← Chapters

အခန်း ၂၆၇

Vol. 23 Ch. 267

အခန်း ၂၆၇

Vol. 23 Ch. 267

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၆၇) - မျှော်လင့်ချက်ရောင်ခြည်တန်း

ဘာသာပြန် - အားသစ်

လမ်းခရီးတစ်လျှောက်တွင် နှင်းခဲဘုရင်အနေဖြင့်စက်ရုပ်အပျက်အစီးများစွာကို မြင်တွေ့ခဲ့ရသည်။ မြင်ကွင်းတစ်ခုလုံး ရှုပ်ပွကာပရမ်းပတာ ဖြစ်နေသည်။ တိုက်ပွဲက မည်မျှအထိ ရက်စက်ကြမ်းကြုတ်ခဲ့သည်ကို သူ စိတ်ကူးကြည့်နိုင်ပေသည်။ သို့သော်လည်း ထိုစက်ရုပ်များသာလျှင် ဤရက်စက်ကြမ်းကြုတ်မှု၏ သားကောင် ဖြစ်ခဲ့ရပုံရ၏။

လမ်းတွင် သိုင်းသမားတစ်ဦးတစ်လေ၏ အလောင်းကိုပင် ကျန်ရစ်ခဲ့ခြင်း မရှိပေ။ ဤသည်က အလွန် ထူးဆန်းလွန်းလှသည်။

လင်းဖုန်း၏ စွမ်းအားက အရာအားလုံးကို အမှန်တကယ် ချေမှုန်းနိုင်ခဲ့ခြင်းပေလော။

“တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပြိုင်ပွဲရဲ့ ပထမဆုရှင် လင်းဖုန်းကို သူတော်စင်တွေကတောင် ချီးကျူးခဲ့ကြရတယ်။ ဒါပေမဲ့ တုန်ဖန်းရှန်တောင်မှ တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ဒီလောက်မြန်မြန် ဖြတ်သန်းပြီး သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက် မဖြစ်လာနိုင်ခဲ့ပါဘူး...”

လင်းဖုန်း လမ်းခရီးတစ်လျှောက်ရှိ အရာအားလုံးကို မည်သို့ ချေမှုန်းနိုင်ခဲ့သည်ကို နှင်းခဲဘုရင်အနေဖြင့် စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။ အကယ်၍ ဤကိစ္စရပ်အားလုံးက တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု၏ စွမ်းအားကြောင့်သာ တကယ်ဖြစ်ပါက အလွန်ကြောက်စရာကောင်းလှပေမည်။

တစ်နှစ်အတွင်း အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း သုံးကြိမ်ဆက်တိုက်…။ ဤကဲ့သို့သော အရှိန်အဟုန်မျိုးကို သူတော်စင်ကိုးပါးပင်လျှင် တုန်လှုပ်သွားကြပေလိမ့်မည်။

“အပျက်အစီးနယ်မြေဆီ ရောက်ပြီ”

ရုတ်တရက် နှင်းခဲဘုရင် ခေါင်းမော့ကြည့်လိုက်ရာ အဝေးရှိ အပျက်အစီးနယ်မြေကို လှမ်းမြင်လိုက်ရသည်။ အပျက်အစီးနယ်မြေ၏ အပြင်ဘက်တွင်မူ စက်ရုပ်များစွာရှိနေပြီး ပြင်းထန်သော တိုက်ပွဲလှိုင်းဂယက်များ ခပ်ဖျော့ဖျော့ ထွက်ပေါ်နေသည်။

“ဟင်... သိုင်းသမားတွေ တိုက်ခိုက်နေကြတာလား”

နှင်းခဲဘုရင်သည် ရှေ့တွင် ပြင်းထန်သည့် တိုက်ပွဲလှိုင်းဂယက်များကို မြင်လိုက်ရသည်။ မရေမတွက်နိုင်သော စက်ရုပ်များစွာက သိုင်းသမားများစွာကို ဝိုင်းရံတိုက်ခိုက်နေကြခြင်း ဖြစ်သည်။

ထို့ကြောင့် နှင်းခဲဘုရင် အောက်သို့ ဆင်းသက်လိုက်သည်။

“မုန်တိုင်းကမ္ဘာ”

နှင်းခဲဘုရင်၏ နတ်ဘုရားနယ်မြေမှာ ရေခဲကမ္ဘာတစ်ခု မဟုတ်ပေ။ အမှန်တကယ်တော့ ရေခဲနှင့် လုံးဝမျှ သက်ဆိုင်ခြင်းမရှိပေ။ နှင်းခဲဘုရင်၏ နတ်ဘုရားနယ်မြေမှာ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်းရှိသည့် မုန်တိုင်းများဖြင့် ပြည့်နှက်နေသော မုန်တိုင်းနတ်ဘုရားနယ်မြေဖြစ်သည်။

ဝုန်း

မုန်တိုင်းကမ္ဘာ သက်ဆင်းလာသည်နှင့်အမျှ အဆုံးမဲ့မုန်တိုင်းများက အရာအားလုံးကို ဆုတ်ဖြဲပစ်လိုက်သည်။ မုန်တိုင်းကမ္ဘာ လွှမ်းခြုံထားသည့် နေရာတိုင်းရှိ စက်ရုပ်အားလုံး မုန်တိုင်းများ၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရသည်။

“ဒါ နှင်းခဲဘုရင်ပဲ”

“နှင်းခဲဘုရင် နောက်ဆုံးတော့ ရောက်လာပြီပဲ။ ဟားဟား... ဒါ ငါတို့အတွက် အခွင့်အရေးပဲ။ အပျက်အစီးနယ်မြေထဲကို ဖောက်ဝင်ကြစို့”

“ဟုတ်တယ်... နှင်းခဲဘုရင် ရောက်နေပြီကွ။ အားလုံး အပျက်အစီးနယ်မြေထဲကို အတူတူ ဖောက်ဝင်ကြရအောင်”

နှင်းခဲဘုရင် ရောက်ရှိလာသည်ကို မြင်လိုက်ရသဖြင့် သိုင်းသမားများအားလုံး စိတ်အားတက်ကြွသွားကြသည်။ သူတို့ အပျက်အစီးနယ်မြေထံပါးသို့ သူတို့၏ ရှိသမျှအင်အားဖြင့် ချဉ်းကပ်သွားကြသည်။

“မင်းတို့ ဘာလုပ်နေကြတာလဲ။ မြန်မြန် ဆုတ်ခွာကြစမ်း”

နှင်းခဲဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဒါက ဘယ်လို ပြက်လုံးမျိုးလဲ။ သူ၏ နတ်ဘုရားနယ်မြေက ယခုမှ စတင်သက်ဆင်းရုံရှိသေးပြီး သူတို့အနေဖြင့် အပျက်အစီးနယ်မြေနှင့် အလှမ်းဝေးနေသေးသည်။ သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားဆယ်ခုက စုစည်းနေပြီး အချိန်မရွေး ပေါက်ကွဲထွက်ပေါ်လာနိုင်ကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားနေရ၏။

ဖျက်ဆီးခြင်းအလင်းတန်း။ ဤသည်က သေချာပေါက် ဖျက်ဆီးခြင်းအလင်းတန်း ဖြစ်ပေသည်။

ယခင်က နှင်းခဲဘုရင် ဖျက်ဆီးခြင်းအလင်းတန်း ဆယ်ခုကို မြင်တွေ့ခဲ့ရဖူးသည်။ သူသည် ထိုကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို စမ်းသပ်ဖို့ ရည်ရွယ်ချက်လုံးဝမရှိပေ။ ယခုအချိန်တွင် အပျက်အစီးနယ်မြေထံ ချဉ်းကပ်ခြင်းက ရိုးရှင်းစွာပင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းသာ ဖြစ်ပေ၏။

ထို့ကြောင့် သူက ချက်ချင်းပင် အော်ဟစ်ဟန့်တားလိုက်ရာ ထိုသိုင်းသမားများကို တုန်လှုပ်သွားစေသည်။ ထို့နောက် သူ နတ်ဘုရားနယ်မြေဖြင့် လမ်းဖွင့်ပေးလိုက်ပြီး သူတို့အားလုံး အလျင်အမြန် ဆုတ်ခွာသွားခဲ့ကြသည်။ အဝေးတစ်နေရာသို့ ဆုတ်ခွာသွားပြီးနောက်မှသာ နှင်းခဲဘုရင်တစ်ယောက် သက်ပြင်းချနိုင်တော့သည်။ ယခု သူ ဖျက်ဆီးခြင်းအလင်းတန်းထံမှ ခြိမ်းခြောက်မှုကို မခံစားရတော့ပေ။

“မင်းတို့က အပျက်အစီးနယ်မြေထဲကို ဖောက်ဝင်ချင်သေးတာလား။ သေချင်နေကြတာလားကွ”

နှင်းခဲဘုရင်၏ မျက်နှာက သုန်မှုန်နေသည်။ နတ်ဘုရားနယ်ပယ် သိုင်းသမားကိုးဦးနှင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမား ရာဂဏန်းမျှဖြင့် အပျက်အစီးနယ်မြေထဲသို့ ဖောက်ဝင်ရန် ကြိုးစားခြင်းက အလွန်မဆင်မခြင်နိုင်လွန်းရာ ရောက်သည်။

ယခင်က စစ်တပ်အဖွဲ့သည် အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ဖူးပြီး သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမား အနည်းငယ်ကိုပင် စေလွှတ်ခဲ့ဖူးသည်။ သို့သော်လည်း သူတို့အားလုံး သနားစရာကောင်းသော အခြေအနေဖြင့် ထွက်ပြေးခဲ့ကြရသည်။ သူတို့ အပျက်အစီးနယ်မြေကို မည်သို့လျှင် ချဉ်းကပ်ဝံ့ကြသနည်း။

အကယ်၍ ဖျက်ဆီးခြင်းအလင်းတန်းဆယ်ခုသာ နှင်းခဲဘုရင်ကို အမှန်တကယ် ထိမှန်သွားခဲ့ပါက နှင်းခဲဘုရင်ပင် တောင့်ခံနိုင်မည်မဟုတ်ပေ။ သူ မသေဆုံးခဲ့လျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။

“ငါ့ကိုပြော... လင်းဖုန်း ဘယ်မှာလဲ”

နှင်းခဲဘုရင်သည် လင်းဖုန်းကို ချက်ချင်း ရှာဖွေချင်နေခဲ့သည်။

“လင်းဖုန်းက အပျက်အစီးနယ်မြေထဲကို ဖောက်ဝင်သွားပြီ”

“သူက အပျက်အစီးတွေထဲကို ဖောက်ဝင်သွားတယ် ဟုတ်လား... မဖြစ်နိုင်တာ။ အပျက်အစီးနယ်မြေရဲ့ အပြင်ဘက်မှာ ဖျက်ဆီးခြင်းအလင်းတန်း ရှိနေတာလေ။ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတွေတောင် ဒါကို မခုခံနိုင်ဘူး”

နှင်းခဲဘုရင်အနေဖြင့် လင်းဖုန်း အပျက်အစီးနယ်မြေအတွင်းသို့ ဖောက်ဝင်နိုင်ခဲ့သည်ကို လုံးဝ မယုံကြည်နိုင်ပေ။ မည်သို့ပင်ဆိုစေ သူ အပျက်အစီးနယ်မြေ၏ ပြင်ပတွင် ဖျက်ဆီးခြင်းအလင်းတန်း၏ ကြောက်မက်ဖွယ် စွမ်းအားကို မြင်တွေ့ခဲ့ရပြီးဖြစ်သည် မဟုတ်ပါလော။

“လင်းဖုန်းက အပျက်အစီးနယ်မြေထဲကို တကယ်ဝင်သွားတာပါ။ ပြီးတော့ သူက ဖျက်ဆီးခြင်းအလင်းတန်း ဆယ်ခုကိုလည်း တောင့်ခံခဲ့သေးတယ်...”

အခြား သိုင်းသမားများကလည်း ဝင်ပြောလိုက်ကြသည်။

ဤစကားကို ကြားပြီးနောက် နှင်းခဲဘုရင်သည်လည်း မယုံနိုင်ဖြစ်နေသေးသော်ငြား မယုံလို့မရတော့ပေ။ မည်သို့ပင်ဆိုစေ သိုင်းသမားများစွာက ထိုအဖြစ်ကို သူတို့၏ မျက်စိဖြင့် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ကြခြင်းဖြစ်သည်။

သို့သော်လည်း သူအနေဖြင့် လင်းဖုန်းက ဖျက်ဆီးခြင်းအလင်းတန်းဆယ်ခုကို တောင့်ခံနိုင်ခဲ့သည်ကိုမူ လုံးဝ မယုံကြည်နိုင်သေးပေ။

ဤအဖြစ်သည်ကား အလွန်တရာ မယုံနိုင်စရာကောင်းလှ၏။ အကယ်၍ ဤသည်က အမှန်တရားသာ ဖြစ်ပါက ဤကပ်ဘေးကြီးကို အဆုံးသတ်ရန်အတွက် မျှော်လင့်ချက် ရှိလာနိုင်သည်လည်း ဖြစ်နိုင်ပေ၏။

…

လင်းဖုန်းတစ်ယောက် အပြင်ဘက်တွင် ဘာဖြစ်နေသည်ကို မသိပေ။ သူ အပျက်အစီးနယ်မြေအတွင်း ဝင်ရောက်လိုက်ချိန်တွင် အတွင်းပိုင်းက ရှုပ်ပွကာပရမ်းပတာဖြစ်နေကြောင်း တွေ့လိုက်ရသည်။ နေရာအနှံ့ တိုက်ပွဲအကြွင်းအကျန် အမှတ်အသားများ ရှိနေ၏။ အလွန်ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဤနေရာတွင် သေချာပေါက် ဖြစ်ပွားခဲ့ပုံရသည်။

“လောင်းဘီသမ်... မင်း ထိန်းချုပ်ခန်းကို ရှာလို့ရလား”

လင်းဖုန်းက လောင်းဘီသမ်ကို မေးလိုက်သည်။

“ငါတို့ ထိန်းချုပ်ခန်းကို ရှာလို့ရပါတယ်။ ဒါပေမဲ့ မင်းသတိထားရမယ်။ ဒီနေရာက စစ်အခြေစိုက်စခန်းတစ်ခုပဲ။ အတွင်းထဲမှာ အရမ်းကြောက်ဖို့ကောင်းတဲ့ စစ်ပွဲလက်နက်တွေ ရှိနေနိုင်တယ်။ ဥပမာအနေနဲ့ စောစောက ဖျက်ဆီးခြင်းအလင်းတန်းမျိုး အပျက်အစီးနယ်မြေထဲမှာလည်း ထွက်ပေါ်လာဖို့က လုံးဝဖြစ်နိုင်ချေရှိတယ်”

လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ သူသည် ဖျက်ဆီးခြင်းအလင်းတန်း၏ စွမ်းအားကို ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ ယင်းက အမှန်ပင် အလွန်ကြောက်စရာကောင်းလှ၏။ သူ၏ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကိုပင် အမြဲတမ်းအတွက် ပျက်စီးသွားစေနိုင်ခဲ့သည်။

အကယ်၍ အခြာသာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးဦးသာဖြစ်ပါက သူတို့အနေဖြင့် သေလျှင်သေ မသေလျှင် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခြင်းမျိုး ကြုံတွေ့ရပေလိမ့်မည်။ ဖြစ်နိုင်သည်က သူတော်စင်များသာလျှင် ဤအပျက်အစီးနယ်မြေအတွင်းသို့ ဝင်ရောက်နိုင်စွမ်း ရှိပေလိမ့်မည်။

လင်းဖုန်း လောင်းဘီသမ်၏ လမ်းညွှန်မှုနောက်သို့ လိုက်ပါကာ စင်္ကြံလမ်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်။

စင်္ကြံလမ်းထဲတွင် ခြောက်သွေ့နေသော သွေးကွက်များကို တွေ့ရပြီး သွေးညှီနံ့များပင် လေထုထဲ၌ ပြည့်နှက်နေသည်။ လင်းဖုန်းရင်ထဲ တင်းကျပ်သွားသည်။ ဤလူများက စစ်တပ်အဖွဲ့မှ စေလွှတ်လိုက်သော သိုင်းသမားများ ဖြစ်ရမည်ဖြစ်ပြီး သူတို့အားလုံး အပျက်အစီးနယ်မြေအတွင်း သေဆုံးသွားခဲ့ကြ၏။

ဤသိုင်းသမားများမှာ အခြေခံအားဖြင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများသာ ဖြစ်ကြသည်။ မည်သို့ပင်ဆိုစေ နတ်ဘုရားနယ်ပယ်ထက် မြင့်သော သိုင်းသမားများက အပျက်အစီးနယ်မြေထံ မချဉ်းကပ်နိုင်ကြပေ။ သူတို့ ချဉ်းကပ်လိုက်သည်နှင့် ဖျက်ဆီးခြင်းအလင်းတန်း၏ တိုက်ခိုက်မှုကို ခံရပေလိမ့်မည်။

နေရာအနှံ့တွင် ပြတ်တောက်နေသော ခြေလက်အင်္ဂါများကို တွေ့ရသည်။ လင်းဖုန်း၏ မျက်လုံးများအတွင်း အေးစက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ဖြစ်နိုင်သည်က သူ့အစ်ကိုလတ် လင်းဟိုင်းသည်လည်း ဤအပျက်အစီးနယ်မြေအတွင်း သေဆုံးသွားခဲ့ပြီဖြစ်ကာ သူ့အလောင်းကလည်း အပိုင်းပိုင်း ပြတ်တောက်နေနိုင်ပေသည်။

လင်းဖုန်း ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားသည်။ ရုတ်တရက် သူ့ရှေ့တွင် စက်ရုပ်ခွေးတစ်အုပ် ထွက်ပေါ်လာသည်။ သူတို့အားလုံးမှာ ခြင်္သေ့များအလား ကြီးမားကြ၏။ သူတို့တစ်ကိုယ်လုံးကို အမျိုးအမည်မသိသတ္တုစပ်များဖြင့် ပြုလုပ်ထားပြီး ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။

ထိုစက်ရုပ်ခွေးများက လင်းဖုန်းကို မြင်လိုက်သည်နှင့် သူ့အပေါ်သို့ အရူးအမူး ခုန်အုပ်လာကြသည်။

ဘန်း

လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အပြည့်အဝ အသုံးမပြုခဲ့ပေ။ ဤကဲ့သို့သော အမိုးနိမ့်သည့် စင်္ကြံလမ်းထဲတွင် သူ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို သုံးမီတာကျော်အထိသာ ချဲ့ထွင်နိုင်၏။ အကယ်၍ ထိုထက် ပိုကြီးပါက စင်္ကြံလမ်း၏ အပေါ်ဘက် မျက်နှာကျက်ကို ဖောက်ထွက်သွားပေလိမ့်မည်။

သို့သော်လည်း သုံးမီတာသာ မြင့်မားသော်ငြား ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်အနေဖြင့် စက်ရုပ်ခွေးအနည်းငယ်ကို အလွယ်တကူ ကိုင်တွယ်နိုင်သေးသည်။ လင်းဖုန်း လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်ရာ စက်ရုပ်ခွေးများ အပိုင်းပိုင်းအစစ ကြေမွသွားသည်။

ဤစက်ရုပ်ခွေးများက အတော်လေး သန်မာဖျတ်လတ်ကာ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများနှင့် နှိုင်းယှဉ်နိုင်သည်။ အကယ်၍ ယင်းတို့သာ အရေအတွက် များပြားလွန်းပါက အသွင်ပြောင်းနယ်ပယ် သိုင်းသမားများပင် ဝိုင်းရံသတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။

ဤသည်က အမှန်ပင် တတိယမြောက်ယဉ်ကျေးမှု၏ စစ်စခန်းတစ်ခု ဖြစ်ပေသည်။ ကြောက်မက်ဖွယ်ရာ စစ်လက်နက်များနှင့် စက်ယန္တရားများက နေရာအနှံ့တွင် ရှိနေသည်။

“တစ်ခု... နှစ်ခု... သုံးခု... ၂၁ ခု”

လင်းဖုန်း ရေတွက်လိုက်သည်။ စင်္ကြံလမ်းထဲတွင် စုစုပေါင်း အလောင်း ၂၁ လောင်း ရှိနေ၏။ ထို့အပြင် သူ့ရှေ့တွင် ပြင်းထန်သော သွေးညှီနံ့တစ်ခု ရှိနေသေးသည်။ သူ ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားသည်။ ရှေ့ရှိလမ်းတွင် အလောင်းများ မြောက်မြားစွာ ရှိနေကြောင်း တွေ့လိုက်ရသည်။

ထိုနေရာတွင် အလောင်းဒါဇင်ပေါင်းများစွာ ရှိနေခဲ့၏။ လင်းဖုန်း ထိုအလောင်းများကို ဂရုတစိုက် စီစစ်ခွဲခြားလိုက်သည်။ ကန့်ကျောက်အခြေစိုက်စခန်းတွင် လင်းဖုန်း ယခင်စုံစမ်းမေးမြန်းမှုများအရ သူ့အစ်ကိုလတ်လင်းဟိုင်သည် တံတိုင်းဖြိုသူစစ်ဆင်ရေးတွင် ပါဝင်ခဲ့ပြီး ထိုစစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် သိုင်းသမား အရေအတွက်ကလည်း ရာဂဏန်းကျော် ရှိနေခဲ့သည်။

အလောင်းအများစုက အပိုင်းပိုင်း ပြတ်တောက်နေသော်လည်း လင်းဖုန်း ယင်းတို့ကို တစ်လောင်းချင်းစီ ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ ဤနေရာ၌ အလောင်း ၈၀ ကျော် ရှိနေသော်လည်း ယင်းတို့ထဲမှ တစ်ခုမျှ သူ့အစ်ကိုလင်းဟိုင်နှင့် မသက်ဆိုင်ကြောင်း တွေ့လိုက်ရသည်။

သူ့အစ်ကိုအလောင်း မရှိပေ။ ဤနေရာတွင် ဖြစ်နိုင်ချေ နှစ်ခု ရှိသည်။ ပထမတစ်ခုမှာ အစ်ကိုလတ်လင်းဟိုင်၏ အလောင်းမှာ ဖျက်ဆီးခံလိုက်ရပြီး ပြာပင် မကျန်ရစ်ခဲ့ခြင်း ဖြစ်နိုင်သည်။

ဤသည်က သိပ်ပြီး မဖြစ်နိုင်ပုံရ၏။ မည်သို့ပင်ဆိုစေ ဤနေရာတွင် အလောင်းများစွာ ရှိနေသည်။ လင်းဟိုင်၏ အလောင်းတစ်ခုတည်း ပြာအဖြစ် ပြောင်းလဲသွားပြီး ဘာမျှမကျန်ရစ်ခဲ့ရမည့် အကြောင်းပြချက်မရှိပေ။

ဒုတိယမြောက် ဖြစ်နိုင်ချေမှာ သူ့အစ်ကို လင်းဟိုင် အသက်ရှင်နေဆဲ ဖြစ်နိုင်ခြင်းပင်။

ယခုအချိန်အထိ သူ့အစ်ကို လင်းဟိုင်၏ အလောင်းကို မတွေ့ရခြင်းက မည်မျှပင် သေးငယ်ပါစေဦးတော့ မျှော်လင့်ချက် ရောင်ခြည်အလင်းတန်းလေးတစ်ခု ရှိနေဆဲဖြစ်ကြောင်း အဓိပ္ပာယ်ရပေသည်။ လင်းဖုန်းလည်း စိုးရိမ်တကြီး ဖြစ်လာတော့သည်။

All Chapters