အခန်း ၁၂၆
Vol. 13 Ch. 126
အခန်း (၁၂၆) အိပ်မက်ထဲတွင် ရန်သူကို မောင်းထုတ်ခြင်း
‘သာ့ယွင်သားရဲ နဲ့ ဝိညာဉ်စမ်းရေ …’
ဤစကားလုံး နှစ်လုံးသည် ကောင်းကင်ဘုံ၏ မိုးကြိုးပစ်ခွင်းမှုကို ခံယူလိုက်ရသကဲ့သို့ ထိုကျင့်ကြံသူကို ခေါင်းနားပန်းကြီးသွားစေသည်။
‘ သူက ဘယ်လိုလုပ်ပြီး သိနေတာလဲ၊ သူက မြို့တော်ထဲက သာမန်လူသား အိမ်ရှေ့စံတစ်ယောက်လေ ….’
‘ ချင်းယွီဂိုဏ်းရဲ့ အရေးအကြီးဆုံး လျှို့ဝှက်ချက်ကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ…’
‘ ဒါ …ဒါက တိုက်ဆိုင်မှု မဖြစ်နိုင်ဘူး’
ထိုတောင်းဆိုချက်သည် မိမိ၏ ဂိုဏ်းအပေါ် စော်ကားအရှက်ခွဲခြင်း မဟုတ်ခဲ့ပေ။
“ သာ့ယွင်သားရဲကို စီးတော်ယာဉ်အဖြစ် ငှားရမ်းခြင်း” ဆိုသည်မှာ အတိအလင်း သာ့ယွင်သားရဲကို ညွှန်ပြနေခြင်း ဖြစ်သည်။
“ဝိညာဉ်စမ်းရေဖြင့် ခြေထောက်ဆေးခြင်း” ဆိုသည်မှာ အတိအလင်း ဝိညာဉ်စမ်းရေကို ညွှန်ပြနေခြင်းသာ ဖြစ်သည်။
ဤသည်မှာ သတိပေးခြင်း ဖြစ်ပြီး၊ တစ်နည်းအားဖြင့် ဆုံးမလိုက်ခြင်းပင်။
ဤအိမ်ရှေ့စံမင်းသားသည် ဆန်းပြားသော နည်းလမ်းကို အသုံးပြု၍ ချင်းယွီဂိုဏ်းကို ပြောပြနေခြင်းသာ ဖြစ်ပေမည်။
‘ မင်းတို့ရဲ့ အခြေအနေ ၊ မင်းတို့ရဲ့ အကျပ်အတည်းတွေကို ငါတို့ တော်ဝင်နန်းဆောင်က အကုန်သိပြီးပြီ ၊ ငါတို့ကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရမယ် မထင်နဲ့ ..အလွန်အကျွံ မလုပ်ဖို့ သတိပေးလိုက်မယ်’
တစ်ချိန်တည်းမှာပင် ဤသည်မှာ အရိပ်အမြွက်ပြခြင်းလည်း ဖြစ်နိုင်သလို ၊ အရာအားလုံးကို ထိန်းချုပ်ထားသည် ဟု ဆိုလိုလိုက်ခြင်းပင်။
‘ မင်းတို့ရဲ့ ဖြေဆေးကို အစိုးရက သိပြီးသား…. မင်းတို့ကို ဒီအခွင့်အရေး ပေးမပေးဆိုတာ ငါတို့ရဲ့ စိတ်အခြေအနေပေါ်မှာပဲ မူတည်တယ်’
တခဏချင်းမှာပင် ၊ ထိုကျင့်ကြံသူ၏ စိတ်ထဲတွင် မုန်တိုင်းများ တိုက်ခတ်သွားသည်။
သူ၏ ရှေ့မှောက်တွင် ရှိနေသော ရှောင်ရှန်းသည် ပျင်းရိသော သာမန်လူသားတစ်ဦး မဟုတ်ဘဲ အကြံအစည် နက်နဲလွန်းလှသော လူ့ဘီလူးတစ်ကောင် ဖြစ်နေခဲ့သည်။
သူ၏ ဉာဏ်ပညာသည် နားမလည်နိုင်လောက်အောင် ပါးနပ်ပြီး ၊ သူသည် ဤလူသားမင်းဆက်၏ နောက်ခံအင်အားပင် ဖြစ်သည်။
“ဝုန်း”
စာရေးအဘိုးအို သုံးဦး၏ ဆွံ့အငေးမောနေသော အကြည့်များအောက်တွင် ၊
ပြီးခဲ့သည့် စက္ကန့်ပိုင်းက သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် တောက်လောင်နေခဲ့သော ထိုအနှီ ကျင့်ကြံသူမှာ ခြေထောက်များ ပျော့ခွေသွားပြီး ရုတ်တရက် ဒူးထောက်ချလိုက်ကာ ရှောင်ရှန်းအား ဦးချလေတော့၏။
“ အရှင့်သား…အရှင့်သားဟာ နတ်ဘုရားလို ဉာဏ်ပညာနဲ့ ထိုးထွင်းသိမြင်နိုင်စွမ်း အလွန်မြင့်မားပါတယ် ၊ ကျွန်တော်မျိုး အမြင်မရှိလို့ အရှင့်သားကို ပြစ်မှားမိပါတယ် အရှင့်သား ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ”
သူ၏ အသံမှာ တုန်ယင်နေပြီး ၊ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာသော ကြောက်ရွံ့မှု ၊ ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေသည်။
“အခွန်ဘဏ္ဍာတိုးမြှင့်ဖို့ တောင်းဆိုတာဟာ ကျွန်တော်မျိုးတို့ ချင်းယွီဂိုဏ်းက ရူးသွပ်သွားတာပါ… ဒီနေ့ကစပြီး ကျွန်တော်မျိုးတို့ ဂိုဏ်းက တစ်ပြားတစ်ချပ်မျှ မယူမယ့်အပြင် နှစ်စဉ် ဝိညာဉ်ဆေးဖက်ဝင် အပင်တစ်ရာနဲ့ ရတနာဆယ်ပါးကို ဆက်သသွားပါ့မယ်”
" ကျွန်တော်မျိုး တောင်းပန်ပါတယ်… အရှင့်သား ကျွန်တော်မျိုးတို့ရဲ့ ချင်းယွီဂိုဏ်းကို ဒီတစ်ခေါက်တော့ ခွင့်လွှတ်ပေးတော်မူပါ”
ရုံးတော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။
ရှောင်ရှန်းခမျာ နေရာတွင်ပင် ဆွံ့အစွာဖြင့် မတ်တပ်ရပ်နေပြီး ၊ သူ့အား အကြိမ်ကြိမ် ဦးချနေသော ထိုအနှီ ကျင့်ကြံသူကို ကြည့်ရင်း ဦးနှောက်ထဲတွင် ဗလာကျင်းသွားလေ၏။
‘ ငါက… ငါ့ဟာငါ ပြဿနာရှာချင်ရုံပါ ၊ သူက ငါ့ကို တိုင်တန်းဖို့ လုပ်တာနဲ့ ခမည်းတော် ဒေါသထွက်ပြီး ငါ့ရဲ့ ရာထူးကို ရုပ်သိမ်းပေးဖို့ပဲ မျှော်လင့်ခဲ့တာလေ’
‘ဘယ်လိုလုပ်ပြီး …ဘယ်လိုလုပ်ပြီး သူက ဦးချနေရတာတုန်း ၊ ပြီးတော့ ပိုက်ဆံနဲ့ ပစ္စည်းတွေကိုပါ အလိုအလျောက် လာပေးနေသေးတယ်’
‘ဒီဇာတ်ညွှန်း လွဲတော့လွဲနေပြီ’
ရှောင်ရှန်းတစ်ယောက် ဝေခွဲမရ ဖြစ်နေချိန်မှာပင် ၊
သူ၏ လည်ပင်း၌ ချိတ်ဆွဲထားပြီး အင်္ကျီကော်လာအတွင်း၌ ဝှက်ထားသော ထိုကျောက်အကျိုးအပဲ့လေးသည် ထပ်မံ၍ အနည်းငယ် ပူနွေးလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
မည်သို့မျှ ဖော်ပြ၍မရသော နွေးထွေးလှသည့် အရှိန်အဝါတစ်ခုသည် သူ၏ စိတ်ဝိညာဉ်ကို တိတ်တဆိတ် အာဟာရဖြည့်တင်းပေးနေခဲ့၏။
......
မင်းသား(၃) စံအိမ်တော် ၊ စာကြည့်ဆောင်အတွင်း ။
တစ်ခန်းလုံး ရှုပ်ပွနေသည်။
ချင်းယွီဂိုဏ်းမှ လူလွှတ်၍ ပေးပို့လာသော တောင်းပန်လက်ဆောင်များ ဖြစ်သည့် သာမန်လူသားများ၏ မျက်စိထဲတွင် တန်ဖိုးဖြတ်မရနိုင်သော ဝိညာဉ်ဆေးဝါးများနှင့် ကျောက်စိမ်းများသည် ယခုအချိန်တွင် ရှောင်ကျင်း၏ ရိုက်ခွဲမှုကြောင့် ကြမ်းပြင်ပေါ်တွင် အစိတ်စိတ်အမြွာမြွာ ပြန့်ကြဲနေခဲ့သည်။
သူ၏ မျက်နှာမှာ နီမြန်းနေပြီး ၊ ရင်ဘတ်မှာလည်း ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ မျက်လုံးထဲတွင် မျိုသိပ်မရသော ဒေါသများနှင့် သံသယများ ပြည့်နှက်နေခဲ့သည်။
“ပညာရှင်... သူ ကွယ်ရာမှာ အကြံပေးနေတဲ့ ပညာရှင်တစ်ယောက် သေချာပေါက် ရှိနေရမယ်”
ရှောင်ကျင်းသည် အံကြိတ်ကာ စားပွဲခုံကို လက်သီးဖြင့် ထိုးချလိုက်ရင်း ဆိုလိုက်သည်။
“ အဲ့လိုမှမဟုတ်ရင် ဘာစာပေမှ မတတ်တဲ့ အသုံးမကျတဲ့ အကောင်က ဘယ်လိုလုပ်ပြီး ချင်းယွီဂိုဏ်းရဲ့ သေကွင်းသေကွက်ကို သိနိုင်မှာလဲ ပြီးတော့ ကွက်တိပဲ”
စာကြည့်ဆောင်၏ အမှောင်ရိပ်ထဲတွင် တစ်ကိုယ်လုံး အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် တိတ်တဆိတ် ရပ်နေပြီး အမှောင်နှင့် တစ်သားတည်း ကျနေခဲ့သည်။