထားတာရှိရင် ပိုနေတဲ့ပမာဏကို အမြန်ဆုံး ပြန်ထုတ်ဖို့ အကြံပြုချင်ပါတယ်။ အပ်နှံသူ ကာကွယ်ရေးဥပဒေအရ တစ်ဦးကို ဝမ် သန်း ၅၀အထိပဲ အကာအကွယ်ပေးတာမလို့ အဲဒါထက် ကျော်လွန်ရင် ဘာမှ အာမခံချက် မရှိပါဘူး"

ကိုရီးယားနိုင်ငံအတွင်းမှာ ကန်ဂျင်ဟူအပေါ် သုံးသပ်ချက်တွေက ကွဲပြားနေခဲ့ပါတယ်။

တချို့က သူ့ကို ထူးချွန်တဲ့ ဘဏ္ဍာရေးပညာရှင် ဒါမှမဟုတ် ရာစုနှစ်တစ်ခုရဲ့ ရင်းနှီးမြှုပ်နှံသူလို့ မြင်ကြပြီး တချို့ကတော့ ဘဏ္ဍာရေးကစားသူ ဒါမှမဟုတ် လူလိမ်တစ်ယောက်လို့ မြင်ကြတယ်။

အရေးကြီးတဲ့ အချက်ကတော့ ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့် ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှုတွေအပေါ် ကန်ဂျင်ဟူရဲ့ အမြင်စူးရှမှုကိုတော့ ဘယ်သူမှ မသံသယမဖြစ်ကြတာပဲ။

ရလဒ်အနေနဲ့ ဟိုဆောင်းငွေစုဘဏ်ရဲ့ ကြွေးမြီဆိုး သတင်းတွေကို ဘယ်သူမှ လျစ်လျူမရှုနိုင်ခဲ့ကြဘူး။ ကန်ဂျင်ဟူရဲ့ စကားတွေရဲ့နောက်ကွယ်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု ရှိရမယ်လို့ လူတိုင်း ယုံကြည်သွားကြတယ်။

တိကျတဲ့ အကြောင်းရင်းကို မသိရပေမယ့် အဖြေကတော့ ရှင်းနေတယ်။

ကန်ဂျင်ဟူရဲ့ မှတ်ချက်တွေ လူသိရှင်ကြား ဖြစ်သွားတာနဲ့ အပ်နှံသူတွေက ဟိုဆောင်းငွေစုဘဏ်ကနေ သူတို့ပိုက်ဆံတွေကို အစုလိုက်အပြုံလိုက် လာထုတ်ကြတော့တယ်။

အွန်လိုင်းဘဏ်စနစ်မှာ အပ်နှံငွေ ဖျက်သိမ်းတာနဲ့ ငွေထုတ်ယူဖို့ တောင်းဆိုမှုတွေ ပြည့်နှက်သွားပြီး ဝဘ်ဆိုက်ပါ ပျက်ကျသွားခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ချိတ်ဆက်ဖို့ ကြိုးစားမှုတွေက အချည်းနှီးဖြစ်လာပြီး ဝင်ရောက်ခွင့်ကိုပါ ပိတ်ဆို့ထားလိုက်ပုံတောင် ရပါတယ်။

ကိုယ့်ရဲ့ ပိုက်ဆံတွေအတွက် စိုးရိမ်နေကြသူတွေက မိုးမလင်းခင်ကတည်းက ဘဏ်ခွဲအသီးသီးမှာ စုပြုံရောက်ရှိနေခဲ့ကြတာပါ။

မနက် ၉ နာရီ…

ဘဏ်တံခါးတွေ ပွင့်တာနဲ့ လူတွေက ပြိုင်ပွဲတစ်ခုလိုမျိုး ကောင်တာတွေဆီ တိုးဝှေ့ပြီး ပြေးလာကြတော့တယ်။

"ကျွန်တော်တို့ ငွေစုဘဏ်မှာ ဘာပြဿနာမှ မရှိပါဘူးဗျာ။ ကျေးဇူးပြုပြီး တည်တည်ငြိမ်ငြိမ်နဲ့ တိုကင်နံပါတ်ယူပြီး စောင့်ပေးကြပါ။ အလှည့်ကျ ဆောင်ရွက်ပေးသွားပါမယ်"

ဝန်ထမ်းတွေနဲ့ ဘဏ်ခွဲမန်နေဂျာက သုံးစွဲသူတွေကို စိတ်အေးစေဖို့ ကြိုးစားခဲ့ကြပေမယ့် အချည်းနှီးပါပဲ။

"ငါ့အကောင့်ကို ပိတ်ချင်တယ်"

"ငါ အရင်ရောက်တာ"

"မတွန်းနဲ့လေ"

"ငါ့ရဲ့လက်ငင်းငွေကို အခုချက်ချင်းပေးစမ်း"

"ငါ့ရဲ့တောင်းဆိုမှုကို အရင်လုပ်ပေး"

ငွေအပ်ထားသူတွေ အလုံးအရင်းနဲ့ ရောက်လာတာကြောင့် မှန်တွေကွဲ၊ ကုလားထိုင်တွေမှောက်ပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်တယ်။

အကောင့်ပိတ်သိမ်းတာနဲ့ ငွေထုတ်ယူဖို့ တောင်းဆိုမှုတွေ မြင့်တက်လာတာကြောင့် ပိုက်ဆံတွေက ဒီရေကျသွားသလိုမျိုး စီးထွက်သွားခဲ့တယ်။

နောက်ဆုံးတော့ ဘဏ်ဖွင့်ပြီး တစ်နာရီတောင်မပြည့်ခင်မှာပဲ ဘဏ်ခွဲအားလုံး ပိတ်လိုက်ရပြီး ဟိုဆောင်းငွေစုဘဏ်က လုပ်ငန်းဆောင်ရွက်မှု ဆိုင်းငံ့ကြောင်း ကြေညာလိုက်ရတော့တယ်။

မနေ့ကအထိ ဟိုဆောင်းငွေစုဘဏ်က ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ Bank Run (လူအများအပြား ပြိုင်တူငွေထုတ်ခြင်း) ဖြစ်ပွားခဲ့ပြီး ရုတ်တရက် လုပ်ငန်းဆိုင်းငံ့တဲ့ အခြေအနေကို ရောက်သွားခဲ့ရတယ်။

အရန်ငွေ လိုအပ်ချက်က နိုင်ငံအလိုက် ကွဲပြားပေမယ့် တောင်ကိုရီးယားမှာတော့ ၇ ရာခိုင်နှုန်းပါ။ အရန်ငွေ ပိုလျှံနေတဲ့ ဘဏ်တွေတောင် ၁၀ ရာခိုင်နှုန်းထက် ကျော်ခဲပါတယ်။

ဒါက ဘာကို ဆိုလိုတာလဲဆိုတော့ သုံးစွဲသူက ဝမ် သန်း ၁၀၀ အပ်နှံရင် ဘဏ်ရဲ့ သေတ္တာထဲမှာ ဝမ် ၁၀ သန်းအောက်ပဲ ရှိနိုင်တာမျိုးပေါ့။ ဒါကြောင့် Bank Run ဖြစ်လာရင် ဘယ်ဘဏ်မှ မတောင့်ခံနိုင်ပါဘူး။

ဒါပေမဲ့ ကန်ဂျင်ဟူရဲ့ စကားတစ်ခွန်းထဲက ဟိုဆောင်းငွေစုဘဏ်မှာ Bank Run ကို ဖြစ်ပေါ်စေခဲ့တယ်။

လုပ်ငန်းကဏ္ဍမှာ ဒုတိယအကြီးဆုံးဖြစ်တဲ့ ငွေစုဘဏ်ရဲ့ လုပ်ငန်းဆိုင်းငံ့မှုက အကြီးအကျယ် တုန်လှုပ်စရာ ဖြစ်ခဲ့ရတယ်။

ပိုက်ဆံထုတ်ဖို့ ရောက်လာကြသူတွေက အလုပ်တွေ၊ အိမ်တွေကို ပစ်ထားပြီး ရုံးချုပ်နဲ့ ဘဏ်ခွဲတွေရဲ့ ရှေ့မှာ ဖျာတွေခင်းကာ ရည်ရွယ်ချက်မရှိဘဲ စောင့်ဆိုင်းနေကြတယ်။ လုပ်ငန်းတွေ ဘယ်တော့ ပြန်စမလဲဆိုတာ မသိကြပေမယ့် တံခါးပွင့်တာနဲ့ သူတို့ပိုက်ဆံတွေကို ထုတ်ယူဖို့ ဆုံးဖြတ်ထားကြတာပါ။

ဒီပြဿနာက နိုင်ငံရေးထဲအထိ ကူးစက်သွားခဲ့တယ်။

သမ္မတ ပတ်ဆီဟျွန်းက ချက်ချင်းပဲ အရေးပေါ် အစိုးရအဖွဲ့အစည်းအဝေးကို ခေါ်ယူခဲ့ပြီး ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်ပုံရတဲ့ ပြင်းထန်တဲ့ စကားတွေကို ပြောကြားခဲ့တယ်။

"အခြေအမြစ်မရှိတဲ့ မဟုတ်မမှန် ပြောဆိုမှုတွေက ခိုင်မာတဲ့ ငွေစုဘဏ်တစ်ခုကို ပိတ်ပစ်ရတဲ့အထိ ဖြစ်စေခဲ့တယ်။ ဒါက လုံးဝ ခွင့်မလွှတ်နိုင်တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုဖြစ်ပြီး အကျိုးဆက်တွေကို သာမန်ပြည်သူတွေက တိုက်ရိုက် ခံစားရတော့မယ်။ အစိုးရအနေနဲ့ သက်ဆိုင်ရာဘဏ်ကို စာရင်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဘဏ္ဍာရေးတည်ငြိမ်မှုကို ပျက်ပြားစေကာ ဘဏ္ဍာရေးစျေးကွက်ကို အနှောင့်အယှက်ဖြစ်စေမယ့် ကောလာဟလတွေ ဖြန့်ဝေသူတွေကို ပြည်သူ့အာဏာသုံးပြီး ပြတ်ပြတ်သားသား တုံ့ပြန်သွားမှာပါ"

မည်သူမည်ဝါဖြစ်ကြောင်း တိုက်ရိုက်အမည်မဖော်ပေမယ့် သူ ဘယ်သူ့ကို ရည်ရွယ်နေလဲဆိုတာ ရှင်းနေပါတယ်။

သူ့ရဲ့ မျက်နှာအမူအရာနဲ့ အသံကနေ ဒေါသတွေကို ခံစားနေရပြီး အစည်းအဝေးရဲ့ အငွေ့အသက်က တင်းမာသွားခဲ့တယ်။

စီးပွားရေး ဒုတိယဝန်ကြီးချုပ် လီဂျွန်အီက တည်ငြိမ်တဲ့ လေသံနဲ့ ပြောတယ်။

"အစိုးရက ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ပုံမှန်စောင့်ကြည့်ပြီး စာရင်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။ ဒါကြောင့် ဘာပြဿနာမှ မတွေ့ရှိရပါဘူး။ ဘဏ္ဍာရေးအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးတာနဲ့ လုပ်ငန်းတွေကို ပြန်လည်စတင်မှာဖြစ်လို့ အဲဒီအချိန်အထိ စိတ်အေးအေးထားပြီး မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ဆက်လုပ်ကြပါ"

အစိုးရအဖွဲ့အစည်းအဝေး ပြီးဆုံးသွားတဲ့နောက်…

သမ္မတအိမ်တော်နဲ့အတူ ကိုရီးယားတရားမျှတရေးပါတီရဲ့ လွှတ်တော်အမတ် ချွိုင်းမြောင်ဟိုက စိတ်လှုပ်ရှားနေတဲ့ လေသံနဲ့ ကန်ဂျင်ဟူကို ဝေဖန်ခဲ့တယ်။

"ကန်ဂျင်ဟူက ဘာအထောက်အထားမှ မပြဘဲ ပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေကို လှုံ့ဆော်ခဲ့ပြီး Bank Run ကို တမင်တကာ ဖြစ်ပွားစေခဲ့တယ်။ ဒါက ကိုယ်ကျိုးအတွက် ဘဏ္ဍာရေးစျေးကွက်ကို ဖျက်ဆီးဖို့ ရည်ရွယ်တဲ့ စျေးကွက်ကစားသူတစ်ယောက်ရဲ့ ပုံမှန်အပြုအမူပဲ။ ကျွန်တော်တို့ ကန်ဂျင်ဟူကို ချက်ချင်း ဖမ်းဆီးပြီး OTK Company က ဘယ်လို Option တွေကို ဝယ်ယူခဲ့လဲ၊ ဘယ်နေရာတွေမှာ ရင်းနှီးမြှုပ်နှံခဲ့လဲဆိုတာ သေချာစုံစမ်းစစ်ဆေးရမယ်၊ တရားမဝင်ရရှိထားတဲ့ အမြတ်အစွန်းအားလုံးကို သိမ်းဆည်းပြီး ပြစ်ဒဏ်တွေ ချမှတ်ရမယ်"

အတိုက်အခံပါတီကတော့ အပ်နှံသူအများစုက သာမန်ပြည်သူတွေဖြစ်တဲ့အတွက် အခြေအနေကို အမြန်ဆုံး အကဲဖြတ်ပြီး ဟိုဆောင်း ငွေစုဘဏ်ရဲ့ လုပ်ငန်းတွေကို ပြန်လည်စတင်ဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားရင်း စောင့်ကြည့်မည့် သဘောထားကို ပြသခဲ့တယ်။

ဥက္ကဌ မင်ဂျောင်ဂျူးက မီဒီယာတွေကနေတစ်ဆင့် ဘဏ်ရဲ့ အကောင့်သုံးစွဲသူတွေကို စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြခဲ့ပြီး သူ့မှာ အပြစ်မရှိကြောင်း လျှောက်လဲခဲ့တယ်။

"ဟိုဆောင်းငွေစုဘဏ်မှာ ဘာပြဿနာမှ မရှိဘူးဆိုတာကို ကျွန်မ ပြတ်ပြတ်သားသား ပြောချင်ပါတယ်။ လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ ကျွန်မတို့ ဝန်ထမ်းတွေ အစွမ်းကုန် ကြိုးစားနေကြတာမလို့ ကျေးဇူးပြုပြီး နည်းနည်းလောက် သည်းခံပေးကြပါဦး။ သုံးစွဲသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တဲ့အတွက် စိတ်ရင်းနဲ့ တောင်းပန်အပ်ပါတယ်"

ထို့နောက်တွင် သူက မဟုတ်မမှန် သတင်းများ ဖြန့်ဝေမှုကြောင့် လုပ်ငန်းအနှောင့်အယှက်ဖြစ်စေမှုဖြင့် တိုင်ကြားစာ တင်သွင်းခဲ့ပြီး အမှုစစ်ရုံးကလည်း အမှုကို ချက်ချင်းလွှဲပြောင်းရယူကာ ကန်ဂျင်ဟူကို သံသယရှိသူအဖြစ် ဆင့်ခေါ်ခဲ့တော့တယ်။

All Chapters