အခန်း ၁၉
Vol. 2 Ch. 19
အခန်း (၁၉) - သတ်ဖြတ်ခြင်းအသိများ သိပ်သည်းနေခြင်း
"ကယ်ကြပါဦးဗျို့"
မလှမ်းမကမ်းရှိ သစ်ပင်များကြားတွင် ပုန်းအောင်းနေကြသည့် လူ ဆယ်ယောက်ကျော်တို့သည် ဖုန်းကျို့ ပြေးလာနေသော လမ်းကြောင်းနှင့် သူမ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသည့် သားရဲကောင် ၇ ကောင် ၈ ကောင်ခန့်အား မြင်လိုက်ရသောအခါ မျက်နှာများ ပျက်သွားခဲ့ကြတော့သည်။
"တောက်"
လေးနှင့်မြား ကိုင်ဆောင်ထားသော လူငယ်လေးသည် တိုးတိုးတိတ်တိတ် ကျိန်ဆဲလိုက်မိတော့သည်။ အရှေ့မှ အနက်ရောင် ဝတ်စုံနှင့် လူမှာ နေရာရွှေ့သွားပြီ ဖြစ်သည့်အတွက် သူ၏ လက်ထဲမှ လေးနှင့်မြားမှာ ပစ်မှတ် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် သူတို့ ရှိရာဘက်သို့ သားရဲကောင်များ ဦးတည်၍ ပြေးဝင်လာသည်ကို မြင်လိုက်ရသဖြင့် လုပ်ကြံ သတ်ဖြတ်ရန် အတွက် အခွင့်အရေး ဆုံးရှုံးသွားပြီမှန်း နားလည် လိုက်လေသည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် ပစ်မှတ် ပြောင်းကာ ရှေ့မှ ပြေးလာနေသည့် သူတောင်းစားလေးအား ချိန်ရွယ်၍ မြားဖြင့် ပစ်ခတ်လိုက်လေသည်။
"တိုက်ခိုက်ဖို့ ပြင်ထားကြ"
လူလတ်ပိုင်းအရွယ် အမျိုးသားသည် လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ဖိအားများ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ခါးကြားမှ ဓားကို ဆွဲထုတ်လိုက်သည်။
ထိုလူငယ်မှ သူမအား မြားဖြင့် ပစ်ခတ်လိုက်သည်အား မြင်သောအခါ ဖုန်းကျို့၏ နှုတ်ခမ်းစွန်းများ ကွေးညွတ်သွားခဲ့ကာ ထူးဆန်းပြီး နားလည်ရခက်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
'ပထမအကြိမ်တော့ ခွင့်လွှတ်ပေးလို့ရပေမယ့် ဒုတိယအကြိမ်တော့ ဘယ်ရမလဲ ငါ့အသက်ကို အကြိမ်ကြိမ် သတ်ချင်နေတဲ့ သူတွေကို ငါက ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး'
ထို့ပြင် သူမ၏ လက်များ သည်လည်း ယားယံနေခဲ့ပြီ ဖြစ်သည်။ သူမ၏ တိုက်ခိုက်ရေး စွမ်းရည်အဆင့်အား စမ်းသပ်ရန်အတွက် ဤလူအုပ်စုအား အသုံးချရပေတော့မည်။
ဆုံးဖြတ်ချက်ချပြီးသည်နှင့် သူမ၏ ခန္ဓာကိုယ်သည် သတ်ဖြတ်ခြင်း အရှိန်အဝါ များ ဖုံးလွှမ်းသွားတော့သည်။ စူးရှထက်မြက်သော ထိုအရှိန်အဝါသည် အရှိန်အဝါကြီးမားလှသော အငွေ့အသက်မျိုး ဖြစ်နေခဲ့လေသည်။
သူမ၏ စူးရှသော အကြည့်နှင့် ခန္ဓာကိုယ်မှ ဖြာထွက်လာသော အရှိန်အဝါ ပြောင်းလဲ သွားရုံမျှဖြင့်ပင် တစ်ဖက်ရှိ ခေါင်းဆောင်ဖြစ်သူ လူလတ်ပိုင်းအရွယ် အမျိုးသား၏ ရင်တွင်း၌ လှိုင်းတံပိုးများ ထန်သွားစေကာ ကြီးစွာသော တုန်လှုပ်ချောက်ခြားမှုကို ဖြစ်ပေါ်လာစေသည်။
၎င်းသည် လောကအတွေ့အကြုံ ရင့်ကျက်သူ ဖြစ်သည့်အားလျော်စွာ ယခုမြင်တွေ့နေရသည့် သူတောင်းစားလေသည် ယခင်နှင့်မတူ လုံးဝ ကွဲပြားခြားနားသွားကာ အခြားသူ တစ်ယောက် အဖြစ် ပြောင်းသွား သကဲ့သို့ ခံစား လိုက်ရလေတော့သည်။ ထို သူတောင်းစားလေး၏ လွှမ်းမိုး ထားသော အရှိန်အဝါ စူးရှထက်မြက်လှသည့် သတ်ဖြတ်ခြင်း အသိများနှင့် ယုံကြည်မှုအပြည့် ရှိနေသော ဟန်ပန်အမူအရာတို့မှာ သူ့ကိုပင် တုန်လှုပ်သွားစေခဲ့၏။
သို့သော် ထို သူတောင်းစားလေး သည် တစ်ကယ်တမ်း၌ ချီစွမ်းအား ရှိသူ မဟုတ်ချေ။ ထို့ကြောင့် အပေါ်ယံ အရှိန်အဝါ မည်မျှပင် ကောင်းမွန်နေသည် ဖြစ်စေ လက်တွေ့တိုက်ပွဲတွင်မူ မိမိအား အနိုင်ယူနိုင်မည် မဟုတ်ဟု ထိုသူမှ ယုံကြည် ထားလေသည်။
လင်းမိုဟန်၏ အကြည့်သည်လည်း ထို ကောင်မလေးပေါ်သို့ ကျရောက်နေခဲ့ကာ သူ၏ နက်ရှိုင်းလှသော အကြည့်များထဲ၌ အံ့အားသင့်ဟန်များ အထင်သားဖြစ်ပေါ်လာခဲ့သည်။
ထင်မှတ်ထားသည့်အတိုင်းပင် သူမသည် အပေါ်ယံ မြင်တွေ့ရသလောက် ရိုးရှင်းကာ ပျော့ညံ့သူ တစ်ယောက် မဟုတ်ချေ။ သေချာစွာ ပြန်လည် ဆင်ခြင်ကြည့်လျှင်လည်း ဤကောင်မလေးသည် သာမန်မဟုတ်ကြောင်း ထင်ရှားလှပေသည်။
သာမာန် မိန်းကလေး တစ်ယောက် အနေဖြင့် သားရဲကောင်များ ပြည့်နှက်နေသည့် ဤ ထောင်ခြောက်ကိုးသွယ် တောအုပ် အတွင်းသို့ တစ်ကိုယ်တည်း ဝင်ရောက်ရဲမည်လား။ သို့ငြားလည်း သူမ၌ ချီစွမ်းအင်မရှိရာ ထိုလူအုပ်စုအား ယှဉ်ပြိုင်နိုင်ပါ့မည်လားဟု သူ တွေးတောမိလိုက်၏။
မကြာမီမှာပင် သူသည် သူမကို လျော့တွက်မိကြောင်း သိရှိလိုက်ရလေသည်။ သူမသည် ဆန်းကြယ်သော ကိုယ်ဖော့ပညာ ကို အသုံးပြုလျက် သူမထံသို့ ပစ်ခတ်လိုက်သော မြားကို ရှောင်တိမ်းလိုက်လေ၏။ ထို့နောက် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော သားရဲကောင် ခုနစ်ကောင် ရှစ်ကောင်ခန့်ကို ထိုလူအုပ်စုရှိရာသို့ မျှားခေါ်သွားလိုက်လေသည်။
ခဏချင်းမှာပင် သူမသည် ခြေကိုဆောင့်ကန်၍ သစ်ကိုင်းတစ်ကိုင်းကို လက်ဖြင့်လှမ်းဆွဲကာ အရှိန်ယူလိုက်ပြီးနောက် လေးနှင့်မြား ကိုင်ဆောင်ထားသော လူငယ်ဆီသို့ ဦးတည်ကာ သစ်ပင်ထက်မှနေ၍ ခြေနှစ်ဖက်ဖြင့် ပစ်ကန်ပစ်လိုက်သည်။
"မြန်မြန် ရှောင်လိုက်"
လူလတ်ပိုင်း အမျိုးသားသည် ထိတ်လန့်တကြား အော်ဟစ် သတိပေးလိုက်တော့သည်။ သူသည် ရှေ့တိုးနောက် ထိုလူငယ်အား ဆွဲဖယ်ပေးချင်သော်လည်း သားရဲကောင်များသည် သူ့ထံသို့ ခုန်အုပ်လာကြပြီ ဖြစ်သဖြင့် ကိုယ့်ကိုယ်ကိုပင် မနည်း ကာကွယ်နေရသည် ဖြစ်ရာ အခြားသူအား ကူညီရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ကောင်မလေး၏ ခြေကန်ချက် ကျရောက်လာတော့မည်ကို မျက်လုံးအပြုးသားဖြင့် ကြည့်နေရုံသာ တတ်နိုင်သည်။
ကံကောင်းသည်မှာ လူငယ်သည် သတိပေးသံကြောင့် ရုတ်တရက် သတိဝင်လာခဲ့ကာ ခန္ဓာကိုယ်အား နောက်သို့ ဆုတ်လိုက်နိုင်လေသည်။ ထို့ကြောင့် ဖုန်းကျို့၏ ကြောက်မက်ဖွယ် ကောင်းသည့် ခေါင်းအား ဦးတည်လာသည့် ကန်ချက်မှ လွတ်ကင်းသွားတော့သည်။ သို့သော် ရှောင်တိမ်းမှု အနည်းငယ် နောက်ကျသွားသဖြင့် မျက်နှာကို အကန်ခံလိုက်ရပြီး ယိုင်ခနဲဖြစ်ကာ နောက်သို့ လွင့်စင်သွားသည်။
ထိုအချိန်တွင် သားရဲကောင်တစ်ကောင် ခုန်အုပ်လာသော်လည်း ဘေးနားမှ မိန်းကလေးမှ ဝင်ရောက် ကာကွယ်ပေးလိုက်လေသည်။
"အစ်ကို ဘာတွေ ငေးနေတာလဲ"
မိန်းကလေးသည် စိုးရိမ်တကြီး အော်ဟစ်လိုက်မိသည်။
လူငယ်သည် ထိုအခါမှ သတိပြန်ဝင်လာပြီး မျက်နှာပေါ်မှ ပူခနဲ နာကျင်မှုကြောင့် ဒေါသထွက်သွားကာ ရှက်စိတ်နှင့် ဒေါသစိတ်များ ရောထွေးသွားသည်။ သူသည် လက်ထဲမှ လေး ကို ပြန်သိမ်းလိုက်ပြီး ချီစွမ်းအားများအား စုစည်းကာ လက်သီးနှစ်ဖက်ဖြင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့သည်။
"ဘုန်း" ခနဲ ကျယ်လောင်သော အသံနှင့်အတူ ခုန်အုပ်လာသည့် သားရဲကောင် တစ်ကောင်မှာ လေပေါ်သို့ လွင့်စင်ထွက်သွားလေသည်။
"ဂါး"
"ဘုန်း"
သားရဲကောင်ကြီးမှာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီးနောက် မြေပြင်တစ်ခုလုံးပင် သိမ့်ခနဲတုန်သွား၏။
လူငယ်သည် လက်သီး တစ်ချက်တည်းဖြင့် သားရဲကောင်ကို တိုက်ခိုက်လိုက်သည်အား မြင်သောအခါ အစောင့် ဆယ်ယောက်ကျော်တို့သည် အားတက်သွားကြကာ မျက်လုံးများ အရောင်တောက်လာလျှက် အော်ဟစ်လိုက်ကြတော့သည်။
"သခင်လေး တကယ် စွမ်းတာပဲဟေ့"
စိတ်ဓာတ် တက်ကြွသွားမှုကြောင့် တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာကြကာ အစပိုင်းတွင် သားရဲကောင်များနှင့် ရုတ်တရက် ရင်ဆိုင်လိုက်ရ၍ ထိတ်လန့်နေမှုများ ပျောက်ကွယ်သွားတော့သည်။ မကြာမီအချိန်အတွင်းမှာပင် သူတို့သည် သားရဲကောင် ၇ ကောင် ၈ ကောင်လုံးကို တစ်ကောင်မကျန် ခုတ်ထစ် သတ်ဖြတ် လိုက်နိုင်ကြသည်။
မြေပြင်ပေါ်တွင် သားရဲကောင် အသေကောင်များ ပြန့်ကျဲနေခဲ့ကာ သွေးညှီနံ့များလည်း ပတ်ဝန်းကျင်အနှံ့ ပျံ့လွင့်နေခဲ့သည်။
အန္တရာယ်ကင်း သွားသောအခါမှ လူတိုင်း သတိထား မိလိုက်ကြသည်မှာ မလှမ်းမကမ်းတွင်လည်း သားရဲကောင် အသေကောင် ၇ကောင် ၈ ကောင်ခန့် လဲကျ၍ သေဆုံးနေသည်ကိုပင် ဖြစ်သည်။ ဤသည်မှာ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်တည်း ၏ လက်ချက်ဆိုသည်မှာ ထင်ရှားလှပေသည်။ သို့သော် အနက်ရောင်ဝတ်စုံနှင့် လူအပါအဝင် ကောင်မလေးနှင့် သူတို့၏ ဦးလေး ၂ ပါ ပျောက်ချင်းမလှ ပျောက်နေကြသည်။
"အစ်ကို ဦးလေး ၂ ရော"
မိန်းကလေးသည် ပတ်ဝန်းကျင်အား ဝေ့ဝဲ ရှာဖွေကြည့်သော်လည်း အရိပ်အယောင်မျှပင် မတွေ့ရပေ။
လူငယ်သည် ပါးစပ်ထောင့်စွန်းမှ စီးကျနေသည့် သွေးစအား လက်ဖြင့် သုတ်လိုက်ပြီးနောက် စူးရှသော အကြည့်ဖြင့် တစ်နေရာကို စိုက်ကြည့်လိုက်လေသည်။
သူသည် စကားတစ်ခွန်းမှ မပြောဘဲ မိန်းကလေးကို လေးပြန်ပေးကာ ဘယ်ဘက်ခြမ်းသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။ မိန်းကလေးနှင့် အစောင့်များလည်း သူ့နောက်မှ အလျင်အမြန် လိုက်သွားကြတော့သည်။
သစ်ပင်များ ထူထပ်သိပ်သည်းစွာ ပေါက်ရောက်နေသည့် တောအုပ်အတွင်း၌ သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ ရှေ့ရှိ ဖုန်းကျို့အား စူးရဲစွာ စိုက်ကြည့်လျှက် အေးစက်သော လေသံဖြင့် ပြောလိုက်လေသည်။
"မင်းက ငါ့ပြိုင်ဘက် မဟုတ်ပါဘူး အလကား သက်သက် တိုက်ခိုက်မနေနဲ့တော့"
"ဟုတ်လား"
ဖုန်းကျို့သည် နှုတ်ခမ်းထောင့်များ ကွေးညွတ်သည်ထိ ပြုံးလိုက်မိသည်။ ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ် ရွေ့လျားသွားပြီးနောက် စတင်၍ တိုက်ခိုက်လိုက်လေသည်။ သတ်ဖြတ်ခြင်းအသိများ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့တော့သည်။
လူလတ်ပိုင်း အမျိုးသားသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ ထို့နောက် စွမ်းအား များအား လက်ထဲရှိ ဓားဆီသို့ ပို့လွှတ်လိုက်ပြီးနောက် ပြန်လည် တိုက်ခိုက်လိုက်တော့သည်။
"ချွင်"
ဓားမြှောင် နှင့် ဓားရှည်တို့ ထိတွေ့သွားခဲ့ကာ သတ္တုချင်းရိုက်ခတ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ကာ မီးပွားများ လွင့်စင်ထွက်လာလေသည်။ လက်နက်ချင်း ထိတွေ့သွားသည့် ခဏမှာပင် နှစ်ဦးစလုံးသည် လက်နက်အား လှည့်ကာ ထပ်မံ၍ တိုက်ခိုက်လိုက်ကြပြန်သည်။
တိုက်ကွက် အနည်းငယ် အကြာတွင် အမျိုးသား၏ ဓားသည် ပြင်းထန်သော အရှိန်ဖြင့် ဖုန်းကျို့ထံသို့ ထိုးစိုက် ဝင်ရောက်လာခဲ့သည်။ ဓားချီ မှာ အလွန် ပြင်းထန်လှသဖြင့် သူမ ရှောင်တိမ်းနိုင်မည့်ပုံ မပေါ်ချေ။
မလှမ်းမကမ်းရှိ သစ်ပင်ပေါ်မှ ကြည့်နေသော လင်းမိုဟန်သည် ထိုမြင်ကွင်းအား မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော် ခဏအကြာ၌ ဖုန်းကျို့၏ တိုက်ခိုက်မှုအား မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းများ လှုပ်ရှားသွားပြီးနောက် အံ့ဩသင့် သွားရလေတော့သည်။