← Chapters

အခန်း ၂၆၄

Vol. 23 Ch. 264

အခန်း ၂၆၄

Vol. 23 Ch. 264

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၆၄) - တတိယမြောက်ယဉ်ကျေးမှု

ဘာသာပြန် - အားသစ်

၂၀၄ မီတာ မြင့်မားသည့် ဧရာမခန္ဓာကိုယ်ကြီးက အမှန်တကယ်ပင် အလွန်တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။ လင်းဖုန်းတစ်ယောက် ဘီလူးကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားသည့်အလား ထင်မှတ်ရသည်။ သူ့ပတ်ဝန်းကျင်တွင် စက်ရုပ်များ ပိတ်ပိတ်ပိန်းအောင် ဝိုင်းရံထားသော်လည်း သူကမူ မည်သို့မျှ သက်ရောက်မှု မရှိခဲ့ပေ။

သို့သော်လည်း နောက်မှ အဆုံးမရှိ ထွက်ပေါ်လာနေသော စက်ရုပ်အုပ်ကြီးက အမှန်တကယ်ပင် ပြဿနာတစ်ခု ဖြစ်နေသည်။ ယင်းတို့က ကန့်သတ်ချက်မရှိ အဆုံးမဲ့ ရေစီးကြောင်းတစ်ခုအလား သူ့ထံသို့ စဉ်ဆက်မပြတ် တိုးဝှေ့လာနေကြသည်။ လင်းဖုန်းအနေဖြင့် ထိုစက်ရုပ်များက သူ့အား အသက်အန္တရာယ်ဖြစ်စေမည့် ခြိမ်းခြောက်မှုမျိုး မပေးနိုင်ဟု ယုံကြည်သော်လည်း သူ၏ရှေ့ဆက်ခရီးကိုမူ နှောင့်နှေးစေနိုင်ပေသည်။

ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က အမှန်တကယ်ပင် အလွန်အစွမ်းထက်လှသည်။ ယင်းက အနှိုင်းမဲ့ပြီး လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း ပြင်းထန်လှကာ တစ်လမ်းလုံးရှိ အရာအားလုံးကို မှုန့်မှုန့်ညက်ညက်ကြေအောင် ချေမွဖျက်စီးသွားသည်။ သို့သော်လည်း အလွန်တရာ သိပ်သည်းထူထပ်ကာ အရေအတွက် များပြားလှသော စက်ရုပ်များနှင့် ရင်ဆိုင်ရာတွင် စက်ရုပ်များကို ဖျက်ဆီးသည့်အရှိန်က အနည်းငယ်နှေးကွေးပြီး ထိရောက်မှု နည်းနေ၏။

လင်းဖုန်း သူ့လက်ကို ရိုးရိုးရှင်းရှင်း ဆန့်ထုတ်လိုက်သည်။ စိတ်ကူးတစ်ချက်ဖြင့် သူ့လက်ဖဝါးနှစ်ဖက်လုံးရှိ ဆဲလ်များက အလျင်အမြန် ပြန်လည်ဖွဲ့စည်းသွားသည်။ ထို့နောက် သူ့လက်ဖဝါးများက မီတာ ၁၀၀ အရွယ်အစားအထိ အလျင်အမြန် ကြီးထွားပြန့်ကားလာတော့သည်။ တစ်ဆက်တည်းဖြစ်နေသော လက်ဖဝါးနှစ်ဖက်သည်ကား ကောင်းကင်ယံမှပြိုကျလာတော့မည့် တိမ်မည်းကြီးတစ်ခုအလား ထင်မှတ်ရသည်။

ဘုန်း

လင်းဖုန်း လက်ဖဝါးနှစ်ဖက်ကို အလျင်အမြန် ရိုက်ချလိုက်သည်။ ရိုက်ချက်တစ်ခုစီက မီတာ ၂၀၀ ပတ်လည် ဧရိယာကို လွှမ်းခြုံသွားသည်။ ယင်ကောင်များကို ရိုက်သတ်နေသည့်အလား မရေမတွက်နိုင်သော စက်ရုပ်များစွာမှာ ထိုရိုက်ချက်ကြောင့် မှုန့်မှုန့်ညက်ညက်ကြေသွားရသည်။

လင်းဖုန်းသည်ကား ပုရွက်ဆိတ်များအား နင်းချေသုတ်သင်နေသည့် ဆင်တစ်ကောင်အလား ဖြစ်နေသည်။ စဉ်ဆက်မပြတ် ရုန်းကန်လှုပ်ရှားကာ အရူးအမူး တိုက်ခိုက်နေစေကာမူ ပုရွက်ဆိတ်အရေအတွက် မည်မျှပင် များပြားပါစေ အားလုံး နင်းသတ်ခြင်းကိုသာ ခံကြရပေလိမ့်မည်။

လင်းဖုန်း ရှေ့သို့ ဆက်တိုးလာသည်နှင့်အမျှ စက်ရုပ်များ၏ အရေအတွက်အသာစီးရမှုက လုံးဝနီးပါးပျောက်ကွယ်သွားသည်။ ကန့်ကျောက်အခြေစိုက်စခန်းမှ သိုင်းသမားများအားလုံး စိတ်လှုပ်ရှားနေကြသလို အနည်းငယ်လည်း စိတ်မကောင်းဖြစ်နေကြသည်။ ဤသည်က ကြီးမားလှသည့် စစ်ရေးစစ်ရာ စွမ်းဆောင်မှုကောင်းတစ်ခုပင် မဟုတ်ပါလော။

ဤသည်က အလွန်ကောင်းမွန်လှသော အခွင့်အရေးတစ်ခုပင်။ အကယ်၍ သူတို့သာ လင်းဖုန်း၏ ဦးဆောင်မှုအောက်တွင် ဤစက်ရုပ်များကို အနိုင်တိုက်ပြီး ခံစစ်ကြောင်းကို ထိန်းသိမ်းထားနိုင်ပါက မည်မျှအထိ ကြီးမားသော စွမ်းဆောင်မှု ရရှိပါမည်နည်း။ အခြေစိုက်စခန်းရှိ သိုင်းသမားတိုင်း ရက်ရောလှသော ဆုလာဘ်များကို သေချာပေါက် ရရှိကြပေလိမ့်မည်။

“ငါတော့ သဘောတူတယ်။ ငါတို့ အခုချက်ချင်း တိုက်ခိုက်သင့်တယ်”

“ဒါက တစ်သက်မှာ တစ်ခါပဲရနိုင်တဲ့ အခွင့်အရေးပဲ။ ဒီစက်ရုပ်တွေကို အနိုင်တိုက်ဖို့ ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးတောင်ဖြစ်နိုင်တယ်”

“မှန်တယ်။ လင်းဖုန်း ရှိနေရင် ငါတို့ အဲဒီရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးနယ်မြေအထိ တစ်လမ်းလုံး အကျအဆုံးမရှိ ရှေ့ဆက်သွားနိုင်လောက်တယ်”

“ဖြစ်နိုင်တာက လင်းဖုန်း အဲဒီအပျက်အစီးနယ်မြေထဲက ခံစစ်လက်နက်တွေကိုတောင် ရှင်းပစ်နိုင်လိမ့်မယ် ထင်တယ်။ အဲဒီအခါကျရင် ငါတို့ အပျက်အစီးနယ်မြေထဲကို ဝင်ပြီးတော့ အထဲကခံစစ်ယန္တရားကို ပိတ်ပစ်လို့ရတယ်”

ကန့်ကျောက်အခြေစိုက်စခန်းက သိုင်းသမားများအားလုံး ယခုလက်ရှိအချိန်တွင် လင်းဖုန်းကြောင့် တိုက်ခိုက်လိုစိတ်များ နိုးကြားလာကြသည်။ သူတို့က အန္တရာယ်ကို အမှန်တကယ် မကြောက်ရွံ့ကြခြင်းကြောင့် မဟုတ်ပေ။ လင်းဖုန်း၏ သန်မာလှသော စွမ်းဆောင်ရည်က သူတို့ကို လုံခြုံမှုခံစားချက် ပေးစွမ်းနိုင်သောကြောင့်ပင်။

လင်းဖုန်း၏ နောက်တွင်မူ သူတို့အနေဖြင့် ကွဲကြေနေသည့် စက်ရုပ်အနည်းငယ်ကိုသာ ရင်ဆိုင်ရမည် ဖြစ်သည်။ မည်သည့်အန္တရာယ် ရှိနိုင်ပါဦးမည်နည်း။

ထို့ကြောင့် ကန့်ကျောက်အခြေစိုက်စခန်းမှ သိုင်းသမားများအားလုံး အချိန်အကြာကြီး မဆွေးနွေးခဲ့ကြပေ။ သူတို့ အလျင်အမြန် ဆုံးဖြတ်ချက် ချလိုက်ကြသည်။ အခြေစိုက်စခန်းမှ နတ်ဘုရားနယ်ပယ်သိုင်းသမားကိုးဦးနှင့် အသွင်ပြောင်းနယ်ပယ်သိုင်းသမား ၁၈၆ ဦးတို့က အခြေစိုက်စခန်းမှ တစ်ပြိုင်နက်တည်း ထွက်လာခဲ့ကြတော့သည်။

လင်းဖုန်း လမ်းတစ်လျှောက်လုံးကို အဆက်မပြတ် ချေမှုန်းကာ ရှေ့ဆက်နေသည်။ စက်ရုပ်အရေအတွက် မည်မျှပင် များပြားပါစေ လင်းဖုန်းအတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေခဲ့ပေ။ ထို့အစား သူ စက်ရုပ်သောင်းပေါင်းများစွာကို အနိုင်ယူချေမှုန်းပစ်ခဲ့သည်။

များမကြာမီ လင်းဖုန်း အပျက်အစီးတစ်ခု၏ အဝင်ဝမှ သိပ်သည်းစွာ ထွက်လာနေသော စက်ရုပ်များကို မြင်လိုက်ရသည်။ ဤစက်ရုပ်များက အင်အားကြီးစစ်တပ်တစ်ခုအလား ဖြစ်နေပြီး အဆုံးမရှိ တဟုန်ထိုး ထွက်ပေါ်လာနေကြသည်။

ဤစက်ရုပ်များက မည်မျှအထိ ရှိနေသနည်း။ တစ်သိန်းလော… တစ်သန်းလော…။ သို့တည်းမဟုတ် ထို့ထက်မက ပိုများပါသလော။

လင်းဖုန်းသာမက စစ်တပ်ကလည်း မသိပေ။ သို့သော်လည်း လက်ရှိ နားလည်ထားမှုအရ ဤအပျက်အစီးနယ်မြေသည်ကား စစ်အခြေစိုက်စခန်းတစ်ခု ဖြစ်ပုံရ၏။ ဤနယ်မြေထဲတွင် တိုက်ပွဲဝင်ရန်နှင့် သတ်ဖြတ်ရန်အတွက် အထူးဖန်တီးထားသော ကြောက်မက်ဖွယ်ရာ စစ်သုံးစက်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။

“ဒါက သတ္တမမြောက် ယဉ်ကျေးမှုရဲ့ ထုတ်ကုန် မဟုတ်ဘူး”

လင်းဖုန်း သူ့ဘာသာ ကောက်ချက်တချို့ ချလိုက်သည်။ သတ္တမမြောက် ယဉ်ကျေးမှု၏ ထူးခြားချက်မှာ ဇီဝပြုပြင်သားရဲများနှင့် နည်းပညာတို့ ဒွန်တွဲတည်ရှိနေခြင်း ဖြစ်ပြီး သန့်စင်သည့် နည်းပညာယဉ်ကျေးမှုတစ်ခု မဟုတ်ပေ။

ဤစက်ရုပ်များကို အမျိုးအမည် မသိရသေးသော သတ္တုစပ်တစ်မျိုးဖြင့် ပြုလုပ်ထားပြီး မည်သည့် ဇီဝပြုပြင်သားရဲများ၏ အရိပ်အယောင်မျှ မရှိပေ။ သဘာဝကျကျပင် ယင်းတို့သည်ကား သတ္တမမြောက် ယဉ်ကျေးမှု၏ ထုတ်ကုန်များ မဟုတ်ကြပေ။

“ငါ အထင်မမှားရင် ဒါက တတိယမြောက် ယဉ်ကျေးမှုရဲ့ ထုတ်ကုန်တွေပဲ။ လင်းဖုန်း... မင်းတော့ ဒုက္ခရောက်တော့မယ်”

ရုတ်တရက် လင်းဖုန်း၏ စိတ်ထဲတွင် လောင်းဘီသမ်၏ အသံ ထွက်ပေါ်လာသည်။ ထို့အပြင် လောင်းဘီသမ်၏လေသံ ဤမျှအထိ လေးနက်တည်ကြည်နေသည်မှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်သည်။ ဇီဝပြုပြင်သားရဲများနှင့် ကြုံခဲ့ရချိန်ကပင် ဤမျှထိမဟုတ်ပေ။

“တတိယမြောက်ယဉ်ကျေးမှု ဖြစ်တော့ရော ဘာဖြစ်လဲ။ ဒီစက်ရုပ်တွေသက်သက်က ငါ့ကို ခြိမ်းခြောက်မှု ပေးနိုင်မှာမို့လို့လား”

လင်းဖုန်း၏ လေသံက တည်ငြိမ်အေးစက်နေသည်။ သူ အဝေးမှ အပျက်အစီးနယ်မြေကို စိုက်ကြည့်လိုက်သည်။ သူ့အစ်ကိုလင်းဟိုင် အထဲတွင် ရှိနေကြောင်း သူ သိသည်။ ယခုအချိန်တွင် သူ့အစ်ကိုလင်းဟိုင်တစ်ယောက် ရုပ်အလောင်းတစ်ခု သို့မဟုတ် အရိုးစုတစ်ခုသာ ကျန်ရှိတော့မည် ဖြစ်နိုင်သော်လည်း မည်သို့ပင်ဆိုစေ သူ့အစ်ကိုလင်းဟိုင်ကို အိမ်သို့ ပြန်လည်သယ်ဆောင်သွားရမည်သာ ဖြစ်သည်။

“တတိယမြောက် ယဉ်ကျေးမှုက အရမ်းထူးဆန်းတဲ့ ယဉ်ကျေးမှုတစ်ခုပဲ။ အဲဒီဟာက ပထမနဲ့ ဒုတိယ ယဉ်ကျေးမှုတွေပြီးတော့ သန့်စင်တဲ့ နည်းပညာယဉ်ကျေးမှုတစ်ခု ဖြစ်ခဲ့တာပေါ့။ သူတို့ရဲ့ ယဉ်ကျေးမှုက သူ့ဘာသာသူဆိုရင် တကယ်တော့ သိပ်ပြီး စွမ်းအားမကြီးလှဘူး။ ဒါပေမဲ့ သူတို့က တစ်နည်းနည်းနဲ့ ဒုတိယယဉ်ကျေးမှုနဲ့ ပထမယဉ်ကျေးမှုရဲ့ ထုတ်ကုန်တချို့ကို တူးဖော်တွေ့ရှိခဲ့ကြတယ်။ ငါ အရင်က တတိယယဉ်ကျေးမှုရဲ့ လက်နက်တွေနဲ့ လုံးဝကွဲပြားတဲ့ လက်နက်တစ်ခုကို ကြုံဖူးတယ်။ အဲဒီလက်နက်က တကယ့်ကို ကြောက်စရာပဲ။ အဲဒါက စတုတ္ထအကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုထားတဲ့ သန်မာတဲ့ သက်ရှိတွေကိုတောင် ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ ငါထင်တယ်”

လောင်းဘီသမ်၏ လေသံက လေးနက်လွန်းလှသည်။

“စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ဟုတ်လား... အဲဒီချိန်တုန်းက အပျက်အစီးထဲက ခံစစ်လက်နက်က သူတော်စင်တွေကိုတောင် ခြိမ်းခြောက်နိုင်ခဲ့တာပဲ။ ဒါပေမဲ့ ငါ့ရဲ့ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်အတွက် ဘာခြိမ်းခြောက်မှုမှ မဖြစ်စေဘူးလား”

လင်းဖုန်းသည် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ်ပြုလုပ်ထားသော သူတော်စင်များကို ယခင်ကကဲ့သို့ များစွာအလေးအမြတ်ပြု ရိုသေကိုင်းရှိုင်းခြင်း မရှိတော့ပေ။ သူ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံထားပြီးဖြစ်ရာ ယခုလက်ရှိ သူတော်စင်များအောက် အစွမ်းအထက်ဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်နိုင်သည်။ သူ့အမြင်တွင်မူ စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ဖြတ်ကျော်ထားသော သူတော်စင်များက သိပ်ပြီးလည်း ထူးခြားမှုမရှိလှပေ။ ဖြစ်နိုင်သည်မှာ သူတို့က လက်ရှိသူ့ထက် ပိုသန်မာနိုင်သော်လည်း များစွာ ကွာခြားလိမ့်မည် မဟုတ်ပေ။

“ငါက မင်းတို့ ယဉ်ကျေးမှုထဲက အသက်ဝိညာဉ် လေးကြိမ် အသွင်ပြောင်းထားတဲ့ သူတော်စင်တွေကို ပြောတာ မဟုတ်ဘူး။ စကြဝဠာစနစ်အောက်က အသက်ဝိညာဉ် လေးကြိမ် အသွင်ပြောင်းထားတဲ့ သက်ရှိတွေကို ပြောတာ”

“စကြဝဠာစနစ်အောက်က အသက်ဝိညာဉ် လေးကြိမ် အသွင်ပြောင်းထားတဲ့ ကျွမ်းကျင်သူတွေကိုတောင် ခြိမ်းခြောက်နိုင်တဲ့အရာ ဟုတ်လား...”

လင်းဖုန်း ရှင်းရှင်းလင်းလင်း နားလည်သွားသည်။ စကြဝဠာစနစ်တွင် စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းဟူသည် တစ်စုံတစ်ဦးက တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံထားပြီးဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ လင်းဖုန်းသည်ကား ယခုအခါမှ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု နှစ်ကြိမ်သာ ပြုလုပ်ရသေးသည်။ လက်ရှိတွင်ပင် သူ၏တိုက်ပွဲဝင်ခန္ဓာကိုယ်က ဤမျှအထိ သန်မာနေပြီဖြစ်ရာ စတုတ္ထအကြိမ် အသွင်ပြောင်းလဲမှုပြုပြီးနောက်တွင် မည်မျှအထိ သန်မာနိုင်လိမ့်မည်နည်း။

တွေးကြည့်ရုံမျှဖြင့်ပင် ကြောက်စရာကောင်းလှသည်။ တတိယမြောက် ယဉ်ကျေးမှုသည် စကြဝဠာ ကျင့်ကြံခြင်းစနစ်အောက်ရှိ အသက်ဝိညာဉ်အသွင်ပြောင်းလဲမှု လေးကြိမ်ပြုထားသော သက်ရှိများကိုပင် အမှန်တကယ် ခြိမ်းခြောက်နိုင်စွမ်း ရှိပေ၏။ လောင်းဘီသမ် စိုးရိမ်နေခြင်းက မဆန်းတော့ပေ။

“အေး…ဟုတ်တယ်... စကြဝဠာကျင့်ကြံခြင်းစနစ်အောက်က စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုထားတဲ့ သက်ရှိတွေပဲ။ တကယ်လို့ မင်းလိုလူမျိုးက တတိယယဉ်ကျေးမှုရဲ့ အဲဒီကြောက်စရာကောင်းတဲ့ လက်နက်တွေကို ရင်ဆိုင်ရရင် မင်းရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်က လုံးဝတောင့်ခံနိုင်မှာ မဟုတ်ဘူး။ ဥပမာအနေနဲ့ ပြောရရင် တတိယယဉ်ကျေးမှုမှာ ပထမယဉ်ကျေးမှုကနေ ဆင်းသက်လာခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တချို့ကို အခြေခံပြီး တီထွင်ထားတဲ့ ဇီဝိန်ချုပ်အမြောက်ဆိုတဲ့ လက်နက်တစ်မျိုး ရှိတယ်ဆိုတာ ငါသိထားတယ်”

“အဲဒီဇီဝိန်ချုပ်အမြောက်က မင်းကို ထိမှန်သွားတာနဲ့ မင်း အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို လေးကြိမ်အထိ ဖြတ်ကျော်ထားရင်တောင် မင်းရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်က တစ်ခဏအတွင်း ပြိုလဲသွားပြီး မင်း ထာဝရပျက်သုဉ်းခြင်းကို ခံစားရလိမ့်မယ်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ်ပြုထားပြီးတော့ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံထားတဲ့ ကျွမ်းကျင်သူတစ်ယောက်ကို သတ်ဖို့ သုံးချက်ပဲ ပစ်ရုံနဲ့တင် လုံလောက်လိမ့်မယ်”

လင်းဖုန်း၏ အမူအရာက တဖြည်းဖြည်း လေးနက်တည်ကြည်သွားသည်။

သူ စောစောက ဤစက်ရုပ်များကို မဆင်မခြင်နှင့် အထင်သေးနေခဲ့သော်လည်း ဤစက်ရုပ်များက လင်းဖုန်းအတွက် အမှန်တကယ်ပင် ခြိမ်းခြောက်မှု မရှိသောကြောင့်သာဖြစ်သည်။ အကယ်၍ ဤအပျက်အစီးနယ်မြေထဲတွင် လောင်းဘီသမ် ပြောသလို ကြောက်မက်ဖွယ်ရာ လက်နက်တစ်ခု အမှန်တကယ်ရှိနေပါက ကိစ္စရပ်များက သူထင်းထားသလို လွယ်ကူရိုးရှင်းလိမ့်မည် မဟုတ်တော့ပေ။

စကြဝဠာကျင့်ကြံခြင်းစနစ်အောက်တွင်မူ စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုထားသူက အဆင့်နိမ့်သက်ရှိများအကြား ထူးချွန်ထက်မြက်သူအဖြစ် သတ်မှတ်နိုင်သည်။ မည်သို့ပင်ဆိုစေ ထိုသူတို့က နောက်ထပ် အသက်ဝိညာဉ် နှစ်ကြိမ် ထပ်မံအသွင်ပြောင်းလဲမှုပြုရုံမျှဖြင့် ကြီးမြတ်လှသည့် ဂြိုဟ်အဆင့် သက်ရှိများ ဖြစ်လာနိုင်သည် မဟုတ်ပါလော။

အသက်ဝိညာဉ် လေးကြိမ် အသွင်ပြောင်းလဲထားပြီး တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံထားသော သန်မာအားကောင်းသည့် သက်ရှိများကို ခြိမ်းခြောက်နိုင်သည့် အရာမျိုး ဤကမ္ဘာပေါ်တွင် ရှိနေလိမ့်မည်ဟု လင်းဖုန်း စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။

လောင်းဘီသမ် ပြောခဲ့တဲ့ ပထမနှင့် ဒုတိယမြောက် ယဉ်ကျေးမှုတွေက အဲ့ဒါများ ဖြစ်နေမလား။

All Chapters