အခန်း ၂၆၁
Vol. 23 Ch. 261
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၆၁) - လေသင်္ဘောဆိုက်ရောက်ခြင်း
ဘာသာပြန် - အားသစ်
“ညမိစ္ဆာ...”
လင်းဖုန်း ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ့အကြည့်များက ပိုမိုအေးစက်လာသည်။ ကျန်နေသေးသော သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားနှစ်ဦး၏ အမည်နှင့် အထောက်အထားကိုပင် သူ မေးမြန်းမနေတော့ပေ။
သူတို့ မည်သူပင်ဖြစ်ပါစေ လင်းဖုန်း၏ အမြင်တွင် သူတို့အားလုံး အတူတူပင်။ သူတို့အားလုံး သေထိုက်သူများသာဖြစ်သည်။
နေဝင်ဘုရင်ပင် အလင်းနှင့် အမှောင်ကြားတွင် လှည့်လည်နေသော လျှို့ဝှက်အဖွဲ့အစည်းဖြစ်သည့် ညမိစ္ဆာကို တည်ထောင်သူက မည်သူဖြစ်ကြောင်း သိချင်မှ သိပေလိမ့်မည်။ လင်းဖုန်း သူတို့ကို ဖမ်းဆီးပြီး မေးမြန်းလျှင်ပင် အဓိပ္ပာယ်မဲ့နေပေလိမ့်မည်။
အဓိကအဖွဲ့အစည်းငါးခုနှင့် သူတော်စင်ကိုးဦးတို့သည်လည်း ညနတ်ဆိုးအဖွဲ့အစည်းမှ အဖွဲ့ဝင်များစွာကို ဖမ်းဆီးခဲ့ဖူးသည်။ သို့ပေသော်လည်း ထိုသို့ဖမ်းဆီးရမိခြင်းက မည်သည့်အကျိုးမျှ မရှိပေ။
သူတို့သည် ညမိစ္ဆာကို ပုံရိပ်ယောင်ကွန်ယက်မှတစ်ဆင့်သာ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။ တာဝန်တစ်ခု ရှိလာသောအခါ သတင်းစကားတစ်ခု ပို့လိုက်မည်ဖြစ်ပြီး သူတို့ လက်ခံလိုပါက တာဝန်နှင့် ပတ်သက်သည့် အချက်အလက်တချို့ကို ပေးအပ်မည်ဖြစ်သည်။
အကယ်၍ ယင်းက အဖွဲ့လိုက်တာဝန်ဖြစ်ပါက ညမိစ္ဆာသည် တာဝန်ကို လက်ခံသော အဖွဲ့ဝင်တိုင်းကို နံပါတ်စဉ်များ ပေးအပ်လိမ့်မည်။ ထိုနံပါတ်များက လုံးဝသီးခြားအဓိပ္ပာယ်မရှိဘဲ နောက်ဆုံးအချိန်မှသာ သတ်မှတ်ပေး၏။ ယင်းတို့ကို အခြားအဖွဲ့ဝင်များအချင်းချင်း စစ်ဆေးအတည်ပြုရန်နှင့် တာဝန်ကို အတူတကွ ပြီးမြောက်အောင် လုပ်ဆောင်ရန်အတွက် ယာယီအဖွဲ့တစ်ခု ဖွဲ့စည်းရန်သာ အသုံးပြုခြင်းဖြစ်သည်။
ထို့ကြောင့် ညမိစ္ဆာအဖွဲ့အစည်း၏ အဓိကပုဂ္ဂိုလ်များကို ခြေရာခံရန်က အလွန်ခက်ခဲလှ၏။ အနည်းဆုံးတွင် အဓိကအဖွဲ့အစည်းငါးခုနှင့် သူတော်စင်ကိုးဦးတို့အနေဖြင့် ဤကိစ္စနှင့်ပတ်သက်၍ ဘာမှမတတ်နိုင်ကြပေ။
ဖြစ်နိုင်သည်မှာ လောင်ဘီသမ်က ညမိစ္ဆာအဖွဲ့အစည်းကို ခြေရာခံနိုင်ကောင်း ခြေရာခံနိုင်ပေလိမ့်မည်။ သို့သော် ယခုလက်ရှိအချိန်တွင်တော့ သေချာပေါက် မဟုတ်ပေ။
လင်းဖုန်းသည် ညမိစ္ဆာအဖွဲ့ကို လောလောဆယ် သူ့စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ ညမိစ္ဆာက သူ့ကိုသတ်ရန် တာဝန်တစ်ခုထုတ်ပြန်ခဲ့ပြီး ထိုတာဝန်အတွက် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးကိုပင် စေလွှတ်ခဲ့၏။ ထို့ကြောင့် လင်းဖုန်းအနေဖြင့် သဘာဝကျကျပင် ထိုအဖွဲ့အစည်းကို အလွတ်ပေးမည် မဟုတ်ပေ။
အဓိက အဖွဲ့အစည်းငါးခုနှင့် သူတော်စင်ကိုးဦးတို့ မလုပ်နိုင်ရုံဖြင့် သူလည်း မလုပ်နိုင်ဟု မဆိုလိုပေ။
သို့သော် လက်ရှိတွင် လင်းဖုန်း သူ့အစ်ကိုလတ်၏ ရုပ်အလောင်းကို အိမ်သို့ပြန်သယ်သွားရန် အလျင်လိုနေသေးသဖြင့် ညမိစ္ဆာအကြောင်းကို စုံစမ်းစစ်ဆေးဖို့ စိတ်မပါသေးပေ။
လင်းဖုန်း လေသင်္ဘောပေါ်သို့ ပြန်တက်လာပြီး အေးစက်စက် အမိန့်ပေးလိုက်သည်။
“တည်နေရာပြထားတဲ့အတိုင်း ဆက်ပျံ”
ထို့ကြောင့် လေသင်္ဘောက တိမ်တိုက်များထဲသို့ အလျင်အမြန် ပျံသန်းသွားပြီး မျက်စိတစ်မှိတ်အတွင်း မိုးကုတ်စက်ဝိုင်းဆီသို့ တိုးလျှိုးပျောက်ကွယ်သွားလေတော့သည်။
လင်းဖုန်း ထွက်ခွာသွားသည်နှင့် လေသင်္ဘောအပျက်အစီးများကြားမှ အပိုင်းအစလေးတစ်ခုပေါ်တွင် အဖြူရောင်အလင်းတန်းလေးတစ်ခု တလက်လက် တောက်ပလာသည်။
...
မှောင်မည်းနေသော အခန်းတစ်ခုထဲတွင် မှုန်ဝါးဝါးလူရိပ်တစ်ခု ရှိနေ၏။ သို့သော်လည်း ပတ်ဝန်းကျင်က အလင်းရောင်ကင်းမဲ့နေသဖြင့် ထိုလူရိပ်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
“တာဝန် ၀၀၇ ကျရှုံးသွားပြီလား”
အခန်းထဲတွင် အက်ကွဲနေသော စက်သံတစ်ခု ထွက်ပေါ်လာသည်။
“နေဝင်ဘုရင် အပါအဝင် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးပါတာတောင် ကျရှုံးသွားခဲ့သေးတာလား။ ဟက်... ငါ တကယ်ကို မျှော်လင့်နေမိပြီ။ မင်းရဲ့ စွမ်းဆောင်ရည်က ပိုပြီးတော့ ကောင်းလေလေ မင်းရဲ့ လျှို့ဝှက်ချက်တွေက ပိုတန်ဖိုးကြီးလေလေပဲ။ ဟီးဟီးဟီး...”
စူးရှအက်ကွဲနေသော စက်ရုပ်သံထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင် အနည်းငယ် ပါဝင်နေပုံရသည်။
“တာဝန်ကို ပြန်လည်ထုတ်ပြန်လိုက်ပြီ။ တာဝန်အဆင့်: SSS”
SSS တာဝန်…။ ဤသည်မှာ ညမိစ္ဆာအဖွဲ့သမိုင်းတွင် SSS တာဝန်အဆင့်ကို ပထမဆုံးအကြိမ် ထုတ်ပြန်ခြင်းဖြစ်သည်။ ထိုအခိုက်အတန့်တွင် ညမိစ္ဆာအဖွဲ့အစည်းသို့ လျှို့ဝှက်ဝင်ရောက်ထားသော မရေမတွက်နိုင်သည့် အဖွဲ့ဝင်များအားလုံး ရူးသွပ်သွားကြတော့သည်။
...
ကန့်ကျောက်အခြေစိုက်စခန်းသည် တတိယမြောက် ခံစစ်ကြောင်း ဖြစ်၏။ သို့သော် လက်တွေ့တွင် လွန်ခဲ့သော ရက်အနည်းငယ်က တည်ဆောက်ထားခဲ့သည့် ခံစစ်ကြောင်းအနည်းငယ်မှာ အားလုံး လဲပြိုသွားခဲ့လေပြီ။
စစ်တပ်အဖွဲ့အစည်းသည် သူတို့တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီး သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားဆယ်ဦးကိုပင် စေလွှတ်ခဲ့သည်။ ယင်းတို့ထဲမှနှစ်ဦးက ဘွဲ့ထူးရ ကျွမ်းကျင်သူများ ဖြစ်ကြ၏။ သို့တိုင် စစ်တပ်၏ ခံစစ်ကြောင်းက အန္တရာယ်တွင်းတွင် ရှိနေဆဲဖြစ်သည်။
တစ်ဖက်တွင် စက်ရုပ်များက အလွန်များပြားလွန်းလှသည်။ သူတို့အားလုံး ကြောက်မက်ဖွယ်အကောင်းဆုံး စစ်ပွဲလက်နက်များနှင့် သတ်ဖြတ်ရေးစက်ရုပ်များ ဖြစ်ကြသည်။ သူတော်စင်ကိုးဦးကလည်း သက်ဆိုင်ရာနေရာများတွင် ခြေချုပ်မိနေသဖြင့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများသည်သာ အခြေစိုက်စခန်းရှိ လူတိုင်းအတွက် တစ်ခုတည်းသောမျှော်လင့်ချက် ဖြစ်နေသည်။
“နှင်းခဲဘုရင်က ငါတို့ဆီ စစ်ကူတွေ ခေါ်လာမယ်လို့ ကြားတယ်”
“နှင်းခဲဘုရင် ဟုတ်လား။ သူက တိုက်ပွဲတစ်ခုတည်းနဲ့ နာမည်ကြီးလာပြီး နှင်းခဲခံစစ်ကြောင်းမှာ တပ်စွဲထားတဲ့ ကျွမ်းကျင်သူကြီးမဟုတ်လားကွ။ သူ့ကိုတောင် စစ်တပ်က ဒီခေါ်လာတာလား”
“တကယ်တန်းကျတော့ နှင်းခဲဘုရင်ပါရင်တောင် ငါတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲကွာ။ ငါတို့ ရင်ဆိုင်နေရတာက ကြမ်းကြုတ်သားရဲတွေ မဟုတ်ဘူး။ ရှေးဟောင်းယဉ်ကျေးမှုတွေက ချန်ထားရစ်ခဲ့တဲ့ စစ်ပွဲလက်နက်တွေပဲ”
“စစ်တပ်က စေလွှတ်လိုက်တဲ့ လူတစ်ယောက်က အကြွင်းအကျန်အပျက်အစီးတွေကို မတော်တဆ အသက်သွင်းလိုက်မိလို့ ဒီလိုဖြစ်သွားတာလို့ ကြားတယ်။ စစ်တပ်က အပြစ်ကင်းအောင် ရှင်းပြချင်ရင်တောင်မရဘူး”
“စစ်တပ်ကလည်း ဒီရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးနယ်မြေကို ထိန်းချုပ်ချင်နေတာလေ။ သူတို့က နှစ်အနည်းငယ်ကြာတဲ့အထိ တိတ်တဆိတ် လေ့လာနေခဲ့တာ။ ဒါပေမဲ့ အပျက်အစီးနယ်မြေထဲကို ဝင်သွားပြီးတဲ့နောက် စေလွှတ်လိုက်တဲ့အဖွဲ့က လုံးဝ သေဆုံးသွားလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြဘူး။ ပြီးတော့ သူတို့က အပျက်အစီးနယ်မြေရဲ့ ကာကွယ်ရေးယန္တရားကို အသက်သွင်းလိုက်မိပြီး ဒီကြောက်စရာကောင်းတဲ့ စစ်ပွဲလက်နက်တွေကိုပါ နှိုးလိုက်မိတယ်”
ကန့်ကျောက်အခြေစိုက်စခန်းရှိ သိုင်းသမားအများစုသည် အသွင်ပြောင်းနယ်ပယ်နှင့် နတ်ဘုရားနယ်ပယ်မှ ဖြစ်ကြ၏။
ပြင်ပကမ္ဘာက ဤဘေးအန္တရာယ်အကြောင်းကို မသိသေးပေ။ အကြောင်းမှာ စစ်တပ်အဖွဲ့အစည်းက လက်ရှိကိစ္စကို အစီရင်ခံပြီးနောက် သူတော်စင်ကိုးဦး စေ့စေ့စပ်စပ် ဆွေးနွေးခဲ့ကြပြီး စစ်တပ်အဖွဲ့အစည်းက ဤဘေးအန္တရာယ်ကို တားဆီးနိုင်လိမ့်မည်ဟု ယူဆခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့ သတင်းကို လူသိရှင်ကြား မဖြန့်ဝေခဲ့ကြပေ။
သို့သော် ဤတစ်ကြိမ် အကျပ်အတည်းကို သူတို့ အထင်သေးမိခဲ့သည်မှာ ထင်ရှားလှသည်။ ထိုရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးနယ်မြေထဲမှ အဆက်မပြတ် ထွက်ပေါ်လာသည့် စက်ရုပ်များထဲတွင် အထူးတလည် အစွမ်းထက်သော စက်ရုပ်များ ရှိချင်မှရှိပေလိမ့်မည်။ အလွန်ဆုံးအနေဖြင့် နတ်ဘုရားနယ်ပယ်နှင့် ညီမျှသောစက်ရုပ်များသာ ရှိပေလိမ့်မည်။ သို့ပေသော်ငြား ထိုအစွမ်းထက်စက်ရုပ်တို့၏ အရေအတွက်က အလွန်နည်းပါးလှပြီး စင်စစ်တွင် ကြီးကြီးမားမားခြိမ်းခြောက်မှု မဖြစ်စေပေ။
တကယ်တမ်း ခေါင်းကိုက်ရသည်က အဆုံးမရှိသော စက်ရုပ်အရေအတွက်ပင်။ အစပိုင်းတွင် အပျက်အစီးနယ်မြေထဲမှ စစ်ပွဲစက်ရုပ် သောင်းဂဏန်းခန့်သာ နိုးထလာခဲ့သော်လည်း ယခုအခါတွင်မူ…
စက်ရုပ်များသည်ကား အရေအတွက်အားဖြင့် ၁၀၀,၀၀၀ ကျော်သွားပြီဖြစ်သည်က သေချာလှသည်။ ထို့ပြင် အပျက်အစီးနယ်မြေထဲမှ စစ်ပွဲစက်ရုပ်များ အဆက်မပြတ် ပေါ်ထွက်လာနေဆဲပင်။ အချို့လူများက အပျက်အစီးနယ်မြေထဲတွင် စက်ရုပ်ထုတ်လုပ်ရေးလိုင်းတစ်ခုရှိနေပြီး ထိုကြောက်မက်ဖွယ်စက်ရုပ်များကို အဆက်မပြတ် အလိုအလျောက် ထုတ်လုပ်နိုင်ရန်အတွက် ကုန်ကြမ်းများနှင့် စွမ်းအင်အမြောက်အမြားကို အပျက်အစီးနယ်မြေထဲတွင် စနစ်တကျ သိုလှောင်ထားသည်ဟုပင် သံသယရှိနေကြသည်။
သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတချို့က အထဲသို့ ဝင်ရောက်တိုက်ခိုက်လိုကြသော်လည်း အပျက်အစီးနယ်မြေအနီး ကပ်သွားသည်နှင့် အပျက်အစီးနယ်မြေထဲရှိ ကြောက်မက်ဖွယ်ရာ ဧရာမအမြောက်ကြီးက သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများကိုပင် ရင်တုန်သွားစေနိုင်ခဲ့သည်။ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားသုံးဦးပင် ထိုလက်နက်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြသည်။
သူတို့ အထဲသို့ ဝင်ရောက်တိုက်ခိုက်၍ မရနိုင်သောကြောင့် ထိုစက်ရုပ်များမှာ အဆက်မပြတ် ထွက်ပေါ်လာနေသည့် ပင်မရင်းမြစ်ကို သူတို့ဘာမှမလုပ်နိုင်ဘဲ ဖြစ်နေသည်။ ထို့ကြောင့် စစ်တပ်အဖွဲ့အစည်းမှာ ဆုံးရှုံးမှုကြီးကြီးမားမား ခံစားခဲ့ရပြီး သူတို့၏ ခံစစ်ကြောင်းသည်လည်း အကြိမ်ကြိမ် ဖောက်ထွက်ခံခဲ့ရသည်။
လက်ရှိ ခံစစ်ကြောင်းကို ပြန်လည်တည်ဆောက်ထားခြင်းဖြစ်သော်လည်း သုံးရက်ကြာအောင် တောင့်ခံနိုင်မလားဆိုသည်ကပင် ပြောရခက်ပေသည်။
ယခုအချိန်တွင် စစ်တပ်အဖွဲ့အစည်းအနေဖြင့် အခြားအဓိကအဖွဲ့အစည်းလေးခုထံမှ စစ်ကူများကို တောင်းခံနေပြီဖြစ်သည်။ သူတို့က သူတော်စင်တစ်ဦး ကိုယ်တိုင်ကိုယ်ကျ လာရောက်ရန်ပင် လျှောက်ထားခဲ့ကြသည်။ လောလောဆယ်တွင် သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့သာ အားလပ်နေသေးသည်။ သို့သော် သူတို့နှစ်ယောက်သည်လည်း လေနက်ချောက်ကမ်းပါးမှ နတ်ဆိုးဧကရာဇ်များကို အနီးကပ် စောင့်ကြည့်နေရသည်။ အကယ်၍ သူတို့ ထွက်သွားပြီးကာမှ ဤနတ်ဆိုးဧကရာဇ်များက ပြဿနာရှာလာပါက တားဆီးနိုင်သူ ရှိတော့မည်မဟုတ်ပေ။ ထိုနတ်ဆိုးဧကရာဇ်များက လူသားနယ်မြေများအတွင်းသို့ တဇွတ်ထိုးဝင်ရောက်သောင်းကျန်းဖျက်စီးကြလျှင် အမှန်တကယ် ကပ်ဆိုက်ပေလိမ့်မည်။
သူတော်စင်များ အလွယ်တကူ ထွက်မလာနိုင်သဖြင့် လက်ရှိအခြေအနေအရ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများကိုသာ အားကိုးအားထားပြုနေရသည်။
ဥပမာအားဖြင့် ကန့်ကျောက်အခြေစိုက်စခန်းသည် လောလောဆယ်တွင် နှင်းခဲဘုရင် ရောက်ရှိလာမည့် အချိန်ကို မျှော်လင့်နေကြရသည်။ သို့မဟုတ်ပါက ဤခံစစ်ကြောင်းမှာ တစ်ရက်အတွင်း လုံးဝပြိုလဲသွားပေလိမ့်မည်။
ရုတ်တရက် ချောမွေ့ပြောင်လက်သော ပုံသဏ္ဌာန်ရှိသည့် လေသင်္ဘောငယ်တစ်စင်း အဝေးက ကောင်းကင်ယံတွင် ပေါ်ထွက်လာသည်။
အခြေစိုက်စခန်းရှိ သိုင်းသမားများအားလုံး တက်ကြွသွားကြသည်။ ကိုယ်ပိုင်လေသင်္ဘောများကို ပိုင်ဆိုင်နိုင်သူများသည်ကား အခြေခံအားဖြင့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများသာဖြစ်ကြ၏။ နတ်ဘုရားနယ်ပယ် သိုင်းသမားများထဲတွင် ကိုယ်ပိုင်လေသင်္ဘော ပိုင်ဆိုင်နိုင်သူက အလွန်နည်းပါးလှသည်။
နှင်းခဲဘုရင်မှလွဲ၍ ယခုလိုအချိန်တွင် မည်သူက လေသင်္ဘောဖြင့် ဤနေရာသို့ လာမည်နည်း။
“နှင်းခဲဘုရင် နောက်ဆုံးတော့ ရောက်လာပြီပဲ။ ငါတို့ အသက်ရှင်ခွင့်ရပြီကွ”
“တကယ်လို့ နှင်းခဲဘုရင်သာ အချိန်မီ မရောက်လာရင် ငါတို့တော့ အန္တရာယ်ရှိနေပြီ။ အခြေစိုက်စခန်းကိုလည်း ငါတို့ ထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူး”
“အမှန်ပဲ။ နှင်းခဲဘုရင် ရောက်လာတာကြောင့်မို့ နောက်ဆုံးတော့ ငါတို့ အခြေစိုက်စခန်းကို ထိန်းသိမ်းထားနိုင်တော့မယ်”
ကန့်ကျောက်အခြေစိုက်စခန်းရှိ လူတိုင်း ထိပ်တန်းသာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးဖြစ်သော နှင်းခဲဘုရင်အပေါ် ယုံကြည်မှုအပြည့် ရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော် နှင်းခဲဘုရင် ကိုယ်တိုင်က အံ့ဖွယ်များကို ဖန်တီးနိုင်သည့် သိုင်းသမားတစ်ဦး ဖြစ်သောကြောင့်ပင်။
ဝှစ်
လေသင်္ဘောက အခြေစိုက်စခန်းအတွင်းသို့ အလျင်အမြန် ဆင်းသက်လိုက်သည်။ ထို့နောက် တံခါးပွင့်လာပြီး လေသင်္ဘောထဲမှ သိုင်းသမားငယ်တစ်ဦး ထွက်လာလေသည်။