အခန်း ၃
Vol. 1 Ch. 3
အခန်း(၃) - ငါက ဖုန်းကျို
“မိန်းမပျက် “
ထိုလူသည် သူ၏ ရင်ဘတ်မှ သွေးများ တစိမ့်စိမ့် စီးကျလာသည်ကို ကြည့်လိုက်ပြီးနောက် သူ၏ စိတ်အတွင်း ဒေါသများဖြင့် ပြည့်နှက်သွားကာ ကြမ်းပြင်ပေါ်တွင် သတိမေ့ကာ လဲကျနေသော ဖုန်းချင်ကဲ၏ ဝမ်းဗိုက်အား ပြင်းထန်စွာ ကန်လျှက် အော်ဟစ် ပြောဆိုလိုက်သည်။
“ထစမ်း သေချင်ယောင်ဆောင်မနေနဲ့ “
သူသည် အော်ဟစ်လိုက်ရင်း သူမ၏ အကျီစများအား ဆွဲယူကာ သူမ၏ ပျော့ခွေကာ မေ့လဲနေသော ခန္ဓာကိုယ်အား မယူလျှက် အိပ်ယာပေါ်သို့ ပစ်တင်လိုက်သည်။
ဦးခေါင်းနှင့် ဝမ်းဗိုက်မှ ပြင်းထန်လှသော နာကျင်မှုကြောင့် မူလက သတိမေ့နေသော ဖုန်းချင်ကဲ၏ မျက်နှာထက်ဝယ် နာကျင်မှုကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏ စိတ်အတွင်း၌ ဆူညံ ကျယ်လောင်သော ငိုကြွေးသံ ကြားနေရသောကြောင့် သူမ၏ နာကျင်နေသော ဦးခေါင်းသည် ပို၍ ကိုက်ခဲလာစေခဲ့သည်။
“တိတ်စမ်း”
သူမသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် တပြိုင်နက် သူမ၏ မျက်လုံးအား ဖွင့်ကြည့်လိုက်ရာ သူမ၏ မျက်ခုံးများ ရှုံ့မဲ့သွားသည်။ သူမ မျက်လုံး မဖွင့်မှီ ထို ငိုကြွေးသံအား ကြားနေရဆဲ ဖြစ်ကာ သူမ၏ မျက်စိရှေ့တွင်လည်း အတွင်းခံ အဝတ်အစားများမှလွဲ၍ အကုန်လုံး ချွတ်ထားသော လူတစ်ယောက်သည် သူမအား တက်မက်သော အကြည့်ဖြင့် ကြည့်နေသည်အား တွေ့လိုက်ရသည်။
သူမ၏ အကြည့်သည် ရုပ်ဆိုးကာ အောက်တန်းကျသော ညစ်ပတ်သည့် ထိုလူ၏ ခန္ဓာကိုယ်အား ဖြတ်ကျော် ကြည့်လိုက် ပြီးနောက်တွင် သူမသည် ရှေးကျကာ တရုတ် ရိုးရာ အပြင်အဆင်များဖြင့် ပြင်ဆင်ထားသော အခန်းတစ်ခုအတွင်း ရှိနေသည်အား တွေ့လိုက်ရသည်။ သူမ၏ နှုတ်ခမ်းများသည် တင်းမာသွားသယောင် ဖြစ်သွားခဲ့သည်။
သူမ၏ စိတ်ထဲတွင် အော်ဟစ်ငိုကြွေးသံသည် သူမ၏ အော်သံကြောင့် တဖြေးဖြေး အသံတိုးသွားခဲ့ကာ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။
“ဒါဆို မင်းနောက်ဆုံးတော့ သေဟန်ဆောင်တာ အလုပ်မဖြစ်ဘူးဆိုတာ သဘောပေါက်သွားပြီပေါ့ ကောင်းကောင်း နေစမ်းပါ ပြီးတော့ မင်းသခင်နဲ့ လာကစားပေးစမ်း မဟုတ်ရင် မင်းသခင်က မင်းနာခံလာအောင် လုပ်ဖို့ နည်းလမ်း ပေါင်းစုံကို သိတယ်”
ထိုသူသည် ထိုကဲ့သို့ ပြောဆိုပြီး နောက်ဆုံးတွင် ဆာလောင်နေသော ဝံပုလွေ တစ်ကောင်က သူ့သားကောင်အား ခုန်အုပ်လိုက်သကဲ့သို့ သူသည် အိပ်ယာပေါ်တွင် ရှိသော ဖုန်းချင်ကဲအပေါ်သို့ ခုန်အုပ်လိုက်သည်။
“ရှင် သေလမ်း ရှာနေတာလား”
သူမ၏ မျက်နှာပေါ်တွင် အမြင်သေးခြင်းများ ဖြင့် ပြည့်နှက်နေခဲ့ကာ သူမသည် အော်ဟစ်လျှက် ဒူးအား မြှောက်လိုက်ကာ ထို လူယုတ်မာအား ပျံထွက်သွားအောင် လျှင်မြန်သော ကန်ချက်တစ်ချက်ဖြင့် ကန်ထည့်လိုက်သည်။
“ဝုန်း”
“အင့်”
ထို လူယုတ်မာသည် ကန်ချက်ဖြင့် တည့်တည့် ကန်ခံလိုက်ရကာ ခြေကားယားလက်ကားယားဖြင့် ဖားတစ်ကောင်ကဲ့သို့ လက် ခြေထောက်များ လေးဘက်ထောက်ကာ ကြမ်းပြင်ပေါ်သို့ မိတ်ဆက်သွားပြီး နာကျင်မှု ကြောင့် ညည်းညူနေခဲ့သည်။ သူသည် ပြန်သက်သာလာအောင် ကြိုးစားလိုက်ပြီး လျှင်မြန်စွာ မတ်တပ် ရပ်လာခဲ့ကာ ကုတင် အစွန်းတွင် ထိုင်နေသော ကောင်မလေးအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူသည် လက်သီးအား ကျစ်ကျစ်ဆုပ်လိုက်ကာ လက်သီး တစ်လုံး ပစ်သွင်းလျှက် ပြောလိုက်သည်။
“မင်း ယုတ်ညံ့တဲ့ မိန်းမပျက်မ နင်က ငါ့ကို ကန်ရဲတယ်ပေါ့ ငါ နင့်ကို သတ်ပစ်မယ်”
သို့သော် သူသည် အားကုန် ထိုးချလိုက်သော လက်သီးအား ထိုကောင်မလေးသည် မည်သို့ မည်ပုံ လုပ်လိုက်သည်ကို မသိရပဲ သူ၏ လက်သီးအား ဖမ်းဆုပ်လိုက်သည်အား မြင်သော် လုံးဝ ထိတ်လန့်သွားကာ ကြက်သေသေသွားခဲ့ ပြီးနောက် သူမသည် သူ၏ လက်အား နောက်သို့ ဆွဲလိမ်လိုက်လေသည်။ လေထဲတွင် အရိုးကျိုးသံ ထင်ရှား ပြတ်သားစွာ ပေါ်ထွက်လာခဲ့သည်.။ ထို့နောက် ပြင်းထန်လှသော နာကျင်မှု ဝေဒနာအား ခံစားလိုက်ရကာ သူ၏ စိတ် လွတ်ထွက်သွားမတတ် အော်ဟစ်လိုက်သည်။ ဖြူဖျော့သော လက်တစ်စုံသည် ရုတ်ရက် သူ၏ လည်ပင်းအနား ပေါ်ထွက်လာကာ လည်ပင်းအား ဆုပ်ကိုင်လိုက်ပြီးနောက် ကြွပ်ဆပ်သော အက်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ ခေါင်းသည် တစ်ဖက်သို့ စောင်းကျသွားကာ သူ၏ မျက်လုံးများ ပြူးထွက်လျှက် ပျော့ပြောင်းသော အရုပ်တစ်ရုပ်ကဲ့သို့ မြေပြင်ပေါ်သို့ ခွေကျသွားခဲ့သည်. သေဆုံးထိတိုင် သူ၏ ပါးစပ်မှ အသံ တစ်သံမှ ထွက်ပေါ်မလာခဲ့တော့ပေ။
အခန်းထဲတွင် တစ်ခဏမျှ တိတ်ဆိတ် သွားပြီးကာ အချိန်များ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။ အပ် ကျလျှင်တောင် ကြားနိုင်လောက်သည် အထိ တိတ်ဆိတ် သွားခဲ့သည်။ ထိုအချိန်တွင် ကုတင်ပေါ်တွင် ထိုင်နေသော မိန်းကလေးသည် သူမ၏ သွယ်လျကာ ဖြူဖွေးသော လက်ချောင်းများအား ဆန့်တန်းကာ ကြည့်လိုက်သည်။ မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူမသည် ကောက်ကျစ်စဉ်းလဲသော အပြုံးလေး တစ်ခု သူမ၏ နှုတ်ခမ်းပေါ်တွင် ပေါ်လာခဲ့သည်။ သို့သော် သူမ၏ ထို အန္တရာယ် ရှိသည့်အပြုံးနှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော မျက်နှာ နှစ်ခုအား ပေါင်းစပ်လိုက်သောအခါ မည်သို့ပင် ကြည့်ကြည့် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့သည်။
အခုလေးတင် သေဆုံးသွားသော လူကြီးသည် အခန်းထဲတွင် မည်သည့်အသံမျိုးဖြစ်ဖြစ် ထွက်လာသည်ဖြစ်စေ ဝင်မလာရဟု အမိန့်ပေးခဲ့ဟန်တူသည်။ မည်သူမှ ဝင်မလာခဲ့ပေ။ ထို့ကြောင့် အခန်း အပြင်ဘက်တွင် ရပ်စောင့်နေသော အစောင့် နှစ်ယောက်သည် အစောပိုင်းမှ ပြိုကျကွဲသံများ ကြားရချိန်တွင် ထိုလူကြီးမှ ကောင်မလေးအား နှိပ်စက်နေသည်ဟု တွေးနေကြသောကြောင့် ထိုအသံများအတွက် စိတ်အနှောင့်အယှက် အဖြစ်မခံတော့ပေ။
ထို ငယ်ရွယ်သော ကောင်မလေးသည် အိပ်ယာပေါ်မှ ထကာ ကြေးနီရောင် မှန် ရှေ့သို့ လမ်းလျှောက်သွားကာ ထိုင်ချလိုက်သည်။ သူမသည် စက်ဆုပ်စရာကောင်းလှသော မျက်နှာသည် ကြေးမုံပေါ်တွင် ပုံရိပ်ထင်နေခဲ့ကာ သူမ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ သူမ၏ လက်ချောင်းများသည် မှန်တင်ခုံကို ခပ်သာသာ ခေါက်လိုက်ပြီးနောက်တွင် တိုးလျသော အဿ့တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ပြော မင်း ဘယ်သူလဲ”
သူမသည် မှန်အား ကြည့်ကာ စကားပြောလိုက်သည်မှာ သူမကိုယ်သူမ ပြောနေသလို ဖြစ်နေခဲ့သည်။ သို့သော် သူမ၏ မေးခွန်း မေးသံ ပြီးဆုံးသွားပြီးနောက်တွင် ရှိုက်ငိုနေသော အသံတစ်သံသည် သူမ၏ စိတ်အတွင်း ပေါ်ထွက်လာခဲ့သည်။
“ကျွန်မက ဖုန်းချင်ကဲပါ ပြီးတော့ ရှင်က ဘယ်သူလဲ”
“ဖုန်းကျို့ “
သူမသည် ပါးစပ်ဖွင့်ကာ ထပ်မံ ဆက်ပြောလိုက်သည်။
“ငါ ထင်တာ မင်းက အစောထဲက သေသွားသင့်ပြီ ထင်တာပဲ ဘာကြောင့် မင်းရဲ့ အသိစိတ် အပိုင်းအစ တစ်ခုက ငါ့ စိတ်ထဲမှာ ကျန်နေခဲ့ရတာလဲ “
“ကျွန်မရဲ့ ကံကြမ္မာကို လက်ခံဖို့ ငြင်းချင်တယ် စုရူယွမ်အပေါ်ထားတဲ့ ကျွန်မရဲ့ အမုန်းတရားတွေက ခုချိန်ထိ တောက်လောင်နေဆဲပဲ စုရူယွမ်က ကျွန်မကို ခုလို သနားစရာကောင်းတဲ့ အခြေအနေထိ ရောက်အောင် တွန်းပို့ခဲ့တာ ...........”
ထိုရှိုက်ငိုနေသော အသံသည် သူမ၏ စိတ်ထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေသည့်ပုံစံ ဖြင့် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ဖုန်းကျို့သည် တိတ်ဆိတ်စွာ မည်သည်ကိုမှ မပြောပဲ ထိုအားနည်းနေသော အသံကိုသာ နားထောင်နေခဲ့သည်။ ထိုငိုရှိုက်သံတွင် ခါးသီးကာ မကျေနပ်သော ခံစားချက်များ အမုန်းတရားများနှင့် ပြည့်နှက်နေခဲ့ကာ စိတ်ခံစားချက်များသည် သူမ၏ စိတ်အတွင်းမှ ဖြတ်ကျော်ကာ သူမ နှလုံးသားစီသို့ တိုးဝင်လာခဲ့သည်။ သူမသည်လည်း သူမနှင့် မသက်ဆိုင်သော ထို ပြင်းထန်လှသော မခံမရပ်နိုင်သည့် ဒေါသ အမုန်းတရားများ ကို ခံစားလိုက်ရသည်။