← Chapters

အခန်း ၂၅၉

Vol. 23 Ch. 259

အခန်း ၂၅၉

Vol. 23 Ch. 259

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၅၉) - တိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းပကား

ဘာသာပြန် - အားသစ်

ဝုန်း

လင်းဖုန်းတစ်ယောက် အရာခပ်သိမ်းကို ဝါးမြိုဖျက်ဆီးပစ်မည့် တွင်းနက်ကြီးတစ်ခုအလား ပြောင်းလဲသွားသည်။

စွမ်းအင်... ဤကြယ်တာရာစွမ်းအားအားလုံးသည်ကား စွမ်းအင်များသာ ဖြစ်ကြ၏။ နတ်ဘုရားနယ်မြေအတွင်းရှိ အရာအားလုံးမှာ ကြယ်တာရာစွမ်းအားများဖြင့် အလုံးစုံဖွဲ့စည်းထားခြင်း ဖြစ်သည်။ နတ်ဘုရားစစ်သည်တော်များ ဖြစ်စေ၊ ကြယ်တာရာစွမ်းအားစက်ကွင်းဖြစ်စေ ကြယ်တာရာစွမ်းအားသာမရှိပါက ဘာမှမဟုတ်တော့ပေ။

အခြားသိုင်းသမားများအတွက်မူ ဤအဖြစ်က ကြောက်စရာအကောင်းဆုံးအရာ ဖြစ်ပေလိမ့်မည်။ ကြယ်တာရာစွမ်းအားစက်ကွင်းငါးခု၏ အလယ်တွင် ပိတ်မိနေခြင်းက သေချာပေါက် သေဆုံးခြင်းကိုသာ ဆိုလိုပေသည်။ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးပင် ဖြစ်လင့်ကစား ဤပျက်စီးခြင်းဘေးမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သို့သော် လင်းဖုန်းအတွက်မူ ကြယ်တာရာစွမ်းအားစက်ကွင်းက မည်မျှထိပင် သန်မာပါစေ သူ့တိုက်ပွဲဝင်ခန္ဓာကိုယ်ကို မျက်စိတစ်မှိတ်အတွင်း တိုက်ရိုက် မဖျက်ဆီးနိုင်သရွေ့ သူ ဘာမှကြောက်စရာမလိုပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤကြယ်တာရာစွမ်းအားစက်ကွင်းများက သူ အလိုချင်ဆုံးနှင့် ဝါးမြိုရန်အကောင်းဆုံး စွမ်းအင်များသာ ဖြစ်ကြသည်။

လင်းဖုန်း ပါးစပ်ကို ဟလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ အဆုံးမဲ့စုပ်အားလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ကြယ်တာရာစွမ်းအားအားလုံးကို အဆက်မပြတ် ဆွဲယူဝါးမြိုတော့သည်။

သတ္တဝါဆိုးများ၊ ဥက္ကာခဲများ၊ နှင်းခဲများနှင့် ဝိညာဉ်ဆိုးများအားလုံးမှာ စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး လင်းဖုန်း၏ တိုက်ရိုက်ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ကြယ်တာရာစွမ်းအားစက်ကွင်းနှင့် ပတ်သက်၍မူ ကြယ်တာရာစွမ်းအားသာ မရှိတော့လျှင် ယင်းကို မည်သို့နှယ် စက်ကွင်းဟု ခေါ်နိုင်ပါတော့မည်နည်း။

လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်သည် မူလက မီတာ ၂၀၀ မျှသာ မြင့်သော်လည်း ဤခန္ဓာကိုယ်ကို ဆက်လက်ကျင့်ကြံ၍ ရနေသေးသည်။ နောက်ဆုံးတွင် အလွန့်အလွန် တိုးတက်လာနိုင်ခြင်းမရှိလျှင်ပင် စွမ်းအင်လုံလုံလောက်လောက် ရှိနေသရွေ့ အတိုင်းအတာတစ်ခုအထိ ကြီးထွားလာနိုင်သေးသည်။

ဥပမာအားဖြင့် ထိုမျှကြီးမားလှသော စွမ်းအင်ပမာဏကို ဝါးမြိုလိုက်ပြီးနောက် လင်းဖုန်း၏ မူလမီတာ ၂၀၀ မြင့်သည့် တိုက်ပွဲဝင်ခန္ဓာကိုယ်က တစ်ဒင်္ဂအတွင်း ချက်ချင်း ပြန်လည်ကြီးထွားလာတော့သည်။

၂၀၁ မီတာ... ၂၀၂ မီတာ... ၂၀၃ မီတာ...

လင်းဖုန်း ကြယ်တာရာစွမ်းအားများကို အဆက်မပြတ် ဝါးမြိုနေပြီး သူ၏ ကြောက်မက်ဖွယ်ရာခန္ဓာကိုယ်ကြီးကလည်း အဆက်မပြတ် ထပ်မံကြီးထွားလာကာ ထိတ်လန့်ဖွယ်အရှိန်အဝါများကို ထုတ်လွှတ်နေလေသည်။ ထိုအဖြစ်ကို မြင်လိုက်ရသော သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးလည်း လှောင်ပြောင်ရယ်မောနေရာမှ ရုတ်တရက် တိတ်ဆိတ်သွားသည်။ မျက်နှာဖုံးနောက်ကွယ်မှ သူတို့၏ မျက်နှာအမူအရာများလည်း ရေခဲရိုက်ခံထားရသည့်အလား ဆွံ့အအေးခဲသွားကြပေလိမ့်မည်။

ဤသည်ကား နတ်ဘုရားနယ်မြေငါးခုနှင့် ကြယ်တာရာစွမ်းအားစက်ကွင်းငါးခုပင်။

သူတော်စင်များမှလွဲ၍ ဤနတ်ဘုရားနယ်မြေငါးခုကို အထိအခိုက်မရှိ ခုခံနိုင်မည့်သူမျိုး သူတို့ စိတ်ကူးထဲ၌ပင် တွေးမရနိုင်ပေ။ သို့သော် လင်းဖုန်းက သူတော်စင်တစ်ဦးပေလော။

သူတို့ ချက်ချင်း ခေါင်းခါမိလိုက်သည်။ လင်းဖုန်း သူတော်စင်တစ်ဦးဖြစ်သည်ဟု သူတို့ကို ရိုက်ပြောလျှင်ပင် မယုံပေ။ အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်း ဒုတိယအကြိမ်နှင့် စတုတ္ထအကြိမ်ကြားတွင် ကွာဟချက်က ကြီးမားလွန်းလှသည်။ လင်းဖုန်းက အမှန်တကယ်ပင် အသက်ဝိညာဉ် နှစ်ကြိမ်သာ အသွင်ပြောင်းလဲထားသေးသည်ကို သူတို့ မမြင်ဘဲမနေကြပေ။

သို့သော်လည်း လင်းဖုန်း ကျင့်ကြံထားသော သိုင်းကျင့်စဉ်ကမူ အလွန်ပင် ဆန်းပြားလွန်းလှသည်။ သူတို့ နတ်ဘုရားနယ်မြေ တည်ဆောက်ရန် အသုံးပြုထားသည့် ကြယ်တာရာစွမ်းအား အားလုံးကို လင်းဖုန်းက တစ်လုပ်တည်းဖြင့် ဝါးမြိုပစ်ခဲ့သည်။ သူတို့အတွက်မူ ဤကဲ့သို့သော အခြေအနေမျိုးက တစ်ခါမျှပင် ကြားဖူးနားဝ မရှိခဲ့ပေ။

နတ်ဘုရားနယ်မြေကိုတောင် ဝါးမြိုပစ်လို့ ရတာလား။

သူတို့အားလုံးသည် အတွေ့အကြုံရင့်ကျက်ပြီး ဗဟုသုတစုံလင်လှသော သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများ၊ တစ်နည်းအားဖြင့် နတ်ဘုရားတို့၏ ဘုရင်များနှင့် ခေတ်တစ်ခေတ်ကို ဖန်တီးနိုင်သည့် မဟာပုဂ္ဂိုလ်ကြီးများ ဖြစ်ကြစေကာမူ ယခုတွင် သူတို့အားလုံး ဆွံ့အကာ အလွန်တရာ တုန်လှုပ်ခြောက်ချားသွားကြရသည်။

“မဖြစ်ဘူး... သူက ကြယ်တာရာစွမ်းအားတွေကို ဝါးမြိုနိုင်တာပဲ။ ငါတို့ရဲ့ နတ်ဘုရားနယ်မြေတွေက သူ့ကို မခြိမ်းခြောက်နိုင်ရုံတင်မကဘူး။ သူ့ခွန်အားတွေကိုတောင် အကြီးအကျယ် တိုးပွားသွားအောင် ကူညီပေးနေသလို ဖြစ်နေပြီဟ”

ယာယီခေါင်းဆောင် လျှို့ဝှက်သိုင်းသမား နံပါတ် ၁၃၁ က လေသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။ ယခုမူ သူ့အသံက တည်ငြိမ်မနေနိုင်တော့ချေ။ ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ ရောယှက်ပါဝင်နေခဲ့လေပြီ။

လင်းဖုန်း၏ ခန္ဓာကိုယ်က ချက်ချင်း မီတာ ၂၀၀ အထိ ကြီးထွားလာခဲ့သည်။ ထို့နောက် သူက တွင်းနက်ကြီးတစ်ခုအသွင် ပြောင်းလဲကာ သူတို့၏ ကြယ်တာရာစွမ်းအားများကို အရူးအမူး ဝါးမြိုခဲ့သည်။ ကြယ်တာရာစွမ်းအားစက်ကွင်းငါးခုနှင့် နတ်ဘုရားနယ်မြေငါးခုလုံးကို ကုန်စင်လုနီးပါး ဝါးမြိုပစ်ခဲ့ခြင်းဖြစ်၏။ ထို့ပြင် သူ့ခန္ဓာကိုယ်ကလည်း ဆက်လက် ကြီးထွားနေသေးသည်။ လူလိုအသိဉာဏ်မရှိသူပင် ဖြစ်ပါစေဦး လင်းဖုန်း၏ ခွန်အားများ အချိန်နှင့်အမျှ တိုးတက်လာနေသည်ကို သိနိုင်ပေသည်။

နောက်ဆုံးတွင် လင်းဖုန်း၏ ခန္ဓာကိုယ်က ၂၀၄ မီတာအထိ ကြီးထွားလာပြီးမှသာ ကြီးထွားမှုက တဖြည်းဖြည်း ရပ်တန့်သွားသည်။

သူ၏ ၂၀၄ မီတာရှိသည့်ခန္ဓာကိုယ်မှာ အတိုင်းအတာအားဖြင့် လေးမီတာမျှသာ တိုးမြင့်လာခြင်း ဖြစ်သည်။ ယင်းက အမှန်စင်စစ်တွင် လင်းဖုန်း၏ ခွန်အားကို အများကြီး အထောက်အကူ မပြုနိုင်ပေ။

သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦး၏ နတ်ဘုရားနယ်မြေများက လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်အတွက် လေးမီတာစာမျှသာရှိသော စွမ်းအင်ကိုသာ ပံ့ပိုးပေးနိုင်ခဲ့သည်။ ဤအချိုးအစားအရဆိုလျှင် လင်းဖုန်း၏ မီတာ ၂၀၀ ရှိသော ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမား ၂၅၀ ဦးနှင့် အကြမ်းဖျင်း ညီမျှပေလိမ့်မည်။

ဤကမ္ဘာပေါ်တွင် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမား အရေအတွက်က တစ်ရာမျှသာရှိရာ သိုင်းသမား ၂၅၀ ဟူသော အရေအတွက်ကိုမူ မဆိုသာတော့ပါချေ။တစ်နည်းအားဖြင့် ပြောရလျှင် လင်းဖုန်းအနေဖြင့် ကမ္ဘာပေါ်ရှိ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားအားလုံး၏ နတ်ဘုရားနယ်မြေများကို အကုန်အစင် ဝါးမြိုပစ်လျှင်ပင် မီတာ ၂၀၀ ရှိသော ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်မည် မဟုတ်ပေ။

ပထမဆုံးအကြိမ်အဖြစ် လင်းဖုန်း ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်အတွက် စွမ်းအင်မည်မျှအထိ လိုအပ်သည်ကို အသေအချာ နားလည်သဘောပေါက်သွားသည်။ မည်သို့ပင်ဆိုစေ စွမ်းအင်စက်ရုံရှိ စွမ်းအင်တုံးများကို ဝါးမြိုခဲ့စဉ်ကမူ လင်းဖုန်းအနေဖြင့် စွမ်းအင်များစွာ ရှိသည်ဟုသာ သိခဲ့ရပြီး အတိအကျ မည်မျှအထိ ရှိသည်ကိုမူ သေသေချာချာ နားလည်ခြင်းမရှိခဲ့ပေ။

ယခုမူ လင်းဖုန်းတစ်ယောက် လယ်ပြင်တွင် ဆင်သွားသည့်အလား အလွန်တရာ ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှား နားလည်သဘောပေါက်သွားလေပြီ။

အကယ်၍ ဒုတိယအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲပြီး တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံရန်အတွက် ဤမျှအထိ များပြားလှသည့် စွမ်းအင်ပမာဏ လိုအပ်သည်ဆိုပါက တတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲမှုအတွက်ဆိုလျှင် မည်သို့ရှိလိမ့်မည်နည်း။ သို့တည်းမဟုတ် ထိုထက်ပို၍ စတုတ္ထအကြိမ်ဆိုလျှင်ကော။

လင်းဖုန်းအနေဖြင့် လောင်ဘီသမ်က အဘယ်ကြောင့် စွမ်းအင်ကိစ္စကို ထိုမျှအထိ အလေးအနက်ထားပြောဆိုခဲ့ကြောင်း နောက်ဆုံးတွင် နားလည်သွားသည်။

“ဆုတ်ကြ... အခုချက်ချင်း ဆုတ်ကြ”

သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးစလုံး ချက်ချင်း ဆုံးဖြတ်ချက်ချကာ အရပ်မျက်နှာအသီးသီးသို့ အလျင်အမြန် ထွက်ပြေးကြတော့သည်။

နတ်ဘုရားနယ်မြေများသည်ကား သူတို့၏ အသန်မာဆုံး နည်းလမ်းဖြစ်ကြောင်း သူတို့ ကောင်းကောင်းသိကြသည်။ သို့သော် ယခုမူ သူတို့၏ နတ်ဘုရားနယ်မြေများက အသုံးမဝင်ရုံသာမက လင်းဖုန်းအတွက် အားဖြည့်စာအာဟာရများ ပေးပို့နေသကဲ့သို့ ဖြစ်နေ၏။ ဤသို့သော အခြေအနေတွင် သူတို့အနေဖြင့် မည်သို့ ဆက်လက်တိုက်ခိုက်နိုင်ပါတော့မည်နည်း။

လင်းဖုန်းကိုယ်ပေါ်ရှိ လျှို့ဝှက်ချက်က မည်မျှပင် ကြီးမားပါစေ လောလောဆယ်တွင် သူတို့ ဆုတ်ခွာရန်မှတစ်ပါး အခြားရွေးခြယ်စရာ မရှိတော့ပေ။ ယခုပစ္စုပ္ပန်၌ အရင်ဦးဆုံး အသက်ရှင်လွတ်မြောက်မှသာ နောင်အနာဂတ်တွင် မျှော်လင့်ချက် ရှိပေလိမ့်မည်။

“ထွက်ပြေးချင်တာလား”

လင်းဖုန်း အသက်ပြင်းပြင်း ရှူလိုက်သည်။ ထိုသာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးမှာ တစ်ဒင်္ဂအတွင်း မီတာရာဂဏန်းမျှ ဝေးကွာသည့်နေရာသို့ ပျံသန်းရောက်ရှိသွားကြလေပြီ။ ထိုနေရာတွင် သူတို့ကို စောင့်ဆိုင်းနေသော လေသင်္ဘောငါးစင်း ရှိနေသည်။

သူတို့သာ လေသင်္ဘောထဲသို့ ရောက်သွားပါက လေသင်္ဘော၏ အမြန်နှုန်းကို အသုံးပြု၍ ထွက်ပြေးလွတ်မြောက်သွားနိုင်ပေသည်။

သို့သော် ယခုလက်ရှိ လင်းဖုန်း၏ သတ်ဖြတ်လိုစိတ်က အရှိန်အဟုန်ပြင်းပြင်းဖြင့် ထွက်ပေါ်နေသည်။ သူ ထိုငါးယောက်ကို အေးစက်စက်သာ ဝေ့ကြည့်လိုက်သည်။ သူတို့အားလုံး အရပ်မျက်နှာအနှံ့ ခွဲထွက်ပြေးရုံမျှဖြင့် သူ မည်သို့မျှ မတတ်နိုင်တော့ဟု ထင်နေကြသလော။

“ပုံပြောင်းစမ်း”

တွန့်ဆုတ်မှု စိုးစိမျှပင်မရှိဘဲ လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်ရှိ ဆဲလ်တို့ကို အနည်းငယ် ထိန်းချုပ်ပြောင်းလဲစေလိုက်သည်။ တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ်မျှ တုန်ခါသွားရသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်တွင် လက်သုံးဖက် ထပ်မံထွက်ပေါ်လာတော့သည်။

သူ့ကျောပြင်မှ ထွက်ပေါ်လာသော လက်သုံးဖက်မှာ တစ်ခဏအတွင်း အလျင်အမြန် ကြီးထွားလာလေသည်။ လင်းဖုန်းသည် အချို့သော ကြမ်းကြုတ်သားရဲများ၏ ဆဲလ်တည်ဆောက်ပုံတို့ကို အသေးစိတ် လေ့လာစူးစမ်းခြင်း မပြုရသေးသော်လည်း သူ၏ ဆဲလ်စီစဉ်ပုံများကို ပြောင်းလဲကာ လက်အနည်းငယ် ပိုမိုကြီးထွားလာအောင် လုပ်ဆောင်ရန်ကမူ အလွန်လွယ်ကူလှပေသည်။

သူ့ကို ပုံသဏ္ဌာန်မျိုးစုံ ပြောင်းလဲနိုင်သည့် သက်ရှိတစ်ခုအဖြစ်ပင် သတ်မှတ်နိုင်ပေသည်။ ဆဲလ်အစီအစဉ်များကို ပြောင်းလဲကာ အတွေးတစ်ချက်ဖြင့် လက်သုံးဖက် မဆိုထားနှင့် လက် ၃၀ ပင်ဖြစ်စေ ထွက်ပေါ်လာစေရန်က သူ့အတွက် ဘာမှမခက်ခဲပေ။

ဝှစ်

လင်းဖုန်း၏ အရှိန်ကလည်း အလွန်ပင် မြန်ဆန်လှသည်။ ချက်ချင်းဆိုသလို သူ့လက်းငါးဖက်က ထိုသာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးကို လှမ်းဖမ်းဆုပ်လိုက်သည်။

သူ့လက်ငါးဖက်မှာ မီတာရာပေါင်းများစွာ ချက်ချင်း ရှည်ထွက်သွားပြီး သူ့လက်ဝါးကြီးများကလည်း အတိုင်းအဆမရှိ ကြီးမားလာသည်။ လင်းဖုန်း ထိုလက်ဝါးကြီးများကို သုံးကာ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားဖြင့် သူတို့နောက်ကျောကို ရိုက်ချလိုက်သည်။ ထိုသာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးပင်လျှင် ကျောရိုးထဲအထိ စိမ့်တက်သွားသည့် အေးစက်စက်ခံစားချက်တစ်ခု ရလိုက်သည်။ သူတို့ ယခုတစ်ကြိမ် တာဝန်ကို လက်ခံခဲ့ခြင်းက တကယ်ပင် ရွေးချယ်မှုအမှားဖြစ်ကြောင်း ခံစားလိုက်ရသည်။

သူတို့ အဘယ်ကြောင့် ထိုသေးငယ်လှသော မျှော်လင့်ချက်အတွက် လင်းဖုန်း၏ လျှို့ဝှက်ချက်အတွက်နှင့် သူတို့အသက်ကိုရင်းကာ စွန့်စားခဲ့ကြပါသနည်း။

ဘုန်း

လင်းဖုန်း၏ လက်တစ်ဖက်က သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားနှစ်ဦးကို ချက်ချင်း ဖမ်းဆုပ်မိသွားသည်။ ထိုသိုင်းသမားနှစ်ဦးမှာ အရှိန်အနည်းငယ် နှေးကွေးသွားခဲ့ကြခြင်းပင်။ လင်းဖုန်း၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသောအခါ သူတို့အနေဖြင့် အနည်းငယ်မျှပင် ခုခံတွန်းလှန်နိုင်စွမ်း မရှိချေ။ သူတို့ဂုဏ်ယူရသည့် ခွန်အားသည်ကား လင်းဖုန်းရှေ့တွင်မူ လုံးဝအသုံးမဝင်ပေ။ လင်းဖုန်း၏ လက်ဝါးထဲတွင် ယင်ကောင်များအလား ဖမ်းဆုပ်ရိုက်သတ်ခြင်း ခံလိုက်ရတော့သည်။

သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားနှစ်ဦးမှာ ဤအတိုင်းပင် သေဆုံးသွားခဲ့ရလေပြီ။ လင်းဖုန်းက သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားနှစ်ဦးကို ဤမျှလွယ်လွယ်ကူကူ သတ်ပစ်လိုက်သည်ကို မြင်သောအခါ ကျန်ရှိနေသော သိုင်းသမားသုံးဦးစလုံး အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားကြရသည်။

ဘယ်အချိန်ကတည်းက သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတွေက ဒီလောက်ထိ အားနည်းသွားရတာလဲ။

ထိုအခြင်းအရာကို မြင်လိုက်ရသော သိုင်းသမားသုံးဦးမှာ လွတ်မြောက်နိုင်ရန်အတွက် ပို၍ပင် အားသွန်ခွန်စိုက် ကြိုးစားကြတော့သည်။

ကံကောင်းထောက်မစွာဖြင့် သူတို့သုံးယောက်စလုံး လေသင်္ဘောများထဲသို့ ချက်ချင်း ပြေးဝင်သွားနိုင်ခဲ့ကြသည်။ လေသင်္ဘောများက အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ မိုးကုတ်စက်ဝိုင်းဆီသို့ အရှိန်အဟုန်ဖြင့် ပျံတက်သွားကြလေတော့သည်။

“ဟမ့်”

လင်းဖုန်း၏ အကြည့်များက စူးရှသွားသည်။ သူ၏ လက်သုံးဖက်မှာ တစ်ဒင်္ဂအတွင်း ထပ်မံရှည်ထွက်သွားပြီး မီတာတစ်ထောင်ကျော်အထိ ကြီးထွားရှည်လျားလာတော့သည်။ ထို့ပြင် သူ့လက်ဝါးကြီးများကလည်း လေသင်္ဘောထက်ပင် ကြီးမားလှကာ မိုးတိမ်မည်းကြီးများနှယ် အလျင်အမြန် ပြန့်ကားလာသည်။

လင်းဖုန်း၏ ကြီးမားလှသော လက်ဝါးကြီးသုံးခုက လေသင်္ဘောသုံးစင်းထံသို့ တပြိုင်တည်း ရိုက်ချလိုက်တော့သည်။ လေသင်္ဘောထဲရှိ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦး၏ မျက်လုံးများထဲတွင်မူ မျှော်လင့်ချက်ကင်းမဲ့မှုနှင့် တုန်လှုပ်ခြောက်ချားမှုတို့ဖြင့် ပြည့်နှက်နေချေပြီ။

ဝုန်း

လေသင်္ဘောသုံးစင်းလုံးမှာ လင်းဖုန်း၏ ဧရာမလက်ဝါးကြီးအောက်တွင် ချက်ချင်းပင် မီးခိုးများနှင့် မီးတောက်များအကြား ချေမွဖျက်ဆီးခြင်း ခံလိုက်ရတော့သည်။ ကောင်းကင်ယံတစ်ခုလုံးတွင် မီးခိုးနှင့် မီးတောက်များ ဖုံးလွှမ်းနေစဉ် ထိုသာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦးက အလင်းတန်းများအလား အပြင်သို့ အလျင်အမြန် ရုန်းထွက်လာကြသည်။ သို့သော် လင်းဖုန်းက သူ့လက်ဝါးကြီးကို အသာအယာ ပြန်လည်ဆုပ်ကိုင်ပိတ်ဆို့လိုက်ရာ သူတို့အားလုံး ယင်ကောင်လေးများအလား သူ့လက်ထဲတွင် အလွယ်တကူ ဖမ်းဆုပ်ခံလိုက်ရလေတော့သည်။

All Chapters