← Chapters

အခန်း ၂၅၇

Vol. 23 Ch. 257

အခန်း ၂၅၇

Vol. 23 Ch. 257

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၅၇) - နတ်ဘုရားတို့၏ ဘုရင်

ဘာသာပြန် - အားသစ်

“တိုက်ကြ”

ချက်ချင်းဆိုသလိုပင် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးစလုံး ကြောက်မက်ဖွယ်ရာ တိုက်ကွက်တစ်ခုကို ပြိုင်တူ ထုတ်လွှတ်လိုက်ကြသည်။

ဝုန်း... ဝုန်း... ဝုန်း...

သူတို့သည်ကား အဆင့်အတန်းမြင့်မားပြီး ဒေသတစ်ခုကို လွှမ်းမိုးထားနိုင်သည့် သာလွန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြ၏။ သူတို့သည် သူတော်စင် ကိုးဦးမှလွဲလျှင် အသန်မာဆုံး ပုဂ္ဂိုလ်များဖြစ်ကြပြီး သူတော်စင်ဖြစ်လာရန် အသက်ဝိညာဉ် အသွင်ပြောင်လဲမှု နောက်ထပ်တစ်ကြိမ်သာပြုလုပ်ရန် လိုတော့သူများဖြစ်သည်။

ထို့ကြောင့် သူတို့သည်ကား ယာယီမျှသာ စုစည်းထားသည့်အဖွဲ့ ဖြစ်လင့်ကစား တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝမှုကြောင့် တစ်ဦးနှင့်တစ်ဦး ဟန်ချက်ညီညီပူးပေါင်းကာ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ထုတ်ဖော်နိုင်ကြသည်။

ယခုလည်း ထိုနည်းလည်းကောင်းပင်။ လင်းဖုန်းတစ်ယောက် တစ်ဒင်္ဂအတွင်းမှာပင် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦး၏ အသေအကြေ ပူးပေါင်းတိုက်ခိုက်မှုကို ခံလိုက်ရတော့သည်။

ဖျက်ဆီးအားပြင်းလှသည့် ကြယ်တာရာစွမ်းအားများက အရိုင်းဆန်ဆန် သောင်းကျန်းတိုက်ခိုက်လာသည်။ သူတို့ငါးဦး အသုံးပြုလိုက်သော ကြယ်တာရာသိုင်းပညာရပ်များက အလွန်ပင် ထည်ဝါဆန်းပြားလှရာ စွမ်းအားမုန်တိုင်း၏ ဗဟိုချက်ရှိ လင်းဖုန်းအနေဖြင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံး ရုတ်တရက် ပုံပျက်ရှုံ့တွသွားသည့်အလား ခံစားလိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားလှိုင်းကြီးက လင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်သို့ တမဟုတ်ချင်း ကျရောက်သွားသည်။ စွမ်းအားလှိုင်းလုံးများသည်ကား နေမင်းငယ်တစ်စင်း ပေါက်ကွဲသွားသည့်အလား ပြင်းထန်လှ၏။

ထိုသာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦး၏ အကြည့်များက အေးစက်ခက်ထန်နေသည်။ သူတို့အားလုံး အလွန်မာနကြီးကြသူများ ဖြစ်ကြ၏။ သာမန်သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးကို သူတို့ငါးဦး ပြိုင်တူပူးပေါင်းတိုက်ခိုက်ရခြင်းကပင် ပုရွက်ဆိတ်ကို တင်းပုတ်နှင့်ထုသကဲ့သို့ ဖြစ်နေပြီဖြစ်ရကား အသက်ဝိညာဉ် နှစ်ကြိမ်သာ အသွင်ပြောင်းလဲထားရသေးသည့် နတ်ဘုရားနယ်ပယ်သိုင်းသမားတစ်ဦးကို ပူးပေါင်းတိုက်ခိုက်သည်ကိုမူ ဆိုဖွယ်ရာ မရှိတော့ပေ။

နတ်ဘုရားနယ်ပယ်နှင့် သာလွန်နတ်ဘုရားနယ်ပယ်ကြားတွင် ကြီးမားလှသည့် ကွာဟချက်ရှိသည်။ ရှေးပ‌ဝေသဏီခေတ်ကာလများတွင် နတ်ဘုရားနယ်ပယ်များက ရှားပါးလှသော်လည်း ခေတ်တိုင်းတွင် အတိုင်းအတာတစ်ခုအထိ တည်ရှိခဲ့ကြသည်သာ။

သိုင်းပညာအထွတ်အထိပ်သို့ ရောက်ရှိခဲ့သည့် ခေတ်တစ်ခေတ်တွင်မူ နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ ရာပေါင်းများစွာ အချင်းချင်း စစ်ခင်းခဲ့ကြသည်။ ထိုခေတ်ကို ဖရိုဖရဲခေတ်ဟု လူသိများကြ၏။ နတ်ဘုရားတစ်ရာ ပြိုင်ဆိုင်မှုခေတ်ဟု ခေါ်ကြသည်လည်းရှိသည်။

သို့သော် ထိုခေတ်ကာလတို့တွင် ပါရမီရှင်နှင့် အစွမ်းထက်သူများ မြောက်မြားစွာ ပေါ်ထွန်းခဲ့ကြသော်လည်း နောက်ဆုံးတွင် အဆင့်လွန်နယ်ပယ်(တက်လှမ်းခြင်းနယ်ပယ်)သို့ ရောက်ရှိသူကား တစ်ဦးတည်းသာ ပေါ်ထွက်ခဲ့သည်။

နောက်ဆုံးတွင် ထိုနတ်ဘုရားတစ်ရာ ပြိုင်ဆိုင်မှုခေတ်ကို အဆုံးသတ်ပေးခဲ့သူမှာ ထိုတက်လှမ်းခြင်းနယ်ပယ်နတ်ဘုရား တစ်နည်းအားဖြင့် သာလွန်နတ်ဘုရားနယ်ပယ်သိုင်းသမားတစ်ဦးပင် ဖြစ်ပေသည်။

ထို့ကြောင့် ရှေးခေတ်ဦး နတ်ဘုရားနယ်ပယ် သိုင်းသမားများသည်ကား မြင့်မြတ်လှသည့် နတ်ဘုရားများ ဖြစ်ကြသော်လည်း သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများကမူ နတ်ဘုရားတို့၏ဘုရင်များဖြစ်ကြပြီး ဒဏ္ဍာရီလာ မဟာပုဂ္ဂိုလ်ကြီးများအဖြစ် သတ်မှတ်ခံကြရသည်။

အမှန်တကယ်တန်းတွင် နတ်ဘုရားဘုရင်တစ်ပါး ပေါ်ထွန်းလာရန်က ရာစုနှစ်ပေါင်းများစွာအထိ ကြာမြင့်တတ်သည်။

မျက်မှောက်ခေတ် နည်းပညာများ ထွန်းကားလာသောအခါ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများ ပိုမိုများပြားလာရုံသာမက သမိုင်းတွင် မရှိဖူးသေးသည့် သူတော်စင်များပင် ပေါ်ထွန်းလာခဲ့သည်။ အရာအားလုံးထက် သာလွန်သော သူတော်စင်များက အရာခပ်သိမ်းကို အလုံးစုံထိန်းချုပ်ကာ ခေတ်သစ်စနစ်ကို ပြန်လည် ထူထောင်ခဲ့ကြသည်။

သို့သော် ဤအချက်က သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး၏ ဂုဏ်ဒြပ်ကို မမှေးမှိန်စေနိုင်ပေ။ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတိုင်းက လူသားမျိုးနွယ် လူ့အဖွဲ့အစည်း၏ ထိပ်သီးအလွှာတွင် ရှိနေသူများ ဖြစ်ကြပေသည်။

သို့သော် ယခုလက်ရှိ လင်းဖုန်းကမူ နတ်ဘုရားဘုရင်ငါးပါးနှင့် ညီမျှသည့် သာလွန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူငါးဦး၏ ပူးပေါင်းတိုက်ခိုက်မှု ခံနေရသည်။ ရှေးခေတ်ကာလများတွင် ဤကဲ့သို့သော စွမ်းအားမျိုးက ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံစိုးမိုးကာ ခေတ်တစ်ခေတ်ကို တည်ထောင်ရန် လုံလောက်လှပေသည်။

လင်းဖုန်း ကောင်းကင်ယံသို့မော့ကာ အသံနက်နက်ဖြင့် ဟိန်းဟောက်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့ဒေါသကို သူ မည်သို့မျှ ထိန်းမထားနိုင်တော့ပေ။ ရက်စက်လှသည့် ကြယ်တာရာသိုင်းပညာရပ် စွမ်းအားများက ကြောက်မက်ဖွယ် အရှိန်အဝါလှိုင်းဂယက်များအဖြစ် ပြောင်းလဲကာ သူ့ကို အရပ်မျက်နှာအနှံ့မှ အပြင်းအထန် ဖျက်စီးချေမှုန်းရန် ကြိုးစားနေသည်။

ဤသည်ကား လုံးဝဥဿုံ ချေမှုန်းခြင်းပင်။ လင်းဖုန်းသာ ကောင်းကောင်းမကာကွယ်နိုင်ပါက သူ့ဆဲလ်များပင်လျှင် တိုက်ရိုက် ပျောက်ကွယ်သွားရပေလိမ့်မည်။ သူ၏ မသေနိုင်သော အစွမ်းသတ္တိက အလုပ်မလုပ်ခြင်း မဟုတ်ပေ။ မပျက်စီးမီ အချိန်မီ ပြန်လည်မကုစားနိုင်ခြင်းကြောင့်သာ ဖြစ်သည်။

အကယ်၍ လင်းဖုန်းသာ ယခင်ကအတိုင်း ဖြစ်နေသေးလျှင် ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုထားသော်ငြား တိုက်ပွဲဝင်ခန္ဓာကိုယ်ကို မကျင့်ကြံထားပါက သူ သေချာပေါက် သေဆုံးပျက်စီးသွားရပေလိမ့်မည်။

သို့သော် ယခုမူ သူ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံထားပြီးဖြစ်သဖြင့် ဤတိုက်ခိုက်မှုကို သူ့ကို အခက်တွေ့စေမည်မဟုတ်တော့ပေ။ တစ်ခဏအတွင်း လင်းဖုန်းခန္ဓာကိုယ်က မီတာ ၁၀၀ မြင့်သည့် ဧရာမကိုယ်ထည်ကြီးအဖြစ် အလျင်အမြန် ကြီးထွားလာသည်။ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ ကာကွယ်ရေးပိုင်း အားသာချက်က ယခုလိုအချိန်တွင် ထင်ထင်ရှားရှား ထွက်ပေါ်လာလေသည်။

သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦး၏ တိုက်ခိုက်မှုက ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အနည်းငယ်မျှသာ တုန်ခါသွားစေပြီး မရေမတွက်နိုင်သော ဆဲလ်ပမာဏအချို့သာ ပျက်စီးသွားစေသည်။

သို့သော် လင်းဖုန်း၏ အဆုံးမဲ့နီးနီးရှိသော ဆဲလ်အရေအတွက်နှင့် ယှဉ်လျှင် ဤမျှပျက်စီးမှုက ဘာမှမဟုတ်သလိုပင်။ ထိုမျှလောက်က လင်းဖုန်းကို ထိခိုက်ဒဏ်ရာ အနည်းငယ်မျှပင် မဖြစ်စေပေ။

နေရာအနှံ့ တထောင်းထောင်းထ‌နေသော ဖုန်မှုန့်များ လွင့်စင်ပျံ့ကျဲသွားသောအခါ လင်းဖုန်း၏ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်ကြီးက ထိုသာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦး၏ မျက်စိရှေ့တွင် ရှင်းရှင်းလင်းလင်း ပြန်လည်ပေါ်ထွက်လာသည်။ လင်းဖုန်းသည်ကား ထိုမျှပြင်းထန်လှသည့် တိုက်ကွက်အောက်တွင်ပင် ဒဏ်ရာအနာတရ လုံးဝမရရှိခဲ့ချေ။ တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ခံစစ်စွမ်းရည်က အံ့ချီးလောက်စရာပင်။

သို့သော် ဤမျှသာ…

သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးစလုံး တစ်ယောက်မှ နောက်မတွန့်ကြပေ။ ထိုအစား သူတို့အားလုံး လင်းဖုန်းကို တောက်ပနေသည့် အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

သူတို့ အဘယ်အကြောင်းကြောင့် ဤမျှကြီးမားသည့် စွန့်စားမှုပြုကာ ညမိစ္ဆာ၏ တာဝန်ကို လက်ခံခဲ့ကြသနည်း။

ယင်းက သဘာဝကျကျပင် လင်းဖုန်း၏ ကိုယ်ပေါ်ရှိ လျှို့ဝှက်ချက်များကြောင့် မဟုတ်ပေလော။

လင်းဖုန်းတွင် မည်သည့်လျှို့ဝှက်ချက်များ ရှိနေသနည်း။

လင်းဖုန်းတွင် လျှို့ဝှက်ချက်များစွာ ရှိသည်။ သူ တစ်နှစ်အတွင်း ပထမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုမှ ဒုတိယအကြိမ်သို့ ခုန်ပေါက်ကာ ရောက်ရှိသွားခဲ့သည်။ ယခုလက်ရှိတွင်လည်း အသက်ဝိညာဉ်အသွင်ပြောင်းလဲမှု နှစ်ကြိမ်သာ ပြုလုပ်ထားသော်လည်း သုံးကြိမ်အထိ အသက်ဝိညာဉ်အသွင်ပြောင်းလဲမှု ပြုထားသည့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦး၏ တိုက်ခိုက်မှုကို ဖြုံပင်မဖြုံဘဲ အဆင့်ဖြတ်ကျော်ကာ စိန်ခေါ်တိုက်ခိုက်နိုင်နေသည်။

ဤကဲ့သို့သော အခြေအနေမျိုးက အတိတ်သမိုင်းထဲတွင်လည်း မရှိဖူးသလောက်ပင်။ ယခင်က အသန်မာဆုံး အံ့မခန်းပါရမီရှင်တစ်ဦးပင်လျှင် မိမိထက် အဆင့်မြင့်မားသူတစ်ဦးကို ဖက်တုယှဥ်ပြိုင်နိုင်ရန်က အလွန်ခက်ခဲလှ၏။

သို့သော် ယနေ့တွင် လင်းဖုန်းက ထိုမဖြစ်နိုင်လုနီပါး ကိစ္စကို လုပ်ဆောင်ပြခဲ့လေပြီ။

ဤသည်က ရှေ့ဆက်တိုးတက်ဖို့ လမ်းစပျောက်နေသော သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးအတွက် ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ပင်။ မူလက သူတို့အားလုံး ဤဘဝတွင် စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြုလုပ်နိုင်ရန် မဖြစ်နိုင်တော့ဟု ထင်မှတ်ထားခဲ့ကြခြင်းဖြစ်သည်။

သို့သော် ယခု လင်းဖုန်း၏ပေါ်ထွက်လာမှုက သူတို့မျက်စိရှေ့တွင် ပြတင်းပေါက်အသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်သကဲ့သို့ ဖြစ်နေ၏။

ဒါဆို ကြယ်တာရာစွမ်းအားကို မကျင့်ကြံဘဲနဲ့လည်း ဒီလောက်ထိ စွမ်းအားကြီးလာနိုင်သေးတာလား။

ဖြစ်နိုင်သည်က လင်းဖုန်း၏လျှို့ဝှက်ချက်ကိုသာ ရရှိပါက သူတို့အနေဖြင့် စတုတ္ထအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်း၏ နက်နဲမှုကို သေသေချာချာ ကောင်းကောင်းမွန်မွန် နားလည်သွားနိုင်ပြီး ဆယ်ယောက်မြောက် သူတော်စင်ပင် ဖြစ်လာနိုင်ပေသည်။

မျှော်လင့်ချက်က အလွန်သေးငယ်နေလင့်ကစား သူတို့ မည်သည့်အရာကိုမဆို ပေးဆပ်ရန် အသင့်ရှိနေကြသည်။

“သေစမ်း”

လင်းဖုန်းကလည်း ပြန်လည်တိုက်ခိုက်လိုက်သည်။ သူ ရုတ်တရက် သူ့လက်မောင်းတစ်ဖက်ကို ဝေ့ယမ်းကာ ပြိုင်ဘက်ကို ခွန်အားသက်သက်ဖြင့် ဖိနှိပ်လိုက်သည်။ ကြီးမားလှသည့် ခွန်အားလှိုင်းက လေထုကို ထိုးခွဲသွားပြီး အသံဗုံးပေါက်ကွဲသည့်အလား အလွန်ကျယ်လောင်သည့် ပေါက်ကွဲသံကို ဖြစ်ပေါ်စေသည်။

လေထုပင်လျှင် အစိုင်အခဲဖြစ်လုလုအထိ အလွန်အမင်း ဖိသိပ်ခံလိုက်ရသည့်အလားပင်။

ဘုန်း

လင်းဖုန်းသည် လက်သီးတစ်ချက်တည်းဖြင့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး၏ ခန္ဓာကိုယ်ကို ချေမှုန်းပစ်လိုက်သော်လည်း ထိုသူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြာအဖြစ်ပြောင်းလဲကာ ဟင်းလင်းပြင်ထဲမှ ရုတ်ချည်းပျောက်ကွယ်သွားသည်။

“ဟင်”

လင်းဖုန်း မျက်မှောင်ကြုတ်သွားသည်။ သူ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးသည်ကား ပတ်ပတ်လည်တွင် ရှိနေဆဲပင်။ ဒါဆို သူ ခုနက သတ်လိုက်တဲ့ သိုင်းသမားက ဘယ်သူလဲ။

“လင်းဖုန်း...သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတွေက ဘာလို့ နတ်ဘုရားနယ်ပယ်သိုင်းသမားတွေကို အပြတ်အသတ် ချေမှုန်းနိုင်သလဲဆိုတာ မင်းသိလား။ မင်းမှာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ပဲ ရှိတာ၊ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက်ရဲ့ တကယ့်နည်းလမ်းတွေကို မင်း ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူးကွ...ဟီးဟီးဟီး”

ယာယီခေါင်းဆောင် လျှို့ဝှက်သိုင်းသမား နံပါတ် ၁၃၁ က လေသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။ သူ့နှုတ်ခမ်းထက်တွင်လည်း လှောင်ပြုံးတစ်ခု ပေါ်နေသည်။

ဝှစ်... ဝှစ်...

တစ်ချိန်တည်းတွင်ပင် ထိုသာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးရှေ့တွင် ကြောက်မက်ဖွယ်ကောင်းသည့် ကြမ်းကြုတ်သားရဲများ သို့တည်းမဟုတ် သမိုင်းမတင်မီက ကြောက်မက်ဖွယ်သတ္တဝါကြီးများ၏ ပုံရိပ်ဖျော့ဖျော့များ တဖြည်းဖြည်း ပေါ်ပေါက်လာသည်။

ဤသည်က ထင်ယောင်ထင်မှားပုံရိပ်ယောင် မဟုတ်ပေ။ လင်းဖုန်း ထိုပုံရိပ်များကို သူ့စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ချက်ချင်း နားလည်သွားသည်။ ဤသားရဲပုံရိပ်များသည်ကား ကြယ်တာရာစွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် နတ်ဘုရား စစ်သည်တော်များပင်။

“သွားကြစမ်း... သူ့ကိုသတ်”

ယာယီခေါင်းဆောင် လျှို့ဝှက်သိုင်းသမား နံပါတ် ၁၃၁ က လင်းဖုန်းကို အသာအယာ ညွှန်ပြလိုက်သည်။ ထို့နောက် သူ့ရှေ့ရှိ ဆယ်မီတာခန့်မြင့်သော ကြောက်မက်ဖွယ်သားရဲကြီးက ချက်ချင်း အသံနက်နက်ဖြင့် ဟိန်းဟောက်ကာ လင်းဖုန်းထံသို့ ကမူးရှူးထိုး ပြေးဝင်သွားသည်။

လင်းဖုန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤသတ္တဝါကြီးတွင် မည်သည့် အသက်ဓာတ်မျှ မရှိသည်ကို သူ ခံစားမိသည်။ ယင်းသည်ကား ကြယ်တာရာစွမ်းအားများဖြင့်သာ အလုံးစုံစုစည်းထားခြင်းပင်။

ဘုန်း

လင်းဖုန်းသည် လက်သီးတစ်ချက်ဖြင့် ကြယ်တာရာစွမ်းအားသက်သက်ဖြင့် ဖွဲ့စည်းထားသည့် ထိုသားရဲကြီးကို ချေမှုန်းပစ်လိုက်သည်။ ဤသားရဲကြီးများက အလွန်အားနည်းလွန်းသည်ဟု လင်းဖုန်း ခံစားလိုက်ရသည်။

“အားနည်းလွန်းတယ်”

“အဲ့လိုလား... ဒါဆိုရင်လည်း ငါ့ရဲ့ နတ်ဘုရားနယ်မြေရော ဘယ်လိုလဲ”

“နတ်ဘုရားနယ်မြေ…ဟုတ်လား”

ဝုန်း

အခိုက်အတန့်အတွင်း၌ ကောင်းကင်ယံတစ်ခုလုံး မှောင်မည်းသွားသည်။ ဒဏ္ဍာရီထဲမှ သတ္တဝါဆိုးကြီးများ သက်ရှိထင်ရှား ပြန်လည်နိုးထလာသည့်အလားပင်။ သမိုင်းမတင်မီက တည်ရှိခဲ့ဟန်ရသော သတ္တဝါဆိုးကြီးများက လင်းဖုန်းကို ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်နေကြလေသည်။

All Chapters