← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း(၁၂၂) - ပျင်းရိသူတို့၏ နိဗ္ဗာန်ဘုံ

ချန်ယွမ်နန်းဆောင်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။

ရှောင်ရှန်းခမျာ ကြောင်တောင်တောင်ဖြင့် ရပ်နေမိပြီး ၊ ကောင်းကင်ဘုံ၏ မိုးကြိုးတစ်ချက်ကို ခံယူလိုက်ရသည့်အလား သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ပင် အဝေးသို့ လွင့်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

‘အမတကွပ်ကဲရေးဌာန ၊ ကြီးကြပ်ရေးမှူး ဟုတ်လား..’

‘ သူ့ကို မိုးပျံမြေလျှိုး ၊ မီးလုံးတွေ ပစ်နိုင်ပြီး မိုးကြိုးတွေ ဖန်တီးနိုင်တဲ့ အမတတွေနဲ့ မိစ္ဆာကောင်တွေကို သွားရောက်ကွပ်ကဲခိုင်းတယ်တဲ့လား…’

‘ ဒါက သူ့ကို သေတွင်းထဲ လွှတ်လိုက်ရုံတင်မကဘူး ၊ ကောင်းကင်ကြီးကို အပေါက်ကြီးဖြစ်အောင် မွှေနှောက်ဖို့ အခွင့်အရေးပေးနေတာပဲ မဟုတ်လား..’

သူသည် ပါးစပ်ကို ဟလိုက်ပြီး "မလုပ်ချင်ဘူး" ဟု ငြင်းဆိုလိုက်ချင်သည်။ "သားတော်မှာ ဘာအရည်အချင်း ရှိလို့လဲ" သို့မဟုတ် "ခမည်းတော် အသက်ကြီးပြီး ခေါင်းမကောင်းတော့တာလား" ဟုပင် ပြန်မေးလိုက်ချင်တော့သည်။

သို့သော်လည်း ဧကရာဇ်မင်း ရှောင်ယွမ်၏ အရာအားလုံးကို ထိုးဖောက်မြင်နိုင်သော မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရသည့်အခါတွင် ကန့်ကွက်လိုသော စကားလုံးများအားလုံးသည် လည်ချောင်းဝတွင်ပင် တစ်ဆို့သွားရရှာသည်။

ဧကရာဇ်မင်းသည် အနက်အဓိပ္ပာယ် နက်ရှိုင်းလှသော အပြုံးဖြင့် သူ၏ ပခုံးကို ညင်သာစွာ ပုတ်လျက် တစ်လုံးချင်းစီ ပြောလိုက်တော့သည်။

"သွားတော့ ငါ့သား"

"ဘာလို့လဲဆိုတော့၊ မင်းတစ်ယောက်တည်းသာလျှင်…… သူတို့ကို နှိမ်နင်းနိုင်စွမ်း ရှိလို့ပဲ"

.......

ဧကရာဇ်မင်းမြတ်၏ ပထမဆုံးသော “အမတကွပ်ကဲရေးဌာန၏ ကြီးကြပ်ရေးမှူး” ဆိုသော စကားလုံးသည် မမြင်ရသော တူကြီးတစ်လက်ကဲ့သို့ ရှောင်ရှန်း၏ ဦးခေါင်းကို ရိုက်ခွဲပစ်ခဲ့ရာ တစ်ကိုယ်လုံး ချာလပတ်ယမ်းကာ ဒူဝေဝေ ဖြစ်နေလေတော့၏။

သူသည် ချန်ယွမ်နန်းဆောင်မှ မည်သို့ ထွက်ခွာလာခဲ့သည်ကိုပင် မမှတ်မိတော့ပေ။

နက်နဲသော အကြံအစည်များရှိသည့် ခမည်းတော်၏ မျက်နှာထက်တွင် “မေတ္တာကရုဏာ” အပြည့်ရှိသည်ဟု ဆိုနိုင်သော အပြုံးတစ်ပွင့် ဆင်မြန်းထားသည်ကိုသာ မှတ်မိတော့ပြီး ၊ ထိုအပြုံးက သူ့အား ကြက်သီးဖြန်းဖြန်း ထသွားစေခဲ့သည်။

ဤသို့ဖြင့် ဧကရာဇ်၏ အမိန့်တော်ပြန်တမ်းသည် အလွန်လျင်မြန်စွာ ရောက်ရှိလာခဲ့လေသည်။

နောက်တစ်နေ့ နံနက်အစောပိုင်းတွင်ပင် ရှောင်ရှန်း တစ်ယောက် ‘အမတကွပ်ကဲရေးဌာန’သို့ အတင်းအကျပ် တွန်းပို့ခံလိုက်ရသည်။

ဤနေရာသည် နန်းမြို့ရိုး၏ အစွန်အဖျားတွင် တည်ရှိပြီး နန်းကျမိဖုရားများ ထားရှိရာ နန်းဆောင်ဟောင်းနှင့် နန်းတွင်းရေးရာဌာန၏ ဂိုဒေါင်ဟောင်းတို့အကြား ညှပ်လျက်သား ရှိနေသည်။

တံခါးဝရှိ ကျောက်ခြင်္သေ့ရုပ်များမှာ ရာသီဥတုဒဏ်ကြောင့် နှာခေါင်းပင် ပျောက်ဆုံးနေပြီး ၊ နီညိုရောင် တံခါးမကြီးမှာလည်း ရေညှိများတတ်နေသကဲ့သို့ အက်ကွဲနေပြီ ဖြစ်သည်။

တံခါးဝတွင် “အမတကွပ်ကဲရေးဌာန” ဟု ရေးသားထားသော ဆိုင်းဘုတ်အသစ်တစ်ခုသာ ချိတ်ဆွဲမထားပါက ရှောင်ရှန်းအနေဖြင့် ဤနေရာကို ရှေးမင်းဆက်က အရာရှိကြီးတစ်ဦး၏ သရဲခြောက်သည့် အိမ်တော်ကြီးဟုပင် ထင်မှတ်မိပေလိမ့်မည်။

တံခါးကို တွန်းဖွင့်၍ ဝင်လိုက်သည်နှင့် နှစ်ပေါင်းများစွာ အောင်းနေသော မှိုနံ့နှင့် ဆွေးမြည့်နေသော စာရွက်နံ့များက နှာခေါင်းထဲသို့ အလုံးအရင်းဖြင့် တိုးဝင်လာသည်။

ကျယ်ပြောလှသော ခြံဝင်းကြီးထဲတွင် ပေါင်းပင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး လေတိုးသံမှတစ်ပါး လူရိပ်လူခြေ လုံးဝမရှိချေ။

ပင်မအဆောင်ထဲတွင် အဘိုးအို သုံးဦးသာ ရှိသည်။ တစ်ယောက်က မုတ်ဆိတ်မွှေးပေါ် သွားရည်များ စီးကျသည်အထိ ငိုက်မြည်းနေပြီး၊ နောက်တစ်ယောက်က ပြတင်းပေါက်ဘက် မျက်နှာမူကာ ဓားမြှောင်အသေးလေးတစ်ခုဖြင့် မိမိ၏လက်သည်းများကို ဂရုတစိုက် တိုက်ချွတ်နေသည်။

ကျန်တစ်ယောက်သည် စာကြည့်မျက်မှန် တပ်ကာ အပ်နှင့်အပ်ချည်ကို အသုံးပြု၍ အင်္ကျီလက်ဖျားရှိ အပေါက်ကို ပင်ပန်းကြီးစွာ ဖာထေးနေ၏။

အသံကြားသဖြင့် အဘိုးအိုသုံးဦးစလုံးသည် ခေါင်းကို ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။

အိမ်ရှေ့စံဝတ်စုံကို ဝတ်ဆင်ထားသော ရှောင်ရှန်းကို မြင်လိုက်ရသဖြင့် လူတိုင်း အခိုက်အတန့်မျှ ဆွံ့အသွားပြီးနောက် ၊

နွေပူပူ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ရုတ်တရက် ဝုန်းကနဲ ထရပ်လိုက်ကြရာ လက်ထဲမှ ကတ်ကြေး၊ အပ်နှင့် အပ်ချည်များမှာလည်း ကြမ်းပြင်ပေါ်သို့ ပြန့်ကြဲသွားလေတော့သည်။

“ ကျွန်တော် လက်အောက်ငယ်သား … အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်”

သုံးယောက်သား ဒူးထောက်ကာ ကုန်းရုန်းဦးချကြပြီး ၎င်းတို့၏ အသံများမှာ အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကြသည်။

ဦးဆောင်သူ မုတ်ဆိတ်မွှေး နှင့် အဘိုးအိုမှာ မျက်ရည်များ ကျလာပြီး ဟစ်အော်လေတော့သည်။

“ကောင်းကင်ကြီးက မျက်စိရှိပါပေတယ် ၊ အရှင့်သား နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့…ကျွန်တော်မျိုးတို့ အမတကွပ်ကဲရေးဌာနမှာ... နောက်ဆုံးတော့ အားကိုးရာ အရှင်သခင် ရှိခဲ့ပြီ”

သူသည် မျက်ရည်များကို သုတ်ရင်း အမိုးမျက်နှာကြက်အထိ ရောက်လုနီးပါး မြင့်မားစွာ စီပုံထားသော မှတ်တမ်းတွဲများထဲမှ အပေါ်ဆုံး စာတွဲတစ်တွဲကို ဆွဲထုတ်ကာ ရိုသေသမှုဖြင့် ဆက်သလိုက်သည်။

“ အရှင့်သား ၊ ဒါက ချင်းကျိုးပြည်နယ်ရဲ့ ယွင်ထိုင်ဂိုဏ်းနဲ့ ဝူယင်ဂိုဏ်းတို့အကြား နှစ်ပေါင်းသုံးရာလုံးလုံး ‘ကောင်းကင်’ ဝိညာဉ်သွေးကြော ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားခဲ့တဲ့ မှတ်တမ်းတွဲတွေ ဖြစ်ပါတယ်"

"စုစုပေါင်း တစ်ထောင်သုံးရာနှစ်ဆယ့်ခုနစ်တွဲ ရှိပါတယ် ၊ အရှင့်သားကိုယ်တိုင် ဆုံးဖြတ်ပေးတော်မူပါ…ပြီးတော့ ဒါကလည်း နန်ကျန်းဒေသရဲ့ ပန်းတစ်ရာချိုင့်ဝှမ်းက ဟဲဟွမ်ဂိုဏ်းရဲ့ မိစ္ဆာမတွေဟာ သူတို့ရဲ့ လျှို့ဝှက်ပန်းမျိုးစေ့ကို ခိုးယူသွားပါတယ်ဆိုပြီး တိုင်ချက်ဖွင့်ထားတဲ့ အမှုဖြစ်ပါတယ်"

" နှစ်ဖက်စလုံး တိတ်တဆိတ် သတ်ဖြတ်တိုက်ခိုက်ကြနေလို့ လူတော်တော်များများ သေကျေပျက်စီးကုန်ပါပြီ…’’

“ ပြီးတော့ ဒါကလည်း...အရှေ့ပင်လယ်က ကျင့်ကြံသူတစ်ယောက်က နဂါးဘုရင်ရဲ့ တတိယမင်းသားကို ခိုးယူမှုနဲ့ တိုင်ချက်ဖွင့်ထားပါတယ်”

ရှောင်ရှန်းတစ်ယောက် တောင်လိုပုံနေသော နှစ်ချို့အမှုဟောင်းများနှင့် အရေးမပါသော ကိစ္စအသေးအမွှားများကို နားထောင်ရင်း ၊ ခေါင်းကိုက်သွားခြင်း မရှိသည့်အပြင် သူ၏ မျက်လုံးထဲတွင် မကြုံစဖူး ထူးခြားသော အရောင်အဝါများပင် တောက်ပလာလေ၏။

‘ ကောင်းပေစွ…ကောင်းပေစွ..’

ဤနေရာသည် သူ့အတွက် သီးသန့်ဖန်တီးထားသော အပန်းဖြေနိုင်မည့် နိဗ္ဗာန်ဘုံကြီးပင် မဟုတ်လော။

All Chapters