အခန်း ၂၆၈
Vol. 23 Ch. 268
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၆၈) - လျှို့ဝှက်ဆန်းကြယ်သောရုပ်သွင်
ဘာသာပြန် - အားသစ်
မှောင်မိုက်နေသော မြေအောက်ခန်းအတွင်းတွင် စက်ရုပ်များက သိပ်သည်းပြည့်နှက်နေသည်။ လင်းဟိုင်နှင့် ဝေတို့နှစ်ယောက် သတိပြန်လည်လာချိန်တွင် သူတို့ ခန္ဓာကိုယ်ထဲသို့ ပြွန်ချောင်းများစွာ ထိုးသွင်းထားသည်ကို တွေ့လိုက်ရသည်။
ဝေနှင့် လင်းဟိုင်းတို့ဘေးတွင် လူတစ်ဒါဇင်ကျော်လည်း ရှိနေသေးသည်။ သူတို့အားလုံး၏ ခန္ဓာကိုယ်တွင် ပြွန်ချောင်းများစွာ ထိုးသွင်းထားပြီး ထူးခြားသည့် သတ္တုသံကြိုးများဖြင့် ချုပ်နှောင်ထားသည်။
လင်းဟိုင်တစ်ယောက် ကြယ်တာရာစွမ်းအားကို စုစည်းရန် ကြိုးစားလိုက်သော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာစွမ်းအား လုံးဝမရှိတော့ကြောင်း သဘောပေါက်လိုက်သည်။ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းထားသည့် ပြွန်ချောင်းတစ်ခုက သူ့ခန္ဓာကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအားများကို စဉ်ဆက်မပြတ် စုပ်ယူနေပုံရသည်။
ထို့ကြောင့် လင်းဟိုင်အနေဖြင့် ကြယ်တာရာစွမ်းအားကျင့်စဉ်ကို အသုံးပြုကာ ကြယ်တာရာစွမ်းအားကို စုစည်းပြောင်းလဲရန် ကြိုးစားသော်လည်း အလကားသာ ဖြစ်နေသည်။ ကြယ်တာရာစွမ်းအားများ မည်မျှပင် စုစည်းပါစေ ချက်ချင်း စုပ်ယူခံလိုက်ရသည်။
“လင်းဟိုင်၊ မင်း သတိရလာပြီလား”
သူ့ဘေးရှိ ဝေ၏ခန္ဓာကိုယ်တစ်ခုလုံးက ပျက်စီးလုနီးပါး ဖြစ်နေသည်။ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြောင်း ထင်ရှားလှသည်။
“ဝေ... ဘာဖြစ်တာလဲ။ ငါတို့ အဖမ်းခံလိုက်ရတာလား”
လင်းဟိုင်တစ်ယောက် သူ့ခန္ဓာကိုယ်ပေါ်မှ သံကြိုးများကို တစ်ချက်ကြည့်ကာ ကျန်လူတစ်ဒါဇင်ကျော်ကို လှမ်းကြည့်လိုက်သည်။ သူတို့အားလုံး သနားစရာကောင်းသည့် အခြေအနေတွင် ရှိနေကြသည်။
“ဟုတ်တယ်လေ။ ငါတို့ အဖမ်းခံရရုံတင်မကဘူး။ အခြေအနေက တော်တော်လေး ဆိုးနေတယ်။ ငါတို့ သုတေသနအတွက် စမ်းသပ်ခံပစ္စည်းတွေ ဖြစ်သွားပုံရတယ်...”
ဝေက ဖျော့တော့စွာ ပြုံးရင်း ပြောသည်။ သူက လင်းဟိုင်ထက်စော၍ သတိရလာခဲ့ရာ အခြေအနေတချို့ကို နားလည်သဘောပေါက်ထားနှင့်ပြီး ဖြစ်သည်။
သူတို့ခန္ဓာကိုယ်ပေါ်ရှိ များပြားလှသော ပြွန်ချောင်းများနှင့် ပတ်ဝန်းကျင်ရှိ ထူးဆန်းသည့် ကိရိယာများအားလုံးက သူတို့ကို သုတေသနစမ်းသပ်ချက်များအဖြစ် သဘောထားနေပြီး လက်ရှိအချိန်တွင် တစ်ခုခုကို စမ်းသပ်နေပုံရသည်။
“ဝေ... ဘယ်သူက ငါတို့ကို ဖမ်းတာလဲ”
လင်းဟိုင် ပတ်ဝန်းကျင်ကို သတိကြီးစွာ ကြည့်လိုက်ရာ စက်ရုပ်များမှလွဲ၍ အလယ်တွင် ဧရာမဖန်သားပြင်တစ်ခုသာ ရှိသည်ကို တွေ့လိုက်ရသည်။ ထိုပေါ်တွင်မူ ဘာမျှမပြဘဲ ပျက်နေပုံရသည်။
“ငါလည်း မသိဘူး။ အပျက်အစီးနယ်မြေထဲ ဝင်သွားပြီးတဲ့နောက်မှာ ငါတို့တိုက်ခိုက်ခံလိုက်ရတာ။ လူတစ်ရာပါတဲ့အဖွဲ့ထဲက ဒီလောက်ပဲ ကျန်တော့တယ်။ ဒါပေမဲ့ ငါတို့နှစ်ယောက်က သေချာပေါက် ကွဲသွားကြတာကို နောက်ဆုံး ဒီနေရာမှာ အဖမ်းခံလိုက်ရတယ်။ ငါ မမှားဘူးဆိုရင် ငါတို့ကို ဖမ်းတဲ့သူက ဒီအပျက်အစီးနယ်မြေနဲ့ တိုက်ရိုက်ပတ်သက်နေတာ ဖြစ်ရမယ်”
ဝေ စကားဆုံးသည်နှင့် ဧရာမဖန်သားပြင်ပေါ်တွင် မျက်နှာတစ်ခု ရုတ်တရက် ပေါ်လာသည်။
ထိုမျက်နှာသည် အပျက်အစီးများရှိ စက်ရုပ်များနှင့် ထူးမခြားနားဖြစ်သော်လည်း မျက်လုံးများကမူ ပို၍အသက်ဝင်နေပုံရသည်။
“မင်းက ဘယ်သူလဲ။ ဘာလို့ ငါတို့ကို ဖမ်းထားတာလဲ”
ဝေက အော်ဟစ်မေးမြန်းလိုက်သည်။ သူ ဒဏ်ရာရထားသဖြင့် အသံက အနည်းငယ် အက်ကွဲနေသည်။
သို့သော် မျက်နှာပြင်ပေါ်မှ မည်သူမျှ ပြန်မဖြေပေ။ ထိုအချိန်တွင် အခြားပလပ်ဖောင်းပေါ်ရှိလူများက အပြင်းအထန် ရုန်းကန်လာကြသည်။ ဤအသွင်ပြောင်းနယ်ပယ် သိုင်းသမားများသည် ကြယ်တာရာစွမ်းအား မရှိသော်လည်း အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း တစ်ကြိမ် ဖြတ်သန်းထားပြီးဖြစ်၍ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလွန်ကောင်းမွန်လှသည်။
ထို့ကြောင့် သူတို့၏ ပြင်းထန်သော ရုန်းကန်မှုများကြောင့် မြေအောက်ခန်းတစ်ခုလုံးပင် အနည်းငယ် တုန်ခါသွားသည်။
“တိတ်... တိတ်ကြ”
ရုတ်တရက် မျက်နှာပြင်ပေါ်မှ စက်ရုပ်မျက်နှာက စကားဆိုလိုက်သည်။ သို့သော် သူ့အသံမှာ ပထမဆုံးအကြိမ် စကားပြောနေသည့်အလား အလွန်အဆင်မပြေ ဖြစ်နေသည်။
လူတချို့က အပြင်းအထန် ရုန်းကန်နေဆဲပင်။ အခြားစက်ရုပ်များက အမိန့်ကို လက်ခံရရှိလိုက်သည့်အလား ထိုသိုင်းသမားများဘေးသို့ ချက်ချင်း ရောက်ရှိသွားကြသည်။
ဘုန်း
စက်ရုပ်တစ်ရုပ်က သိုင်းသမားတစ်ဦး၏ ဦးခေါင်းကို လက်သီးတစ်ချက်ဖြင့် ထုနှက်လိုက်သည်။ သွေးညှီနံ့များ မြေအောက်ခန်းထဲတွင် ပြည့်နှက်သွားသည်။ သိုင်းသမားများအားလုံး၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ စိုးမိုးသွားသည်။ သူတို့အားလုံး ဖန်သားပြင်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော မျက်နှာပိုင်ရှင်၏ အဖမ်းခံလိုက်ရပုံရသည်။
ထို့အပြင် ဤလျှို့ဝှက်ဆန်းကြယ်သော မျက်နှာပိုင်ရှင်က အပျက်အစီးနယ်မြေအတွင်းရှိ စက်ရုပ်များကို ထိန်းချုပ်နိုင်ပုံရသည်။ ဤသည်က အလွန်ကြောက်စရာကောင်းလှသည်။ ဤအပျက်အစီးများအတွင်း၌ အမှန်တကယ်ပင် အသိဉာဏ်ရှိသော သက်ရှိများ ရှိနေသည်လော။
ဤသည်က လုံးဝ မယုံနိုင်စရာပင်။ မည်သို့ပင်ဆိုစေ ဤရှေးဟောင်းယဉ်ကျေးမှုက အနည်းဆုံး နှစ်ပေါင်း သောင်းဂဏန်း သို့မဟုတ် ထိုထက်ပို၍ပင် ကြာမြင့်နေပြီ ဖြစ်သည်။
အကယ်၍ အသိဉာဏ်ရှိသော သက်ရှိများသာ အမှန်တကယ် ရှိနေပြီး သူတို့က စစ်ပွဲစက်ရုပ်များကို ထိန်းချုပ်နိုင်ပါက ထိုအဖြစ်က ကြမ်းကြုတ်သားရဲများထက်ပင် ပိုမိုကြောက်စရာကောင်းလှပေမည်။
ယင်းက လူသားယဉ်ကျေးမှုအတွက် အစစ်အမှန် ကပ်ဘေးကြီး ဖြစ်ပေလိမ့်မည်။
သင်ခန်းစာရသွားပြီးနောက် မည်သူမျှ ရုန်းကန်ဖို့ မဝံ့ရဲတော့ပေ။ သူတို့အားလုံး ဖန်သားပြင်ပေါ်ရှိ စက်ရုပ်မျက်နှာကိုသာ စိုက်ကြည့်နေကြသည်။
“မင်းတို့က... အသိဉာဏ်ရှိတဲ့ သက်ရှိတွေပေါ့။
“ငါ့ကိုပြော... သက်ရှိဆိုတာ... ဘာလဲ။
“သက်ရှိ... ငါ့ကိုပြော... မင်းတို့... ထွက်သွားလို့ရတယ်”
မျက်နှာပြင်ပေါ်မှ စက်ရုပ်မျက်နှာက ပြတ်တောင်းပြတ်တောင်း ပြောလိုက်သော်လည်း အသံက အလွန်အဆင်မပြေဖြစ်နေသည်။ ထို့အပြင် သူပြောသည့် စကားများနောက်ကွယ်မှ အဓိပ္ပာယ်ကလည်း စိတ်ဝင်စားစရာ ကောင်းနေသည်။
သက်ရှိဆိုတာ ဘာလဲ။
သိုင်းသမားများနှင့် သာမန်လူသားများ၏ အမြင်တွင် သက်ရှိဆိုသည်မှာ သက်ရှိပင်ဖြစ်၏။ လူတိုင်း သက်ရှိအကြောင်း သိကြသော်လည်း မည်သူမျှ တိတိကျကျ အသေးစိတ် မပြောနိုင်ကြပေ။
“ငါတို့က သက်ရှိတွေပဲ။ အပြင်ဘက်မှာလည်း ကြမ်းကြုတ်သားရဲတွေနဲ့ လူသားတွေအပါအဝင် သက်ရှိတွေ အများကြီးရှိသေးတယ်။ မင်းက တကယ်တော့ ဘယ်သူလဲ” လင်းဟိုင်က ရုတ်တရက် ပြန်ဖြေလိုက်သည်။
“ငါသိဖို့ လိုတယ်... သက်ရှိဆိုတာ... ဘာလဲ”
မျက်နှာပြင်ပေါ်မှ စက်ရုပ်မျက်နှာသည် အလွန်အေးစက်သည့်ဟန် ရှိသည်။ ထို့နောက် သူ အမိန့်တစ်ခု ပေးလိုက်ပုံရသည်။ စက်ရုပ်တချို့က ချက်ချင်း ရှေ့တိုးလာပြီး သိုင်းသမားတချို့၏ ဦးခေါင်းများသို့ ပြွန်ချောင်းတချို့ကို ချိတ်ဆက်လိုက်သည်။
ဖျစ်
ရုတ်တရက် ထိုသိုင်းသမားများ တုန်ယင်သွားကြပြီး ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခုကို မြင်လိုက်ရသည့်အလား ဖြစ်သွားသည်။ သူတို့၏ ခန္ဓာကိုယ်များက အပြင်းအထန် ရုန်းကန်လာကြပြီး မျက်နှာအမူအရာများကလည်း ကြောက်မက်ဖွယ်ရာဖြစ်လာသည်။
တစ်ချိန်တည်းတွင် ဖန်သားပြင်ပေါ်မှ စက်ရုပ်မျက်နှာက တွေးတောနေဟန်ရှိသည်။
“သိုင်းသမား၊ မိသားစု... ဒါက သက်ရှိလား”
ဘုန်း ဘုန်း ဘုန်း
သိုင်းသမားအချို့၏ ဦးခေါင်းများမှာ ဖိအားကို မခံနိုင်သည့်အလား ချက်ချင်း ပေါက်ကွဲသွားသည်။ အဝါရောင်နှင့် အဖြူရောင် အရည်များက မြေပြင်တစ်လျှောက် ပြန့်ကျဲသွား၏။
လင်းဟိုင်၊ ဝေနှင့် အခြားသူများအားလုံး တုန်လှုပ်သွားကြသည်။ သူတို့၏ ရှေ့မှ မြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်။
“သက်ရှိ... ငါ သိဖို့ လိုတယ်... သက်ရှိရဲ့ အဓိပ္ပာယ်ကို”
“မင်းတို့ရဲ့ အတွေးတွေက အရမ်းရှုပ်ထွေးလွန်းတယ်...”
“ငါ မင်းတို့ရဲ့ စိတ်တွေကို ချိတ်ဆက်ဖို့ လိုတယ်။ မင်းတို့ မခံနိုင်ရင်... မင်းတို့ အကုန် အဆုံးသတ်သွားလိမ့်မယ်...”
လင်းဟိုင်း၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားသည်။ သူ ဦးခေါင်းပေါက်ကွဲသွားသော သိုင်းသမားများကို တစ်ချက်ကြည့်လိုက်သည်။ စောစောက ဖြစ်ပျက်သွားသည်မှာ စိတ်ကို ချိတ်ဆက်ခြင်းဟု ခေါ်ဆိုခြင်းလော။ မခံနိုင်ပါက ဦးခေါင်းပေါက်ကွဲသွားမည်လော။
“မင်းက တကယ်တော့ ဘယ်သူလဲ”
ဝေလည်း ဤအချက်ကို သဘောပေါက်သွားသည်။ စက်ရုပ်တစ်ရုပ် လာနေသည်ကို မြင်လိုက်ရသဖြင့် သူ ပြင်းပြင်းထန်ထန် ရုန်းကန်လိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်တစ်ခုလုံးက ချုပ်နှောင်ခံထားရပြီး ကြယ်တာရာစွမ်းအားလည်း မရှိတော့ပေ။ ဝေနှင့် လင်းဟိုင်တို့နှစ်ယောက် လုံးဝရုန်းမထွက်နိုင်ကြပေ။
“ငါ ခန့်မှန်းတာမှားရင် သူက သက်ရှိ မဟုတ်လောက်ဘူး” လင်းဟိုင်းက ရုတ်တရက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“သက်ရှိ မဟုတ်ဘူးလား”
“ဟုတ်တယ်။ တကယ်လို့ သူက သက်ရှိသာဆိုရင် ဘာလို့ သက်ရှိရဲ့ လျှို့ဝှက်ချက်ကို ဒီလောက်တောင် အရေးတကြီး သိချင်နေရတာလဲ”
လင်းဟိုင်းသည် ဖြစ်နိုင်ချေတစ်ခုကို တွေးမိလိုက်သော်လည်း သိခြင်းမသိခြင်းက ဘာအကျိုးရှိမည်နည်း။ သူတို့သည် ခုခံနိုင်စွမ်း ဆုံးရှုံးထားကြပြီးဖြစ်ရာ တစ်ဖက်သူ၏ လက်ခုပ်ထဲကရေလို ဖြစ်နေလေပြီ။
ပြွန်ချောင်းပါးပါးတစ်ခုကို သိုင်းသမားအားလုံး၏ ဦးခေါင်းတွင် ချိတ်ဆက်လိုက်သည်။
ဖျစ်
ပြွန်ချောင်းထဲမှ ပြင်းထန်သော လျှပ်စစ်စီးကြောင်းတစ်ခု ထွက်ပေါ်လာချိန်တွင် လင်းဟိုင်း တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူ တုန်ခါလာပြီး ဦးခေါင်းတစ်ခုလုံး ဘာမျှမရှိတော့သလို ခံစားလိုက်ရသည်။ ပြင်းထန်သည့် နာကျင်မှုများက သူ့ခန္ဓာကိုယ်တစ်လျှောက် ပြန့်နှံ့သွားသည်။
လင်းဟိုင်းကဲ့သို့ပင် လူတိုင်း ပြင်းပြင်းထန်ထန် တုန်ယင်နေကြသည်။ သူတို့စိတ်ထဲတွင် ဘာမျှမရှိဘဲ တစ်ခုခုက သူတို့ဦးခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအချိန်တွင် လူတိုင်း၏ မှတ်ဉာဏ်များ ချိတ်ဆက်သွားကြသည်။ မရေမတွက်နိုင်သော ရုပ်ပုံများက ရောထွေးသွားပြီး လူတိုင်းစိတ်ထဲတွင် ပြန်လည်ပေါ်ထွက်လာသည်။
ဤသိုင်းသမားများအနေဖြင့် မည်သည့်မှတ်ဉာဏ်က မိမိတို့မှတ်ဉာဏ်ဖြစ်ပြီး မည်သည့်မှတ်ဉာဏ်က အခြားသူ၏မှတ်ဉာဏ် ဖြစ်သည်ကိုပင် မသိနိုင်တော့ပေ။ လူတိုင်း၏ အတွေးများနှင့် မှတ်ဉာဏ်များက ရောထွေးကုန်တော့သည်။
ထူးဆန်းသည့်အတွေးတစ်ခုက သူတို့မှတ်ဉာဏ်ထဲသို့ ဓားပြများအလား အတင်းအကျပ် ဝင်ရောက်လာသည်။
တစ်စက္ကန့်... နှစ်စက္ကန့်... သုံးစက္ကန့်...
သုံးစက္ကန့်မျှ ကြာမြင့်ပြီးနောက် လင်းဟိုင်နှင့် အခြားသိုင်းသမားများ ထပ်မံ၍ ဆောင့်မခံနိုင်တော့ပေ။ သူတို့၏ဦးခေါင်းထဲတွင် အချိန်မရွေး ပေါက်ကွဲသွားနိုင်သော ဗုံးတစ်လုံး ရှိနေသည့်အလား ခံစားနေရသည်။