← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း(၁၂၁) - အမတကွပ်ကဲရေးဌာန၏ ကြီးကြပ်ရေးမှူး

“သားတော် ဒီတစ်ခေါက် အရမ်းကို ကြောက်မိပါတယ် ၊ ရင်တုန်ပန်းတုန် ဖြစ်နေသလို …ခန္ဓာကိုယ်ကလည်း အားနည်းနေပြီး စိတ်တွေကလည်း မတည်မငြိမ် ဖြစ်လို့နေရပါတယ်”

“ ကြည့်ရတာ … သားတော်ရဲ့ စိတ်ဝိညာဉ်ပါ ထိခိုက်သွားပုံပဲ ၊ ဒါ့ကြောင့် သားတော် တိုင်းပြည်ရေးရာကိစ္စတွေကို ခဏနားထားပြီး အရှေ့နန်းဆောင်မှာပဲ စိတ်အေးလက်အေး အနားယူဖို့ ခမည်းတော်ထံကနေ ရက်တစ်ရာ ခွင့်တောင်းလိုပါတယ်”

ထိုသို့ ပြောပြီးသည်နှင့် ၊ သူသည် “ကျွန်တော်က လူမမာဖြစ်နေပြီမို့ မြန်မြန်ပဲ နန်းချလိုက်ပါတော့” ဆိုသည့် မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မိမိ၏ ခမည်းတော်ကို စိုက်ကြည့်နေလေ၏။

နန်းဆောင်အပြင်ဘက်တွင် ၊ မိန်းမစိုးအကြီးအကဲတစ်ဦးက တိတ်တဆိတ် ဝင်ရောက်လာပြီး သတင်းပို့လာသည်။

“အရှင်မင်းကြီး၊ ရှန်မိဖုရားကြီးကို ရေခဲနန်းဆောင်ထဲကို ပို့ဆောင်ပြီးပါပြီ…မင်းသား(၃)ရဲ့ အိမ်တော်ကိုလည်း နန်းတွင်းစောင့်တပ်က ‘လုံခြုံရေး’ယူထားပြီး၊ အိမ်တော်တွင်းရှိ မည်သူမဆို ခွင့်ပြုချက်မရှိဘဲ အဝင်အထွက် မလုပ်ဖို့ တားမြစ်ထားပါတယ်”

ဧကရာဇ်မင်း ရှောင်ယွမ်သည် ‘အင်း’ ဟု တစ်ချက်ဆိုကာ မိန်းမစိုးကို ပြန်လွှတ်လိုက်ပြီး အရေးမပါသော အမှုတစ်ခုကို ဖြေရှင်းလိုက်သကဲ့သို့ပင်။

သူသည် ခေါင်းပြန်လှည့်လာပြီး “ကျွန်တော့်ကို လွှတ်ပေးပါတော့” ဟု အသနားခံနေသည့် သားဖြစ်သူကို ကြည့်ရင်း အမျက်မထွက်သည့်အပြင် သက်ပြင်းတစ်ချက်သာ ချလိုက်လေသည်။

“အနားယူမယ် ဟုတ်လား”

ဧကရာဇ်မင်း ရှောင်ယွမ်၏ အကြည့်သည် အလွန်အမင်း လေးနက်တည်ငြိမ်နေကာ ၊ ထိုမျက်ဝန်းထဲတွင် ရှောင်ရှန်း ကိုယ်တိုင်ပင် နားမလည်နိုင်သည့် ရှုပ်ထွေးသော စိတ်ခံစားချက်အချို့ ရှိနေခဲ့သည်။

“ငါ့သား၊ မင်းက အနားယူချင်ပေမယ့်…အဲဒီ မိစ္ဆာကောင်တွေက သာရှပြည်ကြီးကို အေးအေးချမ်းချမ်း မနေစေချင်ဘူး”

ရှောင်ရှန်း တစ်ယောက် ကြောင်အမ်းသွားသည်။

ဧကရာဇ်မင်း ရှောင်ယွမ်က ဖြည်းညင်းစွာ ဆက်ပြောသည်။

“မင်း သိလား၊ မနေ့ညက လုပ်ကြံသူဟာ ဘယ်ကလာလဲဆိုတာ”

သူသည် ရှောင်ရှန်း၏ အဖြေကို မစောင့်ဘဲ မိမိဘာသာ ဆက်ပြောလေသည်။ အသံသည် မကျယ်လှသော်လည်း ရှောင်ရှန်း၏ ခေါင်းထဲတွင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဂျိန်းခနဲ့ ခေါင်းနားပန်းကြီးသွားစေသည်။

“သူမက သာမန်လူမဟုတ်ဘူး၊ သူမက ကျင့်ကြံခြင်းလောကက မိစ္ဆာကျင့်ကြံသူ..၊ ‘မှော်နက်ဂိုဏ်း’ ရဲ့ သေမင်းတမန်ပဲ”

‘ကျင့်ကြံခြင်းလောကက မိစ္ဆာကျင့်ကြံသူ…မှော်နက်ဂိုဏ်း…’

‘ နေစမ်းပါဦး ၊ ဒီဇာတ်လမ်းက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး လမ်းကြောင်းပြောင်းသွားရတာတုန်း ၊ ဒါက နန်းတွင်းအရှုပ်တော်ပုံနဲ့ အာဏာလုပွဲ သက်သက်ပဲ မဟုတ်ဘူးလား…’

‘ ဘယ်လိုလုပ်ပြီး စကားတစ်ခွန်းတည်းနဲ့ စိတ်ကူးယဉ် ကျင့်ကြံလောက က ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားရတာတုန်း’

"ငါတို့ သာရှမင်းဆက်ကြီး တည်တံ့လာခဲ့တာ နှစ်ပေါင်းရာချီ ရှိပြီ၊ အပြင်ပန်းက ကြည့်ရင်တော့ တိုင်းပြည်အသီးသီးက လာရောက်ခစားပြီး ငါတို့ကပဲ အထွတ်အထိပ် ရောက်နေသလိုပဲ… ဒါပေမယ့် နန်းတွင်းရဲ့ အပြင်ဘက်မှာတော့ နောက်ထပ် ကမ္ဘာတစ်ခု ရှိနေသေးတယ်”

ဧကရာဇ်မင်း ရှောင်ယွမ်သည် ပြတင်းပေါက်နားသို့ လျှောက်သွားကာ နန်းတော်အပြင်ဘက်က မိုင်ပေါင်းသောင်းချီ ကျယ်ပြန့်လှသော တိုင်းပြည်ကြီးကို ငေးကြည့်ရင်း ဆက်ပြောလေသည်။

"အဲ့တာက ကျင့်ကြံသူတွေရဲ့ ကမ္ဘာပဲ…ကျင့်ကြံဂိုဏ်းကြီးတွေဟာ နာမည်ကြီး တောင်တန်းကြီးတွေကို အခြေစိုက်ပြီး လူသားမျိုးနွယ်စုရဲ့ မင်းဆက်အပြောင်းအလဲကို အထက်စီးကနေ ကြည့်နေကြတာ”

“ သူတို့က လောကီကိစ္စတွေကို မစွက်ဖက်ဘူးလို့ ကြွေးကြော်ထားကြပေမယ့် အချိန်တိုင်းမှာတော့ တိုင်းပြည်ရဲ့ ကံကြမ္မာ အနိမ့်အမြင့်ကို လွှမ်းမိုးနေကြတာပဲ"

"မကြာသေးမီ နှစ်အတွင်း 'မှော်နက်ဂိုဏ်း'ဆိုတဲ့ မိစ္ဆာကျင့်ကြံသူတွေရဲ့ အင်အားစုတွေက တိတ်တဆိတ် စိမ့်ဝင်လာကြပြီး နေရာအနှံ့မှာ ဒုက္ခပေးနေကြတယ်”

“ နယ်စပ်ဒေသက သွေးယဇ်ပူဇော်တာတွေ … မြို့တော်ထဲက လုပ်ကြံမှုသတ်ဖြတ်မှုတွေ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ သူတို့တွေ ရှိနေတယ် ၊ သူတို့ ကြံစည်နေတာက ငါတို့ သာရှပြည်ကြီးရဲ့ နဂါးသွေးကြောနဲ့ သာမန်ပြည်သူပြည်သားတွေရဲ့ အသက်ပဲ”

ဧကရာဇ်မင်း ရှောင်ယွမ်သည် ခေါင်းပြန်လှည့်လာပြီး ရှောင်ရှန်းကို စူးစိုက်ကြည့်လိုက်သည်။

"ရှန်မိဖုရားကြီးပဲ ဖြစ်ဖြစ်၊ ရှောင်ကျင်းပဲ ဖြစ်ဖြစ်၊ သူတို့က မှော်နက်ဂိုဏ်းရဲ့ အသုံးချခံ နယ်ရုပ် အဆင့်လောက်ပဲ ရှိတာ … တကယ့် ရန်သူအစစ်က မိုးပျံမြေလျှိုး ကျွမ်းကျင်တဲ့အပြင် လူကို အသံမထွက်ဘဲ သတ်နိုင်တဲ့ ကျင့်ကြံသူတွေပဲ”

“ သူတို့ကို ရင်ဆိုင်ဖို့အတွက် နန်းတွင်းစောင့်တပ်က အသုံးမဝင်ဘူး၊ အာဏာလုပွဲ ပရိယာယ်တွေကလည်း အသုံးမဝင်ဘူး"

ရှောင်ရှန်း ခမျာ ပါးစပ်အဟောင်းသားဖြင့် နားထောင်နေမိပြီး ၊ မိမိ၏ လောကအမြင်ကြီးမှာလည်း မြေပြင်ပေါ်သို့ ပစ်ချကာ အကြိမ်ကြိမ် နင်းခြေခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ချေပြီ။

ချင်ချန်း၏ လျှောက်လွှာထဲမှ စိတ်ကူးယဉ်ဆန် အရေးအသားများနှင့် မိမိ၏ ‘ အံ့မခန်း ကံဇာတာကြီး’ က အဘယ့်ကြောင့် အမြဲတမ်း အလုပ်ဖြစ်နေသည်ကို နောက်ဆုံးတော့ သူ အဖြေရသွားခဲ့ပြီ ဖြစ်သည်။

ဤကမ္ဘာကြီးတွင် သဘာဝလွန် စွမ်းအားများ အမှန်တကယ် ရှိနေခြင်းပင် ဖြစ်သည်။

မိမိ၏ "ငပျင်းတစ်ကောင်၏ ကံတရား”သည် ထိုအရာများကို နှိမ်နင်းနိုင်သည့် ကြမ္မာဆိုးကြီး တစ်ခု ဖြစ်နေပုံရသည်။

‘ဒါပေမဲ့ အဲ့တာတွေက သူ့ဟာသူ ကာလနဂါးလုပ်ချင်တာနဲ့ ဘာဆိုင်တာကြလို့…’

သူသည် ပါးစပ်ဟကာ မိမိ၏ "ခွင့်ရက်တောင်းခံခြင်း မဟာလုပ်ငန်းကြီး" ကို ဆက်လက် လုပ်ဆောင်ရန် ပြင်လိုက်စဉ်မှာပင်၊

ဧကရာဇ်မင်း ရှောင်ယွမ်သည် သူ့ရှေ့သို့ ပြန်လည်လျှောက်လာပြီး ၊ သူ့ကို ဝိညာဉ်လွင့်စင်သွားစေလောက်မည့် စကားတစ်ခွန်းကို ဆိုလိုက်သည်။

"ငါကိုယ်တော် ဌာနကြီး ခြောက်ခုအပြင် ‘အမတကွပ်ကဲရေးဌာန’ လို့ အမည်ရတဲ့ ဌာနအသစ်တစ်ခုကို ဖွဲ့စည်းမယ်"

"ဒီဌာနက တရားရုံးရဲ့ ထိန်းချုပ်မှုအောက်မှာမရှိဘဲ ငါကိုယ်တော် ကိုယ်တိုင် ကွပ်ကဲမယ် ၊ လောကကြီးထဲက ကျင့်ကြံဂိုဏ်းကြီးတွေနဲ့ ဆက်သွယ်ဖို့၊ စောင့်ကြည့်ဖို့၊ မှတ်တမ်းတင်ဖို့၊ နောက်ဆုံး ဒုက္ခပေးနေတဲ့ မိစ္ဆာကျင့်ကြံသူတွေကို နှိမ်နင်းဖို့ တာဝန်ယူရမယ်”

“လောကကြီးထဲက ကျင့်ကြံခြင်း ဆိုင်ရာ ကိစ္စရပ်မှန်သမျှကို ဒီဌာနကပဲ အကုန်အစင် ကွပ်ကဲရမယ်"

ဧကရာဇ်မင်း ရှောင်ယွမ်၏ စကားလုံးတိုင်းသည် ရှောင်ရှန်း၏ နှလုံးသားကို တူဖြင့် ပြင်းထန်စွာ ထုရိုက်နေသကဲ့သို့ပင်။

"အိမ်ရှေ့စံ ရှောင်ရှန်း”

ဧကရာဇ်မင်း ရှောင်ယွမ်၏ အသံသည် ထည်ဝါလေးနက်လှပြီး မည်သည့် ငြင်းပယ်မှုကိုမျှ ခွင့်မပြုပေ။

"မင်းက သီလနဲ့ ပြည့်စုံပြီး ကောင်းကင်ဘုံရဲ့ အမိန့်တော်ကို ဆောင်ကျဉ်းပြီး မိစ္ဆာတွေကို အကြိမ်ကြိမ် နှိမ်နင်းနိုင်ခဲ့တယ်…ငါကိုယ်တော် ဒီနေ့ပဲ မင်းကို ငါတို့ သာရှပြည်ကြီးရဲ့ ပထမဆုံးသော ‘အမတကွပ်ကဲရေးဌာန’ရဲ့ ‘ကြီးကြပ်ရေးမှူး’ အဖြစ် ခန့်အပ်လိုက်တယ်”

……

All Chapters