အခန်း ၂၀
Vol. 2 Ch. 20
အခန်း (၂၀) - အမာကိုအပျော့ဖြင့် အနိုင်ယူခြင်း
ထိုဓားချက်ကား သူမအနေဖြင့် ရှောင်တိမ်းနိုင်မည့် အနေအထား မဟုတ်တော့ချေ။ သို့ငြားလည်း ဓားထိပ်ဖျားသည် သူမ၏ ရင်ဝသို့ စိုက်ဝင်လုနီးပါး ဆဲဆဲကာလတွင် သူမသည် ကိုယ်ခန္ဓာအား ချက်ချင်းဆိုသလို နောက်သို့ လှန်ချလိုက်လေသည်။
သူမသည် ခါးဆစ်၏ ပျော့ပျောင်းမှုအား အသုံးပြုလျက် ကိုယ်ကို တစ်ပတ်လှည့်လိုက်လေရာ အသက်အန္တရာယ် ကျရောက်စေနိုင်သော ဓားချက်အား ရှောင်တိမ်းနိုင်ခဲ့ရုံမျှမက လက်ထဲရှိ ဓားမြှောင်ဖြင့် ထိုအမျိုးသားထံသို့ လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် တန်ပြန် ထိုးစိုက်လိုက်လေ၏။
ဖုန်းကျို့သည် ခါးအားကို အသုံးပြု၍ ဓားချက်အား ရှောင်တိမ်းလိုက်သည်ကို မြင်တွေ့လိုက်ရသောအခါ ထိုအမျိုးသားသည် အနည်းငယ် ထိတ်လန့် တုန်လှုပ် သွားလေတော့သည်။
ထို့နောက် မျက်နှာချင်းဆိုင်မှ တိုးဝင်လာသည့် သတ်ဖြတ်ခြင်း အသိအား ရင်ဆိုင်လိုက်ရသည့်အခါ ဆက်လက် တိုက်ခိုက်ခြင်း မပြုဝံ့တောဘဲ နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ရလေ၏။ သို့သော် အနည်းငယ် နောက်ကျသွားခဲ့ချေပြီ။
"အား"
သူသည် ပင့်သက် တစ်ချက်ရှိုက် လိုက်မိကာ ရှေ့မှ ပုံရိပ်အား စိုက်ကြည့်လိုက် မိလေသည်။ သေကွင်းသေကွက် နေရာအား ရှောင်တိမ်းနိုင်ခဲ့ သော်ငြားလည်း သူ၏ လက်မောင်းတွင် ဓားမြှောင် ထိမှန်သွားခဲ့ရာ အရိုးပေါ်သည်အထိ အလွန်နက်လှသည့် ဒဏ်ရာတစ်ခု ရရှိသွားခဲ့လေတော့သည်။
နီစွေးနေသော သွေးများ ပန်းထွက်လာပြီးနောက် သူ၏ ဝတ်ရုံလက်စအား လျင်မြန်စွာ စိုရွှဲသွားစေခဲ့သည်။ ဒဏ်ရာမှ ပြင်းထန်လှသော ဝေဒနာကြောင့် သူ၏ လက်မောင်းမှာ အားအင် ကုန်ခမ်းသွားကာ တွဲကျသွားပြီးနောက် တဆတ်ဆတ် တုန်ယင်လျှက် ရှိလေသည်။
"ဦးလေး ၂"
မိန်းကလေးသည် အော်ဟစ်လိုက်ရင်း အပြေးကလေး ရောက်ရှိလာသည်။
"သူ့ကို သတ်ပစ်လိုက်စမ်း"
လူလတ်ပိုင်း အမျိုးသားသည် မည်းမှောင်နေသော မျက်နှာဖြင့် အမိန့်ပေးလိုက်သည်။ အစောင့်များ ပြေးဝင် လာကြသော်လည်း လူငယ်မှ လက်ကာပြလိုက်ကာ တားဆီးလိုက်လေသည်။
"ဒီကောင်မလေးကို ငါကိုယ်တိုင် ရှင်းမယ်"
လူငယ်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ သူသည် ဖုန်းကျို့အား ကြောက်မက်ဖွယ် ကောင်းစွာ စိုက်ကြည့်နေလေသည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားအား မိန်းမပျိုလေးမှ တွဲထူသွားသည်ကို ကြည့်ရှုပြီးနောက် ဖုန်းကျို့သည် မိမိအား မုန်းတီးစွာ စိုက်ကြည့်နေသော လူငယ်ထံသို့ အကြည့် လွှဲပြောင်းလိုက်လေသည်။ သူမသည် ခေါင်းကိုမော့ကာ အထင်သေးဟန် ရသည့် လေသံဖြင့် ဆိုလိုက်၏။
"မင်းက ငါ့ပြိုင်ဘက်မဟုတ်သေးဘူး"
ထိုသူ၏ ထွက်သက်ဝင်သက်မှာ တည်ငြိမ်နေသော်ငြား ထိုလူလတ်ပိုင်း အရွယ်ကျင့်ကြံသူ၏ ကျင့်ကြံမှု အဆင့်အတန်းအား မမီသေးချေ။ ထိုသူကို သူမအနေဖြင့် သိုင်းကွက် အနည်းငယ်မျှဖြင့် မသတ်နိုင်ခဲ့သော်လည်း ဤလူငယ်မှာမူ မတူညီချေ။ ၎င်းအား သတ်လိုက်နိုင်ရန် အတွက်မူ လက်ဖျောက်တီးရသကဲ့သို့ လွယ်ကူလွန်းလှပေသည်။
မလှမ်းမကမ်းတွင်ရှိသည့် သစ်ပင်ထက်ပေါ်ဝယ် လင်းမိုဟန်သည် သူမ၏ မာန်တက်နေသည့် ဟန်ပန်အား ကြည့်ရှုရင်း ခေါင်းခါ ယမ်းလိုက် မိလေသည်။ ထို့အပြင် 'တကယ့် ကလေးမလေးပါလား' ဟု စိတ်ထဲ၌ တွေးတောလိုက်မိ၏။
သို့သော် ယခင်က လူလတ်ပိုင်း အရွယ်ကျင့်ကြံသူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပုံအား ထောက်ရှု၍ သူမ တစ်ဦးတည်းဖြင့် ထိုလူအုပ်စုအား ကိုင်တွယ် တိုက်ခိုက်နိုင်ကြောင်း သူ သိရှိလိုက်တော့သည်။ သူမ၏ စွမ်းရည်သတ္တိ နှင့်ဆိုလျှင် သတိထား လှုပ်ရှားပါက ဤတောနက်အတွင်း၌ မမျှော်လင့်သည့် ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရမည် မဟုတ်ချေ။ ဤသို့ တွေးတောမိပြီးနောက် သူသည် သူမအား တစ်ချက် စိုက်ကြည့်လိုက်ကာ ကိုယ့်ဖော့လျှက် တိတ်တဆိတ် ထွက်ခွာ သွားလေတော့သည်။
"မင်းပြိုင်ဘက် မဟုတ်ဘူးဟုတ်လား ဟမ့်…ဒါဆိုလည်း ငါ့အစွမ်းကို မြည်းစမ်း ကြည့်လိုက်စမ်း"
လူငယ်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် စွမ်းအားကို စုစည်းလိုက်ရာ လိမ္မော်ရောင် အလင်းတန်းများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ သူသည် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးနောက် အော်ဟစ်လျှက် ဖုန်းကျို့ထံသို့ ပြေးဝင်သွားကာ ထိုးချလိုက်လေသည်။
"ဟင်"
လိမ္မော်ရောင် စွမ်းအားများအား မြင်လိုက်ရသောအခါ သူမ မျက်ခုံးပင့်လိုက်မိသည်။ အစောပိုင်းမှ လူကြီး၏ ဓားချီမှာလည်း လိမ္မော်ရောင်ဖျော့ဖျော့ သမ်းနေသည်ကို တွေ့ခဲ့ရသည်။ ဤလူငယ်၏ စွမ်းအားအဆင့်သည် ထိုလူကြီးနှင့် သိပ်မကွာလှချေ။
"ငါးဆင့် လက်သီးသိုင်း"
လူငယ်၏ လက်သီးချက်သည် လေတိုးသံ တဝေါဝေါဖြင့် ပါလာသည်ကို မြင်သောအခါ ဖုန်းကျို့သည် နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။ သူမ ရှောင်တိမ်းလိုက်သဖြင့် ထိုလက်သီးချက်သည် ဘေးနားရှိ သစ်ပင်ကြီးတစ်ပင်အား သွားရောက် ထိမှန်သွားလေရာ သစ်ပင်ပေါ်တွင် လက်သီးရာကြီး ထင်ကျန်ရစ်ခဲ့၏။ ထိုမြင်ကွင်းအား တွေ့လိုက်ရသောအခါ သူမ စိတ်ထဲ၌ တိတ်တဆိတ် အံ့ဩသွားမိလေသည်။
ဤကဲ့သို့သော ကျင့်ကြံမှု အဆင့်အတန်းအပြင် လက်သီး သိုင်းကွက်၏ စွမ်းအားသည်လည်း အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှပေသည်။ တစ်ဖက်ရန်သူသည် လက်သီးသိုင်းအား အဓိကထား တိုက်ခိုက်လျက်ရှိပြီး ထိုးနှက်လိုက်သည့် လက်သီးချက်တိုင်းသည် မာကျောပြင်းထန်ကာ အားအင်ကြီးမားလှချေ၏။
သူမ၏ ခွန်အားဖြင့် ထိပ်တိုက် ရင်ဆိုင်ကာ ယှဉ်ပြိုင်မည်ဆိုလျှင် မည်သို့မျှ ယှဉ်နိုင်ဖွယ် မရှိချေ။
‘ဒါဆိုရင်လဲ အမာကို အပျော့နဲ့ အနိုင်ယူရတော့မှာပေါ့’
သူမ၏ မျက်ဝန်းအစုံ၌ အလင်းတန်းတစ်ခု လက်သွားပြီးနောက် နောက်ဘက်သို့ လျင်မြန် သွက်လက်စွာ ဆုတ်ခွာတိမ်းရှောင်ရင်း လက်တွင် ကိုင်ဆောင်ထားသည့် ဓားမြှောင်အား ပြန်လည် သိမ်းဆည်း လိုက်လေတော့သည်။
တစ်ဖက်မှ မိန်းမပျိုသည် သူမ၏ ဦးလေး၂ အား ဆေးထည့် ပေးပြီးနောက် ဖုန်းကျို့မှ ဓားမြှောင်အား ပြန်လည် သိမ်းဆည်း လိုက်သည်ကို မြင်တွေ့လိုက်ရချိန်တွင် လှောင်ပြောင်ကာ ပြောဆိုလိုက်လေသည်။
"ဦးလေး ၂ ဟိုသူတောင်းစားက ကြောက်လွန်းလို့ ရူးသွားပြီ ထင်တယ် လက်ထဲက ဓားမြှောင်ကိုတောင် ပြန်သိမ်းလိုက်တယ် ကျွန်မ အစ်ကိုကိုများ လက်ဗလာနဲ့ နိုင်မယ်လို့ ထင်နေတာလား မသိဖူး"
သို့သော် လူလတ်ပိုင်း အမျိုးသားမှာမူ ဖုန်းကျို့အား လေးနက်သော အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်ထဲတွင် မရေရာသော စိုးရိမ်မှုတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသောကြောင့်ပင် ဖြစ်သည်။