← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း (၁၃၈)

ကျွန်တော့်မှာ ပိုက်ဆံတွေအများကြီးရှိပြီး ရိုနယ်နဲ့လည်း ပတ်သက်နေတယ်ဆိုတာကို လူတိုင်းက သိကြတယ်။

အဲဒီအချက်ကြောင့်ပဲ ထင်ပါတယ်။ စုံစမ်းစစ်ဆေးမှုက တည်ငြိမ်အေးဆေးတဲ့ အခြေအနေမျိုးမှာပဲ ပြီးဆုံးသွားခဲ့တယ်။ အရင်တုန်းက စစ်ဆေးမေးမြန်းခံရတာတွေနဲ့မတူဘဲ ဒီတစ်ကြိမ်မှာတော့ ခြိမ်းခြောက်တာ ဒါမှမဟုတ် ရန်လိုတဲ့ အပြုအမူမျိုးတွေ လုံးဝမရှိခဲ့ဘူး။

ငါးနာရီကြာ စစ်ဆေးမေးမြန်းပြီးတဲ့နောက်မှာတော့ ကျွန်တော်က ထွက်ဆိုချက်တွေကို ပြန်လည်စစ်ဆေးပြီး လက်မှတ်ထိုးပေးလိုက်တယ်။

"ထပ်ပြီး စုံစမ်းစစ်ဆေးဖို့ လိုအပ်လာရင် ပြန်ဆက်သွယ်လိုက်ပါ့မယ်"

"ဟုတ်ကဲ့ပါ၊ ပင်ပန်းသွားပါပြီ"

ကျွန်တော် အမှုစစ်ရုံးကနေ ထွက်လာတဲ့အချိန်မှာပဲ စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်က အနောက်ကနေ အပြေးအလွှား လိုက်လာခဲ့တယ်။

"ခဏလောက်ဗျာ။ ကန်ဂျင်ဟူ"

ကျွန်တော် ခြေလှမ်းတွေကို ရပ်လိုက်တယ်။

"ကျွန်တော် ဖြေဖို့ ကျန်သေးတာ ရှိလို့လား"

"အဲ... မဟုတ်ပါဘူး၊ အဲဒါကြောင့် မဟုတ်ပါဘူး..."

သူက ခဏလောက် ဝေခွဲမရဖြစ်နေပြီးမှ စကားကို ဆက်ပြောတယ်။

"မကြာခင်တုန်းကပဲ ကျွန်တော် အိမ်ရောင်းလို့ရတဲ့ ပိုက်ဆံအားလုံးကို ဟိုဆောင်းငွေစုဘဏ်မှာ ထည့်ထားမိလို့ပါ"

ဒါပေမဲ့ ကျွန်တော့်ကြောင့် ဘဏ်ရဲ့ လုပ်ငန်းတွေ ဆိုင်းငံ့သွားခဲ့ရပြီး အခုတော့ သူက ပိုက်ဆံတွေကို ပြန်မထုတ်နိုင်တော့ဘူးပေါ့လေ။

အစပိုင်းမှာတော့ သူက ကျွန်တော် လျှောက်ပြောနေတာလို့ ထင်ပြီး စိတ်တိုမိမလို ဖြစ်ခဲ့ပေမယ့် စုံစမ်းစစ်ဆေးမှုတစ်လျှောက်လုံးမှာ ကျွန်တော်က ဟိုဆောင်းငွေစုဘဏ်ရဲ့ ကြွေးမြီဆိုး ပြဿနာတွေကိုပဲ ဆက်တိုက် ထောက်ပြနေခဲ့တာလေ။

သူက ဘေးနားကနေ သေသေချာချာ နားထောင်နေခဲ့ရလို့ထင်တယ်။ သူ့ရဲ့ မျက်နှာအမူအရာက အရင်ကထက် သိသိသာသာကို စိုးရိမ်ပူပန်နေတဲ့ ပုံစံ ဖြစ်နေခဲ့တယ်။

"ပမာဏ ဘယ်လောက်လဲ"

"ဝမ် သန်း ၁၇၀,၀၀၀ပါ"

"……"

အဲဒါက ချမ်းသာတဲ့သူတွေအတွက်တောင် နည်းတဲ့ ပမာဏ မဟုတ်ပါဘူး။ နိုင်ငံ့ဝန်ထမ်းတစ်ယောက်အတွက်ဆိုရင်တော့ ပိုပြီးတော့တောင် ရိုက်ခတ်မှု ပြင်းထန်ပါလိမ့်မယ်။

ဒါက အစားအသောက်၊ အဝတ်အစားကအစ ချွေတာပြီး တစ်သက်လုံး စုဆောင်းလာခဲ့ရတဲ့ ပိုက်ဆံ ဖြစ်မှာပါ။

"တကယ်လို့ ပြဿနာတစ်ခုခု ဖြစ်လာရင် ကျွန်တော် ဘယ်လောက်လောက် ပြန်ရနိုင်မလဲ"

သူက တုန်လှုပ်နေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်မျက်နှာကို ကြည့်ပြီး မေးတယ်။ သူ့ရဲ့ အကြည့်ထဲမှာတော့ စိတ်အေးစေမယ့် စကားမျိုးကို မျှော်လင့်နေတဲ့ စိတ်အားထက်သန်မှုနဲ့ အမှန်တရားကို သိချင်တဲ့ ဆန္ဒတွေ ရောပြွမ်းနေခဲ့တယ်။

ကျွန်တော် သူ့ကို ဘယ်လို ပြန်ဖြေရမလဲ။

"အဆိုးဆုံး အခြေအနေမှာတောင် ဝမ် သန်း ၅၀တော့ ပြန်ရနိုင်တယ်ဆိုတာ ခင်ဗျား သိတာပဲမလား"

"ကျန်တဲ့ ဝမ် သန်း ၁၂၀ ကော ပြန်မရနိုင်ဘူးလား"

"အဲဒီထဲက တစ်ဝက်လောက်တော့ ဆုံးရှုံးရလိမ့်မယ်လို့ပဲ သဘောထားလိုက်ပါ"

ကျွန်တော့်စကားကြောင့် သူ့မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ရတယ်။

သူ သိချင်မှ သိလိမ့်မယ်၊ သန်း၅၀ဆိုတာက မျှော်လင့်ချက် ရှိသေးတဲ့ အကဲဖြတ်ချက်အနေနဲ့ပဲ ပြောတာပါ။ အမှန်တော့ အဲဒီအထဲက တစ်ဝက်ကိုတောင် ပြန်ရဖို့ အခွင့်အရေးက အတော်လေး နည်းပါးပါတယ်။

"ဒါ... ဒါက မဖြစ်နိုင်တာ။ အဲဒါတွေက ကျွန်တော် ခြစ်ခြုတ်ပြီး စုထားတဲ့ ပိုက်ဆံမျိုးတွေလေဗျာ..."

သူ့ရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး ကျွန်တော် စိတ်ထဲကနေပဲ သက်ပြင်းချလိုက်မိတယ်။

"ကျွန်တော့်ရဲ့ အကဲဖြတ်ချက် မှားပါစေလို့ပဲ ဆုတောင်းလိုက်ပါတော့"

[ကျွန်တော် ဘာလို့ တောင်းပန်ရမှာလဲ]

(မဟုတ်မမှန် သတင်းတွေ ဖြန့်ဝေပြီး လုပ်ငန်းအနှောင့်အယှက်ဖြစ်စေမှုနဲ့ သံသယရှိသူအဖြစ် ဆင့်ခေါ်ခံရတဲ့ ကန်ဂျင်ဟူက ထိခိုက်နစ်နာသူတွေကို တောင်းပန်ဖို့ အစီအစဉ် ရှိပါသလားလို့ မေးခဲ့တဲ့ ဂျောင်အီဘို သတင်းထောက်ကို စူးစူးစိုက်စိုက် ကြည့်ပြီး "ကျွန်တော် ဘာလို့ တောင်းပန်ရမှာလဲ" လို့ ပြန်လည် တုံ့ပြန်ခဲ့ကာ အမှုစစ်ရုံးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။)

ထို့နောက် ၅ နာရီကြာ စစ်ဆေးမေးမြန်းမှုအတွင်း ကန်ဂျင်ဟူက စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပေမယ့် သူ့ရဲ့ အခိုင်အမာ ပြောဆိုခဲ့မှုတွေကို ထောက်ခံမယ့် ဘယ်လို အထောက်အထားမှတော့ မပြသနိုင်ခဲ့ပါဘူး။

(ကောက်နုတ်ချက်)

အမှုစစ်ရုံးရဲ့ ယာယီထုတ်ပြန်ချက်အရ ဆက်တိုက် စစ်ဆေးမေးမြန်းမှုကို ခံရတဲ့ ကန်ဂျင်ဟူက သူ့ရဲ့ စကားတွေက Bank Run ကို ဖြစ်ပေါ်စေလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြောင်း ဝန်ခံခဲ့တယ်။ ဒါက သူ့ရဲ့ ပြောဆိုချက်တွေရဲ့ နောက်ကွယ်မှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေနိုင်တယ်ဆိုတာကို ပြသနေတာပါပဲ။

အမှုစစ်ရုံးက ဟိုဆောင်းငွေစုဘဏ်ရဲ့ စာရင်းစစ်ဆေးမှုတွေ ပြီးဆုံးတာနဲ့ ကန်ဂျင်ဟူကို စစ်ဆေးမေးမြန်းဖို့အတွက် ထပ်မံဆင့်ခေါ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်။

တက်ဂယူက ကျွန်တော့်ဆီကို သတင်းစာ လှမ်းပေးတယ်။

"ဓာတ်ပုံကတော့ တကယ် လန်းတယ်။ မင်း ဒါကို အမှတ်တရအနေနဲ့ ညှပ်ပြီး သိမ်းထားသင့်တယ်ကွ"

ဂျောင်အီဘို သတင်းစာရဲ့ မျက်နှာဖုံးမှာ ကျွန်တော်က သတင်းထောက်ကို စူးစူးစိုက်စိုက် ကြည့်နေတဲ့ ဓာတ်ပုံ အကြီးကြီး ပါလာပြီး ခေါင်းစဉ်ကတော့ "ကျွန်တော် ဘာလို့ တောင်းပန်ရမှာလဲ"လို့ တပ်ထားပါတယ်။

ကျွန်တော် စကားတောင် မဆိုနိုင်တော့ဘူး။

"ဒီကောင်တွေကတော့ တကယ့်ကို မလွယ်ဘူး"

"သည်းခံလိုက်ပါကွာ။ သူတို့လည်း အနုပညာမြောက်အောင် ခေါင်းစဉ်တပ်ဖို့ ကြိုးစားခဲ့ရမှာပဲလေ"

"……"

ဘယ်တုန်းကစပြီး သတင်းတင်ဆက်တာက အနုပညာတစ်ခု ဖြစ်သွားတာလဲ။

သူတို့ရဲ့ ကိုယ်ပိုင် ဇာတ်ညွှန်းအတိုင်း ဖြစ်သွားအောင် ဒါကို ဘယ်လိုတောင် လိမ်ပတ်ပြီး ရေးနိုင်ကြတာလဲ။

ကျွန်တော်က ဒီတိုင်း လှည့်ကြည့်လိုက်တာတင်၊ အဲဒါကို ဘယ်လိုထောင့်ကနေ ရိုက်လိုက်လို့ ဒီလိုပုံ ထွက်လာတာလဲ။ ဒါ့အပြင် ထိခိုက်နစ်နာသူတွေအတွက် စိတ်မကောင်းဖြစ်ရပြီး စီမံခန့်ခွဲမှုပိုင်းနဲ့ ကြီးကြပ်ရေး အဖွဲ့အစည်းတွေကသာ တောင်းပန်ရမယ်ဆိုတဲ့ နောက်ဆက်တွဲ စကားတွေကိုတော့ လုံးဝ ဖြတ်တောက်ပစ်ခဲ့ကြတယ်။

တက်ဂယူ မှာထားတဲ့ ကြာဇံကြော်နဲ့ ဝက်သားချိုချဉ်ကြော် ရောက်လာခဲ့တယ်။ ကျွန်တော်လည်း စီအီးအို ရုံးခန်းထဲကို စီနီယာ ဆန်းယော့ကို လှမ်းခေါ်လိုက်ပြီး အားလုံးစုပေါင်းကာ အစားအသောက်တွေကို မြိန်ရေယှက်ရေ စားလိုက်ကြတယ်။

"တီဗွီ ဖွင့်လိုက်ပါဦး"

တီဗွီရီမုဒ်ခလုတ်ကို နှိပ်လိုက်တာနဲ့ ကျွန်တော့်ရဲ့ ပုံရိပ်က ဖန်သားပြင်ပေါ်မှာ ချက်ချင်း ပေါ်လာခဲ့တယ်။

"ထိခိုက်နစ်နာသူတွေအတွက် ဘာနောင်တမှ မရဘူးလား။ မဝင်ခင် အနည်းဆုံး တောင်းပန်စကားတစ်ခွန်းလောက်တော့ ပြောသွားပါဦး"

"ကျွန်တော် ဘာလို့ တောင်းပန်ရမှာလဲ"

တက်ဂယူက ကြာဇံကြော် စားနေရင်းကနေ တအံ့တသြနဲ့ ကြည့်ပြီး ပြောတယ်။

"ဟ… ဒါက ဘယ်နှစ်ကြိမ်ပဲ ပြန်ကြည့်ကြည့် တကယ့် ဂန္ထဝင်မြောက်တဲ့ အခန်းပဲ"

စီနီယာ ဆန်းယော့ကလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။

"အဲဒါ အင်တာနက်မှာ ပျံ့နေတာကို ငါလည်း တွေ့တယ်"

"ဒါက အချိန်နဲ့တပြေးညီ ရှာဖွေမှု အများဆုံး Trend ထဲမှာတောင် ပါနေသေးတယ်"

"…"

ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်ရတာထက်ကို ကျော်လွန်နေပါပြီ။

ကျွန်တော် ချန်နယ် ပြောင်းလိုက်တယ်။ တခြားသော ရုပ်သံလိုင်းတွေမှာလည်း ဟိုဆောင်းငွေစုဘဏ်ရဲ့ လုပ်ငန်းဆိုင်းငံ့မှု သတင်းတွေကိုပဲ တင်ဆက်နေကြတာပါ။

အစိုးရအဖွဲ့ အစည်းအဝေး ပြီးကတည်းက သမ္မတက ဒါနဲ့ပတ်သက်ပြီး သီးခြား ဘာမှ ထပ်မပြောတော့ပေမယ့် နိုင်ငံရေးလောကကတော့ တစ်ရက်ထက်တစ်ရက် ဝေဖန်မှုတွေကို ပိုပြီး ပြင်းပြင်းထန်ထန် လုပ်လာခဲ့ကြတယ်။

ကိုရီးယားပါတီက လွှတ်တော်အမတ်တွေက တစ်ယောက်ပြီး တစ်ယောက် ကျွန်တော့်ကို အလှည့်ကျ အပြစ်တင် ရှုတ်ချနေကြပါတယ်။

အထူးသဖြင့် ပါတီခေါင်းဆောင် ချွိုင်းမြောင်ဟိုက သတင်းအမျိုးမျိုးမှာ ထင်ထင်ရှားရှား ပါဝင်လာပြီး ဟိုဆောင်းငွေစုဘဏ်က ဘေးကင်းပါတယ်ဆိုတဲ့အကြောင်းနဲ့ လူလိမ်တစ်ယောက်ရဲ့ စွန့်ဦးစွန့်စား ပြောဆိုမှုကြောင့် နိုင်ငံတော်ကြီး တုန်လှုပ်မသွားသင့်ဘူးဆိုပြီး အသံကျယ်ကျယ်နဲ့ ပြောဆိုနေခဲ့တယ်။

တက်ဂယူက ချွိုင်းမြောင်ဟို မျက်နှာတစ်ခုလုံး နီမြန်းပြီး အော်ဟစ်နေတဲ့ ဖန်သားပြင်ကို လက်ညှိုးထိုးပြတယ်။

"အဲဒီလူက ဘာလို့ အဲလောက်အထိ ပြင်းပြင်းထန်ထန် တုံ့ပြန်နေရတာလဲ"

"ဘာလို့လဲဆိုတော့ ဟိုဆောင်းငွေစုဘဏ်ရဲ့ ရုံးချုပ်က ချွိုင်းမြောင်ဟိုရဲ့ မဲဆန္ဒနယ်မြေထဲမှာ ရှိနေလို့လေ"

ကျွန်တော် ရှင်းပြလိုက်တယ်။

"ဪ"

စီနီယာ ဆန်းယော့က ဖြည့်စွက်ပြောတယ်။

"သူက နောက်ထပ် သမ္မတရွေးကောက်ပွဲအတွက် အလားအလာရှိတဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့လည်း သတ်မှတ် ခံထားရတာ။ ဒီအခွင့်အရေးကို သုံးပြီး သူ့ရဲ့ နာမည်ဂုဏ်သတင်းကို မြှင့်တင်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်"

တက်ဂယူကတော့ ဇဝေဇဝါ ဖြစ်နေတဲ့ ပုံစံနဲ့ပြောတယ်။

"ဒါပေမဲ့ တကယ်လို့ ဘဏ်သာ တကယ် ပြိုလဲသွားရင် သူ ဘာဆက်လုပ်မှာလဲ"

ဟုတ်ပါတယ်။ သမ္မတနဲ့ အာဏာရပါတီက လူမိုက်တွေမလို့ ဒီလောက်အထိ ရုန်းရင်းဆန်ခတ် လုပ်နေကြတာ မဟုတ်ပါဘူး။

"ငါက ပြဿနာအသေးအဖွဲလေးတွေကို ထောက်ပြတာကို သူတို့က လူသိရှင်ကြား ကြေညာချက် ထုတ်ပြန်တယ်လို့ အထင်လွဲနေကြတာပေါ့လေ"

လောကမှာ လုံးဝ သန့်ရှင်းတဲ့ ကုမ္ပဏီဆိုတာ ရှိလို့လား။ ဘဏ်တွေလည်း ထူးမခြားနားပါပဲ။ ဖုံးကွယ်ထားတဲ့ ပြဿနာတွေကတော့ အနည်းနဲ့အများ ရှိကြတာပဲ။ ဘဏ္ဍာရေး မတည်ငြိမ်မှုတွေကိုတော့ တစ်စိတ်တစ်ပိုင်း ဖုံးကွယ်ထားတတ်ကြတာပဲလေ။

အဲဒီအချက်ကိုပဲ ထောက်ပြပြီး ပြဿနာ ရှာနိုင်ပေမယ့် စုံစမ်းစစ်ဆေးမှုကို လုပ်နေတာက အစိုးရကိုယ်တိုင်ပါပဲ။ သူတို့ဘက်က ကြီးမားတဲ့ လိုအပ်ချက်တွေကို ဖုံးကွယ်ထားနိုင်တယ်လို့ ယုံကြည်ချက် အပြည့် ရှိနေကြတာပါ။

ဒါပေမဲ့ ပြဿနာက အသေးအဖွဲလေး မဟုတ်ခဲ့ရင်ကော ဘာဖြစ်သွာမးလဲ။

" ပုံမှန်အတိုင်း စဉ်းစားပြီး တွေးကြည့်ရင်တောင်ပေါ်မှာပဲ။ ငွေစုဘဏ်တစ်ခုတည်းရဲ့ ကြွေးမြီဆိုး ပမာဏက သန်းထောင်ပေါင်းများစွာအထိ ရှိလိမ့်မယ်ဆိုတာကို ဘယ်သူကမှ ထင်ထားကြမှာမဟုတ်ဘူး"

တကယ်လို့ ကျွန်တော်သာ နတ်မျက်စိနဲ့ မမြင်ခဲ့ရင် ဒီလောက်အထိ သေချာနေမှာ မဟုတ်ပါဘူး။

"ဒါဆိုရင် သူတို့ဘက်က ကြွေးမြီဆိုးမှ မရှိပါဘူးလို့ပဲ ကြေညာလိုက်လို့ မရဘူးလား"

တက်ဂယူရဲ့ စကားကို စီနီယာ ဆန်းယော့က ခေါင်းခါပြလိုက်တယ်။

"ဒါပေမဲ့ ဂျင်ဟူက Bank Run ကို ဖြစ်ပေါ်စေခဲ့ပြီလေ။ လောလောဆယ်မှာတော့ အပ်နှံငွေထက် ထုတ်ယူတဲ့ ပိုက်ဆံက ပိုများနေမှာဆိုတော့ တကယ်လို့ လုပ်ငန်းတွေ ပြန်စဖို့ ကြိုးစားရင်တောင် ကြာကြာမခံဘဲ ပြိုလဲသွားလိမ့်မယ်"

ဟိုဆောင်းငွေစုဘဏ်နဲ့ ပတ်သက်တဲ့ သတင်းတွေက ဆက်တိုက် ထွက်ပေါ်နေတုန်းပဲ။ ဒီတစ်ကြိမ်မှာတော့ ဘဏ်မှာ စုဝေးနေကြတဲ့ လူတွေရဲ့ ပုံရိပ်တွေနဲ့ အပ်နှံသူတွေရဲ့ မျက်နှာအမူအရာတွေကို ပြသနေခဲ့ပါတယ်။

ဒါကို မြင်လိုက်ရတော့ ကျွန်တော် ကြာဇံကြော်ကို မျိုချဖို့တောင် ခက်ခဲသွားခဲ့ရတယ်။

ကျွန်တော် ပန်းကန်ကို ချလိုက်ပြီး ပြောလိုက်တယ်။

"အခုလိုလုပ်လိုက်မိတာက တကယ်ပဲ မှန်ကန်တဲ့ ကိစ္စလားဆိုတာ ငါ မသေချာတော့ဘူး"

အဲဒီလူတွေမှာ ဘာအပြစ် ရှိလို့လဲ။ သူတို့က ဘဏ်ကို ယုံကြည်ပြီး အပင်ပန်းခံ ရှာဖွေထားတဲ့ ပိုက်ဆံတွေကို အပ်နှံထားခဲ့ကြတာ သက်သက်ပဲလေ။

တကယ်လို့ ကျွန်တော်သာ ဘာမှ မပြောခဲ့ရင် သူတို့က ဘာစိုးရိမ်စိတ်မှမရှိဘဲ နေထိုင်နေကြဦးမှာပါ။

စီနီယာ ဆန်းယော့က ဝင်ပြောတယ်။

"မင်းလုပ်ခဲ့တာက မှန်ကန်တဲ့ ကိစ္စပါ။ ပူဖောင်း ဖြစ်နေတာပဲဖြစ်ဖြစ်၊ ကြွေးမြီဆိုး ဖြစ်နေတာပဲဖြစ်ဖြစ်၊ ပေါက်ကွဲတော့မယ်ဆိုရင်တော့ အမြန်ဆုံး ပေါက်ကွဲသွားတာက ပိုကောင်းတယ်။ အဲဒါမှ ဆုံးရှုံးမှုတွေကို အနည်းငယ်ပဲဖြစ်ဖြစ် လျှော့ချနိုင်မှာလေ"

တကယ်လို့ ကြွေးမြီဆိုးတွေက ဘဏ်ရဲ့ ကိုယ်ပိုင် ပိုက်ဆံဆိုရင်တော့ ကုမ္ပဏီတွေအနေနဲ့ အမြတ်အစွန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့ သဘောအတိုင်း ရင်းနှီးမြှုပ်နှံတာ ဒါမှမဟုတ် ကစားတာမျိုးတွေ လုပ်လို့ရပါတယ်။

ဒါပေမဲ့ ဘဏ်တွေက ထုတ်ချေးတဲ့ ပိုက်ဆံက ဘဏ်ရဲ့ ပိုက်ဆံ မဟုတ်ပါဘူး၊ သုံးစွဲသူတွေ၊ အပ်နှံသူတွေရဲ့ ငွေပါ။ ဘဏ်တွေက အပ်နှံသူတွေနဲ့ ချေးယူသူတွေကို ဆက်သွယ်ပေးတဲ့ ကြားခံသက်သက်ပဲလေ။

ဒါကြောင့်မလို့ ချေးငွေတွေမှာ ကြွေးမြီဆိုး ဖြစ်လာတဲ့အခါ ကြွေးမြီဆိုးက အပ်နှံသူတွေရဲ့ ထိခိုက်နစ်နာမှုအဖြစ် တိုက်ရိုက် ပြောင်းလဲသွားတာပါ။

ဒါကြောင့်ပဲ ဘဏ္ဍာရေး အရင်းအနှီးတွေအပေါ်မှာ အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းတွေနဲ့ ကြီးကြပ်မှုတွေ ရှိနေရတာပေါ့။

ဘဏ်ချေးငွေတွေက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ စည်းကမ်းချက်တွေကို လိုက်နာရမှာဖြစ်ပြီး ချေးငွေမထုတ်ပေးခင်မှာ စီးပွားရေး လုပ်ငန်းရဲ့ အလားအလာနဲ့ အာမခံပစ္စည်းတွေကို သေသေချာချာ စိစစ်ရမှာပါ။

ဒါပေမဲ့ ဟိုဆောင်းငွေစုဘဏ်ကတော့ ဒီလုပ်ငန်းစဉ်တွေကို လုံးဝ ဂရုမစိုက်ခဲ့ဘဲ SPCကုမ္ပဏီကို တည်ဆောက်ကာ ချေးငွေတွေကို ခွင့်ပြုခဲ့ကြသလို သူတို့ကို စီမံခန့်ခွဲပြီး ကြီးကြပ်ရမယ့် အဖွဲ့အစည်းတွေကလည်း ဒီတိုင်း ထိုင်ကြည့်နေခဲ့ကြတယ်။

အဲဒီအချိန်အတောအတွင်းမှာပဲ အကြပ်အတည်းရဲ့ ပမာဏက နှင်းဘောလုံးလိုမျိုး တလိမ့်လိမ့်နဲ့ ကြီးမားလာခဲ့ရပါပြီ။

ပတ်ဆီဟျွန်းက သတိမထားမိဘဲ ကင်ဆာဆဲလ်တွေကို မွေးမြူနေခဲ့တာပါ။ ကင်ဆာဆဲလ်တွေရဲ့ သဘာဝကတော့ အိမ်ရှင်ကို သတ်ပစ်ပြီး အတူတူ ပျက်စီးသွားတတ်ကြတာပဲ။

ကျွန်တော် သတင်းကို ကြည့်ရင်း ပြောလိုက်တယ်။

'အခုအချိန်လောက်ဆိုရင်တော့ သူတို့လည်း အကြပ်အတည်းရဲ့ ပမာဏကို တဖြည်းဖြည်း သဘောပေါက်လာလောက်ပြီ ထင်တယ်'

ဘဏ္ဍာရေးဆိုတာ ယုံကြည်မှုအပေါ်မှာ တည်ဆောက်ထားတဲ့ စနစ်တစ်ခုပါ။

အဲဒီယုံကြည်မှု ပြိုလဲသွားပြီး လူတွေက ဘဏ်တွေကို မယုံကြည်နိုင်တော့တဲ့ အခါမှာတော့ လူတွေက အပ်နှံငွေတွေကို ပြိုင်တူ ပြန်ထုတ်ဖို့ ပြေးသွားကြတော့တာပဲ။ အဲဒါကိုပဲ Bank Run လို့ ခေါ်တာ ဖြစ်ပါတယ်။

ကန်ဂျင်ဟူက စကားအနည်းငယ်နဲ့တင် Bank Run ကို ဖြစ်ပေါ်စေခဲ့တယ်။

သမ္မတက ဒါကို ကောလာဟလအဖြစ် ချက်ချင်း သတ်မှတ်ခဲ့ပြီး ပြည်သူတွေကို စိတ်အေးအောင် လုပ်ဆောင်ပေးခဲ့သလို ဟိုဆောင်းငွေစုဘဏ်ကိုလည်း စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့တယ်။

အစိုးရက ကြေညာထားတဲ့ စုံစမ်းစစ်ဆေးရေး ကာလကတော့ ဆယ်ရက်ပါ။

အဲဒီအချိန်အတွင်းမှာ ငွေကြေးကြီးကြပ်ရေးအဖွဲ့နဲ့ ကိုရီးယား အပ်နှံငွေအာမခံ ကော်ပိုရေးရှင်းတို့က ပြင်းထန်တဲ့ စာရင်းစစ်ဆေးမှုတွေနဲ့ မြေပြင်ဆင်း စစ်ဆေးမှုတွေကို ပြီးစီးအောင် လုပ်ဆောင်မှာဖြစ်ပြီး လုပ်ငန်းတွေကို ပြန်လည်စတင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်။

ဒီအတွက်ကြောင့်ပဲ အပ်နှံသူတွေက စိတ်သက်သာရာ ရသွားခဲ့ကြပြီး ပိုမိုကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုတွေ မဖြစ်ပွားခဲ့တာပါ။ ဒီတုံ့ပြန်မှုက ဘဏ္ဍာရေး မတည်ငြိမ်မှုကို အစောပိုင်းမှာတင် ထိရောက်စွာ တားဆီးနိုင်ခဲ့တဲ့အတွက် ချီးကျူးစရာ ကောင်းခဲ့ပါတယ်။

ငွေကြေးကြီးကြပ်ရေးအဖွဲ့နဲ့ ကိုရီးယား အပ်နှံငွေအာမခံ ကော်ပိုရေးရှင်းတို့က ပူးတွဲပြီး ပြင်းထန်တဲ့ စာရင်းစစ်ဆေးမှုတွေနဲ့ မြေပြင်ဆင်း စစ်ဆေးမှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။

အပေါ်ယံကြည့်ရင်တော့ ဟိုဆောင်းငွေစုဘဏ်မှာ ဘာပြဿနာမှ မရှိသလိုပါပဲ။ အပ်နှံငွေတွေနဲ့ ချေးငွေအတိုးတွေက ပုံမှန်အတိုင်း ဝင်လာနေပြီး ငွေကြေးစီးဆင်းမှုကလည်း ပုံမှန် ဖြစ်နေခဲ့တာပါ။

ပြဿနာအနည်းငယ်ကို မြင်တွေ့ရပေမယ့် အဲဒါက ပုံမှန်အဆင့်မှာပဲ ရှိနေခဲ့တာလေ။

အစပိုင်းမှာတော့ လူတိုင်းက စုံစမ်းစစ်ဆေးမှုက အမြန်ဆုံး ပြီးဆုံးသွားမှာဖြစ်ပြီး လုပ်ငန်းတွေလည်း မကြာခင် ပြန်စနိုင်လိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ အခြေအနေက ပြင်းထန်တယ်ဆိုတာကို သဘောပေါက်ဖို့အတွက် အချိန်အများကြီး မကြာခဲ့ပါဘူး။

စာရင်းအင်း ကိန်းဂဏန်းတွေက လုံးဝကို မမှန်မကန် လုပ်ထားတာဖြစ်ပြီး လက်တွေ့နဲ့ ဘာတစ်ခုမှ ကိုက်ညီမှု မရှိခဲ့ဘူး။ အတိုးနှုန်းမြင့်မားတဲ့ အပ်နှံငွေတွေက ဆက်တိုက် စီးထွက်နေတဲ့ အချိန်မှာ ချေးငွေတွေကိုတော့ အချိန်မှန် ပြန်မရခဲ့ကြဘူးလေ။

အနှစ်ချုပ်ပြောရရင် သူတို့က အပ်နှံငွေအသစ်တွေနဲ့ အဆင့်နိမ့် ငွေတိုက်စာချုပ်တွေ ထုတ်ဝေလို့ရတဲ့ ပိုက်ဆံတွေကို သုံးပြီး အပ်နှံငွေတွေရဲ့ အတိုးကို ပေးနေခဲ့ကြတာပါ။ တကယ်လို့ ပိုက်ဆံတွေသာ ဆက်တိုက် ဝင်မလာခဲ့ရင် Bank Run မဖြစ်ရင်တောင် အခြေအနေက ပျက်စီးသွားမှာ အသေအချာပါပဲ။

ငွေကြေးစီးဆင်းမှုကို ထိန်းသိမ်းဖို့အတွက် ချေးငွေတွေကို ပြန်လည် သိမ်းဆည်းဖို့ လိုအပ်ပါတယ်။

ကော်ပိုရိတ် ချေးငွေတွေနဲ့ အိမ်ခြံမြေ အာမခံချေးငွေတွေမှာတော့ ကြီးမားတဲ့ ပြဿနာ မရှိခဲ့ပါဘူး။ Own credit ချေးငွေတချို့မှာ ပြဿနာရှိခဲ့ပေမယ့် ပမာဏက အတော်လေး နည်းပါးပြီး အချိုးအစားက ၁၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိခဲ့တာပါ။

ပြဿနာက SPCကုမ္ပဏီ ၁၅၀ မှာ ရှိနေခဲ့တာပဲ ဖြစ်တယ်။

အဲဒီကုမ္ပဏီတွေကို ထုတ်ချေးထားတဲ့ စုစုပေါင်း ချေးငွေပမာဏက ဝမ် သိန်းပေါင်း ၅.၁ ကုဋေအထိ ရှိခဲ့တယ်။ တွက်ချက်ကြည့်မယ်ဆိုရင် ဒါက ကော်ပိုရေးရှင်းတစ်ခုကို ပျမ်းမျှ ဝမ် သန်း ၃၄,၀၀၀ လောက် ချေးထားတာပါ။

ချေးငွေတွေကို စနစ်တကျ မဟုတ်ဘဲ ဖြစ်သလို ထုတ်ချေးခဲ့ကြတာ။ အာမခံပစ္စည်းကတော့ စာရွက်တစ်ရွက်ထဲပဲ ရှိပြီး သင့်လျော်တဲ့ ဖြစ်နိုင်ခြေ အကဲဖြတ်မှုမျိုးတွေလည်း လုံးဝ မလုပ်ခဲ့ကြပါဘူး။

ချေးယူထားတဲ့ ပိုက်ဆံတွေကို နိုင်ငံရပ်ခြားက ဖွံ့ဖြိုးရေး စီမံကိန်းအမျိုးမျိုးမှာ ရင်းနှီးမြှုပ်နှံခဲ့ကြပေမယ့် အများစုက ကြီးမားတဲ့ ဆုံးရှုံးမှုတွေကိုပဲ ရင်ဆိုင်ခဲ့ကြရတယ်။ ရှိပြီးသား ဆုံးရှုံးမှုတွေကို ဖုံးကွယ်ဖို့အတွက် Derivative productတွေမှာ ထပ်ပြီး ရင်းနှီးမြှုပ်နှံရင်းနဲ့ အားလုံးကို ဆုံးရှုံးသွားခဲ့ရတဲ့ နေရာတွေတောင် ရှိခဲ့တယ်။

ဒီလို အခြေအနေတွေကြားထဲမှာတင် အသုံးစရိတ်တွေကတော့ ဆက်တိုက် ကုန်ကျနေခဲ့တယ်။ ဘယ်သူက ပိုက်ဆံတွေကို အရင်ဆုံး လိမ်ထုတ်နိုင်မလဲဆိုပြီး ပြိုင်ပွဲလုပ်နေကြသလိုပါပဲ။

SPCကုမ္ပဏီရဲ့ ဥက္ကဌက စီမံခန့်ခွဲမှုပိုင်းက လူတွေရဲ့ ဆွေမျိုးတွေ ဖြစ်ကြပြီး အဲဒီဆွေမျိုးတွေကလည်း သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ သိကျွမ်းသူတွေကို နေရာပေးကာ လစာအများကြီး ပေးထားခဲ့ကြတယ်။

ဘဏ်တစ်ခုရဲ့ တာဝန်က ချေးငွေထုတ်ပေးရုံနဲ့တင် ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ရန်ပုံငွေတွေကို သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်အတိုင်း သုံးစွဲနေခြင်း ရှိမရှိ၊ အာမခံပစ္စည်းက တည်ငြိမ်မှု ရှိမရှိနဲ့ ပျက်ကွက်မှုတွေ ရှိမရှိဆိုတာကို အချိန်မှန် စစ်ဆေးပြီး စောင့်ကြည့်ရမှာပါ။

ဒါပေမဲ့ အားလုံးက ဆွေမျိုးတွေ ဒါမှမဟုတ် မိတ်ဆွေတွေအဖြစ် ပတ်သက်နေကြတာကြောင့် သူတို့က အစီရင်ခံစာတွေကိုပဲ လက်ခံခဲ့ကြပြီး တောင်းဆိုမှုတွေ လာတိုင်း ချေးငွေသက်တမ်းတွေကို တိုးပေးခဲ့ကြတယ်။

ပျက်ကွက်မှုတွေရဲ့ ပမာဏက ဘယ်လောက်အထိ ရှိလဲဆိုတာကို တိုင်းတာဖို့တောင် မဖြစ်နိုင်ခဲ့ပါဘူး။ လုပ်ငန်းတွေ ပိတ်ပစ်လိုက်ပြီဖြစ်လို့ လုံးဝ ဆက်သွယ်လို့မရတော့တဲ့ အဖွဲ့အစည်းတွေတောင် အများကြီး ရှိနေခဲ့တယ်။

စုံစမ်းစစ်ဆေးဖို့ ရောက်လာကြတဲ့ ဝန်ထမ်းတွေက ညဘက် အနားယူချိန်တွေကိုပါ စွန့်လွှတ်ပြီး အာမခံပစ္စည်းရဲ့ တန်ဖိုးနဲ့ ပြန်လည်ရရှိနိုင်မယ့် ပမာဏကို သိရှိနိုင်ဖို့အတွက် ချေးငွေတွေကို အသေးစိတ် စုံစမ်းစစ်ဆေးခဲ့ကြတယ်။

ရလဒ်ကတော့ တုန်လှုပ်စရာ ကောင်းနေခဲ့ပါတယ်။

ပတ်ဆီဟျွန်းက ငွေကြေးကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ချာဂျုံဟိုဆီကနေ အစီရင်ခံစာကို လက်ခံရရှိပြီးတဲ့နောက် ပြန်မေးလိုက်တယ်။

"ဘာပြောတယ်။ ဘယ်လောက်လို့ပြောလိုက်တာလဲ"

ချာဂျုံဟိုက ထပ်ပြောတယ်။

"အခုထိ အတည်ပြုနိုင်တဲ့ ပမာဏကတော့ ဝမ် သိန်းပေါင်း ၃ ကုဋေပါ"

ပထမတော့ ပတ်ဆီဟျွန်းက သူ့နားကိုသူ မယုံနိုင် ဖြစ်ခဲ့ရတယ်။ သုညတစ်လုံး မှားဖတ်မိလို့ ဝမ် သိန်းပေါင်း ၃ သန်း ကနေ သိန်းပေါင်း ၃ ကုဋေ ဖြစ်သွားတာလားပေါ့။ ငွေစုဘဏ် သေးသေးလေးတစ်ခုရဲ့ ကြွေးမြီဆိုး ပမာဏက ဘယ်လိုလုပ် သိန်းပေါင်း ၃ ကုဋေအထိ ရှိနိုင်မှာလဲ။ ဒါက လက်တွေ့မှာကော တကယ် ဖြစ်နိုင်လို့လား။

"သိန်းပေါင်း ၃ ကုဋေလို့ ပြောတာလား။ သိန်းပေါင်း ၃သန်း မဟုတ်ဘဲ သိန်းပေါင်း ၃ ကုဋေလား"

အခန်းထဲမှာ အထူးတလည် ပူအိုက်မနေပေမယ့် သူ့နဖူးပေါ်ကနေ ချွေးစက်တွေက တလိမ့်လိမ့် စီးကျလာခဲ့တယ်။ ဒါပေမယ့် ချာဂျုံဟိုကတော့ အဲဒါတွေကို သုတ်ဖို့တောင် စိတ်မကူးနိုင်ခဲ့ပါဘူး။

စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီး ပတ်ဆီဟျွန်းက ပြတ်ပြတ်သားသား ပြောလိုက်တယ်။

"ဒီလောက်အထိ ဖြစ်လာအောင် ငွေကြေးကြီးကြပ်ရေးအဖွဲ့က ဘာတွေလုပ်နေခဲ့ကြတာလဲ"

"အဲဒါက... ဟိုလေ..."

စာရင်းစစ်ဆေးမှုတွေနဲ့ စုံစမ်းစစ်ဆေးမှုတွေက စာရင်းတွေကို အပေါ်ယံ ကြည့်ရုံနဲ့ ချေးငွေထုတ်ပေးထားတဲ့ ကုမ္ပဏီအနည်းငယ်ဆီကို သွားရောက်ကြည့်ရှုတာထက် မပိုခဲ့ပါဘူး။ အမှန်တော့ သူတို့က စာရင်းစစ်ဆေးတဲ့ ကာလတစ်လျှောက်လုံးမှာ ဧည့်သည်တွေကို ဧည့်ခံကျွေးမွေးဖို့အတွက်ပဲ အလုပ်ရှုပ်နေခဲ့ကြတာပါ။

ကြီးကြပ်ရေး အဖွဲ့အစည်းက တာဝန်ကျေပွန်ဖို့ ပျက်ကွက်ခဲ့တာကတော့ အဓိကအားဖြင့် ပတ်ဆီဟျွန်းရဲ့ အပြစ်ပါပဲ။

ချာဂျုံဟိုက စီးပွားရေးပညာ မေဂျာနဲ့ ဘွဲ့ရခဲ့တာ မှန်ပေမယ့် ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီးတော့ ဘာအတွေ့အကြုံမှ မရှိတဲ့ စီမံခန့်ခွဲသူတစ်ယောက် သက်သက်ပဲလေ။ ဒါပေမဲ့ ပတ်ဆီဟျွန်းက ဂယောင်ဂီပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်နေခဲ့တဲ့ အချိန်တုန်းက သူနဲ့ ပတ်သက်မှုတစ်ခု တည်ဆောက်ခဲ့ပြီး နောက်ပိုင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ ကူညီပေးခဲ့တဲ့အတွက် သူ့ကို ငွေကြေးကြီးကြပ်ရေးအဖွဲ့ရဲ့ ဥက္ကဌအဖြစ် ခန့်အပ်ခဲ့တာပါ။

ကျွမ်းကျင်မှု မရှိတာကတော့ စာရင်းစစ်ရုံးနဲ့ အပ်နှံငွေအာမခံ ကော်ပိုရေးရှင်းရဲ့ အကြီးအကဲတွေမှာလည်း ထူးမခြားနားပါပဲ။ စာရင်းစစ်ရုံးရဲ့ အကြီးအကဲက သမ္မတနဲ့ တက္ကသိုလ်တစ်ခုတည်းက ဘွဲ့ရခဲ့တာဖြစ်ပြီး အပ်နှံငွေအာမခံ ကော်ပိုရေးရှင်းရဲ့ အကြီးအကဲကတော့ သမ္မတနဲ့ ဘရားကျောင်း အသင်းတော်တစ်ခုထဲကို အတူတူ တက်ခဲ့တာ သက်သက်ပဲလေ။

"အဲဒါကလေ... အခုလောလောဆယ်မှာတော့ သိန်းပေါင်း ၃ ကုဋေ ဖြစ်ပေမယ့် မစစ်ဆေးရသေးတဲ့ အရာတွေကိုပါ ထည့်သွင်းတွက်ချက်မယ်ဆိုရင်တော့ သိန်းပေါင်း ၃.၆ ကုဋေအထိ တိုးမြင့်သွားနိုင်ပါတယ်"

"…"

အခုတော့ သူ တကယ့်ကို အံ့အားသင့်သွားရလို့ စကားတောင် မပြောနိုင်တော့ဘူး။

ဒါက ဒေဟူးအုပ်စုရဲ့ စာရင်းအင်းလိမ်လည်မှု ပြီးရင်တော့ သမိုင်းဝင် အရှုပ်တော်ပုံတစ်ခု ဖြစ်လာတော့မှာ ဖြစ်ပြီး ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခုမှာတော့ အကြီးမားဆုံးသော စာရင်းအင်းလိမ်လည်မှု ပမာဏပဲ ဖြစ်ပါတယ်။

ဒါကို အထွေထွေဘဏ်ကြီးတွေ ဒါမှမဟုတ် စတော့အာမခံ ကုမ္ပဏီတွေက မဟုတ်ဘဲ ငွေစုဘဏ် သေးသေးလေးတစ်ခုထဲကနေ လုပ်ဆောင်ခဲ့တာပါ။

All Chapters