အခန်း ၁၃၀
Vol. 13 Ch. 130
အခန်း (၁၃၀)
သူသည် စိတ်မရှည်သော မျက်နှာပေးဖြင့် လျှောက်သွားပြီး အဘိုးအို၏ လက်မောင်းကို လှမ်းတွဲလိုက်သည်။
သူ၏လက်သည် အဘိုးအိုကို ထိတော့မည့် စက္ကန့်ပိုင်းမှာပင် အဘိုးအို၏ ပိန်လှီခြောက်ကပ်နေသော လက်သည် လျှပ်စီးကဲ့သို့ မြန်ဆန်စွာဖြင့် ရှောင်ရှန်း၏ လက်ကောက်ဝတ်ကို ပြန်လည်ဖမ်းဆွဲလိုက်တော့သည်။
အလွန် အားနည်းသော်လည်း သန့်ရှင်းစင်ကြယ်သော စွမ်အင်စီးကြောင်းတစ်ခုသည် အဘိုးအို၏ လက်ချောင်းများမှတစ်ဆင့် ရှောင်ရှန်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး လျင်မြန်စွာ လည်ပတ်သွားသည်။
အဘိုးအို၏ မျက်လုံးများသည် လျှပ်တပြတ် တောက်ပသွားပြီး သူသည် မယုံကြည်နိုင်သော လေသံဖြငိ့ ဆိုလိုက်သည်။
“အဆန်းပါလား …မင်းရဲ့ ခန္ဓာကိုယ်က”
သူသည် ရှောင်ရှန်းကို အဖိုးတန် ရတနာတစ်ခုကို စစ်ဆေးနေသကဲ့သို့ အထက်အောက် ကြည့်လိုက်သည်။
“ဒါက တကယ့်ကို မွေးရာပါ တာအိုသန္ဓေသားလောင်းပဲ…နှမြောစရာကောင်းလိုက်တာ နှမြောစရာကောင်းလိုက်တာ…”
“ ရတနာတောင်ကြီး ရှိနေတာကို မသိဘဲ နေ့တိုင်း စားလိုက်အိပ်လိုက်၊ အိပ်လိုက်စားလိုက်နဲ့ပဲ အချိန်ကုန်နေတယ် တကယ့်ကို အလဟဿ ဖြစ်စေတာပဲ …အလဟဿ ဖြစ်စေတာပဲ”
ရှောင်ရှန်းသည် ထိုစကားကို ကြားသောအခါ မကျေမနပ် ဖြစ်သွားသည်။ သူ့ကို မည်သို့ပင် ဝေဖန်ပါစေ သူ သည်းခံနိုင်သည်။ သို့သော် သူ၏ အိပ်စက်ခြင်းကို စော်ကားလျှင်မူ ခွင့်မလွှတ်နိုင်ချေ။
သူသည် လက်ကို ပြန်လည်ရုန်းထွက်လိုက်ပြီး ရင်ဘတ်ကို ကော့ကာ ပြန်လည်ချေပလိုက်သည်။
“အိပ်တာက ဘာဖြစ်လို့လဲ …လူတစ်ယောက်ရဲ့ ဘဝမှာ စားသောက်တာတွေ ဖယ်လိုက်ရင် အေးအေးချမ်းချမ်း အိပ်ရဖို့ပဲ မဟုတ်ဘူးလား အိပ်စက်ခြင်းက ဘဝရဲ့ အကြီးမားဆုံး ပျော်ရွှင်မှုပဲ.. ဘာပြဿနာရှိလို့လဲ”
အဘိုးအိုသည် သူ၏ ဆင်ခြေကြောင့် မုတ်ဆိတ်မွေးများ တဆက်ဆက် တုန်သွားသည်အထိ ဒေါသထွက်သွားပြီး ၊ အချိန်အတော်ကြာမှ တစ်ခုခုကို သဘောပေါက်သွားသကဲ့သို့ ရုတ်တရက် ရယ်မောလိုက်လေ၏။
“ထားလိုက်ပါတော့၊ ထားလိုက်ပါတော့”
သူသည် ခေါင်းခါလိုက်ပြီး။
“မင်းလို ငပျင်းတစ်ကောင်က ပုံမှန်အတိုင်း ကျင့်ကြံရင် ကောင်းကင်ကို တက်ရသလို ခက်ခဲလိမ့်မယ် ပြောင်းပြန်ကျင့်ကြံတာက ပိုကောင်းလိမ့်မယ်”
ပြောပြောဆိုဆိုဖြင့် သူသည် ရင်ဘတ်ထဲမှ စုတ်ပြတ်နေသော ကျမ်းစာအုပ်တစ်အုပ်ကို ထုတ်ယူကာ ရှောင်ရှန်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
“ဒီ အိပ်မက်မဟာကျမ်းကို ယူသွားလိုက်”
အဘိုးအိုက မကျေမနပ်ဖြင့် ဆိုလိုက်သည်။
“ဖတ်လည်း မဖတ်နဲ့ ၊ ခေါင်းအုံးအောက်မှာ ခံအိပ်… နည်းနည်းတော့ အသုံးဝင်မှာပါ”
ရှောင်ရှန်းသည် ထိုစုတ်ပြတ်နေသော စာအုပ်ကို ယူကြည့်လိုက်ရာ စာအုပ်မျက်နှာဖုံးတွင် အိပ်မက်မဟာကျမ်း ဟု အလွန်လှပစွာ ရေးသားထားသော စာလုံးကြီး သုံးလုံးကို မြင်တွေ့လိုက်ရသည်။
‘အိပ်ရုံနဲ့ ကျင့်ကြံလို့ရတဲ့ ကျင့်စဉ်ပညာရပ်လား…’
သူ၏ မျက်လုံးများမှာ တောက်ပသွားလေ၏။
‘ဒီလို အဆင်ပြေတဲ့ ကိစ္စမျိုးလည်း ရှိသေးတာလား…’
‘ဒါက သူ့အတွက် သီးသန့်ဖန်တီးထားတဲ့ ကျင့်စဉ်ကျမ်းကြီးပဲ မဟုတ်လား..’
သူသည် ပျော်ရွှင်စွာဖြင့် စာအုပ်ကို ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်သည်။ ယနေ့ အပြင်ထွက်ရသည်မှာ အတော်လေး ကံကောင်းသည် ဟု ခံစားလိုက်ရသည်။
သူသည် အဘိုးအို၏ ပုခုံးကို ပုတ်ကာ မေးလိုက်သည်။
“အဘိုး၊ ကျေးဇူးပဲနော် အဘိုးရဲ့ ခါးက... နာနေသေးလား”
အဘိုးအိုသည် သူ့ကို မျက်စောင်းထိုးလိုက်ပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်ကာ တံမြက်စည်းကို ကောက်ယူလျက် ခါးကို လှုပ်ယမ်းပြရင်း အားအင်အပြည့်ဖြင့် ဆိုလိုက်သည်။
“မနာတော့ဘူး၊ အကောင်းကြီးပဲ”
ရှောင်ရှန်းသည် လျင်မြန်စွာ ထွက်ခွာသွားသော အဘိုးအို၏ နောက်ကျောကို ကြည့်ရင်း ခေါင်းကို ကုတ်ကာ တစ်ခုခု မူမမှန်ကြောင်း ခံစားလိုက်ရသည်။
သို့သော် သူသည် ဤကိစ္စအသေးအမွှားကို ချက်ချင်းပင် မေ့ပျောက်လိုက်ပြီး ရင်ဘတ်ထဲရှိ “ခေါင်းအုံး” ကို ပွတ်သပ်ကာ ပျော်ရွှင်စွာဖြင့် နန်းတော်ပြင်ပရှိ စည်ကားလှသော ကမ္ဘာကြီးဆီသို့ ဆက်လက် လျှောက်လှမ်းသွားတော့သည်။
သူ မသိလိုက်သည်မှာ သူ၏ ကံကြမ္မာ စက်ဝန်းသည် ဤစက္ကန့်ပိုင်းမှ စတင်၍ မမြင်နိုင်သော လက်တစ်စုံကြောင့် သူ တစ်ခါမျှ မတွေးတောဖူးသော လမ်းကြောင်းသစ်တစ်ခုဆီသို့ အသေအချာ ဦးတည် ရွေ့လျားသွားခဲ့ပြီ ဖြစ်သည်။
….
ရှောင်ရှန်းသည် ထိုစုတ်ပြတ်နေသော စာအုပ်ကို ရင်ဘတ်ထဲသို့ ထည့်ကာ နောက်ဆုံးတွင် အရက်ဆိုင်သို့ မသွားရန် ဆုံးဖြတ်လိုက်၏။
သူ၏ စိတ်အခြေအနေမှာ ထိုအဘိုးအိုကြောင့် အနည်းငယ် ပျက်ပြားသွားသဖြင့် အိမ်ပြန်ပြီး ခေါင်းအုံးအဖြစ် အသုံးပြုနိုင်သော ဤနတ်ဘုရား ကျင့်စဉ်ကျမ်းကြီးကိုသာ သေသေချာချာ လေ့လာရန် ပြင်ဆင်လိုက်တော့သည်။
အရှေ့နန်းဆောင်သို့ ပြန်ရောက်လာချိန်တွင် ရှောင်ရှန်းသည် အစေခံများကို ဖယ်ရှားလိုက်ပြီး တစ်စစီ ပြုတ်လုနီးပါး ဖြစ်နေသည့် အိပ်မက်မဟာကျမ်းကို စားပွဲခုံပေါ်တွင် ဖြန့်ခင်းလိုက်သည်။
စာမျက်နှာများက ဝါကျင်ကျင် ဖြစ်နေပြီး စက္ကူသားများမှာလည်း ဆွေးမြည့်နေကာ နှစ်ချို့စာအုပ်ဟောင်းများ၏ မှိုနံ့များပင် ထွက်နေလေ၏။
သူသည် စိတ်ဝင်စားမှု အပြည့်ဖြင့် လှန်လှောကြည့်ရှုလိုက်ပြီး ၊ ဤအိပ်စက်ခြင်း ကျင့်စဉ်ပညာရပ်တွင် မည်သည့် လျှို့ဝှက်ချက်များ ရှိနေသည်ကို သိချင်နေခဲ့သည်။