← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း (၁၄၀)

ဂျင်ရယ်ဂျွန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မိုက်ခရိုဖုန်းနဲ့ စကားပြောလိုက်တယ်။

"ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဟိုဆောင်းငွေစုဘဏ် လုပ်ငန်းတွေ မဆိုင်းငံ့ခင် အရင်တစ်ရက် ညပိုင်းမှာတင် ငွေထုတ်ယူမှု ပေါင်း ၄၅၀ ရှိခဲ့တယ်။ တခြား သုံးစွဲသူတွေက သူတို့ ပိုက်ဆံတွေအတွက် စိုးရိမ်တကြီး စောင့်ဆိုင်းနေရတဲ့ အချိန်မှာ တစ်စုံတစ်ယောက်ကတော့ အပ်နှံထားတဲ့ ပိုက်ဆံအားလုံးကို ထုတ်ယူသွားနိုင်ခဲ့တာပါ"

ဂျိုဝူဂျင်ကလည်း အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။

"အဲဒီလို ပိုက်ဆံ ထုတ်သွားတဲ့သူတွေထဲမှာ ဘဏ်အမှုဆောင်တွေရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ၊ နိုင်ငံရေးသမားတွေ၊ ဒေသခံ လူကုံထံတွေ၊ အစိုးရရှေ့နေတွေ၊ ရှေ့နေတွေနဲ့ ဆရာဝန်တွေ ပါဝင်နေပါတယ်။ အခြေခံအားဖြင့်တော့ ဘဏ်ရဲ့ VIP တွေပေါ့ဗျာ။ ဘဏ်တံခါးတွေကို သေသေချာချာ သော့ခတ်ထားပြီး အွန်လိုင်းဘဏ်စနစ်ကိုလည်း ပိတ်ထားတဲ့ အချိန်မှာ ဒီလူတွေက ဘယ်လိုလုပ်ပြီး အရောင်းအဝယ် လုပ်နိုင်ခဲ့တာလဲ။ ပိုပြီး ရယ်စရာကောင်းတာက အဲဒီအချိန်မှာ ငွေကြေးကြီးကြပ်ရေးအဖွဲ့က စစ်ဆေးရေးမှူးတွေပါ ဘဏ်ရုံးချုပ်မှာ ရှိနေခဲ့တာပါ။ ဒါပေမဲ့ သူတို့က ဒီလို ငွေထုတ်ယူမှုတွေကို မျက်မြင်တွေ့နေရပါလျက်နဲ့ ဘာအရေးယူမှုမှ မလုပ်ခဲ့ကြဘူး။ ငွေကြေးကြီးကြပ်ရေးအဖွဲ့ရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ။ ငွေကြေးအဖွဲ့အစည်းတွေကို ကြီးကြပ်ရမယ့် အဖွဲ့အစည်းတစ်ခုက ဒီလို တရားမဝင် လုပ်ရပ်တွေကို မျက်ကွယ်ပြုထားတာက လက်ခံနိုင်စရာ အကြောင်း ရှိလို့လား"

ဂျင်ရယ်ဂျွန်က စိတ်မထိန်းနိုင်တော့ဘဲ သူ့ရဲ့ နက်ကတိုင်ကို လျှော့လိုက်ပြီး အော်ဟစ်တော့တယ်။

"ဆိုလိုတာက ဒီကောင်တွေက သာမန်သုံးစွဲသူတွေကို အွန်လိုင်းဘဏ်စနစ် သုံးလို့မရအောင် ပိတ်ဆို့ထားပြီး ပိုက်ဆံ တစ်ပြားမှ ထုတ်မရအောင် လုပ်ထားတဲ့ အချိန်မှာ VIP တွေကိုကျတော့ သူတို့ ပိုက်ဆံတွေ အကုန်ထုတ်ခွင့်ပေးခဲ့တာပါ။ ပြီးတော့ ငွေကြေးကြီးကြပ်ရေးအဖွဲ့ကလည်း ဘေးကနေ ဒီအတိုင်း ရပ်ကြည့်နေခဲ့တာပေါ့"

ဂျိုဝူဂျင်က သရော်တဲ့ လေသံနဲ့ မှတ်ချက်ချလိုက်တယ်။

"စိတ်ဝင်စားဖို့ကောင်းတာက အဲဒီလို ငွေထုတ်သွားတဲ့ အသုံးပြုသူ ၄၀၀ ကျော်စာရင်းထဲမှာ အာဏာရ ကိုရီးယားပါတီရဲ့ အဓိက ကိုယ်စားလှယ်ဖြစ်တဲ့ ချွိုင်းမြောင်ဟိုရဲ့ ဇနီးလည်း ပါဝင်နေတာပါ။ အားလုံး သိကြတဲ့အတိုင်း လွှတ်တော်အမတ် ချွိုင်းက ကန်ဂျင်ဟူကို ဘဏ္ဍာရေးဆိုင်ရာ လူလိမ်တစ်ယောက်လို့ ပြင်းပြင်းထန်ထန် စွပ်စွဲခဲ့ပြီး ဟိုဆောင်းငွေစုဘဏ်က စိတ်ချရပါတယ်လို့ ပြောခဲ့တာလေ။ ဒါပေမဲ့ သူကိုယ်တိုင်ကျတော့ အရင်တစ်ရက် ညမှာပဲ ပိုက်ဆံတွေ အကုန် ထွက်ထုတ်သွားခဲ့တာ"

ဂျင်ရယ်ဂျွန်က စိတ်တိုတိုနဲ့ စားပွဲကို လက်သီးနဲ့ ထုလိုက်တယ်။

"သမ္မတက ဟိုဆောင်းငွေစုဘဏ်က စိတ်ချရပါတယ်လို့ ကြေညာနေတဲ့ အချိန်မှာ ကိုရီးယားပါတီ ခေါင်းဆောင်က ပထမဆုံး ပိုက်ဆံထွက်ထုတ်တယ်ဆိုတာက ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး။ သမ္မတ ပြောတဲ့စကားတွေက အဓိပ္ပာယ်မရှိတဲ့ စကားတွေမလို့လား။ ဒီလိုလူမျိုးတွေက သမ္မတရဲ့ တကယ့် ရန်သူတွေပဲ။ ကျွန်တော်တို့က ဒီလိုရန်သူတွေကို အမြစ်ပြတ် ချေမှုန်းရမယ်"

"ပြီးတော့ လွှတ်တော်အမတ် ကင်ဟန်ချောလည်း ဒီစာရင်းထဲမှာ ပါနေပါတယ်။ သူက သူနဲ့ သူ့မိဘတွေ နာမည်နဲ့ ဖွင့်ထားတဲ့ အကောင့်တွေထဲက ပိုက်ဆံတွေကို အကုန် ထုတ်သွားတာပါ။ သူက Bank Run ဖြစ်တာကို အမှားတစ်ခုလို့ ပြောခဲ့ပြီး ဘဏ်ကို ပြေးလာကြတဲ့ အပ်နှံသူတွေကို ကြွက်တွေလို့ ပြောခဲ့တာလေ။ ဒါပေမဲ့ သူကိုယ်တိုင်ကျတော့ ပိုက်ဆံအတွက် ပထမဆုံး ပြေးလာတဲ့သူ ဖြစ်နေခဲ့တာပေါ့"

"သူက ကိုယ့်ကိုယ်ကိုယ် ကြွက်လို့ ပြန်ပြီး ဝေဖန်နေတာလား"

"ပိုက်ဆံ ထုတ်သွားတဲ့ နိုင်ငံရေးသမား အများစုက ကိုရီးယားပါတီက ဖြစ်ကြပါတယ်။ အမျိုးသားလွှတ်တော် အမတ်တွေ၊ မြို့တော်ဝန်တွေ၊ ခရိုင်မှူးတွေနဲ့ ကောင်စီဝင်တွေပေါ့။ တကယ်လို့ ကျွန်တော်တို့သာ ဒီစာရင်းကို ထုတ်ပြန်လိုက်ရင် ဒေသတွင်း လူ့အဖွဲ့အစည်းကတော့ အကြီးအကျယ် ရိုက်ခတ်သွားလိမ့်မယ်"

"ဟူး... ဒီအရှက်မရှိတဲ့ ကြွက်တွေကတော့ တကယ့်ကို စိတ်ပျက်ဖို့ကောင်းတယ်"

ဂျိုဝူဂျင်က ဒေါသထွက်နေတဲ့ ဂျင်ရယ်ဂျွန်ရဲ့ ကိုယ်စား အကျဉ်းချုပ် ပြောလိုက်တယ်။

"ဒီလူတွေက သူတို့ရဲ့ ကိုယ်ပိုင်ပိုက်ဆံကို သူတို့ ပြန်ထုတ်တာပဲလို့ ထင်နေကြပေမယ့် ဒါက လုံးဝ မဟုတ်ပါဘူး။ ဘဏ်တစ်ခု ပြိုလဲသွားတဲ့အခါ ကျန်ရှိနေတဲ့ ရန်ပုံငွေတွေကို အပ်နှံသူတွေရဲ့ ဆုံးရှုံးမှုအလိုက် အချိုးကျ ပြန်ခွဲပေးရတာပါ။ အဆုံးမှာတော့ ဒီလူတွေ ယူသွားတဲ့ ပမာဏက တခြား အပ်နှံသူတွေ ရနိုင်မယ့် လျော်ကြေးကို လျော့နည်းသွားစေတာပဲ ဖြစ်တယ်။ အကျဉ်းချုံးပြောရရင် သူတို့က တခြား အပ်နှံသူတွေရဲ့ ပိုက်ဆံကို ခိုးယူလိုက်တာနဲ့ အတူတူပဲ။ ဒီလူတွေ အားလုံးကို ချက်ချင်း စုံစမ်းစစ်ဆေးရမှာ ဖြစ်ပြီး ထုတ်ယူသွားတဲ့ ပိုက်ဆံအားလုံးကိုလည်း ပြန်သိမ်းရမယ်"

"တကယ်လို့ ကျွန်တော်တို့သာ သူတို့တွေရဲ့ ကြိုးစားအားထုတ်မှုရဲ့ တစ်ဝက်လောက်ပဲ စိုက်ထုတ်ခဲ့ရင် ငွေကြေးကြီးကြပ်ရေးအဖွဲ့နဲ့ ဟိုဆောင်းငွေစုဘဏ်မှာ ပတ်သက်နေတဲ့သူတွေ အားလုံးကို ဖမ်းမိပြီးသား ဖြစ်မှာပါ"

"တကယ်လို့ ဟိုဆောင်းငွေစုဘဏ်သာ ဒေဝါလီခံလိုက်ရရင် သာမန် ပြည်သူတွေပဲ ခံစားရမှာပါ။ အဲဒီအချိန်ကျရင် ပြည်သူ့မျက်နှာမကြည့်ဘဲ ကိုယ့်အတွက်ပဲ အရင်ကြည့်တဲ့ကောင်တွေက လုံးဝကို ရန်သူ ဖြစ်သွားလိမ့်မယ်"

လူထုက ကြွက်လို့ ပြောဆိုခဲ့တဲ့ စကားအပေါ် စိတ်ဆိုးဒေါသထွက်နေကြတယ်။ လွှတ်တော်အမတ် ကင်ဟန်ချောက အပ်နှံသူတွေကို စော်ကားဖို့ ရည်ရွယ်တာ မဟုတ်ပါဘူးလို့ ပြန်လည် ရှင်းလင်းခဲ့ပေမယ့် ဝေဖန်မှုတွေကတော့ ငြိမ်သက်သွားမယ့် အရိပ်အယောင် မရှိခဲ့ဘူး။

ဒီလို အခြေအနေမျိုးမှာ လုပ်ငန်းတွေ မဆိုင်းငံ့ခင် အရင်တစ်ရက် ညပိုင်းက VIP တွေအတွက်ပဲ ငွေထုတ်ခွင့် ပေးခဲ့တာကို ငွေကြေးကြီးကြပ်ရေးအဖွဲ့က မျက်ကွယ်ပြုခဲ့တယ်ဆိုတဲ့ သတင်း ထွက်လာတဲ့အခါမှာတော့ ပြည်သူတွေရဲ့ ဒေါသက အထွတ်အထိပ်ကို ရောက်သွားခဲ့တော့တယ်။

လွှတ်တော်အမတ် ချွိုင်းမြောင်ဟိုက သတင်းလာယူကြတဲ့ သတင်းထောက်တွေကို ရှင်းပြနေခဲ့တယ်။

"ကျွန်တော် ဒါကို လုံးဝ မသိခဲ့ပါဘူး။ ဒါက ကျွန်တော့်ဇနီး ဖြစ်သူရဲ့ လုပ်ရပ် သက်သက်ပါ"

"တကယ်ပဲ ခင်ဗျား မသိခဲ့တာလား"

"ကျွန်တော့်ဇနီးက ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးကို စီမံခန့်ခွဲတာလေ။ ဒါကို ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ"

"ခင်ဗျားကိုယ်တိုင် ဟိုဆောင်းငွေစုဘဏ်ရဲ့ ဥက္ကဌ မင်ဆောင်းဂျူးဆီကို ဖုန်းဆက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ရှိနေပါတယ်၊ အဲဒါကိုကော ဘယ်လို ရှင်းပြမလဲ"

"……ကျွန်တော် အဲဒါကို မဖြေပါရစေနဲ့"

သတင်းထောက်တွေနဲ့ ဖုန်းပြောရာမှာတော့ ကင်ဟန်ချောက မဆီမဆိုင် အကြောင်းပြချက်တစ်ခုကို ပေးခဲ့တယ်။

'ကျွန်တော်က အင်တာနက်ဘဏ်စနစ် သုံးလို့မရတာနဲ့ အသိတစ်ယောက်ဆီ ဖုန်းဆက်ပြီး အကူအညီ တောင်းလိုက်တာပါ။ ဒါက အခွင့်ထူးခံ တစ်ခုလို့ မထင်ခဲ့ပါဘူး။ သုံးစွဲသူအားလုံး သုံးလို့ရတယ်လို့ပဲ ထင်ခဲ့တာပါ' လို့ ပြောပြီး ဖုန်းချသွားခဲ့တယ်။

ကန့်ကွက်တိုင်ကြားတဲ့ ဖုန်းတွေက ကိုရီးယားပါတီ ရုံးခန်းဆီကို ဒလဟော ဝင်လာခဲ့တယ်။ ဖုန်းဆက်တဲ့သူ အများစုက ပါတီဝင်တွေ ဖြစ်ကြတာမလို့ ဒါကလည်း မျှော်လင့်ထားပြီးသားပါပဲ။ ဘာလို့လဲဆိုတော့ ဟိုဆောင်းငွေစုဘဏ်က သူတို့ရဲ့ အမာခံနယ်မြေမှာ ရှိနေတာလေ။

တက်ဂယူက အောက်ကို ငုံ့ကြည့်လိုက်တယ်။

"မိဘများအသင်းက ဒီနေ့လည်း ပြန်ရောက်လာပြန်ပြီ"

ကျွန်တော် ထုတ်ပြန်ချက် ထုတ်ပြန်ပြီးကတည်းက မိဘများအသင်းက ကန့်ကွက်ဆန္ဒပြသူတွေက ကုမ္ပဏီရှေ့မှာ ရောက်လာခဲ့ကြတာပါ။ သက်ကြီးရွယ်အို ဆယ်ဂဏန်းလောက် စုဝေးပြီး စာတန်းတွေ ချိတ်ဆွဲကာ အသံချဲ့စက်တွေနဲ့တောင် ကန့်ကွက်ဆန္ဒပြနေကြတယ်။

ဆန္ဒပြတာက ထားပါဦး၊ ဒါပေမဲ့ 'လက်ဝဲဝါဒီတွေရဲ့ လှုံ့ဆော်မှု' နဲ့ 'လွတ်လပ်သော ကိုရီးယားသမ္မတနိုင်ငံကို ကာကွယ်စောင့်ရှောက်ရေး' ဆိုတဲ့ စကားလုံးတွေကို ဘာလို့ သုံးနေကြတာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။ ပြီးတော့ သူတို့က အမေရိကန် အလံကို ဘာလို့ ဝှေ့ယမ်းနေကြတာလဲ။

ဒီလောကမှာ အမေရိကန်နဲ့ ရင်းနှီးပြီး ကျွန်တော့်လောက် အရင်းရှင်ဝါဒကို ကြိုက်တဲ့သူ ဘယ်သူ ရှိဦးမှာလဲ။

ဒီစုဝေးမှုအတွက် တရားဝင် အကြောင်းကြားစာ မရှိခဲ့ပေမယ့် ရဲတပ်ဖွဲ့ကလည်း ဝင်ရောက်တားဆီးတာမျိုး ဘာမှ မလုပ်ခဲ့သလို အဓိက ရုပ်သံလိုင်း သုံးခုနဲ့ ကွန်ဆာဗေးတစ် သတင်းစာတွေကလည်း ဒီအကြောင်းကို ပြည်သူတွေဆီ ပုံကြီးချဲ့ပြီး စိတ်အားထက်သန်စွာ သတင်းထုတ်ပြန်ပေးခဲ့ကြတယ်။

အဲဒီသတင်းတွေကို ဖတ်ရင်း ကျွန်တော် မပြုံးဘဲ မနေနိုင်ခဲ့ဘူး။

"ဒီကောင်တွေကတော့လေ..."

"မင်း ဒါကို မျှော်လင့်ထားပြီးသားလား"

"မဟုတ်ဘူး။ သူတို့ ဒီလောက်အထိ ယုတ်မာလိမ့်မယ်လို့ မထင်ခဲ့ဘူး"

လုပ်ငန်းတွေ မဆိုင်းငံ့ခင် အရင်တစ်ရက် ညပိုင်းမှာ VIPတွေအတွက်ပဲ ငွေထုတ်ခွင့် ပေးလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကျန်ရှိနေတဲ့ ပိုက်ဆံတွေကို ရှိပြီးသားလူတွေလက်ထဲ အကုန်အပ်လိုက်တဲ့အတွက် သာမန်သုံးစွဲသူတွေအတွက် ကျန်မယ့် ပမာဏက ပိုပြီးတော့တောင် လျော့နည်းသွားခဲ့ရပါပြီ။

" အဲဒီပိုက်ဆံတွေကို ပြန်ရနိုင်မလား"

"ခက်လိမ့်မယ်"

သူတို့တွေ စည်းကမ်းပိုင်းအရ အရေးယူခံရတာ ဒါမှမဟုတ် အပြစ်ပေးခံရတာမျိုး ရှိနိုင်ပေမယ့် ထွက်သွားပြီးသား ပိုက်ဆံတွေကို ပြန်သိမ်းဖို့ကတော့ မလွယ်ကူပါဘူး။

"ဒီအချိန်မှာ ကိုရီးယားပါတီရုံးရှေ့ သွားပြီး ဆန္ဒပြသင့်တာ မဟုတ်ဘူးလား"

"ဓားစာခံ ဖြစ်သွားတဲ့သူတွေကတော့ အဲဒီကို ရောက်နေကြလောက်ပြီ"

ဟိုဆောင်းငွေစုဘဏ်က စိတ်ချရပါတယ်လို့ ဘယ်သူမှ မယုံကြတော့ပါဘူး။ ဒုက္ခရောက်သွားတဲ့သူတွေက မျှော်လင့်ချက် အလင်းတန်းလေးကို ဆုပ်ကိုင်ပြီး အစိုးရရဲ့ ထုတ်ပြန်ချက်ကိုပဲ စောင့်ဆိုင်းနေကြတော့တယ်။

ကျွန်တော့်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိနေပေမယ့် နိုင်ငံရေးလောကကတော့ နှုတ်ဆိတ်သွားခဲ့ကြတယ်။ မီဒီယာတွေကလည်း ကျွန်တော့်ကို ဝေဖန်တာတွေ ရပ်တန့်သွားခဲ့ပုံပဲ။

တက်ဂယူက နားမလည်နိုင်တဲ့ ပုံစံနဲ့ မေးတယ်။

"ဒါပေမဲ့ ဒါမျိုး ဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူးလား"

ကျွန်တော် နှုတ်ခမ်းသပ်လိုက်ပြီး ပြန်ဖြေလိုက်တယ်။

"လူသားတွေက မိုက်မဲကြပြီး အမှားဟောင်းတွေကိုပဲ ထပ်ခါတလဲလဲ လုပ်တတ်ကြတာပဲလေ"

ပူဖောင်း ဒါမှမဟုတ် လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေ မပေါက်ကွဲမချင်းတော့ ဘယ်သူမှ အမှန်တရားကို တကယ် မသိနိုင်ကြဘူး။ ဒါပေမဲ့ တစ်ကြိမ်လောက် ပေါက်ကွဲသွားပြီဆိုရင်တော့ အဲဒီအချိန်အထိ ဖုံးကွယ်ထားခဲ့တဲ့အရာတွေက ဘာမှ ကန့်သတ်ချက်မရှိဘဲ အကုန်လုံး ပေါ်လာတတ်တာပဲ။

ဟိုဆောင်းငွေစုဘဏ်က ပတ်ဆီဟျွန်းဆီက ရခဲ့တဲ့ အခွင့်ထူးတွေကြောင့် ကြီးထွားလာခဲ့တာပါ။

ပြန်စဉ်းစားကြည့်ရင် ပုဂ္ဂလိက ကဏ္ဍရဲ့ စီမံကိန်းတွေထဲမှာ ၁၀ ခုမှာ ၁ ခုလောက်ပဲ အောင်မြင်နိုင်ခြေ ရှိခဲ့တာလေ။ ဒါတောင်မှ ဟိုဆောင်းငွေစုဘဏ်က ရင်းနှီးမြှုပ်နှံသူအဖြစ် ဆောင်ရွက်ပြီး ကြီးမားတဲ့ အမြတ်အစွန်းတွေကို ရရှိခဲ့တယ်။ ဒါက သူတို့ ဆုံးရှုံးမှုတွေ ရှိခဲ့ရင်တောင် အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးတွေနဲ့ ဖာထေးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ စီမံခန့်ခွဲသူတွေကတော့ ဒါဟာ သူတို့ရဲ့ ထူးချွန်တဲ့ စီမံခန့်ခွဲမှု စွမ်းရည်ကြောင့်လို့ အထင်မှားခဲ့ကြတယ်။

ဒါကြောင့် သူတို့က အန္တရာယ်များတဲ့ စီမံကိန်းတွေမှာ ဆက်တိုက် ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ဒီလုပ်ငန်းတွေအတွက် ချေးငွေတွေ ခွင့်ပြုပေးဖို့ အထူးရည်ရွယ်ချက်ရှိတဲ့ အဖွဲ့အစည်းတွေ(SPCကုမ္ပဏီ)ကို ဖန်တီးခဲ့ကြတယ်။

ပြဿနာတွေ ပေါ်လာတဲ့အခါမှာတော့ ဖုံးကွယ်ဖို့အတွက် စာရင်းဇယားတွေကို လိမ်လည်ခဲ့ကြတယ်။ သူတို့က လောလောဆယ် ဆုံးရှုံးမှုတွေကို ဝင်ငွေအသစ်တွေ ဖန်တီးပြီး အလွယ်တကူ ပြန်ကာမိနိုင်လိမ့်မယ်လို့ ယုံကြည်ချက် ရှိနေခဲ့ကြပုံပါပဲ။

" ဒီလို တရားမဝင် ချေးငွေတွေ ပေးတာနဲ့ စာရင်းဇယား လိမ်တာတွေက ပူးပေါင်းကြံစည်မှု မရှိဘဲနဲ့တော့ ဖြစ်မလာနိုင်ဘူး။ အောက်ခြေ ဝန်ထမ်းတွေကနေ နိုင်ငံရေးသမားတွေအထိ ဒီအထဲကနေ ဝေစုမရတဲ့သူ ရှိမယ်လို့ ကျွန်တော် မထင်ဘူး"

တခြား ငွေစုဘဏ်တွေနဲ့ မတူဘဲ ဒီပြဿနာက အခုထိ ပေါ်မလာခဲ့ရတဲ့ အကြောင်းရင်းက အချက်နှစ်ချက်ကြောင့်ပါပဲ။

တစ်ခုက ကြီးကြပ်ရေးအဖွဲ့က သမ္မတရဲ့ ယောက္ခမနဲ့ ပတ်သက်နေတာမလို့ စာရင်းတွေကို ပေါ့ပေါ့ဆဆပဲ စစ်ဆေးခဲ့လို့ ဖြစ်ပြီး ဒုတိယတစ်ခုကတော့ ဘဏ်ရဲ့ အရွယ်အစားက ဆက်တိုက် ကြီးထွားနေခဲ့လို့ပါပဲ။

သူတို့က ချေးငွေ ဝမ် သိန်းပေါင်း ၁ ကုဋေကို ပြန်မရနိုင်ရင်တောင် အပ်နှံငွေ ဝမ် သိန်းပေါင်း ၁.၅ ကုဋေ ရရှိနေသရွေ့ ဘာပြဿနာမှ မရှိဘူးလေ။ တကယ်လို့ ဝမ် သိန်းပေါင်း ၂ ကုဋေလောက် ပြန်မရရင်တောင် အပ်နှံငွေ ဝမ် သိန်းပေါင်း ၃ ကုဋေရနေဖို့ပဲလိုပါတယ်။

ဒါပေမဲ့ ကြီးထွားမှုနှုန်းက နှေးကွေးလာတဲ့အခါမှာတော့ ပြဿနာတွေ စတင် ပေါ်ပေါက်လာခဲ့ရတယ်။

ဘဏ်ခွဲတွေနဲ့ ဝန်ထမ်းတွေကို စည်းကမ်းမရှိ တိုးချဲ့ခဲ့တာကြောင့် ပုံသေကုန်ကျစရိတ်တွေက မြင့်တက်လာခဲ့ပေမယ့် အပ်နှံငွေ တိုးပွားမှုနှုန်းကတော့ ဆက်တိုက် လျော့နည်းလာခဲ့တယ်။

ချေးငွေတွေကို သတ်မှတ်ထားတဲ့အတိုင်း ပြန်မရခဲ့သလို အတိုးနှုန်းမြင့် အပ်နှံငွေတွေကလည်း တစ်ခုပြီးတစ်ခု သက်တမ်းစေ့လာခဲ့ပြီ။ ငွေသားစီးဆင်းမှု ရပ်တန့်မသွားအောင် တားဆီးဖို့အတွက် သူတို့က အဆင့်နိမ့် ငွေတိုက်စာချုပ်တွေကို ထုတ်ဝေတဲ့ နည်းလမ်းကို သုံးခဲ့ကြတယ်။

ဒါပေမဲ့ အကြွေးတွေကို လှည့်ပတ်ပြီး ဖာထေးနေရတာကလည်း ကန့်သတ်ချက် ရှိတာပဲလေ။

ကျွန်တော် ဝင်မစွက်ဖက်ခဲ့ရင်တောင် ဒါက တစ်နှစ်မခံဘဲ ပြိုလဲသွားမှာပါပဲ။ အဲဒီအချိန်အထိတော့ သူတို့က သာမန်ပြည်သူတွေရဲ့ ပိုက်ဆံတွေကို တွင်းနက်ကြီးတစ်ခုလိုမျိုး ဆက်ပြီး စုပ်ယူနေကြဦးမှာပါ။

"ဒါက ဖြစ်လေ့ဖြစ်ထမရှိတဲ့ ဖြစ်ရပ်မျိုး မဟုတ်ဘူး။ IMF အကြပ်အတည်း ဒါမှမဟုတ် Credit Card အကြပ်အတည်းတွေကိုပဲ ကြည့်လိုက်လေ"

လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေ မပေါက်ကွဲခင် အချိန်အထိတော့ အစိုးရက ဘာမှ ဝင်မလုပ်ဘဲ လက်ပိုက်ကြည့်နေခဲ့တာပါပဲ။

အမြဲတမ်းလိုလိုပဲ ဝန်ထုပ်ဝန်ပိုးက သာမန် ပြည်သူတွေရဲ့ ပုခုံးပေါ်ပဲ ကျရောက်လာတာပါ။

ဟိုဆောင်းငွေစုဘဏ်ရဲ့ လုပ်ငန်းတွေ ဆိုင်းငံ့လိုက်တာက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ လှုပ်ခတ်မှုကို ဖန်တီးခဲ့တယ်။

ဒါက တောင်ကိုရီးယားမှာ အထူးသဖြင့် ဘဏ္ဍာရေး ကဏ္ဍမှာ ကန်ဂျင်ဟူရဲ့ သြဇာလွှမ်းမိုးမှုက ဘယ်လောက်တောင် ကြီးမားလဲဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပြီး ထပ်ပြီး ငြင်းခုံနေစရာတောင် မလိုတော့ပါဘူး။

သူက အဲဒီစကားကို ပြောလိုက်တဲ့ အချိန်ကစပြီး ဘဏ္ဍာရေး ကုမ္ပဏီတွေက ဟိုဆောင်းငွေစုဘဏ်ကို အနီးကပ် စောင့်ကြည့်ခဲ့ကြတာပါ။ ဒီလုပ်ငန်းလောကထဲက ဘယ်သူမှ သူက အထောက်အထား မရှိဘဲနဲ့ ဘဏ်ရဲ့ ကြွေးမြီဆိုးတွေကို ထောက်ပြခဲ့တာလို့ မယုံကြည်ခဲ့ကြဘူး။

ကြွေးမြီဆိုး ပြဿနာက အတိုင်းအတာတစ်ခုအထိ ရှိနေတာကတော့ သေချာပေမယ့် အရေးကြီးတဲ့ မေးခွန်းကတော့ အဲဒါက ဘယ်လောက်အထိ ကြီးမားလဲဆိုတာပဲ။

အသေးစိတ် စာရင်းစစ်ဆေးမှုတွေနဲ့ ကွင်းဆင်းစုံစမ်းစစ်ဆေးမှုတွေ စတင်လာတဲ့အခါ အားလုံးက အထူးသတိထား စောင့်ကြည့်နေခဲ့ကြတယ်။

အစပိုင်းမှာတော့ ဝမ် သိန်းပေါင်း သန်းချီရှိတဲ့ ကြွေးမြီဆိုးတွေကို ဖော်ထုတ်မိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီး အဲဒီအချိန်မှာ လူအများစုက အစိုးရဘက်က ဝင်ရောက် ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ထင်ခဲ့ကြတယ်။

ဒါပေမဲ့ အဲဒီပမာဏက ချက်ချင်းဆိုသလို ဝမ် သိန်းပေါင်း ၁ကုဋေအထိ မြင့်တက်သွားခဲ့တယ်။ စုံစမ်းစစ်ဆေးမှုက အစောပိုင်း အဆင့်မှာပဲ ရှိသေးတာကြောင့် ဒါက ဘယ်လောက်အထိ ပိုပြီး ကြီးမားလာဦးမလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့ကြဘူး။

အဖွဲ့အစည်းတွေက ဟိုဆောင်းငွေစုဘဏ်ရဲ့ စာချုပ်တွေကို အလုအယက် ပြန်ရောင်းချခဲ့ကြတယ်။ စာချုပ်ရဲ့ ယုံကြည်စိတ်ချရမှု အဆင့်သတ်မှတ်ချက်က 'AAအဆင့် စိတ်ချရသည်' လို့ ပြသထားခဲ့ပေမယ့် ရုတ်တရက် အလုအယက် ရောင်းချမှုတွေကြောင့် စျေးနှုန်းက ထက်ဝက်ကျော်အထိ ထိုးကျသွားခဲ့ရတယ်။ ရင်းနှီးမြှုပ်နှံသူတွေက သက်တမ်းစေ့တဲ့အထိ စောင့်ပြီး အရင်းနဲ့ အတိုးကို ပြန်ရဖို့ မျှော်လင့်နေမယ့်အစား ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံပြီးတော့ပဲ စာချုပ်တွေကို အမြန်ဆုံး ထွက်ရောင်းဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ဒါက စျေးကွက်ရဲ့ အမြင်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာပဲပါပဲ။ ဟိုဆောင်းငွေစုဘဏ်က သက်တမ်းစေ့တဲ့အထိ တောင့်ခံနိုင်မှာ မဟုတ်ဘူးဆိုတာကိုပေါ့။

ဒီအချိန်မှာတော့ မီဒီယာတွေကလည်း အခြေအနေရဲ့ ပြင်းထန်မှုကို စတင် သတိပြုမိလာခဲ့ကြပြီ။

ပင်မမီဒီယာတွေကတော့ ပုံမှန်အတိုင်း အစိုးရကို ဆန့်ကျင်တဲ့ ဆောင်းပါးတွေကို ထုတ်ဝေတာမျိုး မလုပ်ဘဲ အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်ကိုပဲ စောင့်ဆိုင်းဖို့ ရွေးချယ်ခဲ့ကြတယ်။

ဒါပေမဲ့ အစိုးရဘက်ကတော့ စုံစမ်းစစ်ဆေးမှုက အချိန်ပိုကြာဦးမှာ ဖြစ်တယ်လို့ အကြောင်းပြပြီး ထုတ်ပြန်ချက်ကို ဆယ်ရက်နီးပါးအထိ ရွှေ့ဆိုင်းခဲ့တယ်။

တကယ်လို့ ဘာပြဿနာမှ မရှိရင် စုံစမ်းစစ်ဆေးမှုက အခုထက် စောစော ပြီးစီးခဲ့မှာပဲလေ။ ဒါက အခြေခံအားဖြင့်တော့ ကြွေးမြီဆိုးတွေ တကယ် ရှိနေတယ်ဆိုတာကို ဝန်ခံလိုက်တာနဲ့ အတူတူပဲ ဖြစ်တယ်။

စုံစမ်းစစ်ဆေးမှု သက်တမ်းတိုးကြောင်း ကြေညာပြီးတဲ့ နောက်မှာတော့ ဟိုဆောင်းငွေစုဘဏ်ရဲ့ စာချုပ်စျေးနှုန်းတွေက မူလတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ရသလို တခြား ငွေစုဘဏ်တွေရဲ့ စာချုပ်စျေးနှုန်းတွေပါ လိုက်ပြီး ကျဆင်းသွားခဲ့တယ်။ စိုးရိမ်ပူပန်မှုတွေက ဘဏ်လုပ်ငန်း ကဏ္ဍတစ်ခုလုံးဆီကို ပျံ့နှံ့သွားခဲ့ရပြီ။

အခြေအနေကို စောင့်ကြည့်နေခဲ့ကြတဲ့ မီဒီယာတွေကလည်း နောက်ကျမှပဲ သတင်းတွေကို ထုတ်ပြန်ခဲ့ကြတော့တယ်။

[(သတင်းထူး)

ဟိုဆောင်းငွေစုဘဏ်က ဝမ် သိန်းပေါင်း ၃ ကုဋေကျော် စာရင်းဇယား လိမ်လည်ထားကြောင်း ခန့်မှန်းရ]

[(အရေးပေါ်သတင်း)

ဟိုဆောင်းငွေစုဘဏ်က သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စာရင်းဇယား လိမ်လည်မှုနဲ့ ရင်ဆိုင်နေရ]

[လုပ်ငန်းများ မဆိုင်းငံ့မီ အရင်တစ်ရက်အထိ အဆင့်နိမ့် ငွေတိုက်စာချုပ်များကို ရောင်းချခဲ့ကြောင်း ပေါ်ပေါက်]

[အရင်းနှင့် အတိုးအတွက် ဝမ် သန်း ၅၀ အထိသာ အကာအကွယ်ရှိပြီး အဆင့်နိမ့် စာချုပ်များမှာမူ အကာအကွယ် မရှိပါ]

သတင်းကို ဖတ်မိတဲ့ ပြည်သူတွေက ကြွေးမြီဆိုးတွေရဲ့ ပမာဏကို ကြည့်ပြီး အလွန်အမင်း တုန်လှုပ်သွားခဲ့ကြရတယ်။

အင်တာနက်စာမျက်နှာတွေလည်း အုန်းအုန်းကျွက်ကျွက် ဖြစ်သွားခဲ့တာပေါ့။

– ငွေစုဘဏ်ရဲ့ ကြွေးမြီဆိုးက ဝမ် သိန်းပေါင်း ၃ ကုဋေကျော်တယ်ဆိုတာ တကယ်ပဲလား။

– ဝိုး။ သမ္မတရဲ့ ယောက္ခမ မိသားစုရဲ့ လုပ်နိုင်စွမ်းကတော့ တကယ့်ကို အံ့ဩဖို့ကောင်းတယ်ကွာ။ ဒီလိုမျိုးအထိ လုပ်လို့ရတယ်ဆိုတာ ငါ မသိခဲ့ဘူး။ သမ္မတရဲ့ သမက် ဆိုရင်တော့ မပြောနဲ့တော့။

– လုပ်ငန်းတွေ ပြန်စနိုင်မယ့် အလားအလာ လုံးဝ မရှိတော့ဘူးလား။ㅜㅜ

– ဟားဟား။ သူတို့က အရင်းအနှီးတွေပါ ဆုံးရှုံးနေတဲ့ အခြေအနေ ဖြစ်နေပြီမလို့ ဒေဝါလီခံရမှာကတော့ အသေအချာပဲ။

– သမ္မတ နှင့် အိုတာကူပြိုင် ဘယ်သူနိုင်မလဲ ဒုတိယပိုင်းမှာတော့ အိုတာကူက နိုင်သွားပြန်ပြီ။

– သမ္မတကတော့ နှစ်ခါရှိပြီ။ ရှင်းရှင်းလင်းလင်းကြီး ရှုံးနေတာ။ သူ ဒီထက်မက ပိုကြိုးစားရဦးမယ်။

– မျှော်လင့်ထားတဲ့အတိုင်း ကန်ဂျင်ဟူ ပြောတာက မှန်နေတာပဲ။ အို။ နတ်ဘုရား ကန်ဂျင်ဟူ။

– ငါကတော့ ကန်ဂျင်ဟူကြောင့် ကပ်ဘေးက လွတ်ခဲ့တာ။ ကျွန်တော့်အဖေလည်း ဘဏ်ဝန်ထမ်းက တိုက်တွန်းလွန်းလို့ အဆင့်နိမ့် ငွေတိုက်စာချုပ်ကို ဝယ်မိမလို ဖြစ်သွားသေးတယ်။

– ဒီတစ်ကြိမ်မှာတော့ ကန်ဂျင်ဟူက လူအများကြီးကို ကယ်တင်လိုက်တာပဲ။

– ဒါနဲ့၊ အဆင့်နိမ့် ငွေတိုက်စာချုပ်တွေကို ဝယ်ထားတဲ့သူတွေကော ဘာဆက်ဖြစ်မလဲ။ နည်းတဲ့ အရေအတွက်တော့ မဟုတ်လောက်ဘူး။

– အပ်နှံငွေတွေကိုတောင် ပြန်ရဖို့ မသေချာတဲ့ အခြေအနေမှာ အဆင့်နိမ့် ငွေတိုက်စာချုပ်တွေအတွက်ကတော့ မျှော်လင့်ချက် လုံးဝ မရှိတော့ပါဘူးလေ။

၁၅ ရက်မြောက်နေ့မှာတော့ အစိုးရက နောက်ဆုံးမှာ စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို ထုတ်ပြန်ကြေညာခဲ့တယ်။

ငွေကြေးကြီးကြပ်ရေးအဖွဲ့ရဲ့ အကြီးအကဲ ချာဂျုံဟိုက သတင်းထောက်တွေရဲ့ ရှေ့မှာ ရပ်လိုက်တယ်။

"စုံစမ်းစစ်ဆေးမှုတွေအရ ကြီးမားတဲ့ စာရင်းဇယား လိမ်လည်မှုတွေ ရှိနေတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဟိုဆောင်းငွေစုဘဏ်ရဲ့ တကယ့် BIS အချိုးက ၅၃ ရာခိုင်နှုန်းပဲ ရှိတာမလို့ အခြေခံအားဖြင့်တော့ အရင်းအနှီးတွေ ဆုံးရှုံးနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ လောလောဆယ်မှာ လုပ်ငန်းတွေကို ပြန်လည် စတင်ဖို့ ခက်ခဲဦးမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ်။ ကျွန်တော်တို့က ငွေကြေးစီမံခန့်ခွဲမှု ကော်မရှင်ကို ချက်ချင်း ခေါ်ယူပြီး ဒါကို ပြဿနာရှိတဲ့ ငွေကြေးအဖွဲ့အစည်းအဖြစ် သတ်မှတ်ကာ စီမံခန့်ခွဲမှု မြှင့်တင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားမှာပါ"

ထုတ်ပြန်ချက် ပြီးဆုံးသွားတာနဲ့ သတင်းထောက်တွေဆီကနေ မေးခွန်းတွေ တရစပ် ထွက်ပေါ်လာခဲ့တော့တယ်။

"စီမံခန့်ခွဲမှု မြှင့်တင်ဖို့ဆိုတာက တကယ်ကော ဖြစ်နိုင်လို့လား။ ဒါက အခြေခံအားဖြင့်တော့ ဒေဝါလီခံလိုက်ရတာ မဟုတ်ဘူးလား"

"ပြီးခဲ့တဲ့နှစ်တုန်းက ကြီးမားတဲ့ စာရင်းစစ်ဆေးမှုတွေနဲ့ ကွင်းဆင်းစုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တာပဲလေ။ အဲဒီတုန်းက ဘာလို့ ကြွေးမြီဆိုးတွေကို မတွေ့ခဲ့တာလဲ"

"လုပ်ငန်းတွေ မဆိုင်းငံ့ခင် အရင်တစ်ရက် ညပိုင်းက တရားမဝင် ငွေထုတ်ယူမှုတွေကို မတားဆီးခဲ့ရတဲ့ အကြောင်းရင်းက ဘာလဲ"

"ပြီးခဲ့တဲ့ နှစ်ပတ်တုန်းကတော့ ဘာပြဿနာမှ မရှိပါဘူးလို့ ပြောခဲ့တာမလား။ အခုတော့ ဘာတွေ ဖြစ်သွားရတာလဲ"

"ငွေကြေးကြီးကြပ်ရေးအဖွဲ့ရဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ ပြည်သူတွေကို အရင်ဆုံး တောင်းပန်သင့်တာ မဟုတ်ဘူးလား"

ချာဂျုံဟိုက သူ့မျက်နှာပေါ်က စီးကျလာတဲ့ ချွေးတွေကို လက်ကိုင်ပဝါနဲ့ သုတ်လိုက်ပြီး စကားတစ်ခွန်းပဲ ပြောခဲ့တယ်။

"ကျွန်တော် မေးခွန်းတွေကို ပြန်မဖြေတော့ပါဘူး"

တုန်လှုပ်သွားကြတဲ့ အပ်နှံသူတွေ အားလုံးက ဟိုဆောင်းငွေစုဘဏ် ရုံးချုပ်ရှေ့ကို အလုအယက် ရောက်လာခဲ့ကြတယ်။ ဒါပေမဲ့ ဘဏ်တံခါးတွေကတော့ အခိုင်အမာ ပိတ်ထားခဲ့ပြီး လုပ်ငန်းဆိုင်းငံ့ကြောင်း အကြောင်းကြားစာ ကပ်ထားတာပဲ ရှိနေခဲ့တယ်။

"တံခါးဖွင့်ပေးကြပါ"

"ငါ့ ပိုက်ဆံတွေ ပြန်ပေးပါ"

"ဥက္ကဌကို အပြင်ထွက်ခိုင်းလိုက်"

ကင်ဆွန်ယာက မြေပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး ငိုကြွေးရင်းနဲ့ မျှော်လင့်ချက်မဲ့စွာ လက်အုပ်ချီပြီး တောင်းပန်နေခဲ့မိတော့တယ်။

"အိုမို။ ငါ လုံးဝ မှားသွားခဲ့ပါပြီ။ ငါက မိုက်မဲလွန်းလို့ အဆင့်နိမ့် ငွေတိုက်စာချုပ်ဆိုတာ ဘာမှန်း မသိခဲ့လို့ပါ။ ဒီပိုက်ဆံသာ မရှိရင် ငါနဲ့ ငါ့အမျိုးသားကတော့ သေရုံပဲ ရှိတော့မယ်။ ကျေးဇူးပြုပြီး ကယ်ကြပါဦးရှင်။ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မရဲ့ ပိုက်ဆံတွေကို ပြန်ပေးကြပါ"

All Chapters