အခန်း ၂၅၈
Vol. 23 Ch. 258
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၅၈) - နတ်ဘုရားနယ်မြေ
ဘာသာပြန် - အားသစ်
“အားနည်းလွန်းတယ်” လင်းဖုန်းက အေးစက်စက် စကားဆိုနေဆဲပင်။
ကြယ်တာရာစွမ်းအားသက်သက်ဖြင့် ဖွဲ့စည်းထားသည့် သတ္တဝါဆိုးများသည်ကား အသိဉာဏ်ပင် မရှိကြပေ။ အရေအတွက်များရုံမျှဖြင့် သူ့ကို မည်သို့ ခြိမ်းခြောက်နိုင်မည်နည်း။
သို့သော်လည်း ပတ်ဝန်းကျင်ရှိ ကြယ်တာရာစွမ်းအားစက်ကွင်း၌ ထူးခြားချက်တစ်ခု ရှိနေသည်။ လင်းဖုန်းပင်လျှင် ထိုကြယ်တာရာစွမ်းအားစက်ကွင်းအတွင်းသို့ အတင်းအကျပ် ဆွဲသွင်းခံလိုက်ရသည်။ ဤစက်ကွင်းအတွင်း၌မူ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများ၏ ကြယ်တာရာစွမ်းအားက အကန့်အသတ်မဲ့ ဖြစ်နေပုံရသည်။ သူတို့အနေဖြင့် ဟင်းလင်းပြင်ထဲရှိ ကြယ်စွမ်းအားများကို တိုက်ရိုက်စုပ်ယူကာ အမြန်ဆုံးနှုန်းဖြင့် ပြောင်းလဲနိုင်ကြသည်။
လင်းဖုန်းသည် ကြယ်တာရာစွမ်းအားဖြင့် ဖွဲ့စည်းထားသော ထိုသမိုင်းမတင်မီက သတ္တဝါဆိုးများကို အဖန်ဖန် အထပ်ထပ် ချေမှုန်းပစ်နေသော်လည်း တစ်ဖက်လူကမူ အနည်းငယ်မျှပင် ဂရုမစိုက်ပေ။ ရာနှင့်ချီသော သတ္တဝါဆိုးများက မီးပုံထဲသို့ တိုးဝင်နေသည့် ပိုးဖလံများအလား လင်းဖုန်းထံသို့ အဆက်မပြတ် ပြေးဝင်နေကြသည်။
“ဆက်ပြီး သတ်နေလိုက်စမ်း။ မင်း ဘယ်နှကောင်အထိ သတ်နိုင်ဦးမှာလဲ။ ငါ့ရဲ့ နတ်ဘုရားနယ်မြေထဲမှာဆိုရင် ကြယ်တာရာစွမ်းအားတွေက လုံးဝလျော့သွားမှာ မဟုတ်ဘူး။ မင်း ဘယ်နှကောင်အထိ သတ်နိုင်မလဲ ကြည့်ကြသေးတာပေါ့ကွာ”
မျက်နှာချင်းဆိုင်ရှိ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားက အားပါးတရ ဟားတိုက်ရယ်မောလိုက်သည်။
လင်းဖုန်းသည်လည်း ထိုနတ်ဘုရားနယ်မြေဟု ခေါ်သည့်အရာမှာ အမှန်တကယ်တန်းတွင် ဤထူးခြားသည့်ကြယ်တာရာစွမ်းအားစက်ကွင်းပင်ဖြစ်ကြောင်း တဖြည်းဖြည်း နားလည်လာသည်။ ဤထူးခြားသည့် စက်ကွင်းအတွင်း၌ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများက နတ်ဘုရားစစ်သည်တော်များဟုခေါ်သည့် ကြယ်တာရာသားရဲများကို အဆက်မပြတ် ပုံသွင်းဖန်တီးနိုင်ကြ၏။
ဤနတ်ဘုရားစစ်သည်တော်များက အဆုံးမရှိပေ။ လင်းဖုန်း သူတို့အားလုံးကို အနိုင်ယူလိုက်လျှင်ပင် အချည်းနှီးသာပင်။ အဘယ်ကြောင့်ဆိုသော် ပျက်စီးသွားသည့် သတ္တဝါဆိုးများက ကြယ်စွမ်းအားအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး ထိုစက်ကွင်းအတွင်း၌ပင် မပျောက်မပျက် တည်ရှိနေကာ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများက ယင်းတို့ကို ပြန်လည်အသုံးပြုနိုင်သောကြောင့်ပင်တည်း။
ဤသည်က စဉ်ဆက်မပြတ် လည်ပတ်နေသည့် သံသရာစက်ဝန်းတစ်ခုကို ဖြစ်စေသည်။ ကြယ်တာရာစွမ်းအား အနည်းငယ် လျော့ပါးသွားလျှင်ပင် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးအနေဖြင့် ပြင်ပမှ ကြယ်စွမ်းအားကိုစုပ်ယူပြီး ကုန်ဆုံးသွားသော စွမ်းအားများကို ပြန်လည်ဖြည့်တင်းနိုင်ပေသည်။
နတ်ဘုရားနယ်မြေအတွင်း ပိတ်မိသွားပါက ကြယ်တာရာစွမ်းအားစက်ကွင်းကို မချေဖျက်နိုင်သရွေ့ ထွက်ပြေးရန် လမ်းစမရှိပေ။
ဤသည်က သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများကို နတ်ဘုရားတို့၏ ဘုရင်များအဖြစ် သမုတ်ကြသည့် အစစ်အမှန် အကြောင်းရင်းပင်။ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးက နတ်ဘုရားနယ်မြေကို ထုတ်ဖော်လိုက်ပါက နတ်ဘုရားနယ်ပယ် သိုင်းသမား အယောက်ပေါင်းများစွာ ပိတ်မိနေလျှင်ပင် အဆုံးတွင် သေချာပေါက် သေဆုံးရပေလိမ့်မည်။
ယခင်က လင်းဖုန်းသည်ကား အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်ခဲ့၏။ သိုင်းပညာနယ်ပယ်ရှိ အဆင့်မြင့်နည်းလမ်းများအကြောင်းကို သူ ကောင်းကောင်းမသိခဲ့ပေ။ သူ့အနေဖြင့် နတ်ဘုရားနယ်ပယ်၏ နည်းလမ်းများကို သိရှိထားခြင်းကပင် အလွန်အံ့အားသင့်စရာကောင်းနေပြီ ဖြစ်သည်။ သာလွန်နတ်ဘုရားနယ်ပယ်ကိုမူ သူ တစ်ကြိမ်တစ်ခါမျှပင် မမြင်ဖူးခဲ့ရာ ထိုသူတို့၏ ဆန်းပြားလှသည့် နည်းလမ်းများကို သူ မည်သို့ နားလည်နိုင်ပါမည်နည်း။
ယခုမူ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများ မည်မျှအထိ သန်မာကြောင်း လင်းဖုန်း နောက်ဆုံး နားလည်သွားခဲ့လေပြီ။ နတ်ဘုရားနယ်မြေ တစ်ခုတည်းဖြင့်ပင် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများက နတ်ဘုရားနယ်ပယ် သိုင်းသမားများထက် အဆပေါင်းများစွာသာလွန်နေသည်။ နယ်ပယ်နှစ်ခုကြားရှိ ကွာဟချက်က ကျော်ဖြတ်၍မရနိုင်လောက်အောင် ကြီးမားလှပေသည်။
ဘုန်း
ထိုအခိုက်တွင် လင်းဖုန်းတစ်ယောက် မည်းမှောင်နေသည့် စကြဝဠာကြီး၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိနေသည့်အလား ခံစားလိုက်ရသည်။ ကျယ်ပြောလှသော စကြဝဠာကြီးထဲမှ ဥက္ကာခဲများက မိုးစက်မိုးဖွားများနှယ် တရစပ်ကျဆင်းလာသည်။
ယင်းတို့နှင့် အတူပါလာသော လေတိုးသံ၏ ပြင်းထန်မှုအရ အကယ်၍ သူသာ တောင့်မခံနိုင်ပါက သေချာပေါက် ပျက်စီးခြင်းအတိ ရောက်ရပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ထိုဥက္ကာခဲများသည်လည်း ကြယ်တာရာစွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်းသာ မဟုတ်ပါလော။
ဒုတိယမြောက် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမား တိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း လင်းဖုန်း သိလိုက်သည်။ ထိုသာလွန်နတ်ဘုရားက သူ၏ နတ်ဘုရားနယ်မြေကို ထုတ်ဖော်ကာ လင်းဖုန်းကို အခြားကြယ်တာရာစွမ်းအားစက်ကွင်းတစ်ခုအတွင်းသို့ တမဟုတ်ချင်း ဆွဲသွင်းလိုက်ခြင်းပင်။
“တောရိုင်းနယ်မြေ”
“ကြယ်တာရာကမ္ဘာ”
ယင်းတို့က နတ်ဘုရားနယ်မြေနှစ်ခုနှင့် ကြယ်တာရာစွမ်းအားစက်ကွင်းနှစ်ခုသာ ဖြစ်သော်ငြား လင်းဖုန်းကို ဖိအားအနည်းငယ် ခံစားရစေသည်။ သူတို့သည်ကား အမှန်ပင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို သုံးကြိမ်ပြုထားသည့် အားကောင်းသော သက်ရှိများ၊ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများ ဖြစ်ကြပေသည်။
လောင်ဘီသမ်၏ အမြင်တွင် လက်ရှိကမ္ဘာ၏သိုင်းပညာစနစ်က ဖော်ပြရန်ပင် မထိုက်တန်ဘဲ လမ်းလွဲနေသော ကျင့်စဉ်စနစ်တစ်ခုသာ ဖြစ်၏။ သို့တစေ သိုင်းပညာကျင့်ကြံခြင်းစနစ်သည် နှစ်ပေါင်းများစွာ မယိုင်မလဲ တည်ရှိနေခဲ့ပြီး အဓွန့်ရှည်သည့် လူသားမျိုးနွယ်၏ နဝမမြောက်ယဉ်ကျေးမှုအတွက် အခြေခံအုတ်မြစ်ကို ချပေးနိုင်ခဲ့ခြင်းတွင် သဘာဝကျသော အကြောင်းပြချက် ရှိနေပေသည်။
ဤနတ်ဘုရားနယ်မြေက မဆိုးလှပေ။ နတ်ဘုရားနယ်မြေသည်ကား များပြားလှသော ကြယ်တာရာစွမ်းအားကို အသုံးပြု၍ ကြယ်တာရာစွမ်းအားစက်ကွင်းများကို ရက်လုပ်ထားခြင်းဖြစ်သည်။ ဤနည်းလမ်းက အံ့မခန်း ဆန်းပြားလှပေ၏။ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံပြီး စကြဝဠာကျင့်စဉ်စနစ်အတွင်းသို့ ဝင်ရောက်ထားသော လင်းဖုန်းကိုပင် အံ့အားသင့်သွားစေသည်။
တောရိုင်းနယ်မြေနှင့် ကြယ်တာရာကမ္ဘာဟူသော စက်ကွင်းနှစ်ခု၏ သက်ရောက်မှုက လင်းဖုန်းကို ရုန်းထွက်မရအောင် ပိတ်မိသွားစေနိုင်ခဲ့သည်။ ယင်းတို့က လင်းဖုန်းကို လောလောဆယ်တွင် မထိခိုက်စေနိုင်သေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရလဒ်က မရေမရာ ဖြစ်လာပေလိမ့်မည်။
အထူးသဖြင့် တိုက်ခိုက်ခြင်းမပြုရသေးသော အခြား သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦး ရှိနေသေးသည့် အခြေအနေတွင် ဖြစ်သည်။
“နှင်းမုန်တိုင်းကမ္ဘာ”
“ထာဝရငရဲ”
“ဟင်းလင်းပြင်ကမ္ဘာ”
ကျန်ရှိနေသော သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦးသည်လည်း လင်းဖုန်းကို စိတ်မပျက်စေခဲ့ပေ။ နတ်ဘုရားနယ်မြေငါးမျိုး၏ ကြယ်တာရာစွမ်းအားစက်ကွင်းငါးခုက လင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ပြိုင်နက်တည်း ထပ်ဆင့်ကျရောက်လာသည်။
ခဏတာမျှအချိန်အတွင်း လင်းဖုန်းအပေါ်ရှိ ဖိအားက ဆထမ်းပိုး တိုးမြင့်လာတော့သည်။ ဤသည်က အစစ်အမှန် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများ၏ စွမ်းရည်ပင်။ သာလွန်နတ်ဘုရားတို့သည် ကြယ်တာရာစွမ်းအားပေါက်ကွဲမှုကိုသာ အားကိုးသည့်ပုံစံမှ ကျော်လွန်သွားကြပြီး ကြယ်တာရာစွမ်းအားကို အခြားအဆင့်တစ်ခုအထိ ဆန်းစစ်လေ့လာထားကြသည်။
တောရိုင််းနယ်မြေ၏ စက်ကွင်းကြောင့် လင်းဖုန်းတစ်ယောက် သမိုင်းမတင်မီက သတ္တဝါဆိုးမျိုးစုံကို မြင်တွေ့ကြုံကြိုက်နေရသည်။ ယင်းတို့သည်ကား မျိုးသုဉ်းသွားခဲ့ပြီဖြစ်သော ကြောက်မက်ဖွယ်သတ္တဝါကြီးများ ဖြစ်ကြ၏။ ထိုသားရဲကြီးများက ကြယ်တာရာစွမ်းအားဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်လင့်ကစား လင်းဖုန်းကို အစစ်အမှန် သမိုင်းမတင်မီ တောရိုင်းကမ္ဘာကြီးထဲ ရောက်နေသည့်အလား ခံစားရစေသည်။
ကြယ်တာရာကမ္ဘာသည်ကား ပို၍ပင် ကြောက်စရာကောင်းလှသည်။ ယင်းက လင်းဖုန်းကို ကြယ်တာရာစုံလင်လှသော နယ်မြေကြီးထဲသို့ ဆွဲသွင်းလိုက်သည်။
ထိုကြယ်စုံနယ်မြေသည်ကား စကြဝဠာကြီးပင်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသည့် ကြယ်တာရာစွမ်းအားစက်ကွင်းထဲတွင် စကြဝဠာကပ်ဘေးအန္တရာယ်များကို တစ်ခုပြီးတစ်ခု ဖန်တီးဖြစ်ပေါ်လာစေသည်။
ဤနတ်ဘုရားနယ်မြေထဲတွင် ကြောက်စရာအကောင်းဆုံး စကြဝဠာကပ်ဘေးမှာ သံသယဖြစ်ဖွယ်မရှိ ဥက္ကာခဲမိုးရွာခြင်းပင်။ ဥက္ကာခဲများ တစ်ခုပြီးတစ်ခု စဉ်ဆက်မပြတ် ကျရောက်လာသောကြောင့် လင်းဖုန်းကို ကမ္ဘာပျက်ကပ်ကြီး၏ အလယ်တွင် တစ်ကိုယ်တည်း ရောက်ရှိနေသကဲ့သို့ ခံစားရစေသည်။
ထို့ပြင် နှင်းမုန်တိုင်းကမ္ဘာလည်း ရှိနေသေးသည်။ နေရာတိုင်းတွင် ဖြူဖွေးလှသော နှင်းများဖြင့် ဖုံးလွှမ်းနေသည်။ ကြောက်စရာကောင်းသည့် နှင်းလူရိုင်းများ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာပြီး လင်းဖုန်းကို အပြင်းအထန် တိုက်ခိုက်လေသည်။ ထိုမျှသာမက နှင်းတောင်များပင် ပြိုကျကာ ထိတ်လန့်ဖွယ် နှင်းပြိုမှုကြီးများကိုလည်း ဖြစ်ပေါ်စေသည်။
ထာဝရငရဲကမူ ဆန်းပြားပြီး ပုံပျက်ရှုံ့တွနေသော စက်ကွင်းတစ်ခု ဖြစ်သည်။ ဒဏ္ဍာရီထဲတွင်သာ သိထားကြသော ဝိညာဉ်ဆိုးမျိုးစုံက လူသားတို့၏ စိတ်ခံစားချက်များကို နက်နက်ရှိုင်းရှိုင်း သက်ရောက်မှုရှိစေနိုင်၏။ စိတ်စွမ်းအားစက်ကွင်းကို တည်ဆောက်ထားသော လင်းဖုန်းပင်လျှင် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိနေသည်။
ပို၍ပင် ထူးဆန်းသည်က ဟင်းလင်းပြင်ကမ္ဘာပင်။ ယင်းကား ဗလာနတ္ထိ ဖြစ်တည်မှုသာ။ ဤထူးဆန်းသော စက်ကွင်းအတွင်း၌ လင်းဖုန်း တစ်ဦးတည်းသာ ရှိနေသည်။ သူ ဘယ်နေရာကိုပဲ သွားပါစေ ဘာမှမရှိပေ။ အရာအားလုံးသည်ကား ဗလာနတ္ထိသာ။
ဤကဲ့သို့သော စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုက မည်သည့် ညှဉ်းပန်းနှိပ်စက်မှုထက်မဆို ပိုမိုကြောက်မက်ဖွယ်ရာကောင်းလှသည်။
နတ်ဘုရားနယ်မြေငါးခုနှင့် စက်ကွင်းငါးခု
လင်းဖုန်းတစ်ယောက် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများ မည်မျှအထိ စွမ်းအားကြီမားလှကြောင်း ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ကြုံကြိုက်ရလေပြီ။ ကြယ်တာရာစွမ်းအားကို အဓိကထားသော သိုင်းပညာကျင့်ကြံခြင်းစနစ်က သူ ထင်မှတ်ထားသကဲ့သို့ အားနည်းခြင်းမရှိသည့်အပြင် လောင်ဘီသမ်ပြောသလို လုံးဝအမှိုက်တစ်ခုလည်း မဟုတ်ပေ။
သိုင်းပညာဆိုသည်ကား လူသားများက မိမိကိုယ်ကို အခြေခံ၍ မျိုးရိုးစဉ်ဆက် နှစ်ပေါင်းများစွာ ရှာဖွေစူးစမ်းခဲ့ကြပြီး နောက်ဆုံး ကျင့်ကြံခြင်းစနစ်တစ်ခုအဖြစ် ပုံဖော်နိုင်ခဲ့သော ကျင့်ကြံခြင်းနှင့် ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်တစ်ခု ဖြစ်ပေသည်။
သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးသည် အောင်ပွဲက သူတို့လက်ခုပ်ထဲကရေအလား ဖြစ်နေပြီဟု ခံစားလိုက်ရသည်။ သူတို့အားလုံး ထင်ရှားကျော်ကြားသည့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများ ဖြစ်ကြ၏။ သူတို့၏ နတ်ဘုရားနယ်မြေများကလည်း သာမန်နယ်မြေများ မဟုတ်ကြပေ။ သူတို့အားလုံးသည်ကား သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် ထူးချွန်ထက်မြက်သူများသာ ဖြစ်ကြ၏။
နတ်ဘုရားနယ်မြေကို အသုံးပြုလိုက်ခြင်းက သူတို့၏ အထောက်အထား ပေါ်ပေါက်သွားနိုင်သည့် အခွင့်အရေးရှိနေသော်လည်း လင်းဖုန်းကိုယ်ပေါ်ရှိ လျှို့ဝှက်ချက်အတွက်ဆိုလျှင် သူတို့ မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် အသင့်ရှိနေကြသည်။
“နတ်ဘုရားနယ်မြေ ငါးခုတောင်လား... မင်းတို့ ဒါကို သုံးပြီးတာတောင် မင်းတို့ရဲ့ အစစ်အမှန်အထောက်အထားကို ဖုံးကွယ်ထားနိုင်ဦးမယ်လို့များ ထင်နေသေးတာလား”
လင်းဖုန်းက ငတုံးတစ်ယောက် မဟုတ်ပေ။ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးစလုံး သူတို့၏ နတ်ဘုရားနယ်မြေများ ထုတ်သုံးလိုက်သည်ကို မြင်သောအခါ သူတို့အားလုံး အရာအားလုံးကို ပုံအောလိုက်ပြီဖြစ်ကြောင်း သူ သိလိုက်သည်။ မည်သို့ပင်ဆ်ုစေသာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများက အလွန် ရှားပါးလှပြီး နတ်ဘုရားနယ်မြေများကလည်း ထူးခြားထင်ရှားလှသည်။ အခြေခံအားဖြင့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတိုင်း၏ နတ်ဘုရားနယ်မြေက တစ်ယောက်နှင့်တစ်ယောက် မတူကွဲပြားကြ၏။
လင်းဖုန်းသာ သေဆုံးမသွားခဲ့လျှင် သူ နောင်တစ်ချိန်တွင် ဤနတ်ဘုရားနယ်မြေငါးခုကို အခြေခံကာ ထိုသာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦး၏ အထောက်အထားကို သေချာပေါက် စုံစမ်းနိုင်ပေလိမ့်မည်။
သူတို့၏ အထောက်အထားသာ ပေါ်သွားခဲ့လျှင် ထိုငါးဦးစလုံး သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားဖြစ်လင့်ကစား သေခြင်းတရားနှင့် မလွဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။
“လင်းဖုန်း... မင်း ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်ဦးမယ်လို့ ထင်နေတာလား”
“ငါတို့ရဲ့ နတ်ဘုရားနယ်မြေတွေကို မြင်ပြီးမှတော့ မင်းမှာ လွတ်လမ်းမရှိတော့ဘူး။ သေကိုသေရမယ်”
“ငါတို့ စောစောတုန်းကတော့ မင်းရဲ့အသက်ကို ချမ်းသာပေးမလို့ပဲ။ ဒါပေမဲ့ အခြေအနေအရ မင်းကို အသက်ရှင်ခွင့်ပေးလို့ မရတော့ဘူးပေါ့ကွာ။ မင်းကို သတ်ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ကို ရှာဖွေရမယ်။ မင်းရဲ့ လျှို့ဝှက်ချက်ကတော့ ဖုံးကွယ်ထားလို့ရမှာ မဟုတ်တော့ဘူးပေါ့”
သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦး၏ စကားသံများက အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာသည်။ စက်ကွင်းငါးခု၏ ထပ်ဆင့်သက်ရောက်မှုကြောင့် လင်းဖုန်း၏ အာရုံခံစားနိုင်စွမ်းကိုပင် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိနေသည်။
သို့သော် ဤမျှသာပင်။
ဤစက်ကွင်းများက လင်းဖုန်းကို မည်သို့နှယ် ထိခိုက်အောင် လုပ်နိုင်မည်နည်း။
လင်းဖုန်း နေရာတွင်သာ မလှုပ်မယှက်ရပ်နေပြီး ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ထုတ်ဖော်ထားလျှင်ပင် ဤသာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးက သူ့ကို သတ်နိုင်လိမ့်မည် မဟုတ်ပေ။
ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်သည်ကား စကြဝဠာကျင့်စဉ်စနစ်အတွင်း၌ပင် ခံစစ်ပိုင်းအရ အလွန်တရာ စွမ်းအားကြီးလှသော တိုက်ပွဲဝင်ခန္ဓာကိုယ် ဖြစ်သည်။ ထိုတိုက်ပွဲဝင်ခန္ဓာကိုယ်က မည်မျှအထိ တန်ခိုးကြီးမားလှပေသနည်း။
“စက်ကွင်းငါးခုနဲ့ နတ်ဘုရားနယ်မြေငါးခုပဲ ရှိတာ။ ဒီလောက်ကို ငါ မချေဖျက်နိုင်ဘူးလို့ မင်းတို့ ထင်နေတာလား”
လင်းဖုန်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ သူ၏ မီတာ ၁၀၀ မြင့်သော ခန္ဓာကိုယ်ကြီးက အမှန်တကယ်ပင် ထပ်မံ ကြီးထွားလာလေသည်။
ဘုန်း
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကြီးက မီတာ ၂၀၀ အထိ ကြီးထွားလာသည်။ ဤသည်က လင်းဖုန်း သူ၏ အစစ်အမှန်ခွန်အားအပြည့်ကို ထုတ်ဖော်ကာ ဤဧရာမခန္ဓာကိုယ်ကြီးဖြင့် လူသားတို့ရှေ့တွင် ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။
“ဝါးမြိုစမ်း”
လင်းဖုန်း သူ့ပါးစပ်ကို အကျယ်ကြီး ဟလိုက်သည်။ သူ့ပါးစပ်က ရုတ်တရက် တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။ ကြယ်တာရာစက်ကွင်းငါးခု၊ နတ်ဘုရားနယ်မြေငါးခုနှင့် သတ္တဝါဆိုးမျိုးစုံ၊ ဥက္ကာခဲများ၊ နှင်းခဲများ၊ ဝိညာဉ်ဆိုးများ အားလုံးကို လင်းဖုန်းက အတင်းအကျပ် ဝါးမြိုပစ်လိုက်လေတော့သည်။
သူ့အတွက်မူ ဝိညာဉ်ဆိုးများဖြစ်စေ၊ သတ္တဝါဆိုးများဖြစ်စေ ကြယ်တာရာစွမ်းအားသက်သက်ဖြင့် ဖွဲ့စည်းထားသရွေ့ ယင်းတို့မှာ ကမ္ဘာပေါ်တွင် အကောင်းဆုံး အရသာရှိလှသော အစားအစာများပင် ဖြစ်ကြ၏။ သူ ထိုအရာအားလုံးတို့ကို တစ်လုပ်တည်းနှင့်ပင် ဝါးမြိုပစ်နိုင်ပေသည်။