အခန်း ၁၂၃
Vol. 13 Ch. 123
အခန်း(၁၂၃)
အလုပ်များပြီး လစာနည်းသည့်အပြင် မည်သူမျှလည်း လာရောက်မစွက်ဖက်ချေ။ အထက်လူကြီးအဖြစ် မိမိတစ်ယောက်တည်းသာ ရှိပြီး လက်အောက်ငယ်သား ဟူ၍ အိုမင်းမစွမ်းသူ သုံးဦးသာ ရှိသည်။
ဤအရာသည် သူ အိပ်မက်မက်ခဲ့ရသော အငြိမ်းစားဘဝပင် မဟုတ်လော။
“ကဲ... တော်ပြီ၊ တော်ပြီ၊ အားလုံး ထကြတော့”
ရှောင်ရှန်းသည် ကန့်လန့်ကာနောက်ကွယ်ရှိ ဖုန်တက်နေသော ကုလားထိုင်ကြီးဆီသို့ လျှောက်လှမ်းသွားကာ ဖင်ထိုင်ချလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
သူသည် ချောင်းတစ်ချက်ဟန့်ကာ သူ့အောက်က အားကိုးတကြီး ကြည့်နေရှာသော မျက်လုံး သုံးစုံကို လေးနက်စွာဖြင့် ကြည့်ပြီး အမတကွပ်ကဲရေးဌာန၏ စည်းမျဉ်းအသစ်ကို တရားဝင် ကြေညာလိုက်သည်။
“ဒီနေ့ကစပြီး ငါ အကြီးအကဲ အုပ်ချုပ်သူက အမတကွပ်ကဲရေးဌာနရဲ့ စည်းမျဉ်းအသစ်ကို ချမှတ်မယ်”
လူအိုကြီးများမှာ ချက်ချင်းပင် အသက်ရှူအောင့်ကာ နားစွင့်လိုက်ကြသည်။
“ပထမအချက်၊ မနက် မိုးလင်းမှ ရုံးတက်ပြီး ညနေရောက်တာနဲ့ ရုံးဆင်းရမယ်”
သုံးယောက်သား ဆွံ့အသွားကြသည်။
“ဒုတိယအချက်၊ နေ့လယ်စာစားပြီး အနားယူချိန်ကို ၁၁ နာရီကစပြီး သုံးနာရီ အထိ သတ်မှတ်မယ်”
သုံးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
ဤသည်မှာ တစ်နေ့တာလုံး အလုပ်လုပ်ရမည့် အချိန်သည် သုံးနာရီပင်မပြည့်ဟု ဆိုလိုခြင်းလော။
“တတိယအချက်၊ ဒါက အရေးအကြီးဆုံးပဲ”
ရှောင်ရှန်းသည် သက်တောင့်သက်သာရှိမည့် အနေအထားဖြင့် နောက်မှီလိုက်ရင်း။
“မိုးပြိုကျတဲ့ ကိစ္စကလွဲလို့ ငါအိပ်ပျော်နေတဲ့အချိန်မှာ လာပြီး မနှောင့်ယှက်ရဘူး … အားလုံး နားလည်ကြရဲ့လား”
လူအိုကြီးသုံးဦးစလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ဤဆန်းပြားလှသော စည်းမျဉ်းများကို မလုပ်ဆောင်ရသေးခင်မှာပင် ၊ ရုံးတော်အပြင်ဘက်မှ အလျင်စလို တီးခတ်လိုက်သော ဗုံသံကြီးကို ကြားလိုက်ရ၏။
“ဒုန်း ၊ ဒုန်းဒုန်း ဒုန်း”
“မတရားခံရလို့ပါ…အကြီးအကဲ အုပ်ချုပ်ရေးမှူး ကျွန်တော်မျိုးတို့အတွက် တရားစီရင်ပေးတော်မူပါ”
စကားသံမဆုံးမီမှာပင် ၊ မတူညီသော ဝတ်စုံများကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာများ ရရှိထားသော ကျင့်ကြံသူလူငယ် နှစ်ဦးသည် အထဲသို့ ပြေးဝင်လာကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်၍ တစ်ဦးကိုတစ်ဦး လက်ညှိုးထိုးကာ ဆဲဆိုကြတော့သည်။
“မင်းတို့ ခိုးသားတွေ … အဲဒီ ‘ဟေးရှန်းကျောက်စိမ်း’ သတ္တုတွင်းကို ငါတို့ဂိုဏ်းက အကြီးအကဲက အရင်ဆုံး တွေ့ခဲ့တာကွ”
“ပေါက်ကရတွေ … ဘယ်ကလာ ရှာတွေ့ရမှာတုန်း ၊ အဲဒီသတ္တုတွင်းကြောက ငါတို့ဂိုဏ်းရဲ့ နယ်မြေထဲမှာ ရှိတာကွ”
ရှောင်ရှန်း တစ်ယောက် ကာလနဂါးလုပ်ရန် ပြင်ဆင်နေစဉ် ဤကဲ့သို့ နှောင့်ယှက်ခံလိုက်ရသဖြင့် ချက်ချင်းပင် စိတ်တိုသွားသည်။
သူသည် လက်ကို ဝှေ့ယမ်းကာ အားပျက်ပျက်ဖြင့် ပြောလိုက်သည်။
“ဘာတွေ အော်ဟစ်နေကြတာလဲ….နားငြီးလိုက်တာ”
သူသည် မျက်တောင်ပင် မခတ် ဆိုလိုက်သည်။
“ကျောက်ခဲအကျိုးအပဲ့လေး တစ်ခုအတွက်နဲ့ ဘာတွေ လုနေကြတာလဲ”
လူငယ်နှစ်ယောက်စလုံး မကျေမနပ်ဖြစ်နေကြသော မျက်နှာအမူအရာများဖြင့် တင်းမာနေခဲ့ကြသည်။
ရှောင်ရှန်းသည် သူတို့နှစ်ဦး၏ ငြင်းခုံမှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေပြီး ပေါ့ပေါ့တန်တန် ဆိုလိုက်သည်။
“ဒီလိုလုပ်ကြ၊ အဲ့တာကို မင်းတို့ တစ်ယောက်တစ်ဝက်စီ ခွဲယူလိုက်ကြ…ဘယ်သူမှ မလုကြနဲ့တော့၊ ရန်ဖြစ်ရတာ ပင်ပန်းပါတယ်။ အမှုပိတ်ပြီ”
ထိုသို့ပြောပြီးသည်နှင့် သူသည် သန်းဝေလိုက်ကာ သူတို့ကို ထွက်သွားရန် လက်ဟန်ပြလိုက်သည်။
ကျင့်ကြံသူ လူငယ်နှစ်ဦးမှာ အပြန်အလှန် စိုက်ကြည့်နေကြရာမှ ထိုစကားကို ကြားပြီးနောက် ပြိုင်တူ ဆွံ့အသွားကြသည်။
ဟေးရှန်းကျောက်စိမ်း သတ္တုတွင်းမှာ သူတို့ဂိုဏ်းနှစ်ခု၏ နယ်နိမိတ်ချင်း ထိစပ်နေသော မျဉ်းပေါ်တွင် အတိအကျ တည်ရှိနေပြီး ကြီးလည်းမကြီး၊ သေးလည်းမသေးသော အနေအထားတွင် ရှိသည်။
နှစ်ဖက်စလုံးက အပိုင်စီးလိုသောကြောင့် လက်ရဲဇာတ်ရဲ တိုက်ခိုက်ကြရင်းဖြင့် မြို့တော်အထိ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
သို့သော် အမျှတဆုံးနှင့် အလွယ်ကူဆုံး နည်းလမ်းကို ပြောရလျှင်မူ ၊ တစ်ယောက်တစ်ဝက်စီ ခွဲဝေယူခြင်းက အမှန်ကန်ဆုံး ဖြစ်ပေသည်။
သူတို့နှစ်ဦးသည် အပြန်အလှန် ကြည့်လိုက်ကြပြီး မျက်လုံးထဲရှိ အာဃာတများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။
သူတို့သည် ရှောင်ရှန်းကို ဦးညွှတ်ဂါရဝပြုလိုက်ကြပြီး ၊ ၎င်းတို့၏ လေသံထဲတွင် ကြည်ညိုလေးစားမှုနှင့် ကျေးဇူးတင်မှုများ ပြည့်နှက်နေလေ၏။
“ အကြီးအကဲရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် ၊ ကျွန်တော်မျိုးတို့... ကျွန်တော်မျိုးတို့ သဘောပေါက်သွားပါပြီ”
အထူးပင် ကျေးဇူးတင်စကား ဆိုပြီးနောက် အမတကွပ်ကဲရေးဌာနမှ ထွက်ခွာလာခဲ့ကြရာ လမ်းအရောက်တွင် ကျင့်ကြံသူတစ်ဦးက ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် သူ၏ အဖော်အား လှမ်းပြောလိုက်သည်။
“နောင်တော်၊ မင်း သဘောပေါက်ရဲ့လား ၊ အိမ်ရှေ့စံမင်းသားကို ကြည့်ရတာ သာမန်ကာလျှံကာ ပြောလိုက်ပုံရပေမယ့်…”
“ ဒါပေမဲ့ တကယ်တမ်းကျတော့ ‘မဟာလမ်းစဉ်ရဲ့ ရိုးရှင်းမှု’ ဆိုတဲ့ အမြင့်ဆုံး ဉာဏ်ပညာကို ဖော်ညွှန်းနေတာကွ"
"သူက ငါတို့ကို ပြင်ပရုပ်ဝတ္ထုတွေအပေါ်မှာ မောဟမဖြစ်ဖို့၊ လောဘတရားတွေကြောင့် မိမိရဲ့ မူလစိတ်နှလုံးသားကို မဖုံးလွှမ်းစေဖို့နဲ့ မျှဝေခြင်းနဲ့ မျှတခြင်းကို သိရှိစေဖို့ လမ်းညွှန်ပြသလိုက်တာပဲ”
အခြားတစ်ယောက်ကလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းကို ဆက်တိုက်ငြိမ့်ကာ ထောက်ခံလေ၏။
“ဟုတ်တယ်၊ ငါတို့တွေ သာမန်ရုပ်ဝတ္ထုပစ္စည်းတွေ အတွက်နဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို ဖျက်ဆီးမိတော့မလို့…ဒီအိမ်ရှေ့စံမင်းသားက တကယ့်ကို နတ်ဘုရားတစ်ပါးပဲ”
ရှောင်ရှန်းသည် ထိုအကြောင်းအရာများကို ဘာမျှမသိရှိဘဲ နားအေးပါးအေး ဖြစ်သွားပြီဟုသာ တွေးကာ ကုလားထိုင်ပေါ်တွင် တရေးတမော ပြန်အိပ်ရန် ပြင်ဆင်နေစဉ်၊
ရိုးရှင်းပြီး မွှေးပျံ့လှသော ဆေးဖက်ဝင် ရနံ့တစ်ခု ပျံ့လွင့်လာခဲ့သည်။
စူးဝမ်ချင်သည် စားသောက်ဖွယ်ရာ သေတ္တာကို ကိုင်ဆောင်ကာ တံခါးဝတွင် ရပ်နေခဲ့သည်။ ရုံးတော်ကြီးသည် ဆေးဆိုင်၏ နောက်ဖေးဝင်းထက်ပင် ပို၍ တိတ်ဆိတ်နေကာ ၊ ကုလားထိုင်ပေါ်တွင် နေပူဆာလှုံနေသော ရှောင်ရှန်းကို ကြည့်ရင်း ရယ်ရခက်၊ ငိုရခက် ဖြစ်နေမိသည်။
“ကြည့်ရတာ အုပ်ချုပ်ရေးမှူးအသစ်က အတော်လေး အေးအေးဆေးဆေး ရှိတာပဲ”
ရှောင်ရှန်းသည် မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်ကာ မေးလိုက်သည်။
“မိန်းကလေးစူးက အတော်လေး သတင်းစုံတာပဲ … ကိစ္စရှိလို့လား”
စူးဝမ်ချင်သည် သေတ္တာကို ကျောက်စားပွဲပေါ်တွင် တင်လိုက်ပြီး အထဲမှ သေသပ်လှပသော မုန့်အချို့ကို ထုတ်ယူလိုက်ကာ လေးနက်သော မျက်နှာအမူအရာဖြင့် ဆိုလိုက်သည်။
“ကျွန်မ မှော်နက်ဂိုဏ်း နဲ့ ပတ်သက်တဲ့ သဲလွန်စအချို့ကို စုံစမ်းမိတယ်၊ သူတို့က မြို့တော်ထဲမှာ အရေးကြီးတဲ့ အခြေစိုက်စခန်းတစ်ခု ရှိနေပြီး အဲ့တာက ‘ချင်းယွီဂိုဏ်း’ လို့ ခေါ်တဲ့ ကျင့်ကြံဂိုဏ်းတစ်ခုနဲ့ ဆက်စပ်မှုရှိနိုင်တယ်”
စူးဝမ်ချင်နှင့် ရှောင်ရှန်းတို့ စကားပြောဆိုနေကြစဉ်၊
မြို့တော်ပြင်ပရှိ ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းပျက်တစ်ခုအတွင်း၌။
ယဲ့လင်းရွှမ်းသည် မြေပြင်ပေါ်ရှိ အလောင်းအချို့ကို ဂရုတစိုက် စစ်ဆေးကြည့်ရှုနေသည်။
သေဆုံးသူများ၏ သေဆုံးပုံမှာ မတရားသဖြင့် သေဆုံးခဲ့ရသော သူမ၏ ဂိုဏ်းမှ အကြီးအကဲ သေဆုံးပုံ နှင့် တစ်ထပ်တည်း ကျနေပြီး၊ ရင်ဘတ်တွင် မိစ္ဆာပညာဖြင့် တိုက်ခိုက်ခံထားရသော မည်းနက်နေသည့် အပေါက်ကြီးတစ်ပေါက် ရှိနေသည်။
ထိုအလောင်းများအနက် အလောင်းတစ်ခု၏ အင်္ကျီစအတွင်းဘက်တွင် ငွေချည်မျှင်ဖြင့် ရက်လုပ်ထားသော အပြာရောင် ငှက်မွေးပုံသဏ္ဌာန် အမှတ်အသားတစ်ခုကို သူမ တွေ့ရှိခဲ့သည်။