← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း (၁၃၇)

ကန်ဂျင်ဟူရဲ့ စကားတစ်ခွန်းထဲက Bank Runကို ဖြစ်ပေါ်စေခဲ့ပြီး ဟိုဆောင်းငွေစုဘဏ်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ဆိုင်းငံ့သွားစေခဲ့တယ်။

အပ်နှံသူတွေက သူတို့ရဲ့ စုဆောင်းငွေတွေအတွက် စိုးရိမ်ပူပန်နေကြပြီး ဒီကိစ္စနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့သူတွေကတော့ ဘေးလူအဖြစ်နဲ့ပဲ အခြေအနေတွေကို စောင့်ကြည့်နေကြတာပါ။

ဟားဟား၊ ဒါက ဒုတိယအချီပဲ။ သမ္မတနဲ့ အိုတာကူရဲ့ တိုက်ပွဲ။

ဝမ် သန်း ၂သိန်း အပ်နှံဖို့ လာကမ်းလှမ်းတာက ငါးစာချလိုက်တာ သက်သက်ပဲပေါ့။

ဒါက အကွက်ဆင်တာလေ။ မအေဘေးတွေရဲ့။

ဒါနဲ့ ဟိုဆောင်းငွေစုဘဏ်ရဲ့ မတည်ငြိမ်မှုကို ဘာလို့ ထောက်ပြခဲ့တာလဲ။

သမ္မတရဲ့ ယောက္ခမတွေနဲ့ ပတ်သက်နေလို့လေ။ သူ့သမက်က အဲဒီမှာ အဆင့်မြင့်အရာရှိတစ်ယောက် ဖြစ်နေတာ။

သူတို့တွေ တကယ်ကြီး ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်နေကြတဲ့ပုံပဲ။

ဒါက တကယ့်ကို ရင်ခုန်စရာကောင်းတယ်။

ဒါပေမဲ့ စွပ်စွဲချက်အတွက် ခိုင်လုံတဲ့ အထောက်အထား ရှိလို့လား။

ဘာအခြေခံမှမရှိဘဲ ပြောပါ့မလား။ တကယ်လို့ အာချောင်တာဆိုရင်တော့ တကယ့်ပြဿနာပဲ။

ဘာလို့လဲ။ သူတို့ Put Option တွေ ဝယ်ထားလို့လည်း ဖြစ်နိုင်တာပဲ။

ကိုယ်တိုင်ကတော့ ကန်ဂျင်ဟူကို သဘောမကျဘူး၊ ဒါပေမဲ့ ပိုက်ဆံနဲ့ ပတ်သက်လာရင်တော့ သူ့စကားကို နားထောင်တာ အကောင်းဆုံးပဲ။

ကန်ဂျင်ဟူက လူလိမ်တစ်ယောက်လိုပဲ။ ကုမ္ပဏီက နှစ်အနည်းငယ်အတွင်း ဒေဝါလီခံရပြီး သူလည်း အဖမ်းခံရလိမ့်မယ် ထင်တယ်။

အဲဒီလို ပြောတဲ့သူတွေကပဲ သူညွှန်းတဲ့ စတော့ရှယ်ယာတွေကို အရင်ဆုံး ပြေးဝယ်ကြတာမလား။

ဟားဟား၊ ဟုတ်တယ်။ သဘောတူတယ်။

ဟိုဆောင်းငွေစုဘဏ် ရုံးချုပ်ရှိတဲ့ ဒေသက မြို့တော်ဝန်၊ ခရိုင်မှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးကအစ မြို့နယ်နဲ့ ခရိုင်ကောင်စီဝင်တွေအထိ အများစုက ကိုရီးယားပါတီဝင်တွေပါ။

လွှတ်တော်အမတ်နေရာ ၁၂ နေရာအနက် ၉ နေရာက ကိုရီးယားပါတီက ဖြစ်ပြီး ကျန်တဲ့ ၃ နေရာကတော့ ကိုရီးယားပါတီရဲ့ အမည်စာရင်း တင်သွင်းမှုမှာ ရှုံးနိမ့်ခဲ့တဲ့ တစ်သီးပုဂ္ဂလတွေ ဖြစ်ကြပါတယ်။

တကယ်လို့ ဟိုဆောင်းငွေစုဘဏ်သာ မတည်ငြိမ်မှုကြောင့် ဒေဝါလီခံရမယ်ဆိုရင် ရိုက်ခတ်မှုက စိတ်ကူးလို့တောင် ရမှာမဟုတ်ဘူး။

ဒီအကြောင်းပြချက်ကြောင့် သမ္မတ၊ ဝန်ကြီးချုပ်၊ စီးပွားရေး ဒုတိယဝန်ကြီးချုပ်၊ လွှတ်တော်အမတ်တွေနဲ့ ဒေသန္တရ ကောင်စီဝင်တွေ အားလုံးက ဟိုဆောင်းငွေစုဘဏ်က ဘေးကင်းပါတယ်ဆိုပြီး ပြည်သူတွေကို စိတ်အေးအောင် ဝိုင်းဝန်းပြောဆိုကြပြီး ဒေသခံတွေရဲ့ စိုးရိမ်စိတ်ကို လျှော့ချပေးခဲ့ကြတယ်။

ကင်ဆွန်ယာက ဈေးထောင့်လေးတစ်ခုမှာ စားသောက်ဆိုင် သေးသေးလေးတစ်ခု ဖွင့်ထားတဲ့သူပါ။

နေ့တိုင်း မိုးရွာရွာ နေပူပူ မနက်အစောကြီးကနေ ညနက်တဲ့အထိ သူက မောပန်းနွမ်းနယ်စွာနဲ့ အလုပ်လုပ်ခဲ့တယ်။ ရှာဖွေလို့ရတဲ့ ပိုက်ဆံတွေနဲ့ သားသမီးငါးယောက်ကို အောင်အောင်မြင်မြင် ပြုစုပျိုးထောင်ပြီး အိမ်ထောင်ချပေးနိုင်ခဲ့တယ်။ IMF အကြပ်အတည်းတုန်းက သူ့ယောကျ်ားက စတော့စျေးကွက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ အကုန်ဆုံးရှုံးပြီး အကြွေးတွေ တင်ကျန်ခဲ့တဲ့ အချိန်မှာတောင် သူက အပြင်းအထန် အလုပ်လုပ်ပြီး အကြွေးတွေကို အကုန်ဆပ်ခဲ့သလို ပိုက်ဆံတွေကိုလည်း စုဆောင်းနိုင်ခဲ့သေးတာပါ။

ဒါပေမဲ့ အသက်အရွယ်ကြောင့် သူ့ခန္ဓာကိုယ်က ပိုပြီးတော့ မောပန်းလာခဲ့ရပြီ။ ဘယ်လောက်အထိ ဆက်ပြီး အလုပ်လုပ်နိုင်ဦးမလဲဆိုတာ မသိတော့ဘူး။

သူ့ရဲ့ ကျန်ရှိနေတဲ့ ဆန္ဒကတော့ မသေခင်အထိ သားသမီးတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်တာပါပဲ။

ကံကောင်းထောက်မစွာနဲ့ပဲ အိုစာမင်းစာအတွက် ပိုက်ဆံတချို့ကို စုဆောင်းနိုင်ခဲ့တယ်။

ဒါပေမဲ့ တစ်နေ့မှာတော့ ရုတ်တရက်ကြီး ကန်ဂျင်ဟူက ဟိုဆောင်းငွေစုဘဏ်ရဲ့ ပြဿနာတွေကို ထောက်ပြပြီး အပ်နှံငွေတွေကို ပြန်ထုတ်ဖို့ တိုက်တွန်းလိုက်တယ်။

ဒီသတင်း ထွက်လာတဲ့အခါမှာတော့ ဈေးတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ရတယ်။ ကုန်သည်အများစုက နေ့စဉ်ရရှိတဲ့ ဝင်ငွေတွေကို ဟိုဆောင်းငွေစုဘဏ်မှာပဲ အပ်နှံထားကြတာလေ။

ကင်ဆွန်ယာက တခြားကုန်သည်တွေနဲ့အတူ မနက်အစောကြီး ဘဏ်ဆီကို ပြေးသွားခဲ့တယ်။ ဒါပေမဲ့ ဘဏ်ခွဲရဲ့ အပြင်ဘက်မှာ လူတွေက အများကြီး စုပြုံနေခဲ့ကြပါပြီ။

သူတို့က ပိုက်ဆံတွေကို အသည်းအသန် ပြန်ထုတ်ဖို့ ကြိုးစားခဲ့ကြပေမယ့် ဘဏ်က ဖွင့်ပြီး တစ်နာရီတောင် မပြည့်ခင်မှာပဲ လုပ်ငန်းတွေကို ဆိုင်းငံ့လိုက်ကြတယ်။ ကုန်သည်တွေလည်း သူတို့ရဲ့ အလုပ်တွေကို ပစ်ထားခဲ့ပြီး စိုးရိမ်တကြီးနဲ့ ဟိုဟိုဒီဒီ လျှောက်သွားနေကြတယ်။

"ဘဏ်သာ ပြိုလဲသွားရင် ငါတို့ ပိုက်ဆံတွေ အကုန်ဆုံးရှုံးရတော့မှာ"

"အဲလို နိမိတ်မကောင်းတဲ့ စကားတွေ မပြောပါနဲ့"

"မဟုတ်ဘူးလေ။ ငါက စိုးရိမ်လို့ ပြောတာပါ"

ဘာဖြစ်လာမလဲဆိုပြီး စိုးရိမ်နေကြတဲ့ အချိန်မှာပဲ ကံကောင်းစွာနဲ့ သမ္မတနဲ့ နိုင်ငံရေးသမားတွေက ကြားဝင်လာပြီး အားလုံးအဆင်ပြေသွားမှာပါလို့ ပြောခဲ့ကြတယ်။

အဲဒါကြောင့်မလို့ပဲ တင်းမာနေတဲ့ အခြေအနေက စတင်ပြီး တည်ငြိမ်သွားခဲ့တယ်။

ရုံးချုပ်မှာတော့ ဘဏ်ခွဲမန်နေဂျာ ပတ်ဂျွန်ဆန်းက သုံးစွဲသူတွေကို တိုကင်နံပါတ်တွေ ဝေငှပေးဖို့ အမိန့်အရ ဝန်ထမ်းတွေနဲ့အတူ အပြင်ကို ထွက်လာခဲ့တယ်။

သူက အသံချဲ့စက်နဲ့ လှမ်းပြောလိုက်တယ်။

"အားလုံးပဲ အစိုးရရဲ့ ထုတ်ပြန်ချက်ကို ကြားပြီးကြပြီ ဖြစ်မှာပါ။ ကန်ဂျင်ဟူက မဟုတ်မမှန် ကောလာဟလတွေကို ဖြန့်ဝေခဲ့တာမလို့ ကျွန်တော်တို့ ခေတ္တခဏပဲ ပိတ်ထားတာပါ။ မကြာခင်မှာ ပြန်ဖွင့်မှာမလို့ စိုးရိမ်စရာ မရှိပါဘူး။ အခု တိုကင်နံပါတ်တွေ ဝေပေးမှာ ဖြစ်ပြီး ပြန်ဖွင့်တဲ့အခါ အဲဒီနံပါတ်တွေအတိုင်း စနစ်တကျ လုပ်ဆောင်ပေးသွားမှာပါ။ ဒါကြောင့် တစ်ယောက်တစ်ခုစီ ယူပြီး အိမ်ကို ပြန်နှင့်ကြပါ"

ဘဏ် ဘယ်တော့ ပြန်ဖွင့်မလဲဆိုတာ မသိရသေးတဲ့ အခြေအနေမျိုးမှာ ဒီအတိုင်း ထိုင်စောင့်နေဖို့က မဖြစ်နိုင်တာကြောင့် နံပါတ်ယူတဲ့ နေရာမှာ အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပေမယ့် လူတွေက နံပါတ်တွေကို ယူလိုက်ကြတယ်။

ကင်ဆွန်ယာက နံပါတ်တွေ ဝေပေးနေတဲ့ ဟာအွန်ဂျီရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တယ်။

"အွန်ဂျီ။ အဖွားရဲ့ ပိုက်ဆံတွေ အဆင်ပြေရဲ့လား။ အဲဒါက အဖွားရဲ့ တစ်သက်တာ စုဆောင်းငွေ အားလုံးပဲ။ အဲဒါမရှိရင် အဖွားကော အဖိုးကြီးကော သေရလိမ့်မယ်"

ဟာအွန်ဂျီက အတင်းပဲ ပြုံးပြလိုက်တယ်။

"ရက်အနည်းငယ်အတွင်းမှာ ပြေလည်သွားမှာပါ။ အဖွားရယ်။ သမ္မတနဲ့ နိုင်ငံရေးသမားတွေ အားလုံးကလည်း အဆင်ပြေတယ်လို့ ပြောထားကြတာပဲလေ"

သူ့စကားကြောင့် ကင်ဆွန်ယာက ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်တယ်။

"မှန်တာပေါ့၊ မှန်တာပေါ့။ ငါတို့ သမ္မတက နိုင်ငံမှာ အလေးစားရဆုံး လူကြီးမင်းပဲ မဟုတ်လား။ သူလို လူမျိုးက အဆင်ပြေတယ်လို့ ပြောရင်တော့ တကယ်ပဲ အဆင်ပြေမှာပါ"

"အသေအချာပေါ့။ အဖွားရယ်။ စိုးရိမ်စရာ မလိုပါဘူး"

ဒါပေမဲ့ ကင်ဆွန်ယာကတော့ စိုးရိမ်စိတ်ကို အလွယ်တကူ ဖျောက်ဖျက်နိုင်ခြင်း မရှိသေးဘူး။

"ဒါဆိုရင် ကန်ဂျင်ဟူ ဆိုတဲ့ ကောင်ရဲ့ စကားကို စိုးရိမ်နေစရာ မလိုဘူးပေါ့ ဟုတ်လား"

ဘေးနားက အဖိုးအိုတစ်ယောက်က သူ့ရဲ့ စကားကို ထောက်ခံတဲ့အနေနဲ့ လှမ်းအော်ပြောတယ်။

"အဲဒီကောင်က လူလိမ်အစစ်ပဲ။ လူတွေကို အဓိပ္ပာယ်မရှိတာတွေနဲ့ စိုးရိမ်အောင်လုပ်ပြီး ပိုက်ဆံတွေကို လိမ်ယူဖို့ ကြိုးစားနေတာ"

ဘေးပတ်ဝန်းကျင်က လူတွေကလည်း တပြိုင်ထဲ ထောက်ခံကြတယ်။

"သူက တကယ့် လူယုတ်မာပဲ"

"သူက ပိုက်ဆံရှာဖို့အတွက် ဒါမျိုးလုပ်နေတာ နှစ်တွေအတော်ကြာပြီလို့ ပြောကြတယ်"

"ယုတ္တိရှိရှိ စဉ်းစားကြည့်လေ။ သမ္မတက သူ့ယောက္ခမတွေ ဖွင့်ထားတဲ့ ငွေစုဘဏ်ကို အပျက်စီးခံပါ့မလား"

"အမှန်ပဲ။ ဟိုဆောင်းငွေစုဘဏ်က ကိုရီးယားမှာ ဒုတိယအကြီးဆုံး ဘဏ်မဟုတ်ဘူးလား။ ဒီလောက်ကြီးတဲ့ ဘဏ်က ပြိုလဲသွားမယ်ဆိုတာက အဓိပ္ပာယ်ရှိလို့လား"

"အဲဒီ လူယုတ်မာက ကောလာဟလတွေ ဖြန့်နေတာ သက်သက်ပဲ"

လူအုပ်ကြီးက ဘဏ်ကို အပြစ်တင်မယ့်အစား ကန်ဂျင်ဟူကိုပဲ တညီတညွတ်ထဲ ကန့်ကွက်ရှုတ်ချနေကြတာပါ။

စုဝေးနေကြတဲ့သူတွေက ဟိုဆောင်းငွေစုဘဏ်သာ ဒေဝါလီခံရရင် သူတို့ ထိခိုက်ရမယ်ဆိုတာကို သိနေကြတယ်။ ဒါကြောင့် သမ္မတရဲ့ စကားက မှန်ရမှာ ဖြစ်ပြီး ကန်ဂျင်ဟူရဲ့ စကားက မှားရမှာလို့သာ အတင်းအကြပ်တွေးလိုက်ကြတယ်။

ဒါက ယုံကြည်ချက်ထက်စာရင် မျှော်လင့်ချက်တစ်ခု ပိုဖြစ်နေခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် လူအုပ်ကြီးက တညီတညွတ်ထဲ ပြောနေကြတာကြောင့် ကင်ဆွန်ယာလည်း စိတ်အနည်းငယ် အေးသွားခဲ့ရတယ်။

ပတ်ဂျွန်ဆန်းက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ်။

"ကန်ဂျင်ဟူက မနက်ဖြန် စစ်ဆေးမေးမြန်းမှုအတွက် အမှုစစ်ရုံးကို လာရမယ်လို့ ကြားတယ်"

ဈေးကုန်သည်တစ်ယောက်က လက်ကို မြှောက်ပြီး လှမ်းအော်တယ်။

"ငါတို့ ဒီတိုင်း ရပ်ကြည့်မနေသင့်ဘူး၊ အဲဒီကောင်ရဲ့ မျက်နှာကို သွားကြည့်ကြရအောင်"

သူ့စကားကြောင့် လူတွေက တညီတညွတ်ထဲ သဘောတူလိုက်ကြတယ်။

"ကောင်းပြီလေ။ သွားကြစို့"

လူတစ်ယောက်က သူ့ရဲ့ တစ်သက်တာအတွင်း အမှုစစ်ရုံးကို ဘယ်နှစ်ကြိမ်လောက် သွားဖို့ လိုအပ်မယ်လို့ထင်လဲ။

ဒီတစ်ကြိမ်မှာတော့ ဆိုးလ်ဗဟိုခရိုင် အမှုစစ်ရုံး မဟုတ်ဘဲ ဒေသန္တရ ခရိုင်အမှုစစ်ရုံး ဖြစ်နေခဲ့တာပါ။

ဒါကြောင့် ကျွန်တော်က သံသယရှိသူအဖြစ် စစ်ဆေးမေးမြန်းခံဖို့အတွက် ကားမောင်းပြီး ဆင်းလာခဲ့ရတယ်။ တစ်ယောက်ထဲ သွားလို့ရပေမယ့် တက်ဂယူကတော့ အတူတူ လိုက်ခဲ့မယ်ဆိုပြီး ဇွတ်လုပ်နေခဲ့တာလေ။

ကျွန်တော့်အမေ စိုးရိမ်နေမှာကို သိလို့ လမ်းမှာ ဖုန်းလှမ်းဆက်လိုက်တယ်။

[သားရယ်။ ဘာလို့ မလိုအပ်တာတွေ လျှောက်ပြောပြီး ပြဿနာ ရှာပြန်ရတာလဲ]

"အမေကလည်း အဲဒီလို မဟုတ်ပါဘူး..."

[ဒီတိုင်း ငြိမ်ငြိမ်နေရင် ဘာမှ ဖြစ်မှာမဟုတ်ဘူး။ သားက ဘယ်သူ့ဆီက အကျင့်တွေ ရလာတာလဲမသိဘူး...]

ပွစိပွစိ ပြောပြီးတဲ့နောက်မှာတော့ အမေက စိုးရိမ်ပူပန်တဲ့ လေသံနဲ့ မေးတယ်။

[ဒီတစ်ကြိမ်တော့ တကယ် အဖမ်းမခံရဘူး မဟုတ်လား]

"မခံရပါဘူး အမေရဲ့။ ဒီတိုင်း စစ်ဆေးမေးမြန်းရုံ သက်သက်ပါ"

[တကယ်လို့ သားသာ ဒီတစ်ကြိမ် အဖမ်းခံရရင်တော့ အမေ ရင်ကွဲနာကျလိမ့်မယ်ဆိုတာ မှတ်ထားဦး]

"သိပါပြီဗျာ။ စိုးရိမ်မနေပါနဲ့"

အမေ့ကို တတ်နိုင်သမျှ စိတ်အေးအောင် ပြောပြီးတဲ့နောက် ဖုန်းချလိုက်တယ်။

တက်ဂယူက မေးတယ်။

"ဒါနဲ့ မင်းက ရှေ့နေမပါဘဲ တကယ် အဆင်ပြေရဲ့လား။ ချေဘော ဥက္ကဌတွေလိုမျိုး ထိပ်တန်းရှေ့နေအဖွဲ့ကို ငှားသင့်တာ မဟုတ်ဘူးလား"

"ကိစ္စက အဲလောက်အထိ ကြီးမားတာ မဟုတ်ပါဘူးကွာ"

အဲဒီလူတွေက ဖုံးကွယ်ထားစရာတွေ အများကြီး ရှိလို့လေ။ ကျွန်တော့်မှာတော့ ဘာဖုံးကွယ်ထားစရာမှ မရှိပါဘူး။

အမှုစစ်ရုံးနားကို နီးကပ်လာတဲ့အခါ တက်ဂယူက ပြောတယ်။

"မင်း ရောက်လာတာကို လူသိရှင်ကြား ထုတ်ပြန်ထားပုံရတယ်။ ငါတို့ကို ကြိုဆိုနေတဲ့ လူအုပ်ကြီးကို ကြည့်လိုက်ဦး"

အမှုစစ်ရုံးရဲ့ အရှေ့မှာတော့ ရဲတွေက ဝန်းကျင်ကို ထိန်းချုပ်ထားပြီး လူပေါင်း ဒါဇင်ချီ စုဝေးကာ ကန့်ကွက်ဆန္ဒပြနေကြတယ်။

" 'ဘဏ္ဍာရေးလူလိမ် ကန်ဂျင်ဟူကို ဖမ်းဆီးပါ'ဆိုတဲ့ စာတွေကိုင်ပြီး အော်နေကြတာပါလား"

"……"

ကျွန်တော် ဘာတွေ အမှားလုပ်မိလို့လဲ။

စုဝေးနေကြတဲ့သူ အများစုက အသက် ၅၀ ကျော် အရွယ် သက်ကြီးရွယ်အိုတွေပါ။ သူတို့အားလုံးက ဟိုဆောင်းငွေစုဘဏ်ရဲ့ အပ်နှံသူတွေ ဖြစ်ကြပါလိမ့်မယ်။

သူတို့ရဲ့ ခံစားချက်ကို ကျွန်တော် အပြည့်အဝ နားလည်နိုင်ပါတယ်။

တကယ်လို့ ကျွန်တော့်ပိုက်ဆံတွေ ထည့်ထားတဲ့ ဘဏ်သာ ပိတ်သွားရင် ကျွန်တော်လည်း ဒီလိုပဲ ခံစားရမှာလေ။

"မှန်ချပြီး လက်တစ်ချက်လောက် ပြလိုက်ပါဦး"

"...လက်သွားပြရင် ငါ့ကိုဝိုင်းရိုက်မှာပေါ့ဟ "

ပင်မဝင်ပေါက်နားကို ရောက်လာတဲ့အခါ အော်ဟစ်သံတွေကို ကြားလိုက်ရတယ်။

"စျေးကစားသူ ကန်ဂျင်ဟူကို အပြစ်ပေးကြ"

"အပြစ်ပေးကြ"

"လူလိမ် ကန်ဂျင်ဟူကို ဖမ်းဆီးကြ"

"ဖမ်းဆီးကြ"

ကားက အမှုစစ်ရုံးအတွင်းထဲကို မောင်းဝင်သွားခဲ့တယ်။

အဆောက်အဦးရဲ့ ဝင်ပေါက်မှာတော့ သတင်းထောက်တွေက ကင်မရာတွေ၊ မိုက်ခရိုဖုန်းတွေနဲ့ စောင့်ဆိုင်းနေကြတယ်။

"အဆင်ပြေပါစေ"

"နောက်မှ တွေ့မယ်"

ကျွန်တော် ကားပေါ်က ဆင်းပြီး သတင်းထောက်တွေရဲ့ ရှေ့မှာ ရပ်လိုက်တယ်။

ဖြတ်။ ဖြတ်

ကင်မရာ ရှပ်တာသံတွေက ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး သတင်းထောက်တွေက မေးခွန်းတွေနဲ့တလစပ် ဗုံးကြဲသလို မေးကြတော့တယ်။

"အခု ဘယ်လို ခံစားရလဲ"

"စွဲချက်တွေကို ဝန်ခံပါသလား"

"ဘယ်လို ရည်ရွယ်ချက်နဲ့ အဲဒီလို ပြောခဲ့တာလဲ "

ကျွန်တော် စိတ်ထဲကနေပဲ သက်ပြင်းချလိုက်မိတယ်။

ကျွန်တော့်မျက်နှာက ဒီနေ့လည်း သတင်းတွေမှာ ပြည့်နှက်နေအောင် ပါလာဦးမှာပဲ။ ဂျင်ကျောင်ဟိုလည်း ဒါကို ကြည့်နေလိမ့်မယ်ထင်တယ်။

ကျွန်တော် ကင်မရာတွေကို ကြည့်ပြီး ပြင်ဆင်ထားတဲ့ စကားတွေကို ပြောလိုက်တယ်။

"ကျွန်တော် အမှုစစ်ရုံးရဲ့ စုံစမ်းစစ်ဆေးမှုကို စိတ်ရင်းနဲ့ ပါဝင်ဆောင်ရွက်သွားမှာပါ"

ကျွန်တော် အတွင်းထဲကို ဝင်ခါနီးမှာပဲ သတင်းထောက်တစ်ယောက်က လှမ်းအော်တယ်။

"ထိခိုက်နစ်နာသူတွေအတွက် ဘာနောင်တမှ မရဘူးလား။ မဝင်ခင် အနည်းဆုံး တောင်းပန်စကားတစ်ခွန်းလောက်တော့ ပြောသွားပါဦး"

ဂျောင်အီဘိုက သတင်းထောက်တစ်ယောက်က မေးလိုက်တာပါ။

ကျွန်တော် သူ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။

"ကျွန်တော် ဘာလို့ တောင်းပန်ရမှာလဲ။ ဒီဖြစ်ရပ်ကြောင့် ထိခိုက်သွားရတဲ့ ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ရပေမယ့် တာဝန်ကတော့ စာရင်းအင်းလိမ်လည်မှုတွေနဲ့ ကြွေးမြီဆိုးတွေကို ဖုံးကွယ်ထားခဲ့တဲ့ ဟိုဆောင်းငွေစုဘဏ်ရဲ့ စီမံခန့်ခွဲမှုပိုင်းနဲ့ သူတို့ကို သေသေချာချာ ကြီးကြပ်ဖို့ ပျက်ကွက်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်းတွေမှာပဲ ရှိတာလေ။ သူတို့ကသာ တောင်းပန်ရမယ့်သူတွေပါ"

ရှေ့နေက တရားခံအပေါ် သေဒဏ်ပေးနိုင်တဲ့ အာဏာ (တရားစွဲဆိုပိုင်ခွင့် အာဏာ) ကို ကိုင်တွယ်ထားတဲ့သူမျိုးပါ။ ဒါကြောင့် အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အမှုစစ်ရုံးကို လာရတဲ့အခါ လူတိုင်းက စိုးရိမ်စိတ်ပူတတ်ကြပါတယ်။

ဒါ့အပြင် အိမ်ကြက်ချင်း အိုးမည်းသုတ်ပြီး ခွပ်ခိုင်းတယ်ဆိုတဲ့ စကားလိုမျိုး အမှုစစ်ရုံးက ရှေ့နေရဲ့ နယ်မြေပဲလေ။ ဆန့်ကျင်ဘက်အနေနဲ့ ပထမဆုံးအကြိမ် လာရောက်တဲ့သူ အတွက်တော့ ပတ်ဝန်းကျင်က စိမ်းသက်သက်ဖြစ်နေမှာပါ။

ဒါပေမဲ့ ကျွန်တော်က အရင်က တစ်ကြိမ် အဖမ်းခံခဲ့ဖူးတာကြောင့်လားတော့မသိဘူး။ အထူးတလည် စိုးရိမ်စိတ် တင်းမာမနေခဲ့ဘူး။ စိုးရိမ်စိတ်အစား စိတ်အနှောင့်အယှက်ပဲ ပိုဖြစ်နေရတယ်။

ငါက ဘာလို့ ဒီနေရာမှာ ဒါတွေ လာလုပ်နေရတာလဲ။

ကျွန်တော့်ကို စစ်ဆေးမေးမြန်းခန်းထဲကို လိုက်ပို့ပေးခဲ့တယ်။

ရှေ့နေရဲ့ နာမည်က ရန်ဆွန်းဟို ဖြစ်ပြီး အသက် ၃၀ ကျော် အရွယ် လူငယ်တစ်ယောက်ပါ။

"ထိုင်ပါ "

"ဟုတ်ကဲ့"

ကျွန်တော် ခုံပေါ်မှာ သက်တောင့်သက်သာ ထိုင်လိုက်ပေမယ့် အသက် ၄၀ ကျော် အရွယ် စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်က ကျွန်တော့်ကို လှမ်းအော်တယ်။

"ခြေထောက် မချိတ်နဲ့။ ရှေ့နေရဲ့ ရှေ့မှာ ဘာလို့ ဒီလောက် မလေးမစား လုပ်နေတာလဲ"

ကျွန်တော်က မောက်မာချင်တဲ့ ဆန္ဒမရှိပါဘူး။ ဒါပေမဲ့ သတိမထားမိဘဲ ခြေထောက် ချိတ်မိသွားတာပါ။ ပြန်ချလိုက်လို့ ရပေမယ့် သူ့ရဲ့ အမိန့်ပေးတဲ့ လေသံကိုတော့ တကယ် သဘောမကျဘူး။

ကျွန်တော် သူ့ကို ပြန်မေးလိုက်တယ်။

"ရှေ့နေရဲ့ ရှေ့မှာ ခြေထောက်မချိတ်ရဘူးဆိုတဲ့ ဥပဒေ ရှိလို့လား"

"ဘာ…. ဘာပြောတယ်"

"တစ်ခုခု နားလည်မှုလွဲနေပုံရတယ်။ ကျွန်တော်က ရာဇဝတ်ကောင် ဒါမှမဟုတ် ပြစ်မှုကျူးလွန်သူ မဟုတ်ဘူးနော်။ စစ်ဆေးမေးမြန်းမှုကို ကူညီပေးဖို့ လာခဲ့တဲ့ သာမန်ပြည်သူတစ်ယောက်ပါ။ အပြစ်မရှိကြောင်း အယူအဆကို မသိဘူးလား။ စွဲချက်တင်ခံရရုံနဲ့တင် ကျွန်တော့်ရဲ့ အလုပ်ရှုပ်နေတဲ့ အချိန်တွေကို ဖယ်ပြီး စစ်ဆေးမေးမြန်းဖို့ လာပေးတာကတင် ကျွန်တော့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ပေးနေတာလို့ ခေါ်လို့ရနေပြီ"

စုံစမ်းစစ်ဆေးရေးမှူးက အံ့အားသင့်သွားတဲ့ မျက်နှာ ဖြစ်သွားခဲ့ရတယ်။

တကယ့် ရာဇဝတ်ကောင် မဟုတ်ရင် ဘယ်သူက ဒီလိုမျိုး ပြန်ပြောရဲမှာလဲ။

ရှေ့နေ ရန်ဆွန်းဟိုက လက်ခါပြလိုက်တယ်။

"ရပါတယ်။ စုံစမ်းစစ်ဆေးရေးမှူး။ ဒါကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ်။ နေရာမှာ ပြန်ထိုင်ပါ"

"နားလည်ပါပြီ"

စုံစမ်းစစ်ဆေးရေးမှူးက မကျေနပ်တဲ့ မျက်နှာအမူအရာနဲ့ပဲ သူ့နေရာကို ပြန်သွားခဲ့တယ်။

"မှတ်ပုံတင် ယူလာခဲ့လား "

"ဟုတ်ကဲ့"

မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးပြီးတဲ့နောက် တရားဝင် စုံစမ်းစစ်ဆေးမှု စတင်ခဲ့တယ်။

ပုံမှန်အတိုင်းပဲ မျှော်လင့်ထားတဲ့ မေးခွန်းတွေက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့တာ။

"ဘာဖြစ်လို့ အဲဒီလို ပြောခဲ့တာလဲ "

"ကျွန်တော် ပြောခဲ့တဲ့အတိုင်းပါပဲ။ ပိုက်ဆံအပ်ဖို့အတွက် ဒေတာတွေကို ဆန်းစစ်နေတုန်းမှာ စာရင်းအင်းလိမ်လည်မှုတွေကတစ်ဆင့် အကြီးစား ဘဏ္ဍာရေး ပြဿနာတွေကို ဖုံးကွယ်ထားတယ်လို့ သံသယရှိခဲ့လို့ပါ"

"ခိုင်လုံတဲ့ အထောက်အထား ရှိလို့လား "

"ဝင်လာတဲ့ ပိုက်ဆံထက် ထွက်သွားတဲ့ ပိုက်ဆံက ပိုများနေတာလေ။ ကိန်းဂဏန်းတွေက ကိုက်ညီမှုမရှိရင် မမှန်မကန် လုပ်ထားတယ်လို့ သံသယရှိတာက သဘာဝမကျဘူးလား"

"ဒါဆိုရင် ဒါက သံသယသက်သက်ပဲပေါ့"

"ကျိုးကြောင်းဆီလျော်တဲ့ သံသယပါ"

"ဒါဆိုရင် ခင်ဗျားရဲ့ စကားက Bank Run ကို ဖြစ်ပေါ်စေနိုင်တယ်ဆိုတာကို သိခဲ့လား "

မသိဘူးလို့ ပြောတာက ပိုကောင်းလိမ့်မယ်...

ဒါပေမဲ့ ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

"ဟုတ်ကဲ့။ သိခဲ့ပါတယ်"

သူ့မျက်နှာမှာ အံ့သြမှုတွေ ဖြတ်ပြေးသွားခဲ့ရတယ်။

"အဲဒါကို သိရက်နဲ့ ပြောခဲ့တာပေါ့"

"ဘာပဲဖြစ်ဖြစ် ဟိုဆောင်းငွေစုဘဏ်က ဒေဝါလီခံရမှာ ဖြစ်ပြီး အပ်နှံငွေအားလုံးကို ပြန်ပေးနိုင်မှာ မဟုတ်ဘူး။ အဲဒီအချိန်အတွင်းမှာ ဘဏ်ခွဲအသီးသီးက ရေရှည်အပ်နှံငွေတွေကို ပျော်ပျော်ကြီး လက်ခံနေပြီး အဆင့်နိမ့် ငွေတိုက်စာချုပ်တွေကိုလည်း အသည်းအသန် ရောင်းချနေခဲ့တာလေ။ အခုလို အချိန်မှာ ပြိုလဲသွားတာက ပိုကောင်းပါတယ်။ အနည်းဆုံးတော့ ထိခိုက်ပျက်စီးမှုကို လျှော့ချနိုင်တာပေါ့။ ထပ်ပြီး ထိခိုက်မှုတွေ မဖြစ်အောင် တားဆီးပေးသင့်တာ မဟုတ်ဘူးလား"

"တကယ်လို့ ဒါက မဟုတ်မမှန် သတင်းအချက်အလက် ဖြစ်နေရင်တော့ ခင်ဗျား ပြစ်ဒဏ်ခံရလိမ့်မယ်"

ကျွန်တော် ယုံကြည်မှုအပြည့်နဲ့ ခေါင်းညိတ်ပြလိုက်တယ်။

"ကောင်းမွန်တဲ့ ငွေစုဘဏ်တစ်ခုကို လုပ်ငန်းဆိုင်းငံ့အောင် မဟုတ်မမှန် သတင်းတွေ ဖြန့်ဝေခဲ့ရင် ပြစ်ဒဏ်ခံရမှာက သဘာဝကျပါတယ်။ အဲဒီအတွက် ကျွန်တော် ပြင်ဆင်ထားပြီးသားပဲ။ ဒါပေမဲ့ တကယ်လို့ ကျွန်တော့်စကားက မှန်နေခဲ့ရင်ကော ဘာဖြစ်မလဲ"

ပြည်သူတွေရဲ့ ပိုက်ဆံကို ယူပြီး ကြွေးမြီဆိုးတွေ ထုတ်ချေးခဲ့တဲ့သူတွေ၊ အဲဒါကို ဖုံးကွယ်ဖို့ စာရင်းတွေကို မမှန်မကန် လုပ်ခဲ့တဲ့သူတွေ၊ မျက်စိမှိတ်ပြီး အကျိုးအမြတ် ရှာခဲ့ကြတဲ့သူတွေ။

သူတို့အားလုံး တာဝန်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

သေချာတာပေါ့။ ပတ်ဆီဟျွန်းလည်း လွတ်မှာ မဟုတ်ဘူး။

All Chapters