အခန်း ၁၂၅
Vol. 13 Ch. 125
အခန်း(၁၂၅)
ထိုကျင့်ကြံသူ၏ နှုတ်ခမ်းထောင့်တွင် အောင်နိုင်သူတစ်ဦးကဲ့သို့သော အပြုံးတစ်ခု လှစ်ဟသွားသည်။
သာမန်လူသားများသည် သူတို့လို ကျင့်ကြံဂိုဏ်းကြီးများကို မပြစ်မှားဝံ့ကြောင်း သူ သိထားသည်။
သို့သော် ရှောင်ရှန်း၏ နောက်ထပ် စကားတစ်ခွန်းကြောင့် သူ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်းပင် အေးခဲသွားသည်။
“ငါကိုယ်တော် မကြာခင်ကမှ တရားဝင်တာဝန်တွေနဲ့ အလုပ်ရှုပ်နေတာ.. ခြေသလုံးတွေလည်း ကိုက်ခဲနေတာပဲ”
“ ဒီလိုလုပ် ၊ မင်းတို့ဂိုဏ်းချုပ်ရဲ့ အဲဒီစီးတော်ယာဉ်ကို ဘာခေါ်တယ်… အော် ‘သာ့ယွင်သားရဲ’ …အဲ့ကောင်ကို ငါ့ရဲ့ စီးတော်ယာဉ်အဖြစ် သုံးရက်လောက် အသုံးပြုခွင့်ပေးပြီး ၊ မြို့တော်ထဲ လှည့်လည်ပေးရမယ် … ဒါဆိုရင် မင်းတို့ရဲ့ ကိစ္စကို ငါ ခွင့်ပြုပေးမယ်”
ဤစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် အမတကွပ်ကဲရေးဌာန တစ်ခုလုံးရှိ လေထုမှာ ချက်ချင်းလက်ငင်း အေးခဲသွားဟန်ရှိသည်။
ထိုစာရေးအဘိုးအို သုံးဦးမှာ လန့်ဖျတ်ကာ ဝိညာဉ်လွင့်မတတ် ဖြစ်သွားရသည်။
သာ့ယွင်သားရဲဟူသည် ချင်းယွီဂိုဏ်း၏ တောင်စောင့်ဝိညာဉ်သားရဲ ဖြစ်ပြီး ရှေးဟောင်းမျိုးနွယ်စု၏ သွေးမျိုးဆက် ရောနှောနေသည်ဟု ဆိုကြကာ ၊ ၎င်း၏ အဆင့်အတန်းမှာ ဂိုဏ်းအတွင်းရှိ အကြီးအကဲများနှင့် မခြားပေ။
‘ ဒါကို သာမန်လူသားတစ်ဦးရဲ့ စီးတော်ယာဉ်အဖြစ် အသုံးပြုခွင့်ပေးရမယ်တဲ့လား….’
ဤသည်မှာ အရှက်ခွဲခြင်းဖြစ်ရုံသာမက ချင်းယွီဂိုဏ်း၏ ဘိုးဘွားသင်္ချိုင်းကိုပင် တူးဆွလိုက်ခြင်း ဖြစ်သည်။
ထိုကျင့်ကြံသူ၏ မျက်နှာမှာ ချက်ချင်းလက်ငင်း နီမြန်းသွားပြီး သူသည် ရှောင်ရှန်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ နှုတ်ခမ်းများ တဆက်ဆက် တုန်ယင်လျက် ၊ အချိန်အတော်ကြာသည့်တိုင်အောင် စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ချေ။
“မင်း အတင့်ရဲလှချည်လား”
“အော် မကျေနပ်ဘူးလား”
ရှောင်ရှန်းသည် ဂရုမစိုက်ဟန်ဖြင့်။
“မင်း မကျေနပ်ရင်လည်း ထားလိုက်ပါတော့ ၊ နောက်တစ်ခု ပြောင်းပေးမယ်… မင်းတို့ရဲ့ တောင်ပတ်လည်မှာ ဝိညာဉ်စမ်းရေ ဆိုတာ ရှိတယ်လို့ ကြားတယ် ၊ စမ်းရေက အေးမြတော့ ခြေထောက်ဆေးရင် လူကိုအပန်းပြေစေမှာ သေချာတယ်”
“ ရေတစ်ပုံးလောက် ခပ်ပြီး ငါ့ကို ခြေထောက်ဆေးခွင့်ပေးရင် ဒါဆို အဆင်ပြေတယ်မလား”
အကယ်၍ ပထမတောင်းဆိုချက်သည် အရှက်ခွဲခြင်း ဖြစ်ပါက ၊ ဤဒုတိယတောင်းဆိုချက်မှာ အတိအလင်း ပြစ်မှားစော်ကားလိုက်ခြင်း ဖြစ်သည်။
ဝိညာဉ်စမ်းရေသည် ချင်းယွီဂိုဏ်း၏ ဝိညာဉ်ကြော အရင်းအမြစ် ဖြစ်ပြီး၊ ဂိုဏ်းသားများ ကျင့်ကြံရာတွင်လည်း စည်းကမ်းချက်အတိုင်း ခွဲတမ်းဖြင့် အသုံးပြုကြရသည်။
‘ သာမန်လူသားတစ်ဦးက ခြေထောက်ဆေးမယ်တဲ့လား…’’
“ကောင်လေး မင်း သေချင်နေတာပဲ”
ထိုကျင့်ကြံသူမှာ နောက်ဆုံးတွင် ပေါက်ကွဲသွားပြီး အခြေခံ တည်ဆောက်ခြင်း အဆင့်ရှိ ဖိနှိပ်စွမ်းအားများကို ထုတ်လွှတ်လိုက်ရာ ၊ လေပြင်းများ တိုက်ခိုက်လာပြီး ရုံးတော်အတွင်းရှိ မှတ်တမ်းတွဲများမှာလည်း တဖျတ်ဖျတ် စာရွက်ခတ်သံများ ထွက်ပေါ်နေ၏။
သူ၏ ခါးတွင် ချိတ်ဆွဲထားသော ဓားရှည်မှာလည်း ‘ချွင်’ ဟူသော အသံနှင့်အတူ ဓားအိမ်ကနေ လက်မဝက်လောက် ထွက်လာပြီး၊ အားကောင်းသော ဓားအရှိန်အဝါများက ရှောင်ရှန်း၏ နဖူးတည့်တည့်ကို ချိန်ရွယ်ထားသည်။
စာရေးအဘိုးအို သုံးဦးမှာ မြေပြင်ပေါ်တွင် ပျော့ခွေလဲကျနေကြပြီး မျက်နှာတွင် သွေးရောင်ပင် မရှိတော့ပေ။
သွားပြီ သွားပြီ…
အိမ်ရှေ့စံမင်းသားသည် ယခုတစ်ကြိမ်တွင် အလွန်အကျွံ လုပ်ဆောင်မိသွားပြီး ၊ ကျင့်ကြံဂိုဏ်း၏ ဒေါသကို ဆွပေးလိုက်သဖြင့် သာရှတိုင်းပြည်ကြီးအတွက် ကြီးမားလှသော ဘေးဒုက္ခကြီးကို ဖိတ်ခေါ်လိုက်ပြီ ဖြစ်သည်။
ထိုကျင့်ကြံသူမှာ သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် တောက်လောင်နေပြီး၊ ဤမသိနားမလည်သော သာမန်လူသား အိမ်ရှေ့စံကို နေရာ၌ပင် သတ်ဖြတ်ပစ်ရန် ပြင်ဆင်နေစဉ် ၊
ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူ၏ ရင်ဘတ်အတွင်းရှိ အသံလွှင့်ကျောက်စိမ်းပြားတစ်ခုမှ ရုတ်တရက် စူးရှသော အနီရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး၊ တဝီဝီ မြည်သံများ ထွက်ပေါ်လာခဲ့သည်။
ဤသည်မှာ အမြင့်ဆုံးအဆင့်ရှိ အရေးပေါ် သတင်းစကားပင် ဖြစ်သည်။
ထိုအနှီကျင့်ကြံသူမှာ အခိုက်အတန့်မျှ ဆွံ့အသွားပြီး အသိစိတ်အရ သတ်ဖြတ်လိုသော ဆန္ဒများကို ဖိနှိပ်ကာ ဝိညာဉ်စွမ်းအားများကို ထည့်သွင်း၍ ကျောက်စိမ်းပြားကို အသက်သွင်းလိုက်သည်။
သူတစ်ဦးတည်းသာ ကြားနိုင်သော အလွန် အလျင်စလို ဖြစ်နေသည့် အသံတစ်ခုသည် သူ၏ ဦးနှောက်ထဲတွင် ထွက်ပေါ်လာသည်။
ထိုသတင်းစကားကို နားထောင်ပြီးနောက် ထိုကျင့်ကြံသူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။
ပြီးခဲ့သည့် စက္ကန့်ပိုင်းက ရှိနေခဲ့သော ဒေါသ၊ ရက်စက်မှုနှင့် သတ်ဖြတ်လိုသော အငွေ့အသက်များသည် တခဏချင်း အလုံးစုံ ပျောက်ကွယ်သွားပြီး ၊ တုန်လှုပ်ခြောက်ခြားမှုများ အစားထိုးဝင်ရောက်လာကာ နောက်ဆုံးတွင် သေလူပမာ ဖြူဖျော့သွားလေတော့၏။
ဓားကို ဆုပ်ကိုင်ထားသော သူ၏လက်မှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်လာပြီး ၊ နဖူးတွင် ချွေးသီးလုံးများ စီးကျလာကသည်။ ရှောင်ရှန်းကို ကြည့်နေသော သူ၏ မျက်လုံးများက ဖော်ပြရန်မဖြစ်နိုင်သော ထိတ်လန့်ဖွယ်ရာ ဖြစ်တည်မှုတစ်ခုကို စိုက်ကြည့်နေသကဲ့သို့ပင်။
‘ဒါဘာတွေဖြစ်သွားတာလဲ…’
လွန်ခဲ့သော သုံးရက်ခန့်က ချင်းယွီဂိုဏ်းနှင့် နှစ်ပေါင်းများစွာ ရန်ဘက်ဖြစ်ခဲ့သော ရွှမ်ဖူဂိုဏ်းတို့သည် အသစ်တွေ့ရှိထားသော လျှို့ဝှက်နယ်မြေတစ်ခုကို လုယူရန်အတွက် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။
သို့သော် ရွှမ်ဖူဂိုဏ်းသည် မည်သည့်နေရာမှ ရရှိမှန်းမသိသော အရိုးဆွေးဆေးဟု ခေါ်သည့် ဆန်းပြားသော အဆိပ်တစ်မျိုးကို ထုတ်သုံးခဲ့သည်။ ဤအဆိပ်သည် ပုံသဏ္ဌာန်မဲ့၊ အဆင်းမဲ့ပြီး ကျင့်ကြံသူများ၏ အခြေခံအုတ်မြစ်ကို အထူး ထိခိုက်စေနိုင်သော အဆိပ်တစ်မျိုးဖြစ်သည်။
ချင်းယွီဂိုဏ်းချုပ် ကိုယ်တိုင် ဦးဆောင်ခဲ့သော်လည်း ရလဒ်အနေဖြင့် ထောင်ချောက်အတွင်း သက်ဆင်းသွားခဲ့ရပြီး ၊ ဂိုဏ်းချုပ် အပါအဝင် ထိပ်တန်း တပည့်များစွာ အဆိပ်သင့်ခဲ့ကာ အသက်အန္တရာယ် စိုးရိမ်နေရသော အခြေအနေတွင် ရှ်ိနေသည်။
ဂိုဏ်းချုပ်မှ ယခုလေးတင် ပေးပို့လာသော သတင်းစကားအရ ၊ ဂိုဏ်းအတွင်းရှိ ဆေးပညာရှင်များသည် အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ရာ သူတို့သည် ရှေးဟောင်းကျမ်းစာများထဲမှ တစ်ခုတည်းသော ဖြေဆေးကို ရှာဖွေတွေ့ရှိခဲ့သည်။
ဤဆေးဖော်စပ်နည်းတွင် အဓိက အစိတ်အပိုင်း နှစ်ခု လိုအပ်ပြီး ၊ ၎င်းတို့မှာ တောင်စောင့်ဝိညာဉ်သားရဲ ဖြစ်သော သာ့ယွင်သားရဲ၏ အနှစ်သာရ သွေးသုံးစက်နှင့် ဝိညာဉ်စမ်းရေ၏ ရေအရင်းအမြစ် တစ်ပန်းကန်တို့ပင် ဖြစ်သည်။