အခန်း ၂၆၃
Vol. 23 Ch. 263
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၆၃) - သူတော်စင်များအောက် အစွမ်းထက်ဆုံးပုဂ္ဂိုလ်
ဘာသာပြန် - အားသစ်
ထိုသိုင်းသမားမှာ သာမန်အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်သည်။ လင်းဖုန်း၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာသော ကြောက်မက်ဖွယ် ဖိအားလှိုင်းကို ခံလိုက်ရသဖြင့် ခဏမျှအတွင်း စကားပြောရန် နေနေသာသာ သူ့မျက်နှာတစ်ခုလုံးပင် နီမြန်းလာရသည်။
လင်းဖုန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး တစ်ဖက်လူ၏ ပုံမှန်မဟုတ်မှုကို ချက်ချင်း သတိပြုမိသွားသည်။ သူလည်း အနည်းငယ် စိတ်လှုပ်ရှားကာ ထိန်းချုပ်မှုကင်းမဲ့သွားခဲ့သည်။ သူ၏ အရှိန်အဝါအငွေ့အသက် အနည်းငယ်ကို ထုတ်လွှတ်ရုံမျှဖြင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး မခံမရပ်နိုင် ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
ထို့ကြောင့် လင်းဖုန်း သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး အသံနှိမ့်၍ ပြောလိုက်သည်။
“မင်းသိထားတာ အားလုံးကို အသေးစိတ် ပြောပြစမ်း”
ထိုသိုင်းသမားက အနည်းငယ် ဝေခွဲမရဖြစ်နေပုံရသော်လည်း ဤအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ ဆက်လက်ဖုံးကွယ်ထားဖို့လည်း သူ ဂရုမစိုက်နိုင်တော့ပေ။
“လင်းဟိုင်က ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးနယ်မြေတစ်ခုကို ရှာဖွေစူးစမ်းဖို့အတွက် လျှို့ဝှက်စစ်ဆင်ရေးတစ်ခုမှာ ပါဝင်ခွင့်ရဖို့ သူ့ကိုယ်ပိုင်သဘောဆန္ဒအလျောက် လျှောက်ထားခဲ့တာကို ငါသိတယ်။ ဒါပေမဲ့ လင်းဟိုင်က ဘယ်တော့မှ ပြန်မလာတော့သလို ပြဿနာအကြီးကြီးတွေကိုလည်း ဖြစ်စေခဲ့တယ်။ ဒီစက်ရုပ်တွေက အဲဒီအပျက်အစီးနယ်မြေထဲက ထွက်လာတာပဲ။ တကယ်လို့ မင်း တကယ်ပဲ လင်းဟိုင်ကို ရှာချင်တယ်ဆိုရင် အဲဒီအပျက်အစီးနယ်မြေဆီ သွားရလိမ့်မယ်...”
“ဒါပေမဲ့ မင်းကို မသွားဖို့တော့ ငါအကြံပြုချင်တယ်။ အဲဒီနေရာက သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတွေအတွက်တောင် အရမ်းအန္တရာယ်များတယ်။ မင်းသာဆို ဝေးရောပေါ့။ လင်းဟိုင်က မင်းအကြောင်း ငါ့ကို ပြောဖူးတယ်။ မင်းက လင်းမိသားစုတစ်ခုလုံးရဲ့ ဂုဏ်ယူရတဲ့သူလို့ သူပြောခဲ့ဖူးတယ်။ မင်းရှိနေသရွေ့ လင်းမိသားစုက အဆင်ပြေမှာဖြစ်လို့ သူရှိရှိ မရှိရှိ ဘာမှမဖြစ်ပါဘူးတဲ့...”
လင်းဖုန်း သူ့လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။ သူ့အစ်ကိုလတ် ဆိုလိုသည့်သဘောကို သူ နားလည်လိုက်ပြီ ဖြစ်သည်။
သူ့အစ်ကိုလတ်က တတာဝန်သိတတ်သူတစ်ယောက်ဖြစ်သည်။ ယခင်က သူ လင်းမိသားစုအကျိုးအတွက် လင်းမိသားစုတွင် သာလွန်လူသားကျွမ်းကျင်သူတစ်ဦး ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် စစ်တပ်ထဲသို့ ဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်။ သို့သော် လင်းဖုန်း၏ ပါရမီများ ပေါ်ထွက်လာကတည်းက လင်းဟိုင်သည်လည်း သူ့တာဝန် ပြီးမြောက်သွားပြီဟု ခံစားခဲ့ရသည်။ သူက လင်းမိသားစုအတွက် ထိုမျှအထိ အရေးမကြီးတော့ပေ။
ထို့ကြောင့် သူ့အစ်ကိုလတ်သည် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်လာပြီးနောက်တွင်ပင် မိသားစုထံ တစ်ခါမျှ အကြောင်းမကြားခဲ့ပေ။ ဤကဲ့သို့ အန္တရာယ်များသော ဆုံးဖြတ်ချက်မျိုးကို ချမှတ်သည့်အခါတွင်ပင် သူ့မိသားစုနှင့် တစ်ခါမျှ မဆွေးနွေးခဲ့ပေ။
လင်းမိသားစုအတွက် လင်းဟိုင်၏ လုပ်ရပ်များက အနည်းငယ် တစ်ကိုယ်ကောင်းသည်ဟု ထင်ရသော်လည်း စစ်သားတစ်ဦးအနေဖြင့်မူ သူ့လုပ်ရပ်က အလွန်ထူးချွန်ပြောင်မြောက်လှပေသည်။
“အစ်ကိုလတ်... လင်းမိသားစုမှာ အပိုလူရယ်လို့ တစ်ယောက်မှ မရှိပါဘူး။ ငါတို့ ဘယ်သူ့ကိုမှ အဆုံးရှုံးမခံနိုင်ဘူး”
လင်းဖုန်း ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကန့်ကျောက်အခြေစိုက်စခန်း၏ ပြင်ပရှိ ပုရွက်ဆိတ်အုံးကြီးနှယ် သိပ်သည်းစွာ တည်ရှိနေသော စက်ရုပ်များကို စိုက်ကြည့်လိုက်သည်။
“အပျက်အစီးနယ်မြေက ဘယ်မှာလဲ”
“လင်းဖုန်း... မင်းသွားရင်လည်း သေမင်းဆီ သွားတာနဲ့ အတူတူပဲ။ မင်းသာတစ်ခုခုဖြစ်ရင် လင်းဟိုင်ရဲ့ ဝိညာဉ်လည်း တမလွန်မှာ အေးချမ်းမှာမဟုတ်ဘူး”
“ငါ့ကိုပြော... အပျက်အစီးနယ်မြေက ဘယ်မှာလဲ”
လင်းဖုန်း၏ အမူအရာက အလွန်ပြတ်သားနေသည်။
ဘေးမှ တာဝန်ခံက ဝင်ပြောလိုက်သည်။ “သူ သေချင်ရင်လည်း သေပါစေတော့။ ငါ မင်းကို ပြောပြမယ်။ ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးနယ်မြေက ငါတို့ ကန့်ကျောက်အခြေစိုက်စခန်းနဲ့ သိပ်မဝေးဘူး။ ဒီကနေဆိုရင် ကီလိုမီတာ ၂၀ လောက်ပဲ ရှိတယ်။ အဲဒီစက်ရုပ်တွေလာတဲ့ လမ်းကြောင်းအတိုင်း ပျံလိုက်သွားရင် အဲဒီရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးနယ်မြေကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရလိမ့်မယ်။ ဒီစက်ရုပ်တွေရဲ့ မြစ်ဖျားခံရာက အဲဒီရှေးဟောင်းအပျက်အစီးပဲ။ ဒါပေမဲ့ မင်းကို အရင်သတိပေးပါရစေဦး။ ဒီစက်ရုပ်တွေက မင်းရဲ့ လေသင်္ဘောကို အလွယ်လေး ပစ်ချနိုင်တယ်နော်...”
ကန့်ကျောက်အခြေစိုက်စခန်း၏ တာဝန်ခံ စကားပင် မဆုံးသေးမီ လင်းဖုန်း ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
“ဘာလို့လဲ... မင်း စိတ်ပြောင်းသွားပြီလား”
သူ့အမြင်တွင် လင်းဖုန်း ရှေ့ဆက်သွားပါက ယမမင်းထံ ရောက်ပေလိမ့်မည်။
“မင်းတို့ တကယ် ကံကောင်းတယ်... မင်းတို့ အသက်ရှင်နိုင်ပြီ”
“ဟမ်...”
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် လင်းဖုန်း သူ့ခြေထောက်ကို ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်သည်။
ဘုန်း
မြေငလျင်တစ်ခု လှုပ်ခတ်သွားသည့်အလား မြေကမ္ဘာတစ်ခွင် တုန်ဟည်းသွားသည်။ လူတိုင်း လင်းဖုန်းကို ထိတ်လန့်တကြား စိုက်ကြည့်လိုက်မိကြသည်။ သူတို့မျက်လုံးထဲတွင် လင်းဖုန်းက အရမ်းကြီး အရပ်မရှည်သော်လည်း ခြေကို ဆောင့်နင်းလိုက်သည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး တစ်ခဏအတွင်း အလျင်အမြန် ကြီးထွားလာသည်။
တစ်ဆက်တည်းမှာပင် လင်းဖုန်း ကန့်ကျောက်အခြေစိုက်စခန်းအတွင်းမှ အမြောက်ဆန်တစ်ခုအလား အပြင်သို့ ပျံထွက်သွားပြီး အခြေစိုက်စခန်းပြင်ပရှိ စက်ရုပ်များဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းသွားသည်။ သူသည်ကား ဧရာမငှက်ကြီးတစ်ကောင်အလား ထင်မှတ်ရ၏။ ကောင်းကင်ယံတွင် လင်းဖုန်း၏ ခန္ဓာကိုယ်က ဆက်လက်၍ အလျင်အမြန် ကြီးထွားနေဆဲပင်။
“ဒါ... ဒါက...”
“ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ အငွေ့အသက်လဲ။ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက်လား”
“ဒါက ဒုတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်းရဲ့ အငွေ့အသက်ပဲ။ သူက ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ နတ်ဘုရားနယ်ပယ် သိုင်းသမား ဖြစ်သွားတာလား”
“နှမြောစရာပဲ... နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက် ဖြစ်နေရင်တောင် စက်ရုပ်တွေရဲ့ ဝိုင်းရံမှုကို ခံရရင်တော့ သေရမှာပဲ”
လင်းဖုန်း ထုတ်လွှတ်လိုက်သော ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း အငွေ့အသက်ကို မြင်လိုက်ရသဖြင့် သူကား နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်ကြောင်း သက်သေပြနေ၏။ လူတိုင်း အံ့အားသင့်သွားကြသည်။
နတ်ဘုရားနယ်ပယ်မှ ပုဂ္ဂိုလ်တိုင်းက သေချာပေါက် ဒေသတစ်ခု၏ အရေးပါအရာရောက်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး ကိုယ်စားလှယ်တော်တစ်ဦး ဖြစ်လာရန်ပင် လုံလောက်ပေသည်။ လက်ရှိတွင် ကန့်ကျောက်အခြေစိုက်စခန်း၌ နတ်ဘုရားနယ်ပယ်သိုင်းသမား ကိုးဦးရှိနေသော်လည်း ဤသည်က အထူးအခြေအနေကြောင့်သာ ဖြစ်သည်။ ပုံမှန်အားဖြင့်မူ ကန့်ကျောက်အခြေစိုက်စခန်းတွင် နတ်ဘုရားနယ်ပယ်သိုင်းသမားတစ်ဦးမျှပင် ရှိနေမည်မဟုတ်ပေ။
ထို့အပြင် လင်းဖုန်းက အလွန်ငယ်ရွယ်နုပျိုလွန်းလှသည်။ အသက် ၂၁ နှစ်အရွယ် နတ်ဘုရားနယ်ပယ် သိုင်းသမားဟူသည် သူတို့အနေဖြင့် တစ်ကြိမ်တစ်ခါမျှ မကြားဖူးသေးသော အရာပင်။
ထို့ကြောင့် လူများစွာက အံ့သြတကြီးဖြစ်သွားကြသော်လည်း တစ်ပြိုင်နက်တည်းတွင် နှမြောတသလည်း ဖြစ်သွားကြသည်။ အကယ်၍ သူသာ ယခုလို စက်ရုပ်စစ်တပ်ထဲသို့ တိုးဝင်သွားပါက နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး မဆိုထားနှင့် နတ်ဘုရားနယ်ပယ်သိုင်းသမား ဆယ်ဦးရှိလျှင်ပင် မလွဲမသွေ သေဆုံးကြရပေလိမ့်မည်။
လင်းဖုန်း ကောင်းကင်ယံတွင် ပျံသန်းနေစဉ် သူ့ခန္ဓာကိုယ်က အဆက်မပြတ် အလျင်အမြန် ကြီးထွားလာသည်။
ဘုန်း
လင်းဖုန်း အောက်သို့ ဆင်းသက်လိုက်သည့် အချိန်တွင်မူ သူ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အပြည့်အဝထုတ်ဖော်ပြီးလေပြီ။ သူ လုံးဝ ထိန်းချန်ထားခြင်း မရှိပေ။ ၂၀၄ မီတာ မြင့်မားသည့် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကြီး ဆင်းသက်လာရာ ကောင်းကင်ယံတွင် တိမ်စိုင်တိမ်မည်းကြီးတစ်ခုအလား ထင်မှတ်ရပြီး တောင်တန်းကြီးတစ်ခုကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံးကိုပြင်းပြင်းထန်ထန် ဖိနှိပ်ဆင်းသက်လာသည်။
ဂျုန်း
လင်းဖုန်း မည်သည့် အပိုလှုပ်ရှားမှုကိုမျှ ပြုလုပ်ရန်ပင် မလိုပေ။ သူ ခြေထောက်ဖြင့် ခပ်ဖွဖွလေး ဆောင့်နင်းလိုက်ရုံမျှဖြင့် စက်ရုပ်ဒါဇင်ပေါင်းများစွာက ချက်ချင်း ချေမွခံလိုက်ရသည်။ ဤစက်ရုပ်များသည်သာ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားသည့် တိုက်ခိုက်ရေးစွမ်းရည် ရှိနိုင်သော်လည်း သူတို့၏ ခန္ဓာကိုယ်များကမူ များစွာ အားနည်းလှပေသည်။
သူတို့၏ သတ္တုခန္ဓာကိုယ်များသည် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ၏ ကြယ်တာရာစွမ်းအားနှင့် ယှဉ်လျှင် သိသိသာသာ နိမ့်ကျလှသည်။ လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က မည်မျှအထိ ကြောက်စရာကောင်းလိုက်သနည်း။ သူ နတ်ဘုရားနယ်ပယ် သိုင်းသမားများကို ခြေတစ်ဖက်တည်းဖြင့်ပင် နင်းခြေနိုင်စွမ်းရှိရာ သာမန်စက်ရုပ်ကလေးများကိုမူ ဆိုဖွယ်ရာမရှိတော့ပေ။
ထို့ကြောင့် လင်းဖုန်း လမ်းတစ်လျှောက်လုံးကို ဆောင့်နင်းကာ ဖျက်ဆီးသွားသည်။ သောင်းနှင့်ချီသော စက်ရုပ်များသည်ကား လင်းဖုန်းရှေ့မှောက်တွင် စက္ကူရုပ်များအလား ဖြစ်နေ၏။ သူ့တိုက်ခိုက်မှု တစ်ချက်ကိုပင် မခံနိုင်ကြပေ။
ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းလှသည့် တိုက်ခိုက်မှုပုံစံက ကန့်ကျောက်အခြေစိုက်စခန်းရှိ လူတိုင်းကို ဆွံ့အသွားစေသည်။ သူတို့အားလုံး နတ်ဘုရားနယ်ပယ်သိုင်းသမားများ တိုက်ခိုက်သည်ကို မြင်ဖူးကြသလို သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများ တိုက်ခိုက်သည်ကိုလည်း မြင်ဖူးကြသည်။ သို့သော် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးက နတ်ဘုရားနယ်မြေကို အသုံးပြုလျှင်ပင် ဤမျှအထိ ကြမ်းတမ်းနေဖို့က မဖြစ်နိုင်သည် မဟုတ်ပါလော။
လင်းဖုန်း၏ တိုက်ခိုက်ရေးပုံစံက သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးနှင့်မတူဘဲ ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးအိုကြီးတစ်ကောင်အလား... နတ်ဆိုးဘုရင်ထက်ပင် ပိုကြောက်စရာကောင်းသည့် နတ်ဆိုးဧကရာဇ်ကြီးတစ်ကောင်နှင့်ပင် ပိုတူနေသေးသည်။
လင်ဖုန်း လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ချေမွသွားသည်။ ကြယ်တာရာစွမ်းအားများကိုပင် အသုံးပြုရန် လုံးဝမလိုခဲ့ပေ။ ထိုစက်ရုပ်များ၏ လက်နက်များနှင့် ပတ်သက်၍မူ ယင်းတို့က အမှန်တကယ်ပင် အလွန် စွမ်းအားကြီးမားနိုင်ပေသည်။ ထိုလက်နက်များက အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ၏ ကြယ်တာရာစွမ်းအား အကာအကွယ်အလွှာကို ဖောက်ထွက်နိုင်သလို နတ်ဘုရားနယ်ပယ် သိုင်းသမားများကိုပင် ခြိမ်းခြောက်နိုင်သည်။
အထူးသဖြင့် အရေအတွက် များပြားလှသောအခါ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများပင်လျှင် အသာစီးရရန် မလွယ်လှပေ။ သို့သော် ဤစက်ရုပ်များ၏ လက်နက်များက လင်းဖုန်းကို ထိမှန်သည့်အခါတွင်မူ သူ့အရေပြားကိုပင် ခြစ်ရာထင်စေနိုင်ခြင်း မရှိခဲ့ပေ။ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်သည်ကား ခံစစ်ပိုင်းတွင် အလွန်တရာအစွမ်းထက်လှ၏။ လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ် ရှေ့မှောက်တွင် အရေအတွက် များပြားခြင်းက မည်သည့်အသာစီးရမှုကိုမျှ မပေးစွမ်းနိုင်ပေ။
လင်းဖုန်း လမ်းတစ်လျှောက်လုံးရှိ အရာအားလုံးကို ဖျက်စီးချေမှုန်းသွားသည်ကို မြင်လိုက်ရသဖြင့် ကန့်ကျောက်အခြေစိုက်စခန်းရှိ လူများအားလုံး စိတ်ဓာတ်များ ပြန်လည်တက်ကြွလာကြသည်။ ထိုအချိန်ကျမှသာ လင်းဖုန်း စောစောက ပြောခဲ့သော သူတို့ အသက်ရှင်နိုင်ပြီဟူသည့် စကားကို ပြန်လည်သတိရလိုက်မိကြသည်။ သူက ကြွားဝါနေခဲ့ခြင်း မဟုတ်ပေ။ အမှန်တရားကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်းသာ ဖြစ်ပေသည်။
“နှင်းခဲဘုရင် လာရင်တောင် ဒီလိုလုပ်နိုင်လိမ့်မှာ မဟုတ်ဘူး။ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ”
“လင်းဖုန်းက သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက် ဖြစ်နေတာများလား”
“ဒါပေမဲ့ လင်းဖုန်းရဲ့ ခန္ဓာကိုယ်မှာ တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းရဲ့ အငွေ့အသက်မျိုး မရှိဘူး။ ပြီးတော့ ကြယ်တာရာစွမ်းအားရဲ့ လှုပ်ခတ်မှုလှိုင်းလည်း ရှိမနေဘူးနော်”
လင်းဖုန်း လူအများရှေ့တွင် သူ့စွမ်းအားကို ဖုံးကွယ်ထားရန် စိတ်မဝင်စားတော့သည်က အချိန်အတော်ကြာကတည်းကပင်။ ယခုလက်ရှိတွင် သူ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို တတ်မြောက်ထားပြီးဖြစ်ရာ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများက သူ့ပြိုင်ဘက် လုံးဝမဟုတ်တော့ပေ။
ဖြစ်နိုင်သည်က သူတော်စင်များသာ သူ့ကို အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်မှု ပေးစွမ်းနိုင်လိမ့်မည်။ သို့သော်လည်း လူသားမျိုးနွယ်တစ်ခုလုံးတွင် သူတော်စင် မည်မျှရှိသနည်း။ ကိုးဦးတည်းသာ ရှိသည် မဟုတ်ပါလော။
လက်ရှိ လင်းဖုန်းကို သူတော်စင်များအောက်တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်အဖြစ်ပင် သတ်မှတ်နိုင်ပေသည်။ သူ အဘယ်ကြောင့် ထိန်းချန်ထားရန် လိုပါဦးမည်နည်း။ ထို့အပြင် လင်းဖုန်း သူ့အစ်ကိုလင်းဟိုင်၏ ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်ကာ လက်စားချေလိုစိတ် ပြင်းထန်နေသည်။ ဤစက်ရုပ်များနှင့် ထိုရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးနယ်မြေက သူ့အစ်ကိုလတ် သေဆုံးမှု၏ နောက်ကွယ်မှ အဓိကတရားခံ ဖြစ်ပုံရသည်။ လင်းဖုန်းက သဘာဝကျကျပင် သူတို့ကို အလွတ်ပေးမည်မဟုတ်ပေ။ အပြတ်အသတ် ချေမှုန်းပစ်ရမည်သာဖြစ်သည်။