အခန်း ၅
Vol. 1 Ch. 5
အခန်း (၅) - လည်ပင်းပေါ်မှ ဓားသွား
(ပေါ်သွားပြီ ပြေးတော့)
ထိုအရာသည် သူမ၏ ပထမဆုံး ပင်ကိုသိစိတ်အရ ချက်ချင်း ထွကပေါက်သို့ ပြေးထွက်လိုက်သည်။ သို့သော် သူမ၏ မျက်လုံးရှေ့တွင် အေးစက်သော အလင်းရောင်တစ်ခု လက်သွားခဲ့ကာ ကြောက်မက်ဖွယ် ကောင်းသော သွေးဆာ ရက်စက်မှု တစ်ခုသည် သူမထံသို့ အရှိန်ဖြင့် ဝင်ရောက်လာနေခဲ့သည်။ ထို အေးစက်သော အလင်းရောင်သည် သူမနှင့် နီးကပ်လာသောအခါ သူမသည် မည်သည်ကိုမျှ မစဉ်းစားနိုင်ပဲ ခေါင်းငုံကာ ရှောင်တိမ်းလိုက်သည်။
“ရွှီး”
“အာ့….”
အရှိန်ပြင်းသော ဓားသွားမှ လာသော အေးစက်သော လေသည် သူမ၏ ခေါင်းပေါ်မှ ဖြတ်သန်းသွားခဲ့သည်။ သူမ၏ နားများတွင် ထိတ်လန့်တကြား ပင့်သက်ရှိုက်သံများနှင့် ကြောက်လန့်တကြား အော်ဟစ်နေသော အသံများ ကြားလိုက်ရသည်။ လူတိုင်းသည် သွေးရူးသွေးတန်းဖြင့် ကြောက်လန့်တကြား တိုးဝှေ့နေခဲ့ပြီး ဖုန်းကျို့သည် သူမ၏ ဘေးပတ်ပတ်လည်တွင် ကြီးမားလှသော နေရာလပ်တစ်ခု ရှိကာ ရှင်းလင်းနေကြောင်း တွေ့လိုက်ရသည်။ သူမသည် ခေါင်းမော့ ကြည့်လိုက်သည်။ သူမသည် အလယ်တွင် ရှိနေခဲ့ကာ သူမ၏ ပတ်ပတ်လည်တွင် ရှိနေသော သူများသည် လည်ပင်းများ ဖြတ်တောက်ခံလိုက်ရကာ အားလုံး သေဆုံးသွားသည်ကို တွေ့လိုက်ရသည်။
(ငါ ရှောင်လိုက်မိတာ ကံကောင်းသွားတယ်)
သူမသည် သည်တစ်ကြိမ် ဘုရားသခင်အား ကျေးဇူးတင်လိုက်ကာ ခြေဖျားထောက်လျှက် ထွက်ပြေးရန် ပြင်လိုက်စဉ် အနက်ရောင် ဘွတ်ဖိနပ် တစ်စုံသည် သူမ၏ ရှေ့တွင် ရပ်တန့်သွားခဲ့သည်။ သူမအား ကြည့်နေသော မျက်ဝန်းတစ်စုံသည် ခဏတာ မှောင်မိုက်သွားခဲ့ကာ သူမသည် သတိထားကာ ခေါင်းအား မော့ကြည့်လိုက်ချိန်တွင် သူမ၏ ခန္ဓာကိုယ်သည် တုန်ယင်နေခဲ့သည်။
“ဝူး...”
သူမ၏ ရှေ့တွင် ရပ်နေသောသူသည် အမဲရောင်ဝတ်စုံအား ဝတ်ဆင်ထားခဲ့သည်။ သူ၏ မျက်နှာအား အနက်ရောင် ပုဝါတစ်ထည်ဖြင် ဖုံးအုပ်ထားခဲ့သည်။ သို့သော် သူ၏ မျက်လုံး တစ်စုံသည် လူများ၏ နှလုံးသားထဲသို့ ကြောက်မက် ထိတ်လန့်ဖွယ်ရာများ ပေးစွမ်းနိုင်သော ရက်စက် ခက်ထန်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုသူသည် သူ၏ လက်တွင် ဓားတစ်ချောင်း ကိုင်ဆောင်ထားခဲ့ကာ ဓားဦးသည် မြေပြင်ပေါ်သို့ စိုက်ထားကာ ဓားတစ်လျှောက် လတ်ဆတ် နီရဲသော သွေးများသည် မြေပြင်ပေါ်သို့ တစ်စက်ချင်း ကျနေခဲ့သောကြောင့် မြေပြင်ပေါ်တွင် အနီရောင် ဇီးပန်းသီးများ ကြဲထားသကဲ့သို့ ဖြစ်နေခဲ့သည်။
တမင်လုပ်သည်လား မသိသော်လည်း သူမ၏ ခန္ဓာကိုယ်သည် တုန်ရီနေခဲ့ကာ ပခုံးပေါ်တွင် လွှမ်းခြုံထားသော ဇာပိတ်စသည် မြေပြင်ပေါ်သို့ လျှောကျသွားခဲ့ကာ သူမ၏ ဖြူဖွေးသော ပခုံးသားများနှင့် ဖျော့တော့ကာ နူးညံ့လှသော အသားအရည် ပေါ်ထွက်လာခဲ့သည်။ သူမ၏ မျက်နှာအား ဖုံးကွယ်ထားသော်လည်း သူမ၏ မျက်ဝန်းများတွင် မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့ကာ သူမ၏ သွယ်လျှကာ တုန်ရီနေသော ပုံစံဖြင့် လိုက်ဖက်နေခဲ့ကာ သူမသည် အလွန် အကူညီမဲ့ကာ သနားချင့်စဖွယ် ဖြစ်နေခဲ့သည်။
ထို အမဲရောင်ဝတ်စုံဖြင့် သူသည် လွယ်လွယ်ကူကူ ဖျားယောင်းရန် မဖြစ်နိုင်သောသူ တစ်ဦး ဖြစ်ကြောင်း ထင်ရှားသည်။ သူ၏ ရက်စက် ကြမ်းတမ်းသော မျက်ဝန်းတစ်စုံသည် နှင်းကဲ့သို့ ဖြူဖွေးကာ ချောမွေ့သော အသားအရည်အား မြင်သော် အနည်းငယ်ခန့် တုန်လှုပ်သွားခဲ့ကာ တစ်စုံတစ်ခုအား ရှာဖွေနေသည့် ပုံစံဖြင့် နံရံနှင့် ဆန့်ကျင်ဘက်သို့ လျှင်မြန်စွာ ဆုတ်ခွာသွားသော လူအုပ်စု ထံသို့ သူ၏ အကြည့်အား ပြောင်းလိုက်လေသည်။ ထို့နောက် သူ၏ လက်ထဲတွင် ကိုင်ထားသော ဓားအား ရုတ်တရက် လှုပ်ရှားလိုက်ပြီး သူ၏ လမ်းအား ပိတ်နေသော သူအား ရှင်းထုတ်ရန် ပြင်ဆင်လိုက်သည်။
ထို လူသတ်သမား၏ သတ်ဖြတ်လိုစိတ်သည် လေထုထဲတွင် ပြင်းထန်လာခဲ့ကာ ဖုန်းကျို့သည် ရုတ်တရက် ထိတ်ထိတ်ပြာပြာဖြင့် အော်ဟစ်ငိုကြွေးလိုက်ကာ ပြောလိုက်သည်။
“ဝူး........ ကျွန်မကို မသတ်ပါနဲ့"
သို့သော် တစ်ချိန်တည်းတွင် သူမ မတ်တပ်ရပ်လိုက်ကာ သူမ၏ လက်သည် ပေါင်ပေါ်မှ ဝေ့ယမ်းသွားကာ အေးစက်စက် အလင်းရောင် တောက်ပနေသော ဓားမြှောင်တစ်ချောင်းသည် ရုတ်တရက် အသံထက်ပင် မြန်သော လှုပ်ရှားမှုဖြင့် ထို လူသတ်သမား၏ ဓားကိုင်ထားသော လက်မောင်းဆီသို့ ဦးတည်သွားခဲ့သည်။
“ရွှတ်”
“ကလန်”
သူသည် သူ၏ ရှေ့မှ မိန်းကလေးထံမှ သတ်ဖြတ်လိုစိတ်အား မခံစားမိသောကြောင့် သတိထားမှုအား လျော့ချလိုက်မိသည်။ ထို့အပြင် သူတို့ နှစ်ဦးသည် အလွန် နီးကပ်နေလျှက် ရှိကာ သူ၏ သတိပေါ့မှုကြောင့် လက်မောင်းအား ထိသွားခဲ့ရာ သွေးမြောက်မြားစွာ စီးကျလာခဲ့သည်။ သူ၏ လက်မောင်း တုန်းရီသွားခဲ့ကာ လက်ထဲမှ ဓားအား ဆုပ်ကိုင်နိုင်ခြင်း မရှိတော့ပဲ မြေပြင်ပေါ်သို့ လွတ်ကျသွားသည်။ ထိုသို့ ဖြစ်သွားချိန်တွင် ပုံမှန် တုံ့ပြန်မှု အနေဖြင့် ချက်ချင်း ခြေကန်ချက် တစ်ချက် ပစ်သွင်းလိုက်သည်။
ထိုကန်ချက်တါင် လေပြင်းများ ပါဝင်နေခဲ့ကာ သူ၏ အတွင်းအား ဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ကျင့်ကြံသူများပင်လျှင် သူ၏ ခြေကန်ချက်ဖြင့် ဖိနှိပ်ခံရလျှင် အသက်ရှင်ရန် ခက်ခဲလှပေမည်။ သို့သော် သူ၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်စွာ ထိုမိန်းကလေး၏ ရင်ဘတ် တည့်တည့်အား ကန်ထည့်လိုက်သော်လည်း ထိုကောင်မလေးသည် ထူးဆန်းသော လှုပ်ရှားမှုဖြင့် သူ၏ ကန်ချက်အား ရှောင်တိမ်းသွားခဲ့သည်။ ခဏတာ စိတ်ရှုပ်ထွေးသွားချိန်တွင် ထိုကောင်မလေးသည် သူ့ထံသို့ ခုန်ဝင်လာသည့် အပြင် ဓားမြှောင်ဖြင့် သူ၏ ရင်ဘတ်ဆီသို့ ချိန်ရွယ်လာခဲ့သည်ကို မြင်လိုက်ရသည်။ သူသည် အလိုအလျောက် သူ၏ လက်အား ဆန့်ထုတ်ကာ ထိုတိုက်ခိုက်မှုအား ကာကွယ်ရန် လုပ်လိုက်သည်။ သို့သော် ထိုသို့ ခုန်ဝင်လာမှုသည် အယောင်ပြ တိုက်ခိုက်မှု တစ်ခု သာ ဖြစ်နေခဲ့သည်။ ဓားမြှောင်အား ထိုးလိုက်ဟန် ပြပြီးနောက် သူမသည် ခြေထောက်အား လျှင်မြန်စွာဖြင့် ထိုလူ၏ ပေါင်နှစ်ဖက်ကြားသို့ ကန်ထုတ်လိုက်သည်။
“အု.....”
ထိုပြင်းထန်လှသာ နာကျင်မှုကြောင့် ထိုလူသည် နာကျင်စွာ ညည်းညူလိုက်သည်. သူ၏ ခြေထောင်နှစ်ဖက်သည် အလိုအလျောက် ပူးကပ်သွားခဲ့ကာ တစ်ဝက် မြင်းထိုင် ပုံစံ ဖြစ်သွားစေသည်။ ယခုအချိန်သည် သူမ အတွက် အကောင်းဆုံး အခွင့်ရေး ရသော အချိန် ဖြစ်သောကြောင့် သူမသည် လက်ထဲမှ ဓားမြှောင်အား ပြောင်းပြန်လှန်လျှက် မြဲမြံစွာ ဆုပ်ကိုင်ကာ ထိုသူ၏ လည်ပင်းအား လှီးချလိုက်လေတော့သည်။ ဓားသွားသည် လည်ပင်းအား ဖြတ်တောက်သွားခဲ့သည်။ တစ်ချက်တည်းဖြင့် အသေသတ်လိုက်ခြင်း ဖြစ်သည်။
ထိုလူ သေဆုံးသွားသည့်တိုင်အောင် အနက်ရောင် ပိတ်စအား စည်းနှောင်ထားသော ထိုလူ၏ မျက်လုံးများသည် ပြူးကျယ်နေခဲ့ကာ နာကျည်းမှု ခါးသီးမှု နှင့် ဒေါသ အမုန်းတရားများ ဖြင့် ပြည့်နေလျှက် ကောင်မလေး တစ်ယောက်၏ လက်အောက်တွင် သေဆုံးသွားရသည်ကို လက်မခံနိုင်သကဲ့သို့ ဖြစ်နေခဲ့သည်။
နောက်သို့ ဆုတ်သွားကြသော လူအုပ်ကြီးသည်လည်း သူတို့၏ မျက်စိရှေ့ မြင်နေရသော မြင်ကွင်းအား မယုံကြည်နိုင်သလို အံ့အား သင့်လျှက် ထိတ်လန့်စွာ ကြည့်နေခဲ့ကြသည်။ လွန်ခဲ့သော အချိန်ခဏကမှ သနားချင့်စဖွယ် အော်ဟစ် ငိုကြွေးနေသော အားနည်းကာ နူးညံ့လှသော် မိန်းကလေးသည် ရုတ်တရက် သေမင်း နတ်ဘုရားကဲ့သို့ ပြောင်းလဲသွားခဲ့ကာသွေးအေးရက်စက်သော တိုက်ခိုက်မှုများအား လွယ်ကူချောမွေ့စွာ အချက်ကျကျဖြင့် အနက်ရောင် အဝတ်စ စည်းနှောင်ထားသော လူအား လျှင်မြန်သော လှုပ်ရှားမှုဖြင့် တိုက်ခိုက်ကာ ချက်ချင်း အသေသတ်လိုက်သည်ကို သူတို့ မယုံကြည်နိုင်ခဲ့ကြပေ။ သူတိူ့ အသိပြန်မဝင်ခင်မှာပင် ထိုကောင်မလေးသည် နောက်သို့ တစ်ချက်မှ ပြန်မကြည့်ပဲ ညအမှောင်ထဲသို့ လျှင်မြန်စွာ တိုးဝင်ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။