← Chapters

အခန်း ၂၆၅

Vol. 23 Ch. 265

အခန်း ၂၆၅

Vol. 23 Ch. 265

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၆၅) - ဖျက်ဆီးခြင်းအလင်းတန်း

ဘာသာပြန် - အားသစ်

“လောင်းဘီသမ်... မင်း ခဏခဏ ပြောနေတဲ့ ပထမဆုံး ယဉ်ကျေးမှုဆိုတာ ဘာလဲ”

လင်းဖုန်း ဤပထမဆုံး ယဉ်ကျေးမှုက လောင်းဘီသမ်ကို အလွန်သတိထားနေရစေသည်ဟု မရေမရာခံစားချက်တစ်ခု ရနေသည်။

လောင်းဘီသမ်က ခဏမျှ တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် သူက ခပ်တိူးတိုး ပြောလိုက်သည်။

“ပထမဆုံး ယဉ်ကျေးမှုဆိုတာ ဘယ်လိုယဉ်ကျေးမှုမျိုးလဲဆိုတာ ငါမသိဘူး။ ဘာလို့လဲဆိုတော့ ငါ မင်းတို့ ကမ္ဘာကို ရောက်လာတဲ့ အချိန်တုန်းက ဒုတိယမြောက် ယဉ်ကျေးမှုရဲ့ နောက်ဆုံးအချိန် ဖြစ်နေပြီလေ။ ပထမယဉ်ကျေးမှုရဲ့ သမိုင်းကြောင်းက အရမ်းကို ကြာမြင့်နေပြီဖြစ်သလို ပထမနဲ့ ဒုတိယ ယဉ်ကျေးမှုကြားမှာ ကွက်လပ်တစ်ခု ရှိနေပုံရတယ်”

“ဒါပေမဲ့ ပထမယဉ်ကျေးမှုက ချန်ရစ်ခဲ့တဲ့ အရာတချို့က တော်တော်လေးကို ကြောက်စရာကောင်းတယ်။ ဒုတိယနဲ့ တတိယ ယဉ်ကျေးမှုတွေက အဲဒါတွေကို ရသွားပြီးတဲ့နောက်မှာ သူတို့ပိုင်ဆိုင်သွားတဲ့ စွမ်းအားက မင်းရဲ့ စိတ်ကူးနိုင်စွမ်းထက်တောင် ကျော်လွန်နေတယ်။ အတိုချုပ်ပြောရရင် မင်းက ပထမယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့အရာတစ်ခုခုကို ကြုံတွေ့ရရင် အတတ်နိုင်ဆုံးရှောင်ရှားဖို့ ကြိုးစားပါ။ မင်းရဲ့ လက်ရှိ တိုက်ပွဲဝင်ခန္ဓာကိုယ်နဲ့ဆိုရင် ပထမယဉ်ကျေးမှုက ချန်ရစ်ခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ခုခံနိုင်စွမ်းမရှိသေးဘူး”

လင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ လောင်းဘီသမ်က ပထမယဉ်ကျေးမှုကို ဤမျှအထိ အလေးအနက်ထားနေသော်လည်း သူ ပထမယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် မည်သည့်အရာကိုမျှ တစ်ခါမှ မကြုံဖူးသေးပေ။ ထို့အပြင် သူ့ရှေ့ရှိ အပျက်အစီးနယ်မြေက တတိယမြောက်ယဉ်ကျေးမှုမှသာ ဖြစ်သည်။

တတိယမြောက်ယဉ်ကျေးမှုသည် ပထမယဉ်ကျေးမှုမှ ချန်ရစ်ခဲ့သော အရာတချို့ကို ရရှိခဲ့သည်ဆိုသော်လည်း ထိုအရာများက အလွန်နည်းပါးလှသည်။ ဤအပျက်အစီးနယ်မြေထဲတွင်လည်း မရှိနိုင်လောက်ပေ။

“ငါ အပျက်အစီးနယ်မြေထဲကို ဝင်ရမယ်”

ထိုအတွေးနှင့်အတူ လင်းဖုန်း ရုတ်တရက် ရှေ့သို့ ခြေလှမ်းကာ အရူးအမူး ပြေးလွှားသွားတော့သည်။

ဝုန်း

လင်းဖုန်းသည် အပျက်အစီးနယ်မြေဆီသို့ ဦးတည်ပြေးထွက်သွားစဉ် သတ်မှတ်ထားသော နယ်ပယ်တစ်ခုအတွင်းသို့ ဝင်ရောက်သွားပုံရသည်။ ထို့နောက် မိုးခြိမ်းသံအလား အသံကြီးတစ်ခု ထွက်ပေါ်လာပြီး ခပ်မှိန်မှိန် လျှပ်စီးကြောင်းတစ်ခု လက်ဖြာလာသည်။

ထို့နောက် တုနှိုင်းမဲ့ ထူထဲလှသော လျှပ်စီးကြောင်းတစ်ခုက လင်းဖုန်းထံသို့ အသံကျယ်ကြီးနှင့်အတူ ပစ်ခတ်လာတော့သည်။ ထိုလျှပ်စီးကြောင်းတွင် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးပင်လျှင် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းမရှိသည့် ကြောက်မက်ဖွယ်စွမ်းအားတစ်ခု ပါဝင်နေသည်။

ပျက်စီးခြင်းစွမ်းအားများ ပါဝင်နေသည့် ထိုလျှပ်စီးတန်းက အလွန်ပင် ကြောက်စရာကောင်းလှသည်။ ထို့ကြောင့် ယင်းကို စစ်တပ်မှ သိုင်းသမားများက ဖျက်ဆီးခြင်းအလင်းတန်းဟု ခေါ်ဝေါ်သမုတ်ကြသည်။

ဖျက်ဆီးခြင်းအလင်းတန်းဟူသည် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများပင် ဆုတ်ခွာရမည့်အရာဖြစ်၏။ ယခင်က စစ်တပ်မှ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများပင် အလျင်စလို ဝင်ရောက်သွားခဲ့ရာမှ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြသည်။ စက်ရုပ်များက များပြားလှသော်လည်း စစ်တပ်အဖွဲ့က အကြိမ်အနည်းငယ်မျှ ဖောက်ထွက်ရန် စီစဉ်ခဲ့ဖူးသည်။ သူတို့ အပျက်အစီးနယ်မြေထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားသောအခါ ဖျက်ဆီးခြင်းအလင်းတန်း၏ တွန်းလှန်တိုက်ခိုက်မှုကို ခံခဲ့ကြရသည်။

ထို့ကြောင့် ကောင်းကင်ယံတွင် ဖျက်ဆီးခြင်းအလင်းတန်းတစ်ခု ရုတ်တရက် လက်လာသည်ကို မြင်လိုက်ရသောအခါ လူတိုင်း စိုးရိမ်တကြီး ဖြစ်သွားကြသည်။

“တောင့်ခံထား... တောင့်ခံထား”

“ဖျက်ဆီးခြင်းအလင်းတန်း ထပ်လာပြန်ပြီ။ ဖျက်ဆီးခြင်းအလင်းတန်းကြောင့် အစွမ်းထက် သိုင်းသမား ဘယ်လောက်တောင် သေဆုံးခဲ့ရလဲဆိုတာ မသိနိုင်တော့ဘူး”

“သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက်တောင် ဖျက်ဆီးခြင်းအလင်းတန်းကို ခုခံဖို့ ခက်လိမ့်မယ်။ လင်းဖုန်း ဒါကို တောင့်ခံနိုင်ပါ့မလား”

“တကယ်လို့ လင်းဖုန်းသာ ဖျက်ဆီးခြင်းအလင်းတန်းကို မခုခံနိုင်ဘူးဆိုရင် အပျက်အစီးထဲကို ဝင်ဖို့က စဉ်းစားမနေနဲ့တော့”

လင်းဖုန်းနောက်သို့ အဝေးမှ လိုက်ပါလာကြသော ကန့်ကျောက်အခြေစိုက်စခန်းမှ သိုင်းသမားများအားလုံး လေဟာနယ်ထဲရှိ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းအလင်းတန်းကို လေးနက်သော အမူအရာများဖြင့် စိုက်ကြည့်နေကြသည်။

ဘုန်း

ဖျက်ဆီးခြင်းအလင်းတန်းက လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသည်။ ဤသည်မှာ လင်းဖုန်း သူ၏ မီတာ ၂၀၀ မြင့်မားသော ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ဖြင့် တတိယမြောက် ယဉ်ကျေးမှု၏ နည်းပညာစွမ်းအားကို ပထမဆုံးအကြိမ် ခုခံခြင်းလည်း ဖြစ်သည်။

ဖျက်ဆီးခြင်းအလင်းတန်းတွင် မသိနိုင်သော ကြောက်မက်ဖွယ်စွမ်းအားပမာဏတစ်ခု ပါဝင်နေသည်။ ဤစွမ်းအားက အလွန်ဖျက်ဆီးနိုင်စွမ်းရှိပြီး လင်းဖုန်းပင် ထနုစွမ်းအားကို ဝါးမျိုစုပ်ယူနိုင်ခြင်း မရှိခဲ့ပေ။

ဖျက်စီးတယ်… ကွဲပွားတယ်… ပြီးတော့ ထပ်ဖျက်စီးတယ်။

ဤသည်က ဖျက်ဆီးခြင်းအလင်းတန်းပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က သူ၏ဆဲလ် အနည်းဆုံး တစ်ရာခိုင်နှုန်းကို ဆုံးရှုံးသွားခဲ့သည်။ တစ်ရာခိုင်နှုန်းအထိ… လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အောင်အောင်မြင်မြင် ကျင့်ကြံပြီးစဥ်ကတည်းက ဤမျှအထိ ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။

သို့သော် ဤတစ်ကြိမ်တွင်မူ လင်းဖုန်း အမှန်တကယ်ပင် ဒဏ်ရာရရှိသွားခဲ့ပြီး အတော်လေး ပြင်းထန်လှသည်။ သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်မှာ ခုခံမှုတွင်သာမက ပြန်လည်ကုသနိုင်စွမ်းတွင်လည်း အလွန်အစွမ်းထက်လှသည်။ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဒဏ်ရာရစေရန်က အလွန်ခက်ခဲလှပေသည်။

နေဝင်ဘုရင်အပါအဝင် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးပင်လျှင် ယခင်က လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို မည်သည့် ထိခိုက်မှုမျှ မဖြစ်စေနိုင်ခဲ့ပေ။

သို့သော် ယခုအခါ ဖျက်ဆီးခြင်းအလင်းတန်းနှင့် ရင်ဆိုင်ရချိန်တွင် လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်မှာ ပြင်းထန်လှသော ထိခိုက်ပျက်စီးမှုကို ခံစားခဲ့ရသည်။ ဤပျက်စီးမှုက အမြဲထာဝရနီးပါး ဖြစ်ပေသည်။

တိုက်ပွဲဝင်ခန္ဓာကိုယ်၏ တစ်ရာခိုင်နှုန်းမှာ တိုက်ပွဲဝင်ခန္ဓာကိုယ် ဆဲလ်များ၏ နှစ်မီတာခန့်နှင့် ညီမျှသည်။ ယင်းမှာ လုံးဝဖျက်ဆီးခံလိုက်ရပြီး အမြဲတမ်း ပျောက်ကွယ်သွားသည်။

အကယ်၍ သူသာ ပြန်လည်ကောင်းမွန်လိုပါက လင်းဖုန်း သူ့တိုက်ပွဲဝင်ခန္ဓာကိုယ်ကို နောက်ထပ် နှစ်မီတာခန့် ပြန်လည်ချဲ့ထွင်နိုင်ရန်အတွက် သာလွန်နတ်ဘုရားနယ်ပယ်သိုင်းသမား အနည်းဆုံး နှစ်ဦး သုံးဦး၏ နတ်ဘုရားနယ်မြေမှ ကြယ်တာရာစွမ်းအားများကို ဝါးမျိုစုပ်ယူရပေလိမ့်မည်။

ပထမဆုံးအကြိမ်အဖြစ် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က အမြဲတမ်းအတွက် ပျက်စီးဆုံးရှုံးမှုကို ခံစားလိုက်ရသည်။

“လင်းဖုန်း... ဒါ ဇီဝိန်ချုပ်စွမ်းအားပဲ။ ဒါ တကယ် ဝိညာဉ်ချုပ်စွမ်းအားပဲ။ ငါ့အထင် မမှားဘူးဆိုရင် ဒီအပျက်အစီးနယ်မြေထဲမှာ ပထမယဉ်ကျေးမှုက ချန်ရစ်ခဲ့တဲ့ အရာတစ်ခုခု ရှိနေရမယ်။ ငါတို့ အဲဒါကို အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ရအောင်ယူရမယ်။ ဖြစ်နိုင်တာက အဲဒီအခါကျရင် ငါတို့ ပထမယဉ်ကျေးမှုရဲ့ လျှို့ဝှက်ချက်တချို့ကို ဖော်ထုတ်နိုင်လိမ့်မယ်”

လောင်းဘီသမ်က အလွန် စိတ်လှုပ်ရှားနေပုံရသည်။

လင်းဖုန်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ အမြဲတမ်းအတွက် ပျက်စီးမှုကို ခံစားခဲ့ရသည်။ သူ၏ ၂၀၄ မီတာ မြင့်သည့် တိုက်ပွဲဝင်ခန္ဓာကိုယ်မှာ ယခုအခါ ၂၀၂ မီတာသာ ရှိတော့သည်။

ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်သည် ခံစစ်နှင့် ပြန်လည်ကုသနိုင်စွမ်းတွင် မည်မျှအထိ အစွမ်းထက်လှသည်ဆိုစေကာမူ ဤသို့ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အခြားတိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုခုသာ ဖြစ်ပါက ထိခိုက်ပျက်စီးမှုက ပို၍ပင် ပြင်းထန်နိုင်ပေသည်။

ပထမဆုံးအကြိမ်အဖြစ် လင်းဖုန်းသည် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို တန်ပြန်နိုင်သည့် စွမ်းအားများ ရှိနေသေးကြောင်း သဘောပေါက်သွားသည်။

“ရှေ့ဆက်တိုးမယ်”

လင်းဖုန်း လုံးဝ တုံ့ဆိုင်းမနေပေ။ ဤကဲ့သို့သော အကာအကွယ်လက်နက်မျိုးက ပုံမှန်အားဖြင့် အလွန် ကြီးမားပြီး ပြင်ပ ခြိမ်းခြောက်မှုများကိုသာ အာရုံစိုက်တတ်ကြသည်။ ယခုလက်ရှိတွင် သူ ရှေ့သို့ ဆက်တိုးရန်သာ တတ်နိုင်တော့သည်။ သူ အပျက်အစီးများထဲသို့ ဝင်ရောက်သွားနိုင်သရွေ့ ဤလက်နက်က အသုံးဝင်တော့မည် မဟုတ်ပေ။

လင်းဖုန်း၏ အမြန်နှုန်းက မမြန်ဆန်လှသော်လည်း သူ့ခန္ဓာကိုယ်က အလွန်ကြီးမားလှသည်။ ခြေတစ်လှမ်း ခပ်ဖွဖွ လှမ်းလိုက်ရုံဖြင့် ခရီးအဝေးကြီး ရောက်နိုင်သည်။

ထို့ကြောင့် လင်းဖုန်း အရှိန်အပြည့်ဖြင့် ပြေးထွက်သွားကာ အပျက်အစီးနယ်မြေနှင့် မီတာရာဂဏန်းခန့် အကွာအဝေးသို့ ရောက်သွားသည်။ သို့သော် ထိုမီတာရာဂဏန်းမှာ အမှန်တကယ် သေရေးရှင်ရေး အကွာအဝေးတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

ဝရုန်း

အပျက်အစီးနယ်မြေအတွင်း မြေငလျင်တစ်ခု လှုပ်ခတ်သွားသည့်အလား ဖြစ်နေသည်။ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများက အရူးအမူး စုစည်းလာနေကြသည်။ လင်းဖုန်းအနေဖြင့် ရှေ့ရှိ အပျက်အစီးနယ်မြေထဲမှ ခြိမ်းခြောက်မှုမှာ တစ်စတစ်စ ပို၍ပင် သန်မာလာနေကြောင်း ခံစားလိုက်ရသည်။

မီတာ ရှစ်ရာ... မီတာ ငါးရာ... မီတာ သုံးရာ...

ဘုန်း ဘုန်း ဘုန်း

နောက်ဆုံးတွင် ဖျက်ဆီးခြင်းအလင်းတန်းက တစ်ဖန် ပြန်လည် ပေါက်ကွဲထွက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင် ဖျက်ဆီးခြင်းအလင်းတန်းများက ရိုးရှင်းစွာပင် တညိနေရာတစ်ခုလုံးကို လွှမ်းခြုံစိုးမိုးသွား၏။ ဖျက်ဆီးခြင်းအလင်းတန်း စုစုပေါင်းဆယ်ခုက အပြည့်အဝ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

မူလက အနည်းငယ် မှေးမှိန်နေသော ကောင်းကင်ယံသည်လည်း ဖျက်ဆီးခြင်းအလင်းတန်းကြောင့် နေ ‌ရာအနှံ့ လင်းထိန်သွားရသည်။ အဝေးမှပင် ကောင်းကင်ပေါ်ရှိ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းအလင်းတန်း ဆယ်ခုကို မြင်တွေ့နိုင်ပေသည်။

ထိုအချိန်တွင် နှင်းခဲဘုရင်ကလည်း ထိုစက်ရုပ်များကို သူ၏နတ်ဘုရားနယ်မြေဖြင့် ပိတ်လှောင်သတ်ဖြတ်နေ၏။ သို့သော်လည်း စက်ရုပ်တို့မှာ အရေအတွက် များလွန်းလှသဖြင့် သူ တစ်လက်မမျှပင် ရှေ့ဆက်မတိုးနိုင်ခဲ့ပေ။

“ဒါ ဖျက်ဆီးခြင်းအလင်းတန်းလား... ပြီးတော့ ဆယ်ခုတောင်မှပါလား”

နှင်းခဲဘုရင် ခေါင်းမော့လိုက်ပြီး အဝေးလေဟာနယ်ရှိ ဖျက်ဆီးခြင်းအလင်းတန်းဆယ်ခုကို စိုက်ကြည့်လိုက်သည်။ သူ့အမူအရာက အလွန် သုန်မှုန်သွားသည်။

ဖျက်ဆီးခြင်းအလင်းတန်း ဆယ်ခု။ သူပင်လျှင် ထိုစွမ်းအားကို တောင့်ခံနိုင်မည် မဟုတ်ပေ။ လားရာကို ကြည့်ရသည်မှာ ကန့်ကျောက်အခြေစိုက်စခန်း၏ ဦးတည်ရာသို့ ရှင်းရှင်းလင်းလင်း ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။

အကယ်၍ အပြောင်းအလဲတစ်ခုခု မရှိပါက ကန့်ကျောက်အခြေစိုက်စခန်းမှာ လုံးဝပြီးဆုံးသွားပြီဖြစ်ကြောင်း သူ သိသည်။ မည်သို့ပင်ဆိုစေ သူ အချိန်အကြာကြီး ဟန့်တားခံထားရသည် မဟုတ်ပါလော။ သူ့အကူအညီမပါဘဲနှင့် ကန့်ကျောက်အခြေစိုက်စခန်းက ထိုစက်ရုပ်များကို မည်သို့ တောင့်ခံနိုင်မည်နည်း။

သို့သော် ဖျက်ဆီးခြင်းအလင်းတန်းဆယ်ခုက အမှန်တကယ်ပင် ကန့်ကျောက် အခြေစိုက်စခန်း၏ ဦးတည်ရာသို့ ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။ အခြား သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးက အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်ရန် ကြိုးစားနေခြင်းများလော။

ကံမကောင်းစွာဖြင့် အပျက်အစီးနယ်မြေကို မည်သူပင် ချဉ်းကပ်ရန် ကြိုးစားပါစေ၊ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးဆိုလျှင်ပင် ဖျက်ဆီးခြင်းအလင်းတန်း ဆယ်ခုအောက်တွင် သေဆုံးရမည်သာ ဖြစ်သည်။

“ငါ ဒီစက်ရုပ်တွေကို အမြန်ဆုံး ရှင်းပစ်ပြီး ကန့်ကျောက်အခြေစိုက်စခန်းဆီ သွားကြည့်တာ ပိုကောင်းမယ်။ အဲဒီအချိန်ကျရင် အသက်ရှင်ကျန်ရစ်သူတွေ ရှိနေသေးဖို့ မျှော်လင့်ရတာပဲ...”

နှင်းခဲဘုရင်မှာ သိပ်ပြီး အကောင်းမမြင်နိုင်တော့ပေ။ သူ့အနေဖြင့် ကန့်ကျောက်အခြေစိုက်စခန်းမှ အသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ရန်သာ အကောင်းဆုံး ကြိုးစားနိုင်တော့သည်။

ထိုအချိန်ကျလျှင် ကန့်ကျောက်အခြေစိုက်စခန်းမှ လူတချို့ အသက်ရှင်နေဆဲဖြစ်ရန်သာ သူမျှော်လင့်ရပေသည်။ သူတို့ထဲမှ တစ်ဦး နှစ်ဦးသာ အသက်ရှင်ကျန်ရှိနေသေးလျှင်ပင် ကံကောင်းသည်ဟု ဆိုရပေမည်။

All Chapters