အခန်း ၂၆၀
Vol. 23 Ch. 260
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၆၀) - နေဝင်ဘုရင်
ဘာသာပြန် - အားသစ်
လင်းဖုန်းသည် သူ့လက်ဝါးထဲရှိ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦးကို ဓားသွားကဲ့သို့ စူးရှသည့် အကြည့်များဖြင့် အေးစက်စက် စိုက်ကြည့်နေသည်။ သူတို့အနေဖြင့် မည်သည့်စွမ်းအားကို ထုတ်ဖော်ပါစေ အချည်းနှီးသာ။ သူ၏ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်သည်ကား အကာအကွယ်ပိုင်းတွင် အလွန်တရာအစွမ်းထက်လှ၏။ သူတို့ တစ်ကြိမ်ဖမ်းဆုပ်ခံလိုက်ရသည်နှင့် လွတ်မြောက်ရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။
လင်းဖုန်း သူ့လက်ဝါးကြီးများကို အနည်းငယ် ဆုပ်ကိုင်ဖိညှစ်လိုက်သောအခါ ထိုသာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦး၏ မျက်နှာထက်မှ မျက်နှာဖုံးများ ကွာကျသွားပြီး သူတို့၏ အစစ်အမှန်ရုပ်သွင်များ ပေါ်ထွက်လာတော့သည်။
ထိုသိုင်းသမားများထဲမှ နှစ်ဦးသည်ကား လင်းဖုန်းအတွက် မျက်နှာစိမ်းများသာ ဖြစ်ကြသည်။ သို့သော် လင်းဖုန်း တတိယမြောက်လူဖြစ်သော လျှို့ဝှက်သိုင်းသမား နံပါတ် ၁၃၁ ၏ မျက်နှာဖုံးကို ဖယ်ရှားလိုက်ချိန်တွင်မူ သူ့အကြည့်များက ရုတ်တရက် ထက်ရှသွားသည်။
“နေဝင်ဘုရင်”
မှန်ပေ၏။ ထိုသူကား နေဝင်ဘုရင်ပင်။ ဤမျက်နှာကို လင်းဖုန်းလိုလူပင် သိရှိထားသည်။
သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများထဲတွင် ထူးခြားသည့် သိုင်းသမားတချို့ ရှိသည်။ သူတို့က စွမ်းအားကြီးမားရုံသာမက လူသားမျိုးနွယ်အတွက် ကြီးမားလှသော ပံ့ပိုးကူညီမှုများကို မကြာခဏ ပြုလုပ်ခဲ့ကြသဖြင့် နောက်ဆုံးတွင် ဘွဲ့အမည်တစ်ခု ချီးမြှင့်ခြင်း ခံရလေ့ရှိသည်။ ဥပမာအားဖြင့် သူ့ရှေ့မှောက်ရှိ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသည် ထိုကဲ့သို့ ဘွဲ့အမည် ချီးမြှင့်ခံထားရသော သိုင်းသမားတစ်ဦးဖြစ်သည်။ သူ၏ဘွဲ့အမည်ကား နေဝင်ဘုရင်ဟူ၏။
ဤနေဝင်ဘုရင်သည် ရှေးယခင်ကတည်းက ကျော်ကြားခဲ့သူဖြစ်သော်လည်း သူ၏ဂုဏ်သတင်းကို အမှန်တကယ် ကျော်ကြားစေခဲ့သည့်အရာမှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ က နေဝင်တောင်တန်းစစ်ပွဲပင် ဖြစ်သည်။ ထိုစဉ်က လူသားမျိုးနွယ်သည် အမဲလိုက်သားရဲဟု ခေါ်သော ကြောက်မက်ဖွယ်ကောင်းသည့် ကြမ်းကြုတ်သားရဲများ၏ တရစပ်တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ကြရသည်။ အကယ်၍ ထိုသားရဲများသည်သာ နေဝင်တောင်တန်း၏ ခံစစ်ကြောင်းကို ဖောက်ထွက်သွားပါက နောက်တန်းရှိ လူသားမြို့ပြများအတွက် ပျက်စီးခြင်းကပ်ဘေးဆိုးကြီးကို သေချာပေါက် ဆောင်ကြဉ်းလာနိုင်ပေလိမ့်မည်။
ထိုစဉ်က အခြေအနေမှာ နဂါးကျောက်တုံးမြို့ အကျပ်အတည်းထက် များစွာပိုမိုဆိုးရွားခဲ့သည်။ သူတော်စင်ကိုးဦးစလုံး အခြားကိစ္စရပ်များဖြင့် မအားမလပ်ဖြစ်နေကြသဖြင့် ကူညီရန် အချိန်မပေးနိုင်ခဲ့ကြပေ။ အခြားသော သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများပင်လျှင် အချိန်မီ စစ်ကူမပေးနိုင်ခဲ့ကြပေ။
အကယ်၍ ထိုကြမ်းကြုတ်သားရဲများသာ နေဝင်တောင်တန်း၏ ခံစစ်ကြောင်းကို ဖောက်ထွက်သွားပါက သူတို့ကို တားဆီးမည့်သူ ရှိတော့မည်မဟုတ်ပေ။ ထိုနေရာများတွင် လူသားမြို့ပြများစွာ ရှိနေသဖြင့် ဆုံးရှုံးမှုက အလွန်တရာ ကြီးမားလှပေလိမ့်မည်။
သို့သော် ထိုစဉ်က နေဝင်တောင်တန်း၏ ခံစစ်ကြောင်းကို အဓိက တာဝန်ယူစောင့်ရှောက်ခဲ့သူမှာ နေဝင်ဘုရင် ပင်။
နေဝင်ဘုရင်သည် စစ်သည်များကို ကိုယ်တိုင်ဦးဆောင်ကာ သုံးရက်တိုင်တိုင် ခုခံတိုက်ခိုက်ခဲ့ပြီး နတ်ဆိုးဘုရင် ခုနစ်ကောင်ကို တစ်ဦးတည်း ရင်ဆိုင်ခဲ့သည်။
ထိုနတ်ဆိုးဘုရင်များမှာ အသက်ဝိညာဉ် သုံးကြိမ် အသွင်ပြောင်းလဲထားသည့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများနှင့် ခွန်အားအဆင့် တူညီကြသည်။ ပုံမှန်အားဖြင့် တစ်ဦးချင်းတိုက်ပွဲတွင် သာမန် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများပင်လျှင် နတ်ဆိုးဘုရင်များကို အသာစီးရရန် မလွယ်ကူလှရာ နတ်ဆိုးဘုရင်ခုနစ်ကောင်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရခြင်းကမူ ဆိုဖွယ်ရာမရှိတော့ပေ။
သို့သော်လည်း နေဝင်ဘုရင်သည် တောရိုင်းနတ်ဘုရားနယ်မြေကို အားကိုး၍ ကြယ်တာရာစွမ်းအားများဖြင့် တောရိုင်းသားရဲမျိုးစုံကို ပုံဖော်ထုဆစ်ကာ ကြောက်မက်ဖွယ်ကောင်းသော ကြယ်တာရာစွမ်းအားစက်ကွင်းဖြင့် နတ်ဆိုးဘုရင်ခုနစ်ကောင်လုံးကို လွှမ်းခြုံပိတ်မိစေခဲ့သည်။ နောက်ဆုံးတွင် နေဝင်ဘုရင်က ထိုနတ်ဆိုးဘုရင်ခုနစ်ကောင်လုံးကို ကွပ်မျက်နိုင်ခဲ့ပြီး နေဝင်တောင်တန်းရှိ သိုင်းသမားများကို ဦးဆောင်ကာ ကြမ်းကြုတ်သားရဲများကို အောင်အောင်မြင်မြင် တိုက်ထုတ်နိုင်ခဲ့သည်။
ထိုတိုက်ပွဲကြောင့်ပင် သူ့ကို ဘုရင်ဘွဲ့အမည် ချီးမြှင့်ခဲ့ခြင်းဖြစ်ပေသည်။ နေဝင်ဘုရင်၏ စွမ်းပကားကြောင့် လူသားသန်းပေါင်းများစွာနှင့် မရေမတွက်နိုင်သော မြို့ပြများကို ကယ်တင်နိုင်ခဲ့သည်။ အကြီးမားဆုံးသော ပံ့ပိုးကူညီမှုကို ပြုလုပ်နိုင်ခဲ့သဖြင့် သူ့ကို နေဝင်ဘုရင်ဟု ဘွဲ့အမည် ပေးအပ်ခဲ့ရုံသာမက လူသားမျိုးနွယ်၏ သူရဲကောင်းတံဆိပ်ကိုပါ ချီးမြှင့်ခဲ့သည်။
သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများထဲတွင် ဘုရင်ဘွဲ့အမည် ချီးမြှင့်ခံရသူမှာ အလွန်နည်းပါးလှ၏။ နေဝင်ဘုရင်၏ ဒဏ္ဍာရီလာအောင်မြင်မှုများကို သိုင်းသမားများစွာက ချီးမွမ်းထောပနာပြုခဲ့ကြသည်။ သူတော်စင်ကိုးဦးပင်လျှင် နေဝင်ဘုရင်ကို အလွန် အလေးထား ချီးမြှောက်ခဲ့ကြသည်။
သို့သော် ဤကဲ့သို့ ဂုဏ်သတင်းမွှေးသည့် နေဝင်ဘုရင်သည် ယခုအခါတွင်မူ ကိုယ်ကျိုးစီးပွားအတွက် လမ်းမှားသို့ ရောက်ရှိကာ လင်းဖုန်းကို လာရောက်ကြားဖြတ်သုတ်သင်ရန် ကြိုးစားနေခဲ့လေပြီ။ ဤကဲ့သို့သော လုပ်ရပ်များက နေဝင်ဘုရင်ဟူသော ဘွဲ့အမည်နှင့် မည်သို့လျှင် ထိုက်တန်ပါတော့မည်နည်း။
“နေဝင်ဘုရင်... မင်းကို ဘယ်သူခိုင်းတာလဲ”
လင်းဖုန်း အေးစက်စက် မေးလိုက်သည်။ သူတို့သည်ကား နေဝင်ဘုရင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပင် စေခိုင်းနိုင်ခဲ့ကြသည်။ ဤဖြစ်ရပ်နောက်ကွယ်မှ အဖွဲ့အစည်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှပေ၏။ သူတော်စင်တစ်ဦးမှလွဲ၍ မည်သူက နေဝင်ဘုရင်ကို စေခိုင်းနိုင်ပါမည်နည်း။ အဓိကကြိုးကိုင်နေသူက သူတော်စင်တစ်ဦးပင် ဖြစ်နေမည်လော။
တစ်ခဏမျှအတွင်း လင်းဖုန်း၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်ဖြေးသွားသည်။
နေဝင်ဘုရင်၏ မျက်နှာက သွေးဆုတ်ဖြူလျော်နေသည်။ သူနတ်ဘုရားနယ်မြေကို အသုံးပြုလိုက်ကတည်းက သူ့အထောက်အထား ပေါ်သွားခဲ့ပြီ ဖြစ်သော်လည်း ဤကဲ့သို့ လူချင်းမျက်နှာချင်းဆိုင် ဖော်ထုတ်ခံရပြီး အစစ်ဆေးခံနေရသည့်အတွက် သူ အလွန်အမင်း အရှက်ရနေပေသည်။
ပုံမှန်အခြေအနေတွင် သူသည်ကား လူအများ ရိုသေလေးစားခြင်းခံရသော နေဝင်တောင်တန်း၏ အဓိကခံစစ်ကြောင်းကို တာဝန်ယူထားရသော ကျော်ကြားလှသည့် နေဝင်ဘုရင်ပင်။ သူသည် ကြီးမားလှသည့် ဩဇာအာဏာကို ပိုင်စိုးထားပြီး ဒေသတစ်ခုကို လွှမ်းမိုးထားသူ ဖြစ်သည်။ သူတော်စင်ကိုးဦးပင်လျှင် သူ့အပေါ် လေးစားသမှု ရှိကြသည်။
ငွေကြေး၊ အာဏာ၊ အဆင့်အတန်း သို့မဟုတ် ဂုဏ်သတင်းပင်ဖြစ်စေ နေဝင်ဘုရင်တွင် အရာအားလုံး ရှိပြီးသားဖြစ်သည်။ ယခုအခါ သူ တစ်ခုတည်းသော လိုက်စားသည့်အရာမှာ သိုင်းပညာအဆင့် တိုးတက်ရန်ပင်။
သို့သော် ဤသိုင်းပညာနယ်ပယ် တိုးတက်မှုကပင် နေဝင်ဘုရင်ကို ရူးသွပ်လုနီးပါး ဖြစ်စေခဲ့ခြင်းဖြစ်သည်။ သူသည် စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုရန် မည်သည့်လမ်းစကိုမျှ ရှာမတွေ့ခဲ့ပေ။ နည်းလမ်းများစွာ သူ ကြိုးစားခဲ့သော်လည်း မည်သည့်အရာကမျှ အလုပ်မဖြစ်ခဲ့ပေ။
မျှော်လင့်ချက်မဲ့နေစဉ် အခိုက်အတန့်တစ်ခုတွင် သူ ညမိစ္ဆာအဖွဲ့အစည်းနှင့် ဆက်သွယ်မိခဲ့သည်။
အမှောင်ရိပ်ထဲတွင်သာ လုံးလုံးလျားလျား လှုပ်ရှားပြီး မည်သည့် ထိန်းချုပ်မှုမျှ မရှိသလောက်ဖြစ်နေသော ဤကဲ့သို့သော အမှောင်အဖွဲ့အစည်းက နေဝင်ဘုရင်၏ နှလုံးသားကို ထပ်မံနိုးကြားတက်ကြွလာစေခဲ့ပုံရသည်။
ထိုအချိန်မှစ၍ မျက်နှာဖုံးစွပ်ထားချိန်တွင် နေဝင်ဘုရင်သည် ရက်စက်ကြမ်းကြုတ်သော ညမိစ္ဆာအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့၏။ မျက်နှာဖုံးကို ချွတ်လိုက်ချိန်တွင်မူ အများသူငါ လေးစားအားကျရသော ဒဏ္ဍာရီလာသူရဲကောင်း နေဝင်ဘုရင် ဖြစ်နေဆဲပင်။
မျက်နှာဖုံးတစ်ခု တည်ရှိနေရုံမျှဖြင့် မြင့်မြတ်လှသော သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးကို ဤကဲ့သို့သော အခြေအနေအထိ ကျဆင်းသွားစေခဲ့သည်။ ဖြစ်နိုင်သည်မှာ ထိုအခြင်းအရာက မျက်နှာဖုံးတစ်ခုတည်းကြောင့်သာ မဟုတ်ဘဲ နေဝင်ဘုရင်၏ နှလုံးသားထဲရှိ အခြားတစ်ဖက်မှ အမှောင်ထုကြောင့်လည်း ဖြစ်နိုင်ပေသည်။
နေဝင်ဘုရင် လင်းဖုန်းကို စိုက်ကြည့်လိုက်သည်။ သူ မည်သို့မျှ တွေးမရနိုင်ဘဲ ဖြစ်နေသည်။ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးရှိနေပြီး သူကိုယ်တိုင်ပင် ဘုရင်ဘွဲ့အမည်ရ သိုင်းသမားတစ်ဦးဖြစ်သည်။ သူ ယခင်က နတ်ဆိုးဘုရင်ခုနစ်ကောင်ကို တစ်ကိုယ်တော် ရင်ဆိုင်ခဲ့ဖူးသည်။ သို့သော် အဘယ်ကြောင့် ယခုအခါတွင်မူ လင်းဖုန်း၏ ရှေ့မှောက်၌ ခုခံနိုင်စွမ်း လုံးဝမရှိဘဲ ဤမျှအလွယ်တကူ ချေမှုန်းခံရသနည်း။
လင်းဖုန်းသည်ကား အသက်ဝိညာဉ် နှစ်ကြိမ်သာ အသွင်ပြောင်းလဲထားရသေးသဖြင့် နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးနှင့်သာ ညီမျှသည်ကို သိထားရပေမည်။
“လင်းဖုန်း... မင်း နိုင်သွားပြီပဲ။ မင်း ငါ့ရဲ့အထောက်အထားကိုလည်း သိသွားပြီဆိုတော့ ငါ့ကို တစ်ယောက်ယောက်က စေခိုင်းနိုင်တယ်လို့များ မင်း ထင်နေတာလား။ ဟာသပဲကွ။ ဘုရင်ဘွဲ့ရထားတဲ့ ငါလို အဆင့်မြင့်ကျွမ်းကျင်သူတစ်ယောက်ကို ဘယ်သူကများ စေခိုင်းနိုင်မှာလဲ။ မင်းကို ပြောပြလည်း ဘာမှမထူးပါဘူး။ ငါ ညမိစ္ဆာအဖွဲ့အစည်းထဲကို ဝင်ခဲ့တာက...”
ဤအခြေအနေသို့တိုင် ရောက်ရှိလာမှဖြင့် နေဝင်ဘုရင် ဖုံးကွယ်ထားရန် စိတ်မဝင်စားတော့ပေ။
နေဝင်ဘုရင်၏ ညမိစ္ဆာအဖွဲ့အစည်းအကြောင်း ရိုးရိုးရှင်းရှင်း ရှင်းပြချက်ကို ကြားလိုက်ရသောအခါ လင်းဖုန်း၏ အကြည့်များက တစ်စတစ်စ ပို၍ပင် အေးစက်လာသည်။ သူ့နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု မွှေနှောက်တိုက်ခတ်နေခဲ့လေပြီ။
အလင်းရှိလျှင် အမှောင်ရှိစမြဲဖြစ်လင့်ကစား ညမိစ္ဆာကဲ့သို့သော ကြောက်မက်ဖွယ်အဖွဲ့အစည်းတစ်ခု ရှိနေလိမ့်မည်ဟု သူ တစ်ခါမျှပင် မတွေးထင်ခဲ့ဖူးပေ။
မျက်နှာဖုံးနောက်ကွယ်တွင် နေဝင်ဘုရင်ကဲ့သို့ အရာရာတိုင်းလိုလို ပြည့်စုံနေသူပင် ဤသို့သော ပုဂ္ဂိုလ်မျိုးအဖြစ် ပြောင်းလဲသွားနိုင်သလော။
ကျန်သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားလေးဦးသည်လည်း ထင်ရှားကျော်ကြားသူများသာ ဖြစ်ကြပေလိမ့်မည်။ ပုံမှန်အားဖြင့် သူတို့တစ်ယောက်ချင်းစီတိုင်းသည် ဒေသတစ်ခုကို ကာကွာ်စောင့်ရှောက်ကာ လူသားမျိုးနွယ်အတွက် ကြီးကြီးမားမား ပံ့ပိုးပေးနေသူများသာ ဖြစ်ကြသည်။ သို့သော် ညမိစ္ဆာအဖွဲ့သို့ ဝင်ရောက်ပြီး မျက်နှာဖုံးစွပ်လိုက်သည့်အချိန်တွင်မူ သူတို့ အဘယ်ကြောင့် ဤမျှအထိ ရက်စက်ယုတ်မာသူများအဖြစ် ပြောင်းလဲသွားကြရပါသနည်း။
“ညမိစ္ဆာ...”
လင်းဖုန်း လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်များက အဟုန်ပြင်းပြင်းဖြင့် ပေါက်ကွဲထွက်လာတော့သည်။ ယခု ညမိစ္ဆာကဲ့သို့သော အဖွဲ့အစည်းအကြောင်းကို ကြားလိုက်ရပြီးနောက် ယင်းတို့မှာ လူသားမျိုးနွယ်ကို တတိတိလှိုက်စားနေသည့် ကင်ဆာရောဂါအလားဖြစ်နေကြောင်း သူ သိလိုက်ရသည်။
သူတော်စင်ကိုးဦးပင်လျှင် ဤအဖွဲ့အစည်းကို ဘာမှမတတ်နိုင်ကြပေ။ ဤအချက်ကပင် ညမိစ္ဆာအဖွဲ့အစည်း မည်မျှအထိ ကြောက်စရာကောင်းကြောင်း ပြသရန် လုံလောက်လှပေသည်။
“လင်းဖုန်း... ဘာပဲဖြစ်ဖြစ် ငါက သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက်ဖြစ်တဲ့ နေဝင်ဘုရင်ပဲ။ ဒါ့အပြင် ငါက လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ခဲ့ဖူးတယ်။ ငါက ညမိစ္ဆာအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပေမဲ့ ငါ့ရဲ့ ကောင်းမှုတွေက ငါ့အပြစ်တွေကို ချေဖျက်နိုင်ပါတယ်။ တကယ်ဆို မင်း ငါ့ကို လွှတ်ပေးသင့်တယ်”
နေဝင်ဘုရင်သည် ယခုအချိန်တွင် အလွန်တည်ကြည်လေးနက်နေပုံရသည်။ သူလည်း အသက်ရှင်ချင်သေးသည် မဟုတ်ပါလော။ သူ့အဆင့်အတန်းနှင့်ဆိုလျှင် ညမိစ္ဆာအဖွဲ့ဝင်ဖြစ်ကြောင်း ဖော်ထုတ်ခံရလျှင်ပင် အလွန်ဆုံးအနေဖြင့် သူ၏ လူသားမျိုးနွယ်သူရဲကောင်းတံဆိပ် ပြန်လည်ရုပ်သိမ်းခံရပြီး သိုင်းပညာရှင်ခုံရုံးသို့ ပို့ဆောင်ခံရရုံသာ ရှိပေလိမ့်မည်။
သို့သော် သူ သေချာပေါက် သေရမည်တော့ မဟုတ်ပေ။ သူ ကြီးမားလှသော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ဖူးသည်။ သူ လူသားမျိုးနွယ်၏ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ဖူးသည်။ ဤအချက်ကပင် လုံလောက်လှပေ၏။
“အဲ့လိုလား... မင်းက လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့ဖူးတယ်၊ မင်းက လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ခဲ့ဖူးတယ်၊ ဒါပေမဲ့... အဲဒါတွေက ငါနဲ့ ဘာဆိုင်လဲ။ ငါ အခု တကယ်လူသတ်ချင်နေတာ”
လင်းဖုန်း၏ အေးစက်လှသည့် အကြည့်များက နေဝင်ဘုရင်ကို ရေခဲတိုက်တစ်ခုထဲသို့ ကျရောက်သွားသည့်အလား ခံစားရစေသည်။
သူ၏ ယခင်က ကြီးမားလှသော ပံ့ပိုးမှုများ၊ လူသားမျိုးနွယ်သူရဲကောင်းအဖြစ် ရှိခဲ့ဖူးသော အတိတ်နှင့် မြင့်မြတ်လှသော အဆင့်အတန်းများ... ဤအရာအားလုံးမှာ ယခုအခါ အဘယ်ကြောင့် အသုံးမဝင်တော့ပါသနည်း။
သူ လင်းဖုန်း၏ မျက်လုံးထဲတွင် သေခြင်းတရားကို အမှန်တကယ် မြင်တွေ့လိုက်ရသည်။ လင်းဖုန်း သူ့ကို တကယ် သတ်ပစ်လိုနေခြင်းပင်။
“မဖြစ်ဘူး... မင်း ငါ့ကို သတ်လို့မရဘူးကွ။ ငါ့ကို အဓိကအဖွဲ့အစည်းငါးခုဆီ အပ်ပြီတော့ သိုင်းပညာရှင်ခုံရုံးကို ပို့ပေးပါကွာ...”
နေဝင်ဘုရင် နောက်ဆုံးတွင်တော့ အကြောက်တရားကို ခံစားလိုက်ရသည်။ သူ၏ ယခင်က ဂုဏ်ဒြပ်များမှာ ယခုအချိန်တွငိ သူ့အတွက် မည်သည့်လုံခြုံမှုကိုမျှ ပေးစွမ်းနိုင်ခြင်း မရှိတော့ပုံရသည်။
ဖျစ်
လင်းဖုန်း သူ့လက်ဝါးကို ပြင်းပြင်းထန်ထန် ညှစ်ပစ်လိုက်သည်။ ထိုသာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦးစလုံး အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် လုံးဝဥဿုံ ချေမှုန်းခြင်းခံလိုက်ရပြီး သွေးမြူများအဖြစ် ပြောင်းလဲသွားကြလေတော့သည်။
သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားဖြစ်တော့ရော ဘာဖြစ်လဲ။ အရင်တစ်ချိန်က လူသားမျိုးနွယ်ရဲ့ သူရဲကောင်းဖြစ်ခဲ့ဖူးတော့ရော ဘာဖြစ်လဲ။ လူသားမျိုးနွယ်အတွက် ကြီးကြီးမားမား ပံ့ပိုးကူညီခဲ့ဖူးတော့ရော ဘာဖြစ်လဲ။
လင်းဖုန်း၏ သတ်ဖြတ်လိုစိတ်များက အဟုန်ပြင်းစွာ တိုးမြင့်နေကာ ကောင်းကင်တစ်ခုလုံးပင် သွေးနီရောင်အတိ ပြောင်းမတက်ဖြစ်နေသည်။ နေဝင်ဘုရင်က သူ့ကို လာရောက်ရန်စခဲ့သည်ဖြစ်ရာ သူ မည်သည့်အတွက်ကြောင့် အလွတ်ပေးနိုင်ပါမည်နည်း။
ထို့ပြင် ယခုလက်ရှိအချိန်တွင် လင်းဖုန်း လူသတ်ရန်သာ အလိုရှိနေသည်။