အခန်း ၁၂၉
Vol. 13 Ch. 129
အခန်း(၁၂၉) တံမြက်လှည်း ရဟန်းအိုကြီးလား
ချင်ချန်း၏ မျက်နှာမှာ တင်းမာနေသည်။
“မနေ့ညက ကိစ္စဖြစ်ပြီးနောက် တော်ဝင်အစောင့်တွေ မြို့တစ်ခုလုံးကို ပိတ်ဆို့ပြီး လုပ်ကြံသူကို လိုက်လံဖမ်းဆီးခဲ့ပေမဲ့ …အဲဒီသူခိုးရဲ့ လှုပ်ရှားမှုတွေက ထူးဆန်းလွန်းလို့ နောက်ဆုံးတော့ ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်”
“ဒါ ကျွန်တော်မျိုး ကာကွယ်မှုမပြည့်စုံလို့ပါ.. အရှင်မင်းကြီး အပြစ်ပေးတော်မူပါ”
ဧကရာဇ်မင်း ရှောင်ယွမ်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ဟောက်သံပေးကာ အိပ်ပျော်နေဆဲ ဖြစ်သော သားဖြစ်သူကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာသည် ခန့်မှန်းရခက်ပေသညိ။
“မင်းရဲ့အပြစ်မဟုတ်ပါဘူး အရှေ့နန်းဆောင်ထဲကို အသံမထွက်ဘဲ ဝင်ရောက်နိုင်ပြီး အဝိုင်းခံရတဲ့ကြားက ဒဏ်ရာနဲ့ ထွက်ပြေးနိုင်တယ်ဆိုတော့ …ဒီလူ့ရဲ့ ကျင့်ကြံအဆင့်က မနိမ့်ဘူး ဒါပေမဲ့…”
သူသည် စူးဝမ်ချင်ကို တစ်ချက် ကြည့်လိုက်သည်။
“အဲဒီသန့်စင်တဲ့စွမ်းအင်က ဘယ်ကလာလဲဆိုတာ သိရပြီလား”
လူတိုင်း၏ မျက်လုံးများသည် ဤနေရာတွင် စုစည်းသွားကြသည်။
အိမ်ရှေ့စံကို ကာကွယ်ပေးနေသူမှာ မည်သူနည်း။
ချင်ချန်းက စဉ်းစားတွေးတောရင်း ဆိုလိုက်သည်။
“နန်းတော်ထဲမှာ ပုန်းကွယ်နေတဲ့ ပညာရှင် ဒါမှမဟုတ် နန်းတွင်း လျှို့ဝှက်အစောင့်များလား ၊ ဒါပေမဲ့ ဒီလိုပုဂ္ဂိုလ်မျိုးကို ကျွန်တော်မျိုး ကိုယ်တိုင်တောင် သတိမထားမိခဲ့ဘူးလား”
စူးဝမ်ချင်သည် ခေါင်းခါလိုက်ပြီး ယခုချိန်ထိ အိပ်ရာမထသေးသော ရှောင်ရှန်းကို စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။
အခြားသူများ မခံစားမိသော်လည်း သူမသည် ဆေးဝါးနှင့် အဆိပ်ပညာ နှစ်ခုလုံးတွင် ထိပ်တန်းဖြစ်သဖြင့် ခံစားသိရှိနိုင်စွမ်းမှာ သာမန်ထက် သာလွန်သည်။
ထိုသန့်စင်သော စွမ်းအင်သည် အလွန်ပြင်းထန်ပြီး စင်ကြယ်လှကာ ၊ ၎င်း၏ အရင်းအမြစ်မှာ အိမ်ရှေ့စံမင်းသား၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာခြင်းပင်။
‘ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…ကျင့်ကြံခြင်း လုံးဝမရှိတဲ့ သာမန်လူသားတစ်ယောက်က ဘယ်လိုလုပ်ပြီး…’
“အမ်... ဆူညံလိုက်တာ”
ခုတင်ပေါ်ရှိ ရှောင်ရှန်းသည် နောက်ဆုံးတွင် ဆူညံသံကြောင့် နိုးလာခဲ့သည်။
သူသည် မျက်လုံးများကို ပွတ်သပ်ကာ ထထိုင်လိုက်ပြီး ရှုပ်ပွနေသော ဆံပင်များနှင့်အတူ အိပ်ရေးမဝသေးသည့် မကျေနပ်မှုများက မျက်နှာပေါ်တွင် အတိုင်းသား မြင်နေရသည်။
“မနက်စောစောစီးစီး ဘာတွေလုပ်နေကြတာလဲ လူကို အိပ်ခွင့်မပေးတော့ဘူးလား”
သူသည် သန်းဝေလိုက်ပြီး စတင် ညည်းညူတော့သည်။
“မနေ့ညကလည်း အိပ်လို့မကောင်းဘူး … နားထဲမှာ ခြင်တွေက တဝီဝီနဲ့ စိတ်ရှုပ်စရာကြီး ပြီးတော့ အိပ်မက်ဆိုးလည်း မက်သေးတယ် တစ်ယောက်ယောက်က ငါ့ရဲ့ ကြက်ခြေထောက်ကို လာလုနေသလိုပဲ…ပင်ပန်းလိုက်တာ”
သူ၏ ဂရုမစိုက်သော ပုံစံကို ကြည့်ပြီး မနေ့ညက ထိတ်လန့်ဖွယ်ရာ အခြေအနေနှင့် နှိုင်းယှဉ်ကာ ချင်ချန်းနှင့် စူးဝမ်ချင်တို့မှာ ဆွံ့အနေလေ၏။
ဧကရာဇ် ရှောင်ယွမ်သည် သူ့ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီး၊ သူ၏ အကြည့်များက ပိုပို၍ လေးနက်လာသည်။
နန်းတော်၏ အနောက်မြောက်ထောင့် ၊ လူသူအရောက်အပေါက်နည်းသော လမ်းကြားလေးတစ်ခုတွင်။
ခန္ဓာကိုယ် ပိန်လှီပြီး ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် ထိပ်ပိုင်းကျိုးပဲ့နေသော တံမြက်စည်းတစ်ခုကို ကိုင်ကာ မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များကို တစ်ချက်ချင်း လှည်းကျင်းနေသည်။
ရုတ်တရက် သူသည် လှည်းကျင်းနေရာမှ ရပ်တန့်လိုက်ပြီး အရှေ့နန်းဆောင် တည်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
သူ၏ အရေးအကြောင်းများ ပြည့်နှက်နေသော မျက်နှာထက်တွင် အပြုံးတစ်ခု လှစ်ဟသွားပြီး သူ့ဟာသူ ရေရွတ်လိုက်သည်။
“ဝိညာဉ်အာဟာရဖြည့်ပေးတဲ့ ကျောက်စိမ်းရဲ့ စွမ်းအင်က အိပ်ပျော်နေတဲ့ ‘မွေးရာပါ တာအိုသန္ဓေသားကို’ နှိုးဆွပေးလိုက်တာပဲ”
“ပြီးတော့ အဲဒီအဆင့်မရှိတဲ့ မိစ္ဆာစွမ်းအင်တွေက လာပြီး တိုက်ခိုက်လိုက်သေးတယ် …အင်း အချိန်အခါကတော့ အတော်လေး ကွက်တိပဲ”
ရှောင်ရှန်းသည် ခမည်းတော်နှင့် ချင်ချန်းတို့ကို ခက်ခက်ခဲခဲ ပြန်လွှတ်လိုက်ရပြီး ၊ မိမိ၏ တန်ဖိုးရှိလှသော အိပ်ချိန်များမှာ လုယူခံလိုက်ရသည်ဟု ခံစားရသဖြင့် စိတ်အခြေအနေမှာ သိပ်မကောင်းချေ။
သူသည် နန်းတော်ပြင်ပသို့ ခိုးထွက်ကာ အရက်ဆိုင်တွင် ပုံပြင်နားထောင်ရင်း၊ သောက်ရင်းဖြင့် စိတ်အပန်းဖြေရန် ဆုံးဖြတ်လိုက်သည်။
ကင်းလှည့်နေသော တော်ဝင်အစောင့်များကို ရှောင်ကွင်းရန်အတွက် သူသည် လူသူမရှိသော လမ်းကြားလေးကို သီးသန့် ရွေးချယ်လျှောက်လှမ်းခဲ့သည်။
လမ်းအကွေ့အကောက်များစွာကို ဖြတ်ကျော်ပြီးနောက် ထိုလူသူနည်းသော လမ်းကြားလေးသို့ ရောက်ရှိလာရာ ၊ တံမြက်လှည်းနေသော အဘိုးအိုကို ချက်ချင်း မြင်တွေ့လိုက်ရသည်။
အဘိုးအိုသည် အသက်အတော်ကြီးရင့်နေပြီ ဖြစ်ပြီး ၊ ကျောမှာ ပုစွန်တုပ်ကဲ့သို့ ကုန်းနေကာ တံမြက်စည်း အနည်းငယ် လှည်းပြီးတိုင်း ခေတ္တရပ်၍ အသက်ရှူနေရသည်။
ရှောင်ရှန်းသည် နှုတ်ခမ်းမဲ့လိုက်ပြီး သာမန်ကာလျှံကာဖြင့် ပြောလိုက်သည်။
“အဘိုး၊ မလှည်းနိုင်ရင်လည်း နားလိုက်ပါ့လား… အသက်ကဖြင့် ဒီလောက်ကြီးနေပြီ ခါးနာသွားဦးမယ်”
စကားသံမဆုံးမီမှာပင် ၊ ထိုအဘိုးအိုသည် ‘အား’ခနဲ့ အော်ဟစ်လိုက်ပြီး လက်ထဲမှ တံမြက်စည်းမှာ မြေပြင်ပေါ်သို့ ဝုန်းကနဲ ကျသွားကာ သူသည် နံရံကို မှီ၍ လျှောကျသွားတော့သည်။
သူသည် နာကျင်သော မျက်နှာအမူအရာဖြင့် ညည်းတွားလေတော့၏။
“ခါး... ငါ့ရဲ့ ခါးအိုကြီး... လည်သွားပြီ”
ရှောင်ရှန်း တစ်ယောက် ဆွံ့အသွားရသည်။
‘ဒီလို လိမ်လည်တဲ့ အကွက်တွေက နန်းတော်ထဲအထိပါ ပျံ့နှံ့နေပြီလား…’
သူသည် ရှောင်ကွင်းသွားရန် ပြင်လိုက်သော်လည်း အဘိုးအို၏ ခါးသီးလှသော မျက်နှာအိုကြီးကို ကြည့်ကာ နောက်ဆုံးတွင် လျစ်လျူမရှုနိုင်ခဲ့ပေ။
“ကဲ... တော်ပြီ၊ တော်ပြီ၊ ကျုပ် လာတွဲပေးမယ်”