အခန်း ၁၂
Vol. 1 Ch. 12
အခန်း (၁၂) - ဦးလေးကြီး၏ ပထမဆုံး အနမ်း
သူ၏ မျက်လုံးဖြင့် ထိုမြင်ကွင်းအား မြင်လိုက်ရချိန်တွင် သူ၏ မျက်ခုံးများ မြှားသဏ္ဍာန် ဖြောင့်တန်းနေသည့် မျက်ခုံးများသည် တွန့်ချိုးသွားခဲ့ကာ ထိုအကြောင်းအရာအား နက်နက်နဲနဲ တွေးတောနေခဲ့သည်။ ခဏမျှ ကြာပြီးနောက်တွင် သူစောင့်ကြည့်နေချိန် အတွင်း သူတောင်းစားလေး နိုးထလာမည့် လက္ခဏာ မပြသေးသည့်အတွက် သူ၏ စွမ်းအားများအား ထုတ်သုံးကာ သစ်ပင်ပေါ်မှ ခုန်ဆင်းလျှက် ထိုနေရာသို့ လမ်းလျှောက်သွားလိုက်သည်။
“သေသွားပြီလား”
သူသည် ခြေတစ်ဖက် ထုတ်ကာ မလှုပ်မယှက် ဖြစ်နေသည့် ပုံရိပ်လေးအား တွန်းကြည့်လိုက်သည်။ မည်သည့် တုန့်ပြန်မှုမှ မရှိသည်ကို တွေ့သောအခါ သူသည် သူတောင်းစားလေး အသက်ရှုနေသေးလား စစ်ဆေးရန် ထိုင်ချလိုက်သည်။ သူ ထိုင်ချကာ ကိုယ်ကို နိမ့်ချလိုက်ချိန်တွင် လှုပ်ရှားမှု မရှိခဲ့သည့် ပုံရိပ်လေးသည် ရုတ်တရက် ခုန်ထလာခဲ့ကာ သူ့အား ခုန်အုပ်လိမ့်မည်ဟု မည်သူထင်လိမ့်မည်နည်း။ ကြိုတင် မမျှော်လင့်ထားသည့် အခြေနေမျိုးတွင် သူသည် လုံးဝ သတိလွတ်သွားခဲ့ကာ မြေပြင်ပေါ်သို့ တွန်းလှဲခံလိုက်ရတော့သည်။
“ဦးလေး ဟီး ဟီး ဟီး ..... အမ်....”
ဖုန်းကျို့သည် ခွက်ထိုးခွက်လန် ရီမောနေချိန် ရုတ်တရက် ရပ်တန့်လိုက်ပြီး သူမ၏ မျက်နှာသည် အေးခဲသွားခဲ့သည်။ သူမသည် မြေပြင်ပေါ်တွင် လဲကျကာ အံ့အားသင့်နေသည့် ဦးလေးကြီးအား ကြည့်လိုက်ပြီးနောက် သူမ၏ မျက်လုံးများသည် သူမ၏ ရင်ဘတ်ပေါ်တွင် ရှိနေသည့် ညစ်ပတ်နေသည့် လက်တစ်စုံအား ကြည့်လိုက်မိသည်။ သူမ တစ်ကိုယ်လုံး အေးခဲ တောင့်တင်းသွားကာ ထိုခဏတွင် သူမ အံ့အားသင့်သွားခဲ့သည်။
(ဘာ....ဘာလဲဟ ငါ အခု အစော်ကားခံလိုက်ရတာလား)
သူ၏ လက်အောက်မှ နူးညံ့သော အသားစိုင်များ၏ အထိအတွေ့ကြောင့် လင်းမိုဟန်၏ စိတ်များ ဗလာဖြစ်သွားခဲ့သည်။ သူ၏ မျက်လုံးများတွင် အကြွင်းမဲ့ စိတ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်သွားခဲ့ကာ သူ၏ ဘဝတွင် ပထမဆုံး အကြိမ်အဖြစ် စကား အထစ်ထစ် အငေါ့ငေါ ပြောလိုက်သည်။
“မင်း.... မင်းက မိန်းကလေး “
ထိုသို့ပြောလိုက် ပြီးနောက်တွင် သူသည် သူ၏ လက်အား ထိုနေရာမှ အလျှင်အမြန် ဖယ်ရှားလိုက်သည်။ သို့သော် ရုတ်တရက် ဖယ်ရှားလိုက်သည့်အတွက် စိတ်အတွင်း ဗလာဖြစ်နေသည့် ဖုန်းကျို့သည် သတိပြန်မဝင်သေးခင် သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် အထိန်းအကွပ်မဲ့သွားခဲ့သည်။ ဖုန်းကျို့၏ ခန္ဓာကိုယ်သည် ထောက်ပံ့ပေးမည့် အထောက်ပံ့ မရှိတော့သည့်အတွက် ရှေ့သို့ ကျဆင်းသွားခဲ့ကာ အဆိုးဆုံး အခြေအနေသို့ ရောက်ရှိသွားခဲ့ကာ သူမ၏ နှုတ်ခမ်းများသည် ထူထဲသည့် မုတ်ဆိတ်မွှေးများ ရှိသည့် နှုတ်ခမ်း တစ်စုံပေါ်သို့ တည့်တည့်ကျကာ နှုတ်ခမ်းနှစ်ခု ကပ်မိသွားခဲ့သည်။
“မွ”
နှုတ်ခမ်း နှစ်ခု အရှိန်နှင့် ထိခိုက်မိသည့် နာကျင်မှုကြောင့် သူတို့ နှစ်ဦးသည် နှုတ်ခမ်းများ ပူးကပ်နေသည့် ကြားမှပင် ညည်းညူလိုက်ကြသည်။
ဤ အကြိမ်တွင် လင်းမိုဟန်သည် တောင့်တင်းသွားသူ ဖြစ်ကာ သူ၏ မျက်လုံးများသည် ပြူးကျယ်လျှက် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ ထို့နောင် တစ်စုံတစ်ခုကြောင့် ကြောက်မက်ဖွယ် တုန်လှုပ်သွားခဲ့ကာ သူ၏ မျက်လုံးများသည် လည်သွားကာ သတိလစ်မေ့မြောသွားတော့သည်။
ဦးလေးကြီး မေ့မြောသွားသည်အား မြင်သော် ဖုန်းကျို့၏ အမူအရာသည် မဲမှောင်သွားခဲ့သည်။သူမသည် ထရပ်လိုက်ကာ ထူထဲကြမ်းတမ်းသော မုတ်ဆိတ်မွှေးများ၏ စူးရှမှုများကြောင့် နာကျင်နေသည့် သူမ၏ မျက်နှာအား ပွတ်သပ်လိုက်ကာ တံတွေး တစ်ပြစ်ပြစ် ထွေးထုတ်ရင်း ရွံရှာသကဲ့သို့ သူမ၏ ပါးစပ်အား သုတ်ပစ်လိုက်သည်။
“ထွီ ထွီ ထွီ ရှင့်လို နွားအိုကြီးက ဖြူစင် အပြစ်ကင်းတဲ့ မိန်းမငယ်လေး တစ်ယောက်ကို ကိုင်လိုက်တာကိုတောင် ကျွန်မက မကျေနပ်တာကို မပြောရသေးဘူး ခင်ဗျားကများ ကျွန်မရှေ့မှာ မေ့လဲရဲသေးတယ်လား”
သူမ၏ ညစ်ပတ်နေသည့် မျက်နှာအား ပွတ်သပ်လိုက်ကာ သတိမေ့နေသည့် ဦးလေးကြီးအား ကြည့်လျှက် ရုတ်တရက် စကားမပြောနိုင် ဖြစ်သွားခဲ့သည်။ သူမသည် အဆိပ်အတွက် လိုအပ်သည့် ဆေးပင်များအား ကြိတ်ချေပြီးကာ ရောနှောပြီးနောက်တွင် မျိုချရန် ကြိုးစားလိုက်သည်။ သို့သော် ဆေးအာနိသင်သည် ပြင်းလွန်းသည့်အတွက် ခန္ဓာကိုယ် အတွင်းမှ သွေးမည်းများ အန်ထုတ်လိုက်မိသည်။ ထိုအခြေအနေအား အခွင့်ကောင်း ယူကာ အရိပ်အတွင်း ပုန်းအောင်းနေသူမှာ မည်သူဖြစ်သည်ကို စစ်ဆေးနိုင်ရန် အတွက် ဖော်ထုတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူမသည် ထိုဦးလေး၏ အသံအား ကြားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သည့်အတွက် သူမသည် ထိုဦးလေးကြီးအား စနောက်ချင်ခဲ့မိသည်။
သို့သော် သူမသည်သာ အခွင့်ရေး ယူခံလိုက်ရကာ စော်ကားလိုက်သည့် သူမှာမူ တုန်လှုပ်ကာ သတိမေ့သွားကာ ထိုသို့ အဆုံးသတ်သွားလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ သူမသည် ခြေချိတ်လျှက် ဘေးတွင် ထိုင်ချလိုက်ကာ ထို ဦးလေးကြီး မနိုးလာခင် အခွင့်ကောင်းယူကာ လေ့လာကြည့်ရှုနေလိုက်သည်။ ဤသို့ဖြင့် ထိုလူသည် အမှန်တကယ် ကြည့်ကောင်းကြောင်း တွေ့ရှိသွားခဲ့သည်။
သူ၏ မျက်နှာ တစ်ဝက်အား ထူထဲသည့် မုတ်ဆိတ်များဖြင့် ဖုံးအုပ်ထားခဲ့သော်လည်း သူ၏ ဖြောင့်တန်းသော မျက်ခုံးများ မြင့်မားသွယ်တန်းနေသည့် နှာတံနှင့် သန်မာ ထင်ရှားသည့် မေးရိုး အပြင် မုတ်ဆိတ်မွှေးများ အောက်တွင် ပုန်းကွယ်နေသည့် ဆွဲဆောင်မှုရှိသည့် နှုတ်ခမ်းပါးတစ်စုံ က ယောကျ်ား ပီသမှုအား တစ်နည်းနည်းဖြင့် ပေါ်လွင်စေခဲ့သည်။
သူမ၏ မျက်လုံးများတွင် သဘောကျဟန်များဖြင့် ပြည့်နှက်နေခဲ့ကာ ထို့နောက် သူမ၏ အကြည့်များအား ဖြည်းညှင်းစွာ သန်မာထွားကျိုင်းသည့် ခန္ဓာကိုယ် ရှည်လျားကာ ကြွက်သားများ ပြည့်နှက်နေသည့် ခြေတံများပေါ်သို့ ရောက်ရှိသွားခဲ့ကာ သူမသည် ခေါင်းညိတ်လျှက် တစ်ယောက်ထဲ တွေးတောနေခဲ့သည်။
(အင်းဟင်း ဒီလို ခန္ဓာကိုယ်မျိုးက အဝတ်အစား ဝတ်ထားရင်တောင် ကြည့်ကောင်းပြီး စတိုင်လ်ကျတဲ့ အမျိုးအစားထဲမှာပါတယ် ဒါပေမဲ့ အဝတ်မဝတ်ထားရင် ပိုပြီး ယောက်ျားပီသမှု အပြည့်ရှိတဲ့ အမျိုးအစားပဲ စစ်ဆေးစရာတောင် မလိုလောက်ဘူး သူ့မှာ ဝမ်းဗိုက်ကြွက်သားတွေ အပြည့်ပဲ နေမှာ)
သူမ၏ လက်သည် ထို ဝမ်းဗိုက်ကြွက်သားများထံသို့ အလိုလို ရောက်သွားချိန်တွင် အေးစက်ကာ ခက်ထန်သည့် အသံသည် သူမ၏ နားအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
“မင်း ဘာလုပ်နေတာလဲ”
လင်းမိုဟန်သည် သူ၏ မျက်ခုံးများ မြင့်တက်သွားခဲ့ကာ သူမနှင့် အကွာအဝေး တစ်ခု မခြားမှီ အလျင်အမြန် မတ်တပ်ရပ်လိုက်သည်။ သူ နိုးလာသည့် အချိန်တွင် သူမ၏ မျက်လုံးများသည် သူ၏ ခန္ဓာကိုယ်အား စူးစိုက်ကြည့်နေသည်အား ရုတ်တရက် တွေ့လိုက်ရသည်။ သို့သော်လည်း သူမ၏ မျက်လုံးများတွင် သဘောကျ လေးစားမှုများသာ ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့ပေသိ မိန်းကလေး တစ်ဦးသည် ယောကျာ်းလေး တစ်ဦးအား ထိုသို့ စူးစိုက်ကြည့်ရှုနေခြင်းသည် အမှန်တကယ် သင့်လျော်ပါ၏လော။
သူမ၏ ညစ်ပတ်နေသည့် လက်များသည် ထိုအသံအား ကြားလိုက်ရချိန်တွင် ထိတွေ့ရန် ချက်ချင်း ရပ်တန့်သွားခဲ့ကာ သဘာဝကျကျ နေရန် ကြိုးစားရင်း သူမ၏ လက်များအား ခေါင်းပေါ်သို့ ရွှေ့ကာ ကုတ်ခြဟ်လိုက်ရင်း ရှက်ကိုးရှက်ကန်းဖြင့် ရီမောကာ ပြောဆိုလိုက်သည်။
“ဦးလေး ကျွန်မ ဘာမှ မလုပ်ပါဘူး”
(တောက် နာလိုက်တာကွာ ဘာလို့ ဒီလောက် မြန်မြန် နိုးလာရတာလဲ ငါက ဒီ ဝမ်းဗိုက်ကြွက်သားတွေကို ထိကြည့်ရုံလေး ထိချင်တာကို )