မျိုးတုံးသုတ်သင်ခြင်း အပြစ်ဒဏ်
Vol. 12 Ch. 182
ရွှီချင်း၏မျက်လုံးများ ဆတ်ခနဲ ပွင့်လာသည်။
သူ တည်ငြိမ်စွာ မတ်တတ်ရပ်လိုက်ပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆွဲဆန့်၍ အခန်းလေးအပြင်ဘက်သို့ လျှောက်လာသည်။
ယနေ့ ကောင်းကင်ကြီး မည်းမှောင်နေသည်။
နေမင်းကြီးက မြင့်တက်လာပါသော်လည်း မနက်ခင်း ရောင်ခြည်တန်းများက ချီရွှဲ့ထုံဂိုဏ်းမှ လူသတ်ငွေ့များကို အာရုံခံသွားပြီး မီးခိုးရောင်တိုက်ပွဲဝင် ဝတ်ရုံကို ဆင်မြန်းလိုက်ဟန်တူသည်။ ထို့ကြောင့် မူလက နွေးထွေးသော နေရောင်ခြည်တန်းလေးသည် မိုးသားတိမ်စိုင်များကို ဖြတ်သန်းပြီး မှိန်ဖျော့သွားလေသည်။
ကောင်းကင်ယံတွင် တိမ်မည်းများ ပေါ်လာသည်နှင့် ချီရွှဲ့ထုံဂိုဏ်း၏ ဆိပ်ကမ်းများရှိ နေရာအသီးသီးမှ လူရိပ်များ ပြေးထွက်လာကြသည်။ သူတို့က လမ်းကြိုလမ်းကြားများထဲမှနေ၍ အလယ်ဗဟိုရှိ ယဇ်ပလ္လင်ဆီသို့ တဟုန်ထိုး သွားနေကြသည်။
ထိုလူရိပ်များအားလုံးက သူတို့၏ ရက်စက်ကြမ်းကြုတ်သောစရိုက်ကို ကွယ်ဝှက်ထားကြသည်။ သူတို့ခန္ဓာကိုယ်များမှ အေးစက်စက်အငွေ့အသက်များက စူးရှချွန်ထက်သော ဓားများအလားပင်။ သို့သော်လည်း သူတို့ကျင့်ကြံခြင်းအဆင့်များက ထူးခြားသည်။ သူတို့ထဲမှ အစွမ်းအနိမ့်ဆုံးက ချီစုစည်းခြင်းအဆင့်ခြောက်တွင် ရှိသည်။
သူတို့ထဲတွင် ချီစုစည်းခြင်းအဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးနှင့်အထက်တွင် ရှိသောလူများလည်း ပါဝင်သည်။
ထို့ပြင် ချီရွှဲ့ထုံဂိုဏ်းတောင်ခြေရှိ အဆိပ်ကောင်မွေးသလို မွေးမြူခံရသည့် ရက်စက်ကြမ်းကြုတ်သော ပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်ရသော မည်သည့်ဂိုဏ်းသားမဆို အသက်ရှင်သန်ရေးအတွက် နည်းလမ်းကိုယ်စီ ရှိကြသည်။ မူလက နူးညံ့ညင်သာနေခဲ့သည့်ဂိုဏ်းသားများသည်လည်း ပတ်ဝန်းကျင်ကိုလိုက်၍ အတင်းအကြပ် ပြောင်းလဲခဲ့ရသည်။ မပြောင်းလဲသည့်အတွက် တန်ကြေးသည်လည်း သေခြင်းတရား ဖြစ်နေသည် မဟုတ်ပါလား။
သူတို့ ပြေးထွက်လာသည့်အတွက်ကြောင့် နေရာအနှံ့အပြားမှ သတ်ဖြတ်ခြင်းအရှိန်အဝါများ ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာပြီး မြို့တစ်မြို့လုံးကို လွှမ်းခြုံသွားရာ ဆိပ်ကမ်းများရှိ သာမန်လူအများစုမှာ သူတို့နေအိမ်များထဲတွင်သာ ခပ်ကုပ်ကုပ်လေးနေကြတော့သည်။
အပြင်မှာ ရှိနေကြသည့်လူများသည်လည်း ဂိုဏ်းသားများ သွားလာနိုင်စေရန် လမ်းတစ်ဖက်သို့ ရှောင်ပေးလိုက်ကြသည်။
အဝေးမှကြည့်ပါက လူအားလုံး၏ စိတ်ထဲ မြည်ဟည်းသွားစေသော သြဇာအာဏာဖြင့် ပြည့်ဝသောအသံကြီးက ဝံပုလွေဘုရင်တစ်ပါး၏ ဆွဲဆွဲငင်ငင်အူသံအလား မရေမတွက်နိုင်သော ဝံပုလွေများကို သွေးဆာနေသည့်အမူအရာများဖြင့် အတူစုဝေးသွားစေဟန်တူသည်။
ရွှီချင်းက မှော်လှေပေါ်မှ ခုန်ချလိုက်သည်။ သူက နောက်လှည့်မကြည့်ဘဲ ညာလက်ကို နောက်သို့ ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် မှော်လှေက အနက်ရောင်ဝင်းလက်သွားပြီး ကျုံ့သွားကာ အလင်းတန်းတစ်တန်းအသွင်ဖြင့် ရွှီချင်း၏ သိုလှောင်အိတ်ထဲရှိ မှော်ပုလင်းထဲသို့ ဝင်ရောက်သွားသည်။
သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ခြေလှမ်းသုံးဆယ်ကျော်သို့ ရောက်သွားသည်။ သူက ခြေချလိုက်ပြီးနောက် နောက်တစ်လှမ်း ထပ်လှမ်းလိုက်သည်။
သူက မပျံပါသော်လည်း သူ့အမြန်နှုန်းက ကြောက်ခမန်းလိလိပင်။ ဆိပ်ကမ်းမှ သူ အလျင်အမြန် ထွက်လာကာ လမ်းကြားများထဲ ခြေချ၍ မြန်သည်ထက် မြန်ဆန်စွာ ရွေ့လျားသွားနေသည်။
သူ၏နားများထဲ တရွှီရွှီမြည်သံတစ်သံ လွင့်ပျံလာသည်။ ယင်းမှာ ပျံသန်းစေနိုင်သော အဆောင်ကို စီး၍ သွားနေသည့် ဂိုဏ်းသားတစ်ယောက်ဖြစ်သည်။ သူ့ပတ်လည်တွင်လည်း ပြေးနေသည့် ဂိုဏ်းသားများစွာ ရှိသည်။ လူဆိုးထိန်းဌာနကို သူ ဖြတ်ကျော်လာသောအခါ ခေါင်းဆောင်ကိုပင် သူ မြင်လိုက်ရသည်။
ခေါင်းဆောင်က သူ့ကို ပြုံးပြလိုက်ပြီး ပန်းသီးတစ်လုံး ပစ်ပေးလိုက်သည်။ အနီးသို့ ရောက်သည်နှင့် ခေါင်းဆောင်က ခပ်တိုးတိုး ပြောလိုက်၏။
“ မျက်နှာသေကြီးနဲ့ နေဖို့တော့ မလိုပါဘူးကွ။ ငါတို့ပစ်မှတ်က ဘယ်မျိုးနွယ်ပဲဖြစ်ဖြစ် ငါတို့ရည်ရွယ်ချက်က ချမ်းသာဖို့ပဲ။ တကယ့်ကိစ္စကြီးတွေကိုတော့ တောင်ပေါ်ကလူတွေ ဖြေရှင်းလိမ့်မယ် ”
ခေါင်းဆောင်က ရွှီချင်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
ရွှီချင်းက ခေါင်းညိတ်ပြလိုက်ပြီး ခေါင်းဆောင်နှင့်အတူ တတ်နိုင်သမျှ မြန်ဆန်စွာ ပြေးသွားသည်။
ထိုသို့ဖြင့် ပြိုင်ပွဲတွင် ပါဝင်ကြမည့် သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသား လေးထောင်၊ ငါးထောင်ခန့်က အလယ်ဗဟိုရှိ ယဇ်ပလ္လင်သို့ အမြန်နှုန်းကိုယ်စီဖြင့် တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။
အဝေးမှနေ၍ အလယ်ဗဟိုရှိ ယဇ်ပလ္လင်၌ စက်ဝိုင်းပုံစံ ဧရာမမန္တန်အစီအရင်ကြီးကို ရွှီချင်း မြင်နေရသည်။
ထိုမန္တန်အစီအရင်ကြီးကို အရွယ်အစားအမျိုးမျိုးရှိသော ကမ္ပည်းစာအမြောက်အမြားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကမ္ပည်းစာတိုင်းက ခရမ်းရောင်ဝင်းလက်နေပေရာ မန္တန်အစီအရင်အလင်းတန်းတစ်ခုလုံးက စူးရှတောက်ပလွန်း၍ ကောင်းကင်ကြီးနှင့် ချိတ်ဆက်နိုင်သည့်အလားပင်။
ယင်းသည် ပေတစ်ထောင်မြင့်ပြီး ဧရာမကျောက်ပြားကြီးတစ်ချပ်ကို ထောင်ထားသည့်အလားပင်။
အနီးကပ်စစ်ဆေးကြည့်ပါက ကွင်းအလွှာများထဲတွင် ကမ္ပည်းစာများ သိပ်သည်းထူထပ်စွာ ရှိနေသည်ကို မြင်ရပေမည်။ ထိုကွင်းအလွှာများ လှည့်ပတ်လိုက်သည့်အခါတိုင်း မြေပြင်အက်ကွဲသွားစေနိုင်သည့် အရှိန်အဝါတစ်ခု လွင့်ပျံလာသည်။
သူ အနီးရောက်လာသည်နှင့် အရှိန်အဝါက ပို၍ ပြင်းထန်လာသည်ကို သတိထားမိလိုက်ပြီး သူ့မျက်လုံးများ မှေးသွားကာ သူ့အရှိန်သည်လည်း လျော့သွားသည်။
အလယ်ဗဟိုရှိ ယဇ်ပလ္လင်သို့ သူ ရောက်သောအခါ လူနှစ်ရာကျော် ရောက်နေပြီဖြစ်သည်။
ရောက်လာကြသည့်လူအားလုံးသည်လည်း အနီးသို့ ရောက်သည်နှင့် အရှိန်လျော့သွားကြပြီး ဘေးပတ်လည်တွင် ရပ်၍ စောင့်လိုက်ကြသည်။ သူတို့အချင်းချင်းကြားတွင် ပင်ကိုယ်စရိုက်များ ကွာခြားကြပြီး လူသတ်စိတ်သည်သာ သူတို့အားလုံး၏ အရှိန်အဝါများကို ချိတ်ဆက်ပေးလိုက်လေရာ ကောင်းကင်ယံရှိ တိမ်မည်းများကို ပို၍ ထူထပ်သိပ်သည်းသွားစေသည်။
တိမ်မည်းများထဲတွင် နဂါးကြီးတစ်ကောင်ကဲ့သို့ အံ့သြဖွယ်အရိပ်တစ်ခုလည်း ရှိနေပြီး လူးလွန့်သွားလာနေပေရာ မိုးခြိမ်းသံများနှင့်အတူ လျှပ်စီးများ တဖျပ်ဖျပ်လက်နေတော့သည်။
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တခြားလူများကဲ့သို့ တိတ်တဆိတ် စောင့်နေလိုက်သည်။ ဆယ့်ငါးမိနစ် ကုန်ဆုံးသွားသည်။ ပါဝင်ယှဉ်ပြိုင်ကြမည့် ဂိုဏ်းသားအားလုံး ရောက်ရှိလာကြပြီဖြစ်ပြီး တစ်ယောက်မှ စကားမပြောကြချေ။
နေရာအသီးသီးမှ အေးစက်စက်အကြည့်ပေါင်းများစွာသည်သာ ဧရာမမန္တန်အစီအရင်ကြီးပေါ် ရောက်နေသည်။
လည်ပတ်နေသော မန္တန်အစီအရင်ကြီးက ရုတ်တရက် ဂျိမ်းခနဲ မြည်ဟည်းသွားသည်။
ထိုအစီအရင်ကြီးထဲမှ ဖဲကြိုးကဲ့သို့ ခရမ်းရောင်ကြိုးတစ်ချောင်း ထွက်ပေါ်လာပြီး လေထဲသို့ ပျံတက်သွားကာ ကြိုးရှည်၏အဆုံးမှာ ဘုန်းခနဲ မြည်ဟည်းသွားပြီး လူရိပ်တစ်ရိပ်အသွင် ပြောင်းလဲသွားသည်။
ထိုလူရိပ်ထံမှနေ၍ အခြေတည်အဆင့်အရှိန်အဝါတစ်ခု လွင့်ပျံလာသည်။
ယင်းသည် အဆုံးသတ်မဟုတ်သေးချေ။ မကြာခင် မန္တန်အစီအရင်ကြီးထဲမှ ကြိုးရှည်များ အမြောက်အမြား ထွက်ပေါ်လာပြီး စုစုပေါင်းတစ်ရာသို့ ရောက်သွားသည်။
ကြိုးရှည်များ၏ အဆုံးတွင် ကျင့်ကြံသူများကို မြင်နိုင်သည်။ သူတို့အားလုံး အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
အခြေတည်အဆင့်ကျင့်ကြံသူတစ်ရာ ရောက်လာခြင်းသည် ဘေးပတ်ဝန်းကျင်ကို ပို၍ပင် မွန်းကြပ်သွားစေသည်။ အောက်ရှိ ဂိုဏ်းသားအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။
ရွှီချင်းသည်လည်း အတူတူပင်။ သူ့နှလုံးသားတစ်ခုလုံး တုန်ရီနေစဉ် မန္တန်အစီအရင်ထဲက ပို၍ ထူထပ်သိပ်သည်းသော ခရမ်းရောင်ကြိုးရှည် ( ၁၃ ) ချောင်းက နဂါးကြီးများအလား ဝေဟင်သို့ ပျံတက်လာသည်။
ခံ့ညားထည်ဝါသောအရှိန်အဝါနှင့်အတူ ဧရာမခရမ်းရောင်ကြိုးရှည်ကြီးများပေါ်တွင် နတ်ဘုရားကဲ့သို့ လူရိပ်ဆယ့်သုံးခု ပေါ်လာသည်။
ယင်းတွင် အမျိုးသားများသာမက အမျိုးသမီးများလည်း ပါဝင်ပြီး သူတို့အားလုံး၏ မျက်နှာများ မှုန်ဝါးနေသည်။
သူတို့ ရောက်ရှိလာခြင်းသည် ဘေးပတ်လည်ကို တုန်ဟီးသွားစေသည်။ ရွှီချင်း၏ အသက်ရှူသံများ မြန်ဆန်လာသည်။ ထိုလူများ၏ မျက်နှာများကို သူ ရှင်းရှင်း မမြင်ရသေးသော်လည်း တတိယမြောက်လူထံမှ အကြီးအကဲကျောက်၏ အရှိန်အဝါကို သူ အာရုံခံနိုင်သေးသည်။
“ အကြီးအကဲတို့ကို နှုတ်ဆက်ပါတယ် ”
ကောင်းကင်ယံမှ အခြေတည်အဆင့်ကျင့်ကြံသူတစ်ရာက တစ်ပြိုင်နက်တည်း ခေါင်းများငုံ့လိုက်ကြသည်။ သူတို့အသံများက လှိုင်းကြီးများအလား အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ တချိန်တည်းမှာပင် အခြေတည်အဆင့်ကျင့်ကြံသူများ၏ နှုတ်ခွန်းဆက်သခြင်း ခံလိုက်ရသော သတ္တမမြောက်တောင်ထိပ်မှ အကြီးအကဲဆယ့်သုံးယောက်သည် အခြေတည်အဆင့်ကျင့်ကြံသူများကို လျစ်လျူရှုကာ ပို၍ မြင့်မားသော ဝေဟင်သို့ ဦးညွှတ်လိုက်ကြသည်။
“ တောင်သခင်ကို ကြိုဆိုပါတယ် ”
သူတို့အသံများ ဟိန်းထွက်လာသည်နှင့် ကောင်းကင်ယံရှိ တိမ်များသည် မကြုံစဖူး လျှပ်စီးများ ဝင်းလက်လာ၏။ လေထဲတွင် ပြည့်နှက်နေခဲ့သော တိမ်မည်းများမှာ ချက်ချင်းပင် အပိုင်းပိုင်း ပြတ်ထွက်သွားကာ အထဲမှ ဧရာမအရိပ်ကြီးတစ်ရိပ် ပေါ်လာသည်။
ယင်းသည် ပေတစ်သောင်းရှည်လျားကာ တစ်ကိုယ်လုံး မည်းမှောင်နေသည့် ဧရာမနဂါးကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏ ရွှေရောင်ဝင်းလက်နေသော ဒေါင်လိုက်သူငယ်အိမ်တစ်စုံက မြင့်မြတ်သောအငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံတစ်ခုချင်းစီမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်အရှိန်အဝါက လောကကြီးကို အရောင်းအဆင်းကင်းမဲ့ကာ လေနှင့်တိမ်များကို လွင့်ပါးသွားစေသည်။
၎င်း၏ တောင်ပံတစ်ချက်ခတ်လိုက်ခြင်းသည် ဆူနာမီလှိုင်းများကို ဖန်းတီးနိုင်ပြီး ၎င်း၏ ဟိန်းသံက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေနိုင်သည့်အလားပင်။
၎င်း၏ ကျောပေါ်တွင် ထည်ဝါသောနန်းတော်များ အတန်းလိုက် ရှိနေသည်။
နန်းတော်များက ဆောက်ထားခြင်းမဟုတ်ဘဲ နဂါးနှင့် တစ်သားတည်း ဖြစ်နေသည့်အလား နဂါးပေါ်မှ ကြီးထွားလာဟန်တူသည်။
အမြင့်ဆုံးနန်းတော်ထဲရှိ အဆောင်တစ်ခုပေါ်တွင် လူရိပ်တစ်ရိပ် မတ်တတ်ရပ်နေသည်။
မြေပြင်နှင့် အလွန်ဝေးနေသည့်အတွက်ကြောင့် ထိုလူရိပ်ကို ရွှီချင်း ကောင်းစွာ မမြင်ရပေ။ သို့သော်လည်း ထိုလူရိပ်ထံမှ လူအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ကြောက်မက်ဖွယ်ဖိအားတစ်ရပ် ထွက်ပေါ်နေသည်ကို သူ အာရုံခံနိုင်သည်။
နှိုင်းယှဉ်ကြည့်ပါက အကြီးအကဲဆယ့်သုံးယောက်မှာ ကြီးကျယ်မြင့်မြတ်သည့်ဟန် ရှိမနေတော့ဘဲ ပေတစ်သောင်းရှည်သော နဂါးကြီးမှာလည်း ရို့ကျိုးသွားသည်။ ထိုအစွမ်းသည် ရွှီချင်း၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေပြီး နှိုင်းယှဉ်၍ပင် မရချေ။ သူ ခေါင်းသာ ငုံ့လိုက်သည်။
“ အဲဒါက တောင်သခင်ရဲ့ တောင်ပံကြီးကို အသွင်ပြောင်းထားတာ ”
ရွှီချင်း ခေါင်းငုံ့လိုက်သည့်အခိုက် ခေါင်းဆောင်၏အသံက သူ့ဘေးမှ ထွက်ပေါ်လာသည်။
“ ငါတို့မှော်လှေတွေကို လှေ၊ သင်္ဘော၊ စစ်သင်္ဘောနဲ့ ပင်လယ်ကူးသင်္ဘောဆိုပြီး လေးမျိုးခွဲထားတယ်။ ဒါပေမဲ့ အဲဒီအဆင့်လေးဆင့်အထက်မှာ ဒဏ္ဍာရီလာ တောင်ပံကြီးဆိုတဲ့အဆင့် ရှိသေးတယ် ”
ရွှီချင်း၏ ရင်ထဲ တုန်ရီသွားရပြီး မေးမြန်းရန်ပြင်လိုက်စဉ် အကြီးအကဲဆယ့်သုံးယောက်အနက် ပထမဆုံးတစ်ယောက်က ပြောလိုက်သည်။ သူ၏စကားသံက မိုးခြိမ်းသံအလား အဘက်ဘက်သို့ လွင့်ပျံသွားသည်။
“ သတ္တမမြောက်တောင်ထိပ်က ဂိုဏ်းသားတို့၊ ငါတို့မဟာမိတ် ရေသူမမျိုးနွယ်က သစ္စာဖောက်ခဲ့တယ်။ သူတို့က ငါတို့ချီရွှဲ့ထုံဂိုဏ်းရဲ့ ရန်သူတော် ပင်လယ်ရုပ်အလောင်းမျိုးနွယ်နဲ့ ကူးလူးဆက်ဆံနေခဲ့တယ်။ အဲဒီအတွက် တောင်ထိပ်ခုနစ်လုံးက တောင်သခင်ကြီးခုနစ်ပါးရဲ့ ဆုံးဖြတ်ချက်အရ သတ္တမမြောက်တောင်ထိပ်ရဲ့ ပြိုင်ပွဲကြီးကို ရေသူမမျိုးနွယ်ကျွန်းတွေဆီ ပြောင်းလိုက်ပြီ။ အပြစ်ဒဏ်က မျိုးတုံးသုတ်သင်တာပဲ ”
“ ရေသူမတစ်ကောင်ကို မင်း သတ်ရင် စွမ်းဆောင်မှုရမှတ်တစ်သောင်းရမယ်။ ရန်သူရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်ရင်မြင့်သလို စွမ်းဆောင်မှုရမှတ်တွေ ရမယ် ”
“ ပထမရတဲ့သူကို အဓိကဂိုဏ်းသားတစ်ယောက်ဖြစ်ခွင့် ချီးမြှင့်မယ်။ အဲဒီအတောအတွင်း သုံ့ပန်းပစ္စည်းတွေကို မင်းတို့ တင်ပြစရာမလိုဘဲ ယူနိုင်တယ် ”
“ သတ္တမမြောက်တောင်ထိပ်ရဲ့ ပြိုင်ပွဲကြီး စတင်ပြီ ”
သူ၏ အသံ ဟိန်းထွက်လာသည်နှင့် မန္တန်အစီအရင်က တဂျိမ်းဂျိမ်းမြည်ဟည်းလာသည်။ အထဲရှိ ကမ္ပည်းစာများက အလျင်အမြန် လည်ပတ်လာပြီး စက်ဝိုင်းပုံမန္တန်အစီအရင်က တောက်ပစွာ ဝင်းလက်လာသည်။
နဂါးကြီးက ကောင်းကင်ကို မော့ကြည့်၍ ဟိန်းဟောက်လိုက်ပြီး ပထမဆုံး ပြေးထွက်သွားကာ မန္တန်အစီအရင်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
၎င်း ဝင်ရောက်သွားပြီးနောက် မန္တန်အစီအရင်ကြီးတစ်ခုလုံး အဆပေါင်းများစွာ ပြန့်ကားလာပြီး အလယ်ဗဟိုရှိ ယဇ်ပလ္လင်ကိုသာမက ကောင်းကင်ကြီးတစ်ခုလုံးကိုပါ ဖုံးလွှမ်းသွားသည်။
လောကကြီး၏ အရောင်ပြောင်းလဲသွားပြီး မြေကွက်လပ်ပေါ်ရှိ သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားများ၊ အခြေတည်အဆင့်ကျင့်ကြံသူတစ်ရာကျော်နှင့် အကြီးအကဲဆယ့်သုံးယောက်ကို မန္တန်အစီအရင်အလင်းများက လွှမ်းခြုံသွားသည်။
လူအားလုံး ရုတ်တရက် ပျောက်ကွယ်သွား၏။
ထိုအချိန်၌ ရေသူမမျိုးနွယ်ပိုင်နက်ထဲတွင် အရာအားလုံး ပုံမှန်အတိုင်း ဖြစ်နေသည်။
ဗျူဟာအရကြည့်မည်ဆိုပါက ရေသူမမျိုးနွယ်ကျွန်းများ၏ တည်နေရာသည် နန်းဟွမ်ဒေသကြီးထက် ပို၍ ကောင်းမွန်သည်။ အမှန်စင်စစ် ကူးသန်းရောင်းဝယ်ရေးမှာလည်း အတူတူပင်။
၎င်းတို့သည် နန်းဟွမ်ဒေသကြီးနှင့် ဝမ်ကူးဒေသကြီးကြားတွင် တည်ရှိသည်။ ၎င်းတို့၏ အနောက်ဘက်က အနောက်ဘက်ကျောက်တန်းကျွန်းစုနှင့် ထိစပ်နေပြီး မြောက်ဘက်က အဆုံးမဲ့ပင်လယ်ထဲရှိ တားမြစ်နယ်မြေနှင့် ထိစပ်နေသည်။
ရေသူမမျိုးနွယ်၏ မြေမျက်နှာသွင်ပြင်တည်နေရာက သူတို့၏ စရိုက်ကို အတိုင်းအတာတစ်ခုအထိ ဆုံးဖြတ်ပေးသည်။
သူတို့က ပြောင်းလဲလွယ်ပြီး သစ္စာဖောက်ချင်သော စရိုက်ရှိသည်။ လူတစ်ယောက်က အစွမ်းထက်လာပါက သူတို့က ထိုလူကို တွေဝေတွန့်ဆုတ်မနေဘဲ ဝပ်တွားလိုက်သည်။ အရိုက်ခံရလျှင်လည်း ပြုံးပြုံးလေးဖြင့် နေတတ်သည်။ သို့သော်လည်း သူတို့က အခွင့်အရေး ရလာသည်နှင့် အစွယ်များကို ထုတ်၍ မဟာမိတ်နှောင်ကြိုးများကို ကိုက်ဖြတ်ကာ တွေဝေတွန့်ဆုတ်မနေဘဲ ဘက်ပြောင်းတတ်သည်။
ပြီးခဲ့သည့်နှစ်ပေါင်းများစွာကလည်း ထိုနည်းသာ ဖြစ်သည်။ သူတို့က ချီရွှဲ့ထုံဂိုဏ်းကို ရန်စခဲ့ပြီး ချီရွှဲ့ထုံဂိုဏ်း၏ ဖိနှိပ်ခြင်းအောက်တွင် သူတို့ ချက်ချင်း ဝပ်တွားသွားပြီး မဟာမိတ်များဖြစ်လာရန် ရွေးချယ်ခဲ့ကြသည်။
ယခု နှစ်ပေါင်းသုံးဆယ်ကြာလာပြီးနောက် ပင်လယ်ရုပ်အလောင်းမျိုးနွယ် အင်အားကြီးလာသည်ကို သူတို့ သတိထားမိလိုက်ပြီး ထိုမျိုးနွယ်နှင့် ပူးပေါင်းကာ ချီရွှဲ့ထုံဂိုဏ်းကို တန်ပြန်တိုက်ခိုက်ရန် ကြံရွယ်ခဲ့သည်။
ယင်းသည် ချီရွှဲ့ထုံဂိုဏ်း သည်းမခံနိုင်သောအရာဖြစ်သည်။
ရေသူမကျွန်းလေးကျွန်းအထက်ရှိ ကောင်းကင်ယံ ကြည်လင်နေပါသော်လည်း ရုတ်တရက် လေပြင်းများ တိုက်ခတ်ကာ မိုးကြိုးလျှပ်စီးများ ဝင်းလက်လာသည်။ တိမ်မည်းများ ရုတ်ခြည်း ပေါ်ထွက်လာပြီး ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားလေရာ အောက်ဘက်ရှိမြေပြင်တွင် အမှောင်ထုကြီးစိုးသွားပြီး ဖိအားများ သက်ရောက်လာ၏။
ပင်လယ်သည်လည်း အဆုံးမဲ့ဖိအားများဖြင့် တွန်းထုတ်ခံလိုက်ရသည့်အလား လှိုင်းထန်လာသည်။
တိမ်များထဲတွင် လျှပ်စီးများ တဖျပ်ဖျပ်လက်နေပြီး တဂျိမ်းဂျိမ်းမြည်ဟည်းနေသည်။ ထိုထူးဆန်းသော ဖြစ်ရပ်ကို ရေသူမမျိုးနွယ်ဝင်များ ချက်ချင်း သတိထားမိလိုက်သည်။
ယနေ့က ချီရွှဲ့ထုံဂိုဏ်း၏ ပြိုင်ပွဲနေ့ရက်ဖြစ်သည်ကို သူတို့လည်း သိထားကြသည်။ ချီရွှဲ့ထုံဂိုဏ်း၏ ပစ်မှတ်က မြောက်ဝိညာဉ်မျိုးနွယ်ဖြစ်ကြောင်း သူတို့ သိထားပါသော်လည်း သတိထားနေဆဲပင်။
သို့သော် သူတို့ မည်မျှသတိထားနေစေကာမူ ချီရွှဲ့ထုံဂိုဏ်း၏ စိတ်ဆန္ဒကြောင့် သူတို့ အခက်တွေ့သွားရစမြဲပင်။
မိုးခြိမ်းသံများနှင့်အတူ ရေသူမမျိုးနွယ်၏ ကောင်းကင်ယံတွင် ခရမ်းရောင်အလင်းတန်းတစ်တန်း ပေါ်လာသည်။ ထိုအလင်းက ပေါ်လာသည်နှင့် အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားသည်။
တခဏလေးအတွင်း ရေသူမကျွန်းလေးကျွန်းအပေါ်ရှိ ကောင်းကင်ကြီးမှာ ခရမ်းရောင်အလင်းပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။
မိုးမြေတုန်ဟီးသွားစေနိုင်သည့် နဂါးဟိန်းသံကြီး လွင့်ပျံလာပြီး ခရမ်းရောင်ပင်လယ်ထဲမှ နဂါးမည်းကြီးတစ်ကောင် ချက်ချင်း ထွက်ပေါ်လာသည်။
၎င်းက လောကတစ်ခွင် တုန်ရီသွားလောက်အောင် ဟိန်းဟောက်လိုက်ပြီး အနက်ရောင်ပုလဲတစ်လုံးကို ထွေးထုတ်လိုက်သည်။
ထိုပုလဲက အဝေးမှကြည့်လျှင် အလွန် သေးငယ်ဟန်ရှိပါသော်ငြား အမှန်စင်စစ် ပေရာချီ၍ ကြီးမားသည်။ ထိုပုလဲ ပေါ်လာသည်နှင့် လောကကြီး တုန်ဟီးသွားသည်။ ထိုပုလဲပတ်လည်တွင် မိုးကြိုးလျှပ်စီးများ မရေမတွက်နိုင်အောင် တဖျပ်ဖျပ်လက်နေပြီး ကြောက်မက်ဖွယ်ဖိအားတစ်ရပ်က ဟင်းလင်းပြင်ကို ဖြတ်၍ အောက်ရှိ ရေသူမကျွန်းလေးကျွန်းပေါ်သို့ ကျရောက်သွားသည်။
ဘာသာပြန်သူမှတ်စု။ လှေအမျိုးအစားခွဲခြားတာနဲ့ ပတ်သက်ပြီး အင်္ဂလိပ်ဘာသာပြန်တဲ့လူက အခန်း ( ၈၇ ) မှာ တစ်မျိုး ပြန်ခဲ့ပါတယ်။ အခုဒီအခန်းမှာတော့ တခြားစကားလုံးနဲ့ ပြန်ခဲ့ပါတယ်။ ဒီအခန်းက လှေအမျိုးအစားခွဲခြားထားတာက ပိုကောင်းလို့ ဒီလိုမျိုးပဲ ပြန်ပါတော့မယ်။