အခန်း ၂၆၆
Vol. 23 Ch. 266
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၆၆) - နှင်းခဲဘုရင်၏ တုန်လှုပ်မှု
ဘာသာပြန် - အားသစ်
ဖျက်ဆီးခြင်းအလင်းတန်း ဆယ်ခုက ကောင်းကင်နှင့် မြေကြီးကို တုန်ဟည်းသွားစေပြီး မူလက မှေးမှိန်နေသော ကောင်းကင်ယံကို နေတစ်စင်း ကြွေဆင်းလာသည့်အလား လင်းထိန်သွားစေသည်။
ဘုန်း ဘုန်း ဘုန်း
ဖျက်ဆီးခြင်းအလင်းတန်းက လင်းဖုန်းကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသည်။ မြန်ဆန်လှသော အရှိန်ကြောင့် လင်းဖုန်းအနေဖြင့် ရှောင်တိမ်းချင်လျှင်ပင် ရှောင်တိမ်းနိုင်စွမ်းမရှိပေ။ ထိုအခိုက် လင်းဖုန်းအနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရန်သာ ရွေးချယ်နိုင်တော့သည်။
ဖျက်ဆီးခြင်းအလင်းတန်းတစ်ခုစီတွင် ကြောက်မက်ဖွယ်ကောင်းသည့် ဇီဝိန်ချုပ်စွမ်းအားများ ပါဝင်နေသည်။ ဤစွမ်းအားက အလွန်ထူးခြားလှပြီး လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ပင်လျှင် ထိုစွမ်းအားကို အပြည့်အဝ တောင့်ခံနိုင်ခြင်းမရှိပေ။
ဖျက်ဆီးခြင်းအလင်းတန်း၏ ရိုက်ခတ်မှုကို ခံလိုက်ရသော ခန္ဓာကိုယ်အတွင်းရှိ မရေမတွက်နိုင်သော ဆဲလ်များက ချက်ချင်းပင် ပျက်စီးခြင်းအတိ ရောက်သွားရသည်။ လင်းဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။ ထိုတုန်ခါမှုဒဏ်မှာ အလွန် နာကျင်လှပေ၏။ မျက်စိတစ်မှိတ်အတွင်းပင် ဆဲလ်များစွာ ပျက်စီးသွားခဲ့ပြီး သူ့အသားများကို လှီးထုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
သူတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အောင်အောင်မြင်မြင် ကျင့်ကြံတတ်မြောက်ပြီးကတည်းက လင်းဖုန်း ယင်းကို စွမ်းအင်ခန္ဓာကိုယ်တစ်ခုအဖြစ် အမှန်တကယ် ပြောင်းလဲနေခဲ့ခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်သည်ကား အသွေးအသားသက်သက်ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်တော့ပေ။ ထို့အစား သူ့တစ်ကိုယ်လုံး စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့သည်။
သွေးတစ်စက်ချင်းစီတိုင်းတွင် ကြီးမားလှသည့် စွမ်းအင်ပမာဏဖြင့် ပြည့်နှက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို သိုလှောင်ထားသည်။
သို့သော်လည်း သာမန်အခြေအနေမျိုးတွင် တိုက်ပွဲဝင်ခန္ဓာကိုယ် ထိခိုက်ပျက်စီးမှုကြောင့် သွေးထွက်ရန်ပင် အလွန်ခက်ခဲလှပေသည်။
သို့သော် ယခုတွင်မူ လင်းဖုန်း သွေးစိမ်းရှင်ရှင်ထွက်နေလေပြီ။ ဖျက်ဆီးခြင်းအလင်းတန်းတစ်ခုက လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို နှစ်မီတာခန့် ဖျက်ဆီးပစ်နိုင်စွမ်းရှိပေသည်။ ထို့ကြောင့် ဖျက်ဆီးခြင်းအလင်းတန်း ဆယ်ခုဟူသည် မီတာ ၂၀ ကို ဆိုလိုခြင်း ဖြစ်ပေသည်။
သို့သော်လည်း လင်းဖုန်း ဖိအားကို အံတုကာ ထိုဖျက်ဆီးခြင်းအလင်းတန်းများကို ဆန့်ကျင်ပြီး အပျက်အစီးနယ်မြေဆီသို့ ဆက်လက် လျှောက်လှမ်းသွားသည်။ တစ်ခု... နှစ်ခု... သုံးခု... လေးခု...
ဖျက်ဆီးခြင်းအလင်းတန်း ဆယ်ခုကြောင့် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ကြီးကြီးမားမား ဆုံးရှုံးမှုများကို ခံစားခဲ့ရပြီး တိုက်ပွဲဝင်ခန္ဓာကိုယ် မီတာ ၂၀ ကျော် ဆုံးရှုံးသွားရသည်။ အကယ်၍ ယခင် ဖျက်ဆီးခြင်းအလင်းတန်းကိုပါ ထည့်သွင်းတွက်ချက်မည်ဆိုပါက တိုက်ပွဲဝင်ခန္ဓာကိုယ် ၂၂ မီတာခန့် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
ဤသည်က ပုံမှန်နည်းလမ်းဖြင့် ပြန်လည်သက်သာလာနိုင်ခြင်းမရှိသော အမြဲတမ်း ပျက်စီးဆုံးရှုံးမှုပင်။ လင်းဖုန်းအနေဖြင့် ထပ်မံကျင့်ကြံမှသာ ရပေလိမ့်မည်။ သို့သော် ထိုသို့ပြုလုပ်ရန်က ကြီးမားလှသည့် စွမ်းအင်ပမာဏတစ်ခု လိုအပ်သည်။ လင်းဖုန်း အပျက်အစီးနယ်မြေအတွင်း ဝင်ရောက်နိုင်ရန်အတွက် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။
ဖျစ်
ရုတ်တရက် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်မှ သွေးတစ်စက် စိမ့်ထွက်လာသည်။ ဤသွေးတစ်စက်က လက်သီးဆုပ်ခန့် အရွယ်အစားရှိပြီး မြေပြင်ပေါ်သို့ စီးကျသွား၏။
ချက်ချင်းပင် မြေပြင်မှာ သွေးနီရောင်အဖြစ် အလျင်အမြန် ပြောင်းလဲသွားပြီး ဘေးပတ်ဝန်းကျင်သို့ အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် မီတာရာဂဏန်း ပတ်လည်ရှိ အရာအားလုံး သွေးနီရောင်လွှမ်းသွားပြီး ဆက်လက်၍လည်း ပြန့်နှံ့နေသေးသည်။
ဤသွေးတစ်စက်မှာ သာမန်သွေး မဟုတ်ပေ။ ယင်းတွင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်နှင့် အသက်ဓာတ်များ ပါဝင်နေသည်။ ဖြစ်နိုင်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီးနောက် ဤနေရာသည် သက်စောင့်အားများဖြင့် ပြည့်နှက်လာကာ သန်မာလှသည့် ကြမ်းကြုတ်သားရဲများ သို့တည်းမဟုတ် ဗီဇပြောင်းသက်ရှိများ ထွက်ပေါ်လာနိုင်ပေသည်။
လင်းဖုန်း၏ လက်ရှိ သွေးမျိုးဆက်မှာ စစ်မှန်သော စကြဝဠာသွေးမျိုးဆက်များနှင့်ယှဉ်လျှင် အလွန် ကွာဝေးနေသေးသည်။ ထိုဂြိုဟ်အဆင့် သက်ရှိများသည်ကား အစစ်အမှန် စကြဝဠာသွေးမျိုးဆက်များ ဖြစ်ကြသည်။ သူတို့၏ သွေးတစ်စက်မျှဖြင့်ပင် ကြောက်မက်ဖွယ်ကောင်းသည့် သက်ရှိမျိုးနွယ်စုတစ်ခုကို ဖန်တီးနိုင်ပေသည်။
တိုက်ပွဲဝင်ခန္ဓာကိုယ် ၂၂ မီတာ ဆုံးရှုံးသွားခဲ့ရပြီးနောက် လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်မှာ ယခုအခါ ၁၈၂ မီတာသာ မြင့်မားတော့သည်။ ဤသည်က လင်းဖုန်း ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် အမြဲတမ်း ပျက်စီးဆုံးရှုံးမှုကို ခံစားခဲ့ရခြင်း ဖြစ်သည်။
နေဝင်ဘုရင်နှင့် အခြားသာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးတို့ လင်းဖုန်းကို ဝန်းရံတိုက်ခိုက်ခဲ့စဉ်က လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ယ ထိခိုက်မှုတချို့ ဖြစ်စေခဲ့သော်လည်း ယင်းက အမြဲတမ်း ပျက်စီးဆုံးရှုံးမှု မဟုတ်ခဲ့ပေ။ လင်းဖုန်းအနေဖြင့် မျက်စိတစ်မှိတ်အတွင်း ပြန်လည်သက်သာလာနိုင်ပေသည်။
ကပ်ဘေးသင့် ဇီဝိန်ချုပ်စွမ်းအားများ ပါဝင်နေသော ဤဖျက်ဆီးခြင်းအလင်းတန်းဆယ်ခုကမူ လင်းဖုန်း၏ ဆဲလ်များကို အမြဲတမ်းအတွက် ပျက်စီးဆုံးရှုံးစေခဲ့သည်။ ယင်းတို့ကို လုံးဝပြန်လည်ကုစား၍ မရနိုင်ဘဲ သူ ထပ်မံ ကျင့်ကြံရုံသာ တတ်နိုင်တော့သည်။
လင်းဖုန်း ဤမျှအထိ ကြီးမားလှသော တန်ဖိုးကို ပေးဆပ်ခဲ့ရသည့် ရည်ရွယ်ချက်မှာ သဘာဝကျကျပင် အပျက်အစီးများအတွင်းသို့ အောင်အောင်မြင်မြင် ဖောက်ထွက်ဝင်ရောက်နိုင်ရန် ဖြစ်သည်။
ဖျက်ဆီးခြင်းအလင်းတန်းဆယ်ခုကို ထိပ်တိုက်ရင်ဆိုင်ရင်း လင်းဖုန်းသည် တစ်လှမ်းချင်း လျှောက်လှမ်းခဲ့ကာ နောက်ဆုံးတွင် အပျက်အစီးနယ်မြေအနီးသို့ ချဉ်းကပ်နိုင်သွားသည်။ ထိုအခါမှသာ ထိုဖျက်ဆီးခြင်းအလင်းတန်းများက တကယ်တန်း ကြောက်မက်ဖွယ်ရာ အမြောက်ကြီးများမှ ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
ယခုလက်ရှိတွင်လည်း ထိုဧရာမအမြောက်ကြီးများအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များ စုစည်းနေဆဲဖြစ်ပြီး ဇီဝိန်ချုပ်စွမ်းအားများ ခပ်ဖျော့ဖျော့ ထွက်ပေါ်နေသည်။
“ငါထင်တဲ့အတိုင်းပဲ... ဒီဖျက်ဆီးခြင်းအလင်းတန်းတွေက စွမ်းအင်ပြန်ဖြည့်ဖို့ လိုတာပဲ။ ဒီကြားကာလက ငါ အပျက်အစီးနယ်မြေထဲကို ဝင်ဖို့အတွက် လုံလောက်တယ်”
လင်းဖုန်း စိတ်အနည်းငယ် လျှော့ချလိုက်သည်။ သူ စောစောက အသက်စွန့်ကြိုးပမ်းခဲ့သည်မှာ အမှန်ပင် ဖြစ်သော်လည်း မဆင်မခြင် စွန့်စားခဲ့ခြင်းမဟုတ်ပေ။ သူ ခန့်မှန်းထားခဲ့သည့်အတိုင်း ဤမျှကြောက်စရာကောင်းသည့် ဖျက်ဆီးခြင်းအလင်းတန်းများက ကြီးမားလှသော စွမ်းအင်ပမာဏကို မည်သို့လျှင် မလိုအပ်ဘဲ ရှိပါမည်နည်း။
ကြီးမားလှသည့် စွမ်းအင်ပမာဏ လိုအပ်သရွေ့ စွမ်းအင်ဖြည့်တင်းရန်အတွက် သတ်မှတ်ထားသော အချိန်တစ်ခု သေချာပေါက်လိုပေလိမ့်မည်။ တစ်ချက်ပစ်ပြီးသည်နှင့် စွမ်းအင်ပြန်လည်ဖြည့်တင်းရန် ကြားကာလအချိန်အနည်းငယ် ရှိလာပေလိမ့်မည်။ ဤကြားကာလက လင်းဖုန်းအတွက် အခွင့်အရေးပင်။
သို့မဟုတ်ပါက အကယ်၍ ဖျက်ဆီးခြင်းအလင်းတန်းများ တစ်ခုပြီးတစ်ခု စဉ်ဆက်မပြတ် ထွက်ပေါ်လာနိုင်ပြီး တစ်ပြိုင်နက်တည်းတွင် အရေအတွက် ဒါဇင်ပေါင်းများစွာ သို့တည်းမဟုတ် ရာဂဏန်းအထိ ရှိနေပါက လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ဆိုလျှင်ပင် တောင့်ခံနိုင်မည် မဟုတ်ပေ။
အပျက်အစီးနယ်မြေပြင်ပတွင်မူ နေရာအနှံ့၌ အခန်းငယ်များ ရှိနေသည်။ စက်ရုပ်များက ထိုအခန်းများအတွင်းမှ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေကြပြီး အဆုံးမရှိသကဲ့သို့ ဖြစ်နေသည်။
“ဟမ့်...”
လင်းဖုန်း လုံးဝတုံ့ဆိုင်းမနေပေ။ သူ ထိုစက်ရုပ်များအပေါ်သို့ တိုက်ရိုက်နင်းခြေလိုက်ပြီး သူ့လက်ဖဝါးများဖြင့် ဘေးပတ်ဝန်းကျင်ရှိ စက်ရုပ်အခန်းငယ်များကို ဧရာမတူကြီးများဖြင့် ထုနှက်နေသည့်အလား လွှဲရိုက်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော အခန်းငယ်များစွာ ပျက်စီးသွားပြီး ထွက်ပေါ်လာသည့် စက်ရုပ်အရေအတွက်ကလည်း အလျင်အမြန် လျော့နည်းသွားသည်။
အမှန်တကယ်တန်းတွင် ဤစက်ရုပ်များကို ရင်ဆိုင်ရသည်က ဤမျှအထိ မခက်ခဲလှပေ။ ဤစက်ရုပ်များထွက်လာသည့် အခန်းငယ်များကို ဖျက်ဆီးပစ်နိုင်သရွေ့ ယင်းတို့မှ စက်ရုပ်များကို ထပ်မံထုတ်လုပ်နိုင်တော့မည် မဟုတ်ပေ။ စက်ရုပ်များကို ထုတ်လုပ်နိုင်နေဦးမည်ဆိုလျှင်ပင် ထိုစက်ရုပ်များအနေဖြင့် အပျက်အစီးနယ်မြေထဲမှ ထွက်ခွာရန် အလွန်ခက်ခဲသွားပေလိမ့်မည်။
သို့သော် အဓိကသော့ချက်မှာ မည်သူမျှ ဖျက်ဆီးခြင်းအလင်းတန်းဆယ်ခုကို ရင်ဆိုင်ပြီး အပျက်အစီးနယ်မြေအတွင်းသို့ မချဉ်းကပ်နိုင်ခြင်းဖြစ်၏။ လင်းဖုန်း တစ်ဦးတည်းသာလျှင် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အားကိုး၍ ဖျက်စီးခြင်းအလင်းတန်းများကို ထိပ်တိုက်ရင်ဆိုင်ကာ အပျက်အစီးနယ်မြေအတွင်း ချဉ်းကပ်ပြီး ဤစက်ရုပ်အခန်းငယ်များကို ဖျက်ဆီးနိုင်သည်။
“ပွင့်စမ်း”
လင်းဖုန်း အချိန်ဆွဲမနေရဲပေ။ ထိုဧရာမအမြောက်ကြီးများအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသည့် ဖျက်ဆီးခြင်းအလင်းတန်းများ ပြန်လည်စုစည်းလာနေပြီဖြစ်ကြောင်း သူ မသဲမကွဲ ခံစားနေရသည်။ ယင်းတို့ တစ်ဖန်စုစည်းပြီးသွားပါက လင်းဖုန်း နောက်ထပ် ဖျက်ဆီးခြင်းအလင်းတန်းဆယ်ခုကို ဆက်လက်တောင့်ခံရပေလိမ့်မည်။ လက်ရှိတွင် သူ ဆုံးရှုံးမှုကြီးကြီးမားမား ခံစားထားရပြီးဖြစ်ရာ သူ၏ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ထပ်မံ၍ ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးခြင်းမျိုး မဖြစ်စေချင်တော့ပေ။
ထို့ကြောင့် လင်းဖုန်း သူ့လက်ဖဝါးကြီးဖြင့် အပျက်အစီးများအတွင်းရှိ ဧရာမတံခါးကြီးတစ်ချပ်ကို ဆုပ်ကိုင်လိုက်သည်။ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားများက ရူးသွပ်စွာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သတ္တုက မည်မျှပင် မာကျောပါစေ တံခါးက မည်မျှပင် ထူထဲပါစေ အဆုံးတွင် ဆွဲဖြဲခြင်းသာ ခံရပေလိမ့်မည်။
ဂျိန်း
လင်းဖုန်းသည် ဧရာမအပေါက်ကြီးတစ်ခုအဖြစ် အလွယ်တကူ ဆုတ်ဖြဲလိုက်သည်။ ထို့နောက် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အလျင်အမြန် ကျုံ့လိုက်ပြီး ဖျက်ဆီးခြင်းအလင်းတန်းများ ပြန်လည်အသက်မသွင်းနိုင်မီ အပျက်အစီးနယ်မြေအတွင်းသို့ ကမန်းကတမ်း တိုးဝင်သွားတော့သည်။
…
“ငါ နောက်ဆုံးတော့ ရောက်လာပြီ။ သိပ်မနောက်ကျဖို့ပဲ မျှော်လင့်ပါတယ်...”
နှင်းခဲဘုရင်သည် နောက်ဆုံးတွင် ထိုစက်ရုပ်များထံမှ ရုန်းထွက်နိုင်ခဲ့သည်။ မူလက ဆယ်နာရီခန့် ကြာမြင့်မည်ဖြစ်သော်လည်း သူ တစ်နာရီအတွင်းမှာပင် ရုန်းထွက်နိုင်ခဲ့၏။ ရုန်းထွက်ပြီးနောက် သူ ထိုစက်ရုပ်များနှင့် ထပ်မံ မတိုက်ခိုက်တော့ဘဲ ကန့်ကျောက်အခြေစိုက်စခန်းဆီသို့ ချက်ချင်း အပြေးအလွှား သွားတော့သည်။
မည်သို့ပင်ဆိုစေ သူသည်ကား အမိန့်အရ ကန့်ကျောက်အခြေစိုက်စခန်းကို ကယ်ဆယ်ရန်လာခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလော။
“လူဘယ်နှယောက် အသက်ရှင်ကျန်ရစ်မလဲမသိဘူး။ ဒါပေမဲ့ ငါရှိနေရင်တော့ မင်းတို့ကို သေချာပေါက် ကာကွယ်ပေးနိုင်ပါတယ်”
နှင်းခဲဘုရင်သည် အေးစက်စက် အမူအရာ ရှိနိုင်သော်လည်း စိတ်ရင်းကောင်းသူတစ်ဦးပင်။ ကန့်ကျောက်အခြေစိုက်စခန်းတွင် နတ်ဘုရားနယ်ပယ် သိုင်းသမားကိုးဦးနှင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမား ရာဂဏန်း ရှိနေခဲ့သည်။ ဤသည်က စစ်တပ်အဖွဲ့အစည်းအနေဖြင့် မည်သည့်နည်းနှင့်မျှ အဆုံးရှုံးမခံနိုင်သော အစွမ်းထက်အင်အားစုတစ်ခုပင်။
ရွှစ်
နှင်းခဲဘုရင် ကန့်ကျောက်မြို့သို့ တစ်ကိုယ်တည်း ပျံသန်းရောက်ရှိလာချိန်တွင် ကန့်ကျောက်မြို့ပြင်၌ စက်ရုပ်အပျက်အစီးများ သိပ်သည်းထူထပ်စွာ ဖုံးလွှမ်းနေသည်ကို တွေ့ရှိလိုက်ရသည်။ သို့သော်လည်း မြို့ကမူ ဟာလာဟင်းလင်း ဖြစ်နေ၏။ သိုင်းသမား ၂၀ ခန့်သာ ကျန်တော့ပြီး သူတို့အားလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားကြသည်။
“တိုက်ပွဲက ဒီလောက်တောင် ပြင်းထန်ခဲ့တာလား...”
နှင်းခဲဘုရင် သူ့အထောက်အထားကို ပြောလိုက်ပြီး ထိုသိုင်းသမား နှစ်ဆယ်ကျော်ကို ကြည့်ကာ စကားဆိုလိုက်သည်။
“ငါက နှင်းခဲဘုရင်ပါ။ စိတ်မပူကြနဲ့... ငါ မင်းတို့ကို ကန့်ကျောက်အခြေစိုက်စခန်းကနေ သေချာပေါက် ခေါ်ထုတ်သွားပေးမယ်။ မင်းတို့အားလုံးက ဒီလောက်အထိ ကြာအောင် တောင့်ခံနိုင်ခဲ့တဲ့အတွက် တကယ့်သူရဲကောင်းတွေပါပဲ”
နှင်းခဲဘုရင်သည် အခြေစိုက်စခန်းအပြင်ဘက်ရှိ စိပ်စိပ်ပိတ်ပိတ်ရှိနေသော စက်ရုပ်အပိုင်းအစများကို ကြည့်ကာ စိတ်ထဲတွင် လှိုင်းထန်သွားရသည်။ ကန့်ကျောက်အခြေစိုက်စခန်းမှ သိုင်းသမားများ မည်မျှအထိ ကြေကွဲဖွယ်ကောင်းသော တိုက်ပွဲကို ကြုံတွေ့ခဲ့ရသည်ကို သူ စိတ်ကူးကြည့်နိုင်ပေသည်။
နောက်ဆုံးတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော သိုင်းသမားနှစ်ဆယ်ကျော်သာ ကျန်တော့၏။ ထိုသေဆုံးသွားသော သိုင်းသမားများအားလုံးသည်ကား သူရဲကောင်းများပင်။ နှင်းခဲဘုရင်ပင်လျှင် သူတို့အပေါ် နက်နက်ရှိုင်းရှိုင်း လေးစားမိသည်။
ထိုသိုင်းသမား နှစ်ဆယ်ကျော်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် သူတို့၏အမူအရာများက ထူးထူးဆန်းဆန်းဖြစ်သွားကြသည်။
နောက်ဆုံးတွင် တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးက အနေရခက်စွာဖြင့် ပြောလိုက်သည်။ “နှင်းခဲဘုရင်... ကျွန်တော်တို့က ဘယ်လိုလုပ် သူရဲကောင်းတွေ ဖြစ်ရမှာလဲ။ ကျွန်တော်တို့က ဒီတိုင်းပဲ ကြီးမားတဲ့ စစ်ရေးစစ်ရာအောင်မြင်မှုကို ရဖို့ အခွင့်အရေး မရှိခဲ့တဲ့ ကံမကောင်းတဲ့ လူတစ်စုပါပဲ။ တခြားသူတွေ သခင်လင်းဖုန်းနောက်ကို လိုက်ပြီး ကြီးမားတဲ့ စွမ်းဆောင်မှုတွေ ရယူနိုင်တာကို တကယ်ပဲ အားကျမိပါတယ်...”
နှင်းခဲဘုရင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ အကယ်၍ သူတို့သည် ရူးသွပ်ပြီး စိတ်ကစဉ့်ကလျားဖြစ်နေခြင်း မဟုတ်ပါက ဤကိစ္စက အမှန်ဖြစ်နိုင်ချေ အလွန်များလှသည်။ ထိုလူများအနေဖြင့် အသက်ရှင်နေရုံသာမက စစ်မှုထမ်းကောင်းတံဆိပ်များ ရယူရန်အတွက် အပြင်ထွက်ကာ စက်ရုပ်များကို သတ်ဖြတ်နေကြခြင်းလော။
နှင်းခဲဘုရင်ပင်လျှင် တစ်ဒင်္ဂမျှ ဆွံ့အမှင်တက်သွားကာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။
“ဒါ လင်းဖုန်းကြောင့်ပါ။ သူက အရမ်း သန်မာလွန်းတယ်။ သူက အဲဒီစက်ရုပ်တွေကို ချေမှုန်းပြီးတော့ အပျက်အစီးနယ်မြေဆီကို ဦးတည်သွားတာ”
“မင်းပြောချင်တာက အပြင်က ပရမ်းပတာ ဖြစ်နေတဲ့ စစ်တလင်းက လင်းဖုန်းရဲ့ လက်ချက်ပေါ့ဟုတ်လား... ပြီးတော့ အဲဒီ ဖျက်ဆီးခြင်းအလင်းတန်းဆယ်ခုက လင်းဖုန်းကို ရည်ရွယ်ပြီး ပစ်ခဲ့တာလား”
“အဲ့လို ဖြစ်နိုင်ခြေ အများဆုံးပါပဲ”
နှင်းခဲဘုရင် အလွန်တုန်လှုပ်သွားသည်။ သူပင်လျှင် ထိုခေါင်းမာလှသော စက်ရုပ်များကို တစ်ဦးတည်း မချေမှုန်းနိုင်ခဲ့ပေ။
လင်းဖုန်းက ဘယ်လိုလူမျိုးမို့ ဒီလောက်အထိ စွမ်းအားကြီးနေရတာလဲ။
သို့သော် လင်းဖုန်း ဖျက်ဆီးခြင်းအလင်းတန်း ဆယ်ခုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ကြားလိုက်ရသောအခါ နှင်းခဲဘုရင်၏ အမူအရာက အနည်းငယ် ညှိုးငယ်သွား၏။ သူလည်း အနည်းငယ် စိုးရိမ်ပူပန်သွားရသည်။ ထိုသိုင်းသမားများ၏ ပြောစကားအရ လင်းဖုန်းက အလွန် သန်မာသည်ဆိုသော်လည်း ဖျက်ဆီးခြင်းအလင်းတန်း ဆယ်ခုကို မည်သို့လျှင် ခုခံနိုင်ပါမည်နည်း။
“ဒါက သိပ်ကို မဆင်မခြင်နိုင်လွန်းရာ ရောက်တယ်။ အဲဒါ ဖျက်ဆီးခြင်းအလင်းတန်း ဆယ်ခုတောင်လေ။ ငါကိုယ်တိုင် ထိပ်တိုက်ရင်ဆိုင်ရင်တောင် သေသွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ငါ အမြန်သွားမှ ဖြစ်မယ်။ သူ အသက်ရှင်နေသေးဖို့ မျှော်လင့်ရတာပဲ...”
နှင်းခဲဘုရင် ချက်ချင်း လှည့်ပြန်ပြီး ကန့်ကျောက်အခြေစိုက်စခန်းမှ ထွက်ခွာကာ အပျက်အစီးနယ်မြေဆီသို့ အလျင်အမြန် ဦးတည်ပျံသန်းသွားတော့သည်။