← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း(၁၂၇)

ထိုစဉ် အက်ရှရှအသံဖြင့် မနှစ်မြို့ဖွယ်ရာကောင်းသော သူ၏ ရယ်သံကို ကြားလိုက်ရသည်။

“ အရှင့်သား ဘာလို့ ဒေါသထွက်နေရတာလဲ”

ဝတ်ရုံနက်လူသည် အေးစက်သော အသံဖြင့် အေးအေးလူလူ စကားစလိုက်သည်။

“ပညာရှင် ဆိုတာကလည်း အမြဲတမ်း ကာကွယ်ပေးထားနိုင်တာမှ မဟုတ်တာ၊ သာမန်လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဆိုတာ နောက်ဆုံးတော့ အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတာပဲလေ…ကျိုးပဲ့ပျက်စီးလွယ်တယ် ၊ ဒီညက သူ့ရဲ့ သေနေ့ပဲ ဖြစ်လိမ့်မယ်”

ရှောင်ကျင်းသည် ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် ရက်စက်မှုများဖြင့် ပြည့်နှက်နေခဲ့သည် ။

“မင်း သေချာလို့လား …ခမည်းတော်က သူ့ကို အလွန် အကာအကွယ်ပေးထားတာ၊ နန်းတော်ထဲမှာလည်း အဆင့်မြင့်ပညာရှင်တွေ တောင်လိုပုံနေတာ”

“အရှင့်သား စိတ်ချပါ”

ဝတ်ရုံနက်လူ၏ လေသံသည် အတော်လေး ယုံကြည်ချက် ရှိပုံရသည်။

“ ကျွန်တော် စေလွှတ်လိုက်တဲ့ လုပ်ကြံသူက ရွှေအမြုတေ အဆင့် ရှိတဲ့ အကြီးအကဲ တစ်ယောက်ပဲ"

" သူက ‘’ ဖုံးကွယ်အတတ်” ကို တတ်မြောက်ထားလို့ နန်းတော်က တော်ဝင်အစောင့်တွေတင်မကဘူး ၊ အဆင့်တူ ကျင့်ကြံသူတွေနဲ့ တည့်တည့်မတ်မတ် ရင်ဆိုင်ရရင်တောင် ရိပ်မိဖို့ မလွယ်ဘူး …ဒီည အိမ်ရှေ့စံ ရှောင်ရှန်း သေချာပေါက် သေရစေမယ်”

ညဉ့်သန်းခေါင်ယံအချိန်တွင် လေပြင်းများ တိုက်ခိုက်နေလေ၏။

အရှေ့နန်းဆောင်၏ အမိုးပေါ်တွင် ကောင်းကင်မှ လွင့်စင်ကျလာသော သစ်ရွက်တစ်ရွက်ကဲ့သို့ အမည်းရောင် ပုံရိပ်တစ်ခုသည် မည်သည့်အသံမျှ မထွက်ဘဲ နန်းဆောင်၏ အမှောင်ရိပ်ထဲသို့ တိတ်ဆိတ်စွာ လှုပ်ရှားနေသည်။

ကင်းလှည့်နေသော တော်ဝင်အစောင့်များသည် မီးတုတ်များကို ကိုင်ဆောင်ကာ လျှောက်လှမ်းသွားကြပြီး မိမိတို့၏ ခေါင်းပေါ်တွင် ရှိနေသော သေစေနိုင်သည့် အန္တရာယ်ကိုတော့ သတိမမူခဲ့ကြပေ။

အမည်းရောင် ပုံရိပ်သည် တံတိုင်းများကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် ရှောင်ရှန်း၏ အိပ်ဆောင် အမိုးထုတ်တန်းပေါ်သို့ ရောက်ရှိသွားခဲ့သည်။

သူသည် မှော်နက်ဂိုဏ်း မှ စေလွှတ်လိုက်သော ရွှေအမြုတေအဆင့်ရှိ လုပ်ကြံသူ တစ်ဦး ဖြစ်သည်။

ယခုအချိန်တွင် သူသည် မိမိ၏ ပစ်မှတ်ကို ငုံ့ကြည့်နေသည်။

ခုတင်ပေါ်တွင် သာရှမင်းဆက်၏ အိမ်ရှေ့စံမင်းသားကြီး ရှောင်ရှန်းမှာ ဂလော ဂလောဖြင့် အိပ်ကောင်းနေ၏။

ညစာစားချိန်က စူးဝမ်ချင်မှ ပေးပို့လာသော မုန့်များသည် အရသာ အလွန်ကောင်းမွန်သဖြင့် အနည်းငယ် ပိုစားမိခဲ့ရာ ယခုအချိန်တွင် ဗိုက်လေးလေးဖြင့် ခြေလက်များကို ဆန့်ထုတ်၍ သက်တောင့်သက်သာ အိပ်ပျော်နေလေ၏။

နှုတ်ခမ်းထောင့်တွင် သွားရည်များ စီးကျနေကာ ဟောက်သံမှာလည်း စည်းချက်ကျကျ ထွက်ပေါ်နေသည်။

သူသည် မည်သည့်အန္တရာယ်မျိုးနှင့် ကြုံတွေ့နေရသည်ကို မသိရှာပေ။

သာမန်ထက် ပို၍ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး အလွန်ကို အေးအေးလူလူ ရှိနေရာ ၊ ဤကဲ့သို့ အခြေအနေမျိုးတွင် သူ၏စိတ်ထဲ၌ ငြိမ်သက်နေခဲ့သော ရွှေရောင် မှော်သင်္ကေတများသည် နိယာမကျကျ အလိုအလျောက် သက်ဝင်လှုပ်ရှားနေသည်ကို သူ မသိခဲ့ပေ။

မိုးနှင့်မြေကြားရှိ ဝိညာဉ်စွမ်းအားများသည် သူ့ခန္ဓာကိုယ်၏ သဘာဝအလျောက် ဆွဲဆောင်မှုကြောင့် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးထဲသို့ တိတ်ဆိတ်စွာဖြင့် စီးဝင်နေသည်။

လုပ်ကြံသူသည် ခဏမျှ အကဲခတ်ကြည့်ပြီးနောက် ပတ်ဝန်းကျင်တွင် မည်သည့် ထောင်ချောက်မျှ မရှိကြောင်း အတည်ပြုလိုက်သည်။

သူ၏ မျက်လုံးထဲတွင် အထင်သေးမှုများ ဖြတ်ပြေးသွားပြီး ၊ ဤကဲ့သို့သော လုံးဝ အကာအကွယ်မဲ့နေသော ပစ်မှတ်သည် အတော်လေး ရယ်ချင်စရာ ကောင်းသည်ဟု တွေးမိလိုက်သည်။

သူသည် ဆိုင်းတွခြင်းမရှိ လက်ညှိုးနှင့် လက်ခလယ်ကို ဆန့်ထုတ်လိုက်ရာ ၊ ညအမှောင်ထက် ပိုမိုနက်မှောင်သော အဆိပ်စွမ်းအင်များသည် သူ၏ လက်ချောင်းထိပ်တွင် စုစည်းသွားပြီး ပုံသဏ္ဌာန်မဲ့သော ဆူးချွန်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ခုတင်ပေါ်ရှိ ရှောင်ရှန်း၏ နှလုံးသားဆီသို့ တိတ်တဆိတ် ပစ်လွှတ်လိုက်တော့သည်။

ဤတိုက်ခိုက်မှုသည် ရက်စက်ပြီး လျှို့ဝှက်ကာ လျင်မြန်လှသည်။

သာမန်လူသားတစ်ဦးကို ထိမှန်သွားပါက ၊ သေချာပေါက် သေဆုံးရပေလိမ့်မည်။

ထိုသေစေနိုင်သော အဆိပ်ဆူးသည် ရှောင်ရှန်း၏ ရင်ဘတ်ကို ထိုးဖောက်တော့မည့် အချိန် ၊

“အမ်.. ခြင်တွေကလည်း အများကြီးပဲ”

အိပ်မက်မက်နေသော ရှောင်ရှန်းသည် တစ်ခုခုက လာရောက် နှောင့်ယှက်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် စိတ်မရှည်စွာဖြင့် ရေရွတ်လိုက်သည်။

သူသည် မျက်မှောင်ကြုတ်ကာ အလွန် သဘာဝကျစွာဖြင့် တစ်ဖက်သို့ စောင်းလိုက်ရာ ၊ ပက်လက် အိပ်စက်နေခြင်းမှ ဘေးစောင်းအိပ်စက်ခြင်း အဖြစ်သို့ ပြောင်းလဲသွားသည်။

“ဝှစ်”

အလွန် တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအဆိပ်ဆူးသည် ရှောင်ရှန်း၏ ကျောပြင်ကို လွဲချော်သွားပြီး ၊ သူ၏နောက်ကွယ်ရှိ သစ်သားခုတင်တိုင်ကို ထိမှန်သွားသည်။

သံမဏိကဲ့သို့ မာကျောလှသော သစ်သားသည် ခဏချင်းအတွင်းမှာပင် လက်ညှိုးခန့် အရွယ်အစားရှိသော မည်းနက်သည့် အပေါက်ကြီးတစ်ခုအဖြစ် အရည်ပျော်ကျသွားပြီး မီးခိုးနက်များပင် ထွက်ပေါ်လာသည်။

အမိုးထုတ်တန်းပေါ်ရှိ လုပ်ကြံသူ၏ မျက်လုံးများမှာ ရုတ်တရက် ကျုံ့ဝင်သွားသည်။

‘ရှောင်တိမ်းသွားတာလား…ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ တိုက်ဆိုင်မှုများလား…ဟုတ်တယ် သေချာပေါက် တိုက်ဆိုင်တာပဲ ဖြစ်ရမယ်’

သူသည် ထိတ်လန့်မှုနှင့် သံသယများကို အတင်းအကြပ် ဖိနှိပ်လိုက်ပြီး ၊ သာမန်လူသားတစ်ဦးသည် သူ၏ သေစေနိုင်သော တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်စရာ အကြောင်းမရှိဟု တွေးလိုက်သည်။

လုပ်ကြံသူသည် အာရုံများကို ပြန်စုစည်းလိုက်ပြီး နောက်ထပ် မစမ်းသပ်တော့ရန် ဆုံးဖြတ်လိုက်သည်။

သူ၏ ပုံရိပ်သည် လျှပ်တပြတ် လှုပ်ရှားသွားပြီး သရဲတစ္ဆေကဲ့သို့ ရှောင်ရှန်း၏ ခုတင်ဘေးတွင် ထွက်ပေါ်လာသည်။

သူ၏ လက်ချောင်းငါးချောင်းကို ဖြန့်ထုတ်လိုက်ရာ ၊ အမည်းရောင်အငွေ့များ ရစ်ပတ်နေသော တစ္စေလက်သည်းများ ထွက်ပေါ်လာပြီး ရှောင်ရှန်း၏ ဦးခေါင်းခွံကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်သည်။

ဤသည်မှာ “ဝိညာဉ်ရှာ တစ္စေလက်သည်း” ဖြစ်ပြီး အလွန် ရက်စက်လွန်းသည်။ တစ်ခါမျှ ကုတ်ဆွဲခံရသည်နှင့် ၊ ခန္ဓာကိုယ် သေဆုံးရုံတင်မကဘဲ ဝိညာဉ်ပါ ချက်ချင်းလက်ငင်း အပိုင်းပိုင်း ပြတ်တောက်သွားရမည် ဖြစ်သည်။

All Chapters