အခန်း ၁၆
Vol. 2 Ch. 16
အခန်း (၁၆)
ထို အခိုက်အတန့်တွင် မိန်းမငယ်လေးသည် ကြက်သေသေသွားခဲ့ကာ သူမ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်ပေါက်နေခဲ့သည်။ သူတောင်းစားလေးသည် သူမထံမှ ဓားမြှောင်အား လုယူသွားကာ သူမကိုယ်တိုင် သူတောင်းစားလေးထံတွင် ဖမ်းချုပ်ခံလိုက်ရသည် ဆိုသည့်အချက်အား လက်မခံနိုင် ဖြစ်နေခဲ့သည်။ သူမ ပိုမို ထိတ်လန့်သွားသည့် အချက်မှာ ထို သူတောင်းစားလေးသည် လူများ၏ မျက်စိရှေ့မှောက်တွင် သူမအား အသားယူရဲ့လောက်အောင် ရဲတင်းလွန်းနေခြင်း ဖြစ်သည်။
“ကျွန်တော့်တူမလေးက အလိုလိုက်ခံထားရတော့ တစ်စွတ်ထိုးလုပ်ပြီး ဆိုးချင်သလို ဆိုးနေခဲ့တာ အကယ်လို့ သူက သခင်လေးကို စော်ကားမိတာ ရှိရင် ခွင့်လွတ်ပေးဖို့ ကျွန်တော် အနူးညွတ်တောင်းပန်ပါတယ်”
ထူးကဲလွန်းသော် သြဇာညောင်းသည့် အသံနက်ကြီး ထွက်လာသည့်အတွက် ဖုန်းကျို့သည် မော့ကြည့်လိုက်ကာ သူမ၏ မျက်လုံးများ မှေးကျဉ်းသွားခဲ့သည်။ သဘာဝအတိုင်း ထိုစကားပြောသော သူသည် သက်လတ်ပိုင်း အမျိုးသားကြီး ဖြစ်သည်။ သူသည် ခြိမ်းခြောက်ဟန် ပြောဆိုလိုက်သည် မဟုတ်ပဲ တောင်းပန်သည့်ဟန်ဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သူ၏ စိတ်အတွင်း ဖြစ်ပေါ်နေသည့် ဒေါသများအား မြိုသိပ်ကာ မကျေနပ်သော်လည်း ဟန်အမူအရာ မပျက်ပဲ တည်ငြိမ်စွာဖြင့် ပြောဆိုနိုင်သည်မှာ အမှန်တကယ် အံ့အားသင့်ဖွယ်ကောင်းလှပေသည်။
“ဒါဆို အလိုလိုက်ခံရလို့ တစ်စွတ်ထိုး ဆိုးသွမ်းနေတာဆိုတိုင်း တခြားသူရဲ့ အသက်ကို ထင်သလို သတ်ဖြတ်လို့ ရတယ်ဆိုတဲ့ အဓိပ္ပာယ်များလား အကယ်လို့ ကျွန်တော်သာ အရှောင်မမြန်ခဲ့ရင် ခန့်မှန်းကြည့်ရအောင် အခုလောက်ဆို ကျွန်တော် ယမမင်းဆီကို သတင်းသွားပို့နေရလောက်ပြီ “
သူမသည် ထို သက်လတ်ပိုင်းလူကြီးအား အေးစက်စွာ စိုက်ကြည့်လိုက်ကာ မဲ့ပြုံးပြုံးလိုက်သည်။
“ကိုယ့်ကို လာကြောတာကို မတုန့်ပြန်ရင် ရိုင်းရာကျသွားလိမ့်မယ် တကယ်တော့ ကျွန်တော် ဒီမိန်းမလှလေးကို ပြန်ပေးဆပ်စေချင်တာ”
သူမစကားပြောနေရင်း လက်ထဲမှ ဓားမြှောင်အား ထို မိန်းမငယ်လေး၏ လည်ပင်းပေါ်သို့ အနည်းငယ် ဖိချလိုက်ရာ ဖြူဝင်းနေသည့် လည်တိုင်ပေါ်တွင် သွေးစက်လေးတစ်စက် စီးကျသွားခဲ့သည်။
“အား”
ထို မိန်းမငယ်လေးသည် ရုတ်တရက် ဖြစ်ပေါ်လာသည့် နာကျင်မှုကြောင့် တွေဝေနေရာမှ သတိပြန်ဝင်လာခဲ့သည်။ ဓားမြှောင်၏ ဓားသွားသည် သူမ၏ လည်ပင်းအား ဖိထားသည့်အတွက် သူမ၏ ခန္ဓာကိုယ်အား တောင့်ထားလိုက်ကာ အနည်းငယ်မျှပင် မလှုပ်ရှားရဲပေ။ သူမ၏ မျက်နှာတွင် ကြောက်ရွံ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့ကာ
“နင် နင် မဆင်မခြင် မလုပ်နဲ့”
“အိုး တကယ် တောင်းပန်ပါတယ် မင်း စောစောက ပစ်လိုက်တဲ့ မြှားကြောင့် ကျွန်တော် လန့်သွားပြီးတော့ လက်တွေတုန်နေတုန်းပဲ အဲ့ကြောင့် ကျွန်တော် ခင်ဗျားကို သွေးထွက်အောင် လုပ်မိသွားခဲ့ပြီ “
ထိုမြင်ကွင်းအား မြင်လိုက်ချိန်တွင် သက်လတ်ပိုင်း လူကြီး၏ မျက်နှာသည် မဲမှောင်သွားခဲ့သည်။ သူ၏ အစောပိုင်းက တည်ငြိမ်လှသည့် မျက်နှာထားသည် ပျောက်ကွယ်သွားခဲ့ကာ ဖုန်းကျို့အား အေးစက်စွာ စိုက်ကြည့်လိုက်ပြီးနောက် အသံနက်နက်ဖြင့် မေးလိုက်သည်။
“မင်း တကယ်လိုချင်တာ ဘာလဲ”
ထိုစကားအား ကြားချိန်တွင် ဖုန်းကျို့၏ မျက်လုံးတွင် အပြုံးရိပ်များ ပေါ်လာခဲ့သည်။
“ကျွန်တော်က မဖြစ်မနေ တောင်းဆိုနေတာတော့ မဟုတ်ပါဘူး ဒါပေမဲ့ ကျွန်တော့် စိတ်တွေ ငြိမ်သွားအောင်လို့ ရွှေတို့ ငွေတို့လို တောက်ပတဲ့ အရာလေးတွေများ ရှိမလားလို့ တွေးနေရုံပါ ဒါဆို ကျွန်တော့် လက်တွေ ငြိမ်ချင်လည်း ငြိမ်သွားမှာပေါ့”
သက်လတ်ပိုင်း လူကြီးသည် ထိုစကားအား ကြားလိုက်ချိန်တွင် သူ၏ မျက်နှာ အတန်ငယ် ပြေလျော့သွားခဲ့ကာ ဘေးနားမှ လူငယ်လေးအား အချက်ပြလိုက်သည်။ ထို လူငယ်လေးသည် ခေါင်းငြိမ့်လိုက်ကာ ရှေ့သို့ တိုးလာကာ သူ၏ ခါးတွင် ရှိသည့် သေးငယ်သည့် အိတ်လေးမှ ရွှေချောင်း နှစ်ချောင်းအား ထုတ်ယူလိုက်သည်။
“သခင်လေး စိတ်လှုပ်ရှားတာ သက်သာဖို့ အတွက် ကျွန်တော်တို့ ဒီရွှေချောင်း နှစ်ချောင်း ပေးလိုက်ရင်ကော အဆင်ပြေမလား”
ထိုအချိန်တွင် ဖုန်းကျို့၏ မျက်လုံးများသည် ထိုလူငယ်လေး၏ ပေါ်လွင်မှု သိပ်မရှိသော အိတ်ကလေးထံသို့ တိတ်တဆိတ် ဝေ့ကြည့်မိလိုက်သည်။ သူမ၏ ခေါင်းထဲမှာ မှတ်ဉာဏ်များအရ ထိုအိတ်ငယ်လေးသည် ပစ္စည်း အများအပြား ထည့်သွင်းနိုင်သည့် သိုလှောင် အိတ်ငယ် တစ်လုံး ဖြစ်ကာ စျေးကွက်တွင် တန်ဖိုးဖြတ်မရနိုင်သည့် အဖိုးတန် ပစ္စည်း တစ်ခု ဖြစ်ပေသည်။ ဤသည်အား ကြည့်ခြင်းဖြင့် ဤလူအုပ်စုသည် သာမာန် နောက်ခံရှိသည့် သူများ မဟုတ်ကြချေ။
သူမသည် ထိုသူ၏ လက်အတွင်းမှ ရွှေချောင်းများကို လှမ်းကြည့်လိုက်ပြီးနောက် သရော်ပြုံးပြုံးလိုက်သည်။
“ခင်ဗျားတို့က သူတောင်းစားကို နှင်သလို နှင်ထုတ်ချင်တာလား အဲ့ရွှေ နှစ်ချောင်းလောက်နဲ့ ဒီသခင်လေးကို စိတ်ငြိမ်သွားဖို့ မျှော်လင့်နေတာလား”
လူငယ်လေး၏ မျက်နှာသည်တင်းမာသွားခဲ့ကာ သူ၏ ရှေ့မှ ညစ်ပတ်ပေရေနေသော သူတောင်းစားလေးအား ကြည့်လျှက် သူ၏ စိတ်အတွင်းမှ တွေးလိုက်မိသည်။
(မင်းက တကယ်ကော သူတောင်းစား မဟုတ်ဘူးလား)
သူ၏ စိတ်အတွင်း အထင်အမြင်သေးမှုများဖြင့် ပြည့်နေသော်လည်း သူ၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ မပေါ်လွင်စေပဲ နောက်ထပ် ရွှေချောင်း ၄ချောင်း ထပ်မံ ထုတ်ယူလိုက်ကာ ပြောလိုက်သည်။
“ဒီလောက်ဆို လုံလောက်ပြီလား”
လင်းမိုဟန်သည် ထို ရွှေချောင်းများအား တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် တိတ်ဆိတ်စွာဖြင့် အကြည့်လွှဲလိုက်လေသည်။ ရွှေနှင့် ငွေများသည် မော်တယ်လောက၏ သာမာန် ရုပ်ဝတ္တု ပစ္စည်းများကိုသာလျှင် ဝယ်ယူနိုင်ပေလိမ့်မည်။ ကျင့်ကြံခြင်းအတွက် လိုအပ်သည့် ပစ္စည်းများကိုမူ ဝယ်ယူနိုင်ရန် အတွက် ခရစ်တစယ် ငွေကြေးများ လိုအပ်ပေသည်။
ထိုတန်ဖိုးကြီးမားလှသည့် ခရစ်တစယ် ငွေကြေးများဖြင့် နှိုင်းယှဉ်လျှင် ရွှေချောင်းများသည် တန်ဖိုးနည်းကာ မှေးမှိန်သွားလေသည်။ သို့သော် ဤ သူတောင်းစားလေးသည် ပါးစပ်ဟလိုက်သည်နှင့် ရွှေနှင့် ငွေများသာ တောင်းဆိုခဲ့ကာ တခြားသော မည်သည့် အရာကိုမှ မတောင်းဆိုခဲ့ပေ။ အမှန်တကယ် ရိုးအ လွန်းပေသည်။
ဖုန်းကျို့သည် သူများတွေ မည်သို့ တွေးနေမည်အား ဂရုမစိုက်ချေ။ သူမသည် ရွှေချောင်းများအား ကြည့်လိုက်ကာ မျက်လုံးများ ပင့်လျှက် ပြောလိုက်သည်။
“ဒီကိစ္စ ပြီးရင် ငါတို့ ရှင်းပြီနော် ငါ သူ့ကို လွှတ်ပေးလိုက်ရင် မင်းတို့ ငါ့နောက်က မလိုက်လာရဘူး”
“သေချာတာပေါ့”
သက်လတ်ပိုင်း လူကြီးသည် အသံနက်နက်ကြီး ဖြင့် သဘောတူကြောင်း ပြောလိုက်သည်။
“မင်းလေးကော ဘယ်လိုသဘောရလဲ”
သူမသည် မိန်းမငယ်လေး၏ မျက်နှာနားသို့ ကပ်ကာ ပြုံးရွှင်သွာဖြင့် မေးမြန်းလိုက်သည်။