← Chapters

အခန်း ၂၆၂

Vol. 23 Ch. 262

အခန်း ၂၆၂

Vol. 23 Ch. 262

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၆၂) - မင်းတို့ အသက်ရှင်ချင်လား

ဘာသာပြန် - အားသစ်

ကန့်ကျောက်အခြေစိုက်စခန်းတွင် နှင်းခဲဘုရင်ရောက်ရှိလာတော့မည်ဟု သိရသဖြင့် နတ်ဘုရားနယ်ပယ် သိုင်းသမားကိုးဦးလုံး ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြိုဆိုကြသည်။

သို့သော် လေသင်္ဘောတံခါး ပွင့်သွားပြီးနောက် အလွန်ငယ်ရွယ်နုပျိုလွန်းသော သိုင်းသမားတစ်ဦး ထွက်လာလေသည်။ သူတို့ ဆက်လက်မျှော်လင့်စောင့်စားနေခဲ့ကြသော်လည်း အတော်ကြာသည်အထိ လေသင်္ဘောထဲမှ ဒုတိယမြောက်လူတစ်ယောက် ထွက်လာသည်ကို မတွေ့ရပေ။

သူတို့ရှေ့မှောက်ရှိ ဤလူငယ်သိုင်းသမားလေးက နှင်းခဲဘုရင် ဖြစ်နိုင်ပါမည်လော။ သူက နည်းနည်း နုပျိုလွန်းမနေဘူးလော။

နှင်းခဲဘုရင်သည် ဘုရင်ဘွဲ့အမည် ချီးမြှင့်ခံထားရပြီး သိုင်းပညာအသိုင်းအဝိုင်းတွင် ကျော်ကြားလှသော ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း သူက အလွန် သိုသိပ်ကာ လူသိနည်းအောင် နေထိုင်တတ်သူ ဖြစ်သည်။ သူ၏ အစစ်အမှန်ရုပ်သွင်ကို မြင်ဖူးသူ အလွန်နည်းပါးပြီး သူ့ပုံရိပ်များပင်လျှင် ပျံ့နှံ့မှု အလွန်နည်းပါးလှသည်။

ကန့်ကျောက်အခြေစိုက်စခန်းမှ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကိုးဦးလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့ နှင်းခဲဘုရင်ကို တစ်ခါမျှ မမြင်ဖူးကြသဖြင့် သူတို့ရှေ့မှောက်ရှိ လူက နှင်းခဲဘုရင် ဟုတ်မဟုတ်ကို သဘာဝကျကျပင် မသိကြပေ။ သို့သော် နှင်းခဲဘုရင်မှလွဲ၍ ဤကဲ့သို့သော အချိန်မျိုးတွင် မည်သူက ကန့်ကျောက်အခြေစိုက်စခန်းသို့ လာပါမည်နည်း။

ထို့ကြောင့် သူတို့ရှေ့ရှိ သိုင်းသမားက အနည်းငယ် နုပျိုလွန်းနေပုံရသော်လည်း ဤနတ်ဘုရားနယ်ပယ် သိုင်းသမားများမှာ စိတ်ကိုတင်းကာ ရှေ့တိုးလာပြီး တရိုတသေ ဦးညွှတ်လိုက်ကြသည်။

“နှင်းခဲဘုရင်... နောက်ဆုံးတော့ ရောက်လာပြီပဲ။ တကယ်လို့ မင်းသာ နောက်ထပ် နည်းနည်းလောက် နောက်ကျရင် ငါတို့ ကန့်ကျောက်အခြေစိုက်စခန်းက ဆက်ပြီးတောင့်ခံနိုင်တော့မှာ မဟုတ်ဘူး”

သို့သော် သူ ပြောပြီးသည်နှင့် ပတ်ဝန်းကျင်လေထုက ချက်ချင်း အေးစက်သွားသည်။ သူတို့ရှေ့မှောက်ရှိ နှင်းခဲဘုရင်ကမူ ပြုံးရယ်ခြင်း စိုးစိမျှပင် မရှိပေ။ သူ့အမူအရာကလည်း အနည်းငယ် အေးစက်နေပြီး ရေခဲတောင်ကြီးတစ်လုံးအလား ထင်မှတ်ရသည်။

“ငါက နှင်းခဲဘုရင် မဟုတ်ဘူး”

ခဏမျှကြာပြီးနောက် ထိုလူငယ်သိုင်းသမားက အေးစက်စက်အသံဖြင့် စကားဆိုလိုက်ပြီး နှင်းခဲဘုရင် ဖြစ်သည်ဟူသောအချက်ကို ချက်ချင်း ငြင်းလိုက်သည်။

“နှင်းခဲဘုရင် မဟုတ်ဘူးလား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

နတ်ဘုရားနယ်ပယ် သိုင်းသမားကိုးဦးလုံး၏ မျက်နှာအမူအရာများက အကြီးအကျယ် ပြောင်းလဲသွားသည်။ အဘယ်ကြောင့် နှင်းခဲဘုရင် မဟုတ်ရသနည်း။ အကယ်၍ နှင်းခဲဘုရင် မဟုတ်လျှင် လက်ရှိအချိန်တွင် မည်သူက ကိုယ်ပိုင်လေသင်္ဘောကို မောင်းနှင်ကာ ကန့်ကျောက်အခြေစိုက်စခန်းသို့ လာပါမည်နည်း။

ဤနေရာက အပန်းဖြေခရီးထွက်သည့် နေရာတစ်ခု မဟုတ်ပေ။ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများပင်လျှင် ယခုအချိန်တွင် ကန့်ကျောက်အခြေစိုက်စခန်းသို့ မလာချင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ရောက်လာခဲ့လျှင် သူတို့ သေမင်းနှင့်စစ်ခင်းရတော့မည် ဖြစ်သောကြောင့်ပင်။

“ဒါဆို မင်းက ဘယ်သူလဲ။ အထက်လူကြီးတွေက နှင်းခဲဘုရင်ရဲ့ ကိုယ်စား မင်းကို စေလွှတ်လိုက်တာလား”

နတ်ဘုရားနယ်ပယ် သိုင်းသမားကိုးဦးစလုံး အနည်းငယ် ပူပန်လာကြသည်။ အကယ်၍ နှင်းခဲဘုရင် မလာပါက သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးတော့ လာရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူတို့၏ ကန့်ကျောက်အခြေစိုက်စခန်းက ခံစစ်ကြောင်းကို မည်သို့ ထိန်းသိမ်းထားနိုင်ပါမည်နည်း။

ဒွီ…ဒွီ…ဒွီ

ဤအခိုက်တွင် ရှေ့ဆုံးမှ ဦးဆောင်နေသော နတ်ဘုရားနယ်ပယ်သိုင်းသမား၏ ဆက်သွယ်ရေးစက်က မြည်လာသည်။ သူ အလျင်အမြန် ကောက်ကိုင်လိုက်သည်။

“ဘာ... နှင်းခဲဘုရင် လမ်းမှာ ပြဿနာနဲ့ ကြုံနေရတယ် ဟုတ်လား။ အခြား ခံစစ်ကြောင်းတစ်ခု ဖောက်ထွက်ခံလိုက်ရပြီလား။ ငါတို့ ဘယ်လိုလုပ်ကြမလဲ”

“တခြား သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတွေ မရှိတော့ဘူးလား။ သူတို့က ငါတို့ကိုပဲ ကိုယ့်ဘာသာ တောင့်ခံထားခိုင်းတာလား။ ငါတို့ ဘယ်လိုလုပ် တောင့်ခံနိုင်မှာလဲ”

“ဆယ်နာရီကြာအောင် တောင့်ခံရမယ် ဟုတ်လား... ငါတို့ တစ်နာရီတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူးကွ”

အခြေစိုက်စခန်းမှ ထိုနတ်ဘုရားနယ်ပယ် သိုင်းသမားက ချက်ချင်း ချလိုက်သည်။ သူ့နဖူးပေါ်တွင် အကြောများ ဖောင်းတက်နေပြီး သူ့မျက်လုံးများကလည်း သွေးရောင်လွှမ်းနေသည်။ သူ့ပုံစံမှာ အနည်းငယ် ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းနေပုံရသည်။

“အခြေအနေ ဘယ်လိုလဲ လျို...”

“အထက်လူကြီးတွေက သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတွေကို ထပ်လွှတ်မပေးတော့ဘူးလား”

သိုင်းသမားများစွာ၏ မေးခွန်းများကို ရင်ဆိုင်ရသောအခါ အခြေစိုက်စခန်း၏ တာဝန်ခံက ခေါင်းခါပြလိုက်သည်။ သူ့မျက်နှာက အနည်းငယ် သွေးဆုတ်ဖြူလျော်နေပြီး လင်းဖုန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“နှင်းခဲဘုရင်က လမ်းမှာ စက်ရုပ်တွေရဲ့ ခြုံခိုတိုက်ခိုက်တာကို ခံလိုက်ရတယ်။ အခြား အခြေစိုက်စခန်းတစ်ခုလည်း ဖောက်ထွက်ခံလိုက်ရပြီ။ ငါတို့လည်း သီးခြားတပ်ဖွဲ့တစ်ခု ဖြစ်သွားဖို့ အခွင့်အရေး အရမ်းများနေပြီ။ နှင်းခဲဘုရင် ရုန်းထွက်နိုင်ရင်တောင် ဆယ်နာရီလောက် ကြာလိမ့်မယ်။ အထက်လူကြီးတွေဆီမှာ ငါတို့ကို စစ်ကူပေးဖို့ အပို သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမား မရှိတော့ဘူး”

“ဒါကြောင့် အခုအချိန်မှာ ငါတို့အားလုံး ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့မယ်”

တာဝန်ခံစကားဆုံးသည်နှင့် လူတိုင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။

စစ်ကူမရှိဘဲ သူတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်ပါမည်နည်း။ တစ်နာရီလော…သို့တည်းမဟုတ် နာရီဝက်လော။

တစ်ခဏအတွင်း လူတိုင်း၏ မျက်နှာများက ဖြူလျော်သွားကာ သူတို့၏ တိုက်ခိုက်လိုစိတ်များပင် ပျောက်ကွယ်သွားရသည်။

အကယ်၍ အခြေစိုက်စခန်းသာ အမှန်တကယ် ထိုးဖောက်ခံလိုက်ရပါက သူတို့ ထွက်ပြေးရန်ပင် ခက်ခဲပေလိမ့်မည်။

တာဝန်ခံက သူ့ရှေ့မှောက်ရှိ တည်ကြည့်အေးစက်နေဟန်ရှိသည့် သိုင်းသမားငယ်ကို စိုက်ကြည့်ကာ အသံခပ်တိုးတိုးဖြင့် မေးမြန်းလိုက်သည်။

“မင်းက ဘယ်သူလဲ။ ဘာကြောင့်မို့ ကန့်ကျောက်အခြေစိုက်စခန်းကို လာတာလဲ”

ဤမျှ နုပျိုသော သိုင်းသမားတစ်ဦးကို နှင်းခဲဘုရင်အဖြစ် သူ မှားယွင်းမှတ်ယူခဲ့မိခြင်းကို ပြန်တွေးမိကာ သူ အနည်းငယ် ဒေါသထွက်မိသည်။ ဤမျှ ငယ်ရွယ်နုပျိုသူက မည်သို့လျှင် နှင်းခဲဘုရင် ဖြစ်နိုင်ပါမည်နည်း။

“ငါ လင်းဖုန်းပဲ”

“လင်းဖုန်း ဟုတ်လား...”

ဤအမည်နာမသည်ကား အလွန် ရင်းနှီးလှပေသည်။

ရုတ်တရက် တစ်ယောက်က သူ့ကို မှတ်မိသွားသည်။

“တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပညာပြိုင်ပွဲက လင်းဖုန်း လား...”

“တကယ်ပဲ သူ ထင်တယ်”

“သူ ဒီမှာ ဘာလာလုပ်တာလဲ”

လင်းဖုန်း၏ လက်ရှိ ဂုဏ်သတင်းမှာ ဘုရင်ဘွဲ့ရတစ်ဦးထက်ပင် ကြီးမားလှသည်။ မည်သို့ပင်ဆိုစေ တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပညာပြိုင်ပွဲဆိုသည်မှာ ကမ္ဘာလုံးတစ်ဝှမ်းလုံးရှိ လူသားအားလုံးနှင့် သက်ဆိုင်သည့် ပြိုင်ပွဲတစ်ခု ဖြစ်သည်။ လူသား ၈၀ ရာခိုင်နှုန်းကျော်က ထိုပြိုင်ပွဲကို တိုက်ရိုက်ကြည့်ရှုခဲ့ကြသည်။ သူတို့ လင်းဖုန်းကို မည်သို့လျှင် မမှတ်မိဘဲ နေပါမည်နည်း။

ယခင်ကမူ သူတို့ အခြားရှုထောင့်မှ မတွေးမိခဲ့ကြပေ။ လင်းဖုန်းကို နှင်းခဲဘုရင်အဖြစ်သာ မှားယွင်းမှတ်ယူခဲ့ကြသဖြင့် သူတို့ ချက်ချင်း မမှတ်မိခဲ့ကြခြင်း ဖြစ်သည်။

“လင်းဖုန်း... မင်းက စစ်တပ်အဖွဲ့အစည်းကလည်း မဟုတ်ပါဘူး။ ဒီမှာ ဘာလာလုပ်တာလဲ”

လင်းဖုန်း အခြေစိုက်စခန်း၏ ပြင်ပအခြေအနေကို ကြည့်လိုက်သည်။ နေရာတိုင်းတွင် စက်ရုပ်များ စိပ်စိပ်ပိတ်ပိတ် တည်ရှိနေပြီး ကမ္ဘာပျက်ကပ်ကြီးတစ်ခုအလား ထင်မှတ်ရသည်။ သို့သော် သူ အပြင်လောကတွင်မူ မည်သည့် သတင်းမျှ မကြားခဲ့ရပေ။

ဤသည်က သတင်းများ ပိတ်ဆို့ခံထားရခြင်းကို ဆိုလိုပေသည်။

စစ်တပ်အဖွဲ့အစည်း တစ်ခုတည်းကမူ သတင်းများကို ဤကဲ့သို့ ပိတ်ဆို့ထားရန် သေချာပေါက် ဝံ့ရဲမည်မဟုတ်ပေ။ ထို့ကြောင့် ဤသတင်းပိတ်ဆို့မှုက အဓိကအဖွဲ့အစည်းငါးခု၏ ပူးတွဲဆုံးဖြတ်ချက်ဖြစ်ရမည်မှာ အသေအချာပင်။

သူ့အစ်ကိုလတ် လင်းဟိုင်၏ ဆက်သွယ်ရေးစက် နောက်ဆုံး ပြသခဲ့သော တည်နေရာမှာ ကန့်ကျောက်အခြေစိုက်စခန်း ဖြစ်ကြောင်း သူ စုံစမ်းသိရှိထားခဲ့သည်။

“မင်းတို့ လင်းဟိုင်ကို သိကြသလား”

“လင်းဟိုင် ဟုတ်လား... သိသိ မသိသိ ဘာဖြစ်လဲ။ မင်း အခုချက်ချင်း ထွက်သွားတာ ပိုကောင်းလိမ့်မယ်။ မင်းက စစ်တပ်က သိုင်းသမားတစ်ယောက် မဟုတ်ဘူး။ အခုနေ ထွက်သွားရင် မင်း မနောက်ကျသေးပါဘူး”

ကန့်ကျောက်အခြေစိုက်စခန်း၏ တာဝန်ခံက ခေါင်းခါကာ ပြုံးလိုက်သည်။ သူတို့ကိုယ်တိုင်ပင် မနည်း ကာကွယ်နေရသည့် အခြေအနေတွင် လင်းဟိုင်အကြောင်းကို မည်သို့လျှင် ဂရုစိုက်နိုင်ပါတော့မည်နည်း။

လင်းဖုန်း နောက်ရှိ သိုင်းသမားများကို ဝေ့ဝဲကြည့်လိုက်သည်။ လင်းဟိုင်ကို မည်သူမျှ မသိဟု သူ မယုံပေ။ မည်သို့ပင်ဆိုစေ ဤနေရာမှာ လင်းဟိုင်း၏ ဆက်သွယ်ရေး အချက်ပြလှိုင်း နောက်ဆုံး ပျောက်ကွယ်သွားခဲ့သည့်နေရာ မဟုတ်ပါလော။

“မင်းတို့ အသက်ရှင်ချင်သလား” လင်းဖုန်း ရုတ်တရက် မေးလိုက်သည်။

“အသက်ရှင်ချင်တာပေါ့... ဘယ်သူက အသက်မရှင်ချင်ဘဲ နေမှာလဲ။ ဒါပေမဲ့ အခု ဘာထူးမှာလဲ။ နှင်းခဲဘုရင်လည်း မရှိဘူး။ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတွေလည်း မရှိဘူး။ ဘယ်သူက ငါတို့ကို အသက်ရှင်အောင် လုပ်ပေးနိုင်မှာလဲ”

သိုင်းသမားများစွာ ခေါင်းခါလိုက်ကြသည်။

“ငါ့ကို လင်းဟိုင် ဘယ်မှာလဲဆိုတာ ပြောပြ။ ငါ မင်းတို့ကို သေချာပေါက် အသက်ရှင်စေရမယ်”

“မင်းရဲ့ လေသင်္ဘောကို သုံးပြီး ငါတို့ကို ခေါ်ထုတ်သွားချင်တာမလား။ ဒါပေမဲ့ မင်း လူဘယ်နှယောက်အထိ သယ်နိုင်မှာမို့လဲ။ ဒါ့အပြင် ငါတို့က စစ်သားတွေပဲ။ သေရမယ်ဆိုရင်တောင် အမိန့်ကို နာခံရမယ်။ အထက်က ပေးထားတဲ့ အမိန့်က အခြေစိုက်စခန်းကို ကာကွယ်ဖို့ပဲ။ ဘယ်သူမှ ထွက်သွားမှာ မဟုတ်ဘူး၊ ဘယ်သူမှလည်း မထွက်သွားရဲဘူး”

မှန်ပေစ။ အကယ်၍ သူတို့ ထွက်သွားနိုင်ပါက အရင်ကတည်းက ထွက်သွားကြပြီး ဖြစ်မည်။ သို့သော် အထက်လူကြီးများက ဆုတ်ခွာရန် အမိန့်မပေးခဲ့ပေ။ သူတို့က စစ်သားများဖြစ်ကြသဖြင့် မဆုတ်ခွာဘဲ တောင့်ခံရခြင်း၏ ရလဒ်က သေခြင်းတရားသာဖြစ်မှန်း သိလင့်ကစား တတ်နိုင်သမျှ ခုခံကာကွယ်နိုင်ဖို့ အစွမ်းကုန် တောင့်ခံထားရန်သာ ရှိတော့သည်။

“ငါ့ကို လင်းဟိုင်အကြောင်း ပြောပြ။ မင်းတို့ အခြေစိုက်စခန်းရဲ့ ပြဿနာကို ငါ ရှင်းပေးမယ်”

လင်းဖုန်း ပြင်ပရှိ စိတ်ပိတ်သိပ်မြိတ်နေသော စက်ရုပ်များကို လှမ်းကြည့်လိုက်သည်။ ဤစက်ရုပ်များသည် နာရီဝက်မပြည့်မီအချိန်အတွင်း ကန့်ကျောက်အခြေစိုက်စခန်းကို ဖောက်ထွက်နိုင်ခြေများပေသည်။ ထိုအချိန်ရောက်လျှင် ကန့်ကျောက်အခြေစိုက်စခန်းရှိ လူတိုင်း သေဆုံးကြရပေလိမ့်မည်။

“ငါတို့ရဲ့ ပြဿနာကို ရှင်းပေးမယ် ဟုတ်လား... မင်းကလား”

ရှင်းရှင်းလင်းလင်းပင် မည်သူမျှ မယုံကြည်ကြပေ။ သူတို့အမြင်တွင် လင်းဖုန်းက အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်သည်။ အလွန်ဆုံးအနေဖြင့် သူ့ကို ပါရမီရှင်တစ်ဦးအဖြစ်သာ သတ်မှတ်နိုင်သည်။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများကို မဆိုထားနှင့် နတ်ဘုရားနယ်ပယ်နှင့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများပင် အခြေစိုက်စခန်း၏ လက်ရှိပြဿနာကို ရှင်းလင်းနိုင်ခြင်း မရှိကြပေ။ လင်းဖုန်းအနေဖြင့် မည်သို့လျှင် တတ်နိုင်ပါမည်နည်း။

“လင်းဖုန်း... ငါ လင်းဟိုင်အကြောင်း သိတယ်။ မင်းက သူ့ညီလေးဆိုတာလည်း ငါသိတယ်၊ ဒါပေမဲ့... မင်း အမြန်ဆုံး ထွက်သွားတာ ပိုကောင်းလိမ့်မယ်။ လင်းဟိုင်ရဲ့ ဝိညာဉ်ကလည်း မင်းကို ဘေးကင်းစေချင်မှာပဲ”

ရုတ်တရက် လူအုပ်ထဲမှ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး ထွက်လာပြီး လင်းဖုန်းကို ရှုပ်ထွေးသော အမူအရာဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဟမ်... မင်း ငါ့အစ်ကိုလတ်အကြောင်း သိတယ် ဟုတ်လား။ ပြောစမ်း... မင်းသိတာအကုန် ပြောပြ”

လင်းဖုန်း၏ ခန္ဓာကိုယ်က လျှပ်စီးအလား လှုပ်ရှားသွားပြီး မျက်စိတစ်မှိတ်အတွင်း ထိုအသွင်ပြောင်းနယ်ပယ် သိုင်းသမား ရှေ့မှောက်သို့ ရောက်ရှိသွားသည်။ သူ့ခန္ဓာကိုယ်မှ ကြီးမားလှသော ဖိအားလှိုင်းတစ်ခုကို ထွက်ပေါ်လာရာ နတ်ဘုရားနယ်ပယ် သိုင်းသမားကိုးဦးလုံးပင် ချက်ချင်း ဖိနှိပ်မှုကို ခံစားလိုက်ရလေသည်။

All Chapters