← Chapters

အခန်း ၂၁

Vol. 2 Ch. 21

အခန်း ၂၁

Vol. 2 Ch. 21

အခန်း - ၂၁

၎င်းနောက် သူ၏ မျက်စိ ရှေ့မှောက်တွင် ဖြစ်ပျက်သွားသည့် မြင်ကွင်းအား ကြည့်ရင်း သူ မည်သည့်အတွက် ဤမျှ စိုးရိမ် ပူပန်နေရသနည်းဆိုသည့် အကြောင်းရင်းကို ရှင်းလင်းစွာ ပြသလိုက်လေသည်။

ထို သူတောင်းစားလေးသည် ခြေတစ်ဖက်အား မ လျှက် ဒူးကို အနည်းငယ် ကွေးလိုက်ကာ ခြေနှစ်ဖက်အား ခွာလိုက်သည်ကို သူ မြင်လိုက်ရလေသည်။ သူ၏ ခွန်အားများ အားလုံး စုပ်ယူခံလိုက်ရသည့် အလား လက်နှစ်ဖက်စလုံးသည် ဘေးတွင် အားပျော့စွာ တွဲလောင်းကျနေခဲ့ကာ ၎င်းနောက်မှ ဖြည်းညှင်းစွာ မြှောက်တက်လာခဲ့သည်။

သူ၏ တူဖြစ်သူ မှ ပြင်းထန်သည့် လက်သီးတစ်ချက်အား ထိုးချလိုက်ချိန်တွင် သူတောင်းစားလေးသည် ခြေအား နောက်သို့ ပြန်ဆုတ်လိုက်ကာ ခန္ဓာကိုယ်အား ဘယ်ဘက်သို့ လှည့်လိုက်ရင်း လူငယ်လေး၏ လက်သီးအား တစ်ဆက်တည်း ဖမ်းဆုပ်လိုက်လေသည်။ ထိုသို့ ဖမ်းဆုပ်ရာတွင် သူတောင်းစားလေး၏ လက်သည် လူငယ်လေး၏ လက်မနှင့် လက်ညှိုးကြားရှိ လက်ဝါးပြင်ပေါ်သို့ အလွန် တိကျ သေချာစွာ ဖွဖွလေး အုပ်ကိုင်လိုက်ခြင်း ဖြစ်သည်။

သူတောင်းစားလေးသည် နောက်သို့ တစ်လှမ်းဆုတ်လိုက်ကာ လူငယ်လေး၏ ပြင်းထန်လှသည့် လက်သီးအားအား ဖြေလျှော့ ပစ်လိုက်ပြီးနောက် ရုတ်တရက် အားပြင်းပြင်း သုံးလျှက် ခန္ဓာကိုယ်ကို လှည့်၍ လူငယ်လေး၏ လက်မောင်းအား ချုပ်ကိုင် လိုက်လေသည်။ ထို့နောက် လေထုထဲတွင် ကျယ်လောင်လှသည့် အရိုးကျိုးသံ တစ်သံ ထွက်ပေါ်လာခဲ့ကာ ချက်ချင်းပင် စူးရှလှသည့် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာလေတော့သည်။

"အားးးးး"

လူရွယ်သည် အသံကုန်ဟစ်၍ အော်လိုက်ပြီးနောက် လက်မောင်းမှ နာကျင်မှု ဒဏ်ကြောင့် သူ၏မျက်နှာသည် သွေးဆုတ်ကာ ဖြူရော် သွားတော့သည်။ သို့သော် ဤမျှနှင့် မပြီးသေးချေ။ သူ၏ လက်မောင်းမှာ ချုပ်ကိုင်ခံထားရဆဲ ဖြစ်ရာ လုံးဝ ရုန်းထွက်၍ မရသည့်အပြင် အနည်းငယ်မျှပင် နောက်ဆုတ်၍လည်း မရဖြစ်နေခဲ့သည်။

လက်တစ်ဖက် ကျိုးသွားသောအခါ သူသည် အခြား လက်တစ်ဖက်ဖြင့် သူတောင်းစားလေးအား ထိုးကြိတ် လိုက်ပြန်သည်။ သို့သော် ထိုလက်သည်လည်း ဖမ်းဆုပ် ချုပ်ကိုင်ခံလိုက်ရကာ အလားတူ ကံကြမ္မာမျိုးနှင့် ရင်ဆိုင်လိုက်ရတော့သည်။

‘ဂွပ်’

"အားး"

"အစ်ကိုကြီး"

"သခင်လေး"

အစောင့်များနှင့် မိန်းကလေးတို့သည် အလွန်အမင်း ထိတ်လန့် သွားကြပြီးနောက် မျက်နှာများ ဖြူရော်သွားကာ အော်ဟစ် လိုက်ကြကုန်သည်။ သူတို့ မြင်တွေ့နေရသည့် ကြောက်မက်ဖွယ် မြင်ကွင်းကြောင့် သူတို့၏အသံများ တုန်ယင်နေခဲ့ကြလေသည်။ လက်နှစ်ဖက်စလုံးအား ချိုးဖဲ့လိုက်ပြီးနောက် အလွန် အားနည်းပုံရသည့် ထိုလက်များသည် လူရွယ်၏ လည်ပင်းအား ဆုပ်ကိုင်လာချိန်တွင် သူတို့၏ ထိတ်လန့်မှုသည် အဆမတန် ကြီးထွား သွားကြလေတော့သည်။

"မလုပ် မလုပ်ပါနဲ့"

လူရွယ်၏ မျက်နှာတွင် အကြောက်တရားများ ဖုံးလွှမ်းသွားခဲ့ကာ သေမင်း၏ အငွေ့အသက်များသည် သူ့အား လုံးဝ လွှမ်းခြုံသွားသောကြောင့် သူ၏ တစ်ကိုယ်လုံး အလိုအလျောက် တုန်ယင်လာတော့သည်။

"မလုပ်ပါနဲ့ သူ့ကို မသတ်ပါနဲ့"

လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာ အမူအရာများ သည်လည်း လုံးဝ ဉဿုံ ပြောင်းလဲသွားခဲ့ကာ တောင်းပန်ရန် နှုတ်ခမ်းအား ဟလိုက်သည်။ သို့သော် သူ၏ စကားမဆုံးမီတွင်ပင် အခြား ကျယ်လောင်လှသည့် အရိုးကျိုးသံအား ကြားလိုက်ရတော့သည်။

သူ၏ တူဖြစ်သူ၏ ဦးခေါင်းသည် ဘေးသို့ စောင်းကျသွားပြီးနောက် အသက်ဝိညာဉ်သည် အတင်းအဓမ္မ နှုတ်ယူခံလိုက်ရတေ့ာသည်။ သေဆုံးသွားသည့် တိုင်အောင် ထိုမျက်လုံးများထဲတွင် အကြောက်တရားနှင့် နာကြည်းမှုတို့ ပြည့်နှက်နေခဲ့လေသည်။

"အစ်ကိုကြီး ကျွန်မရဲ့ အစ်ကိုကြီး"

မိန်းကလေးသည် ပြင်းစွာသော ဝမ်းနည်း ပူဆွေးမှုဖြင့် ကြေကွဲဖွယ် အော်ဟစ် ငိုကြွေးလိုက်ကာ ရှေ့သို့ ပြေးထွက်ရန် ကြိုးစားသော်လည်း လူလတ်ပိုင်း အမျိုးသားမှ သူမအား သံမဏိလက်ကဲ့သို့ တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ကာ ရှေ့သို့ တစ်လှမ်းမျှ တိုးခွင့်မပြုခဲ့ချေ။

"သခင် သခင်လေး"

အစောင့်များသည်လည်း ထိုမြင်ကွင်းကြောင့် အလွန်အမင်း ထိတ်လန့်သွားကြကာ မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိကြလေသည်။ သခင်လေးသည် သူတို့ မျိုးနွယ်စု၏ ထိပ်တန်း တပည့် တစ်ဦး ဖြစ်သော်လည်း ယခုအခါ သူတောင်းစားလေး တစ်ယောက်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။ ဤကိစ္စကိုသာ မျိုးနွယ်စုခေါင်းဆောင် သိရှိသွားပါမူ မည်မျှလောက် ဒေါသတကြီး ပေါက်ကွဲလိမ့်မည်နည်း။

"သခင်လေးအတွက် ကလဲ့စားချေဖို့ အဲဒီကောင်ကို သတ်ကြ"

သူတို့ ဆယ်ယောက်ကျော်သည် မျက်ကန်းဒေါသများ လောင်ကျွမ်းလျက် အတင်း ဝင်ရောက် တိုက်ခိုက်ကြတော့သည်။ သူတို့လက်ထဲရှိ ထက်မြက်လှသည့် ဓားများဖြင့် ခုတ်ပိုင်း ဖြတ်ကြရာတွင် ထိုဓားများသည် သူတို့၏ ဒေါသကြောင့် ပို၍ ထက်မြက်နေခဲ့ကာ ထိုအချိန်တွင် ဖုန်းကျို့၏ သွေးသည်သာလျှင် သူတို့၏ ရင်ထဲရှိ ခံစားရခက်သည့် ဝမ်းနည်းမှုနှင့် မီးဟုန်းဟုန်း တောက်လောင်နေသော ဒေါသများအား ပြေပျောက်စေနိုင်မည် ဖြစ်ပေသည်။

မိန်းကလေးသည် ရုတ်တရက် မြေပြင်ပေါ်သို့ အားပျော့စွာ လဲကျသွားခဲ့ကာ မာကျောလှသော မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျနေသည့် သူမ၏ အစ်ကိုဖြစ်သူ၏ အသက်မဲ့နေသည့် ခန္ဓာကိုယ်ကိုသာ တည့်တည့်စိုက်ကြည့်နေမိလေ။ လွန်ခဲ့သော မိနစ်အနည်းငယ်တွင် အသက်ရှင်လျက် ရှိနေသည့် လူတစ်ယောက်သည် ယခု သူမရှေ့တွင် သေဆုံးနေခဲ့ပြီ ဆိုသည်အား သူမ မယုံကြည် လက်မခံနိုင်လောက်အောင် ဖြစ်စေခဲ့သည်။

"ဦးလေး၂ ဒါက တကယ် မဟုတ်ဘူးမလားဟင် ဒီလောက် စွမ်းရည်မြင့်တဲ့ သမီးရဲ့ အစ်ကိုကြီးက သူတောင်းစား တစ်ယောက်စီမှာ အသတ်ခံလိုက် ရတယ်ဆိုတာ မဖြစ်နိုင်ပါဘူးနော် ဦးလေး ၂ ဒါတွေအကုန်လုံး အမှန်မဟုတ်ဘူးလို့ သမီးကိုပြောပါအုန်း တကယ်မဟုတ်ဘူးမလားဟင်"

သူမသည် လူလတ်ပိုင်း အမျိုးသား၏ လက်အား ဆုပ်ကိုင်လိုက်ကာ ငိုကြွေးရင်း မေးမြန်းနေခဲ့ကာ သူမ၏ မျက်စိရှေ့မှ ကြောက်မက်ဖွယ် ကောင်းသည့် မြင်ကွင်းအား အမှန်တကယ် ဖြစ်သည်ဟု လက်မခံနိုင်အောင် ဖြစ်နေခဲ့လေသည်။

(သူမ၏ အစ်ကိုကြီးသည် မျိုးနွယ်စု၏ ဂုဏ်ယူဝင့်ကြွားစရာဖြစ်ကာ သူတို့ အားလုံးထဲတွင် အထူးချွန်ဆုံးသော လူငယ်တစ်ဦး ဖြစ်လေသည်။ သူတောင်းစား တစ်ယောက်၏ လက်ချက်ဖြင့် သူ သေဆုံးသွားရန် ဆိုသည်မှာ အလျဉ်းမဖြစ်နိုင်ပေ)

တစ်ချိန်တည်းမှာပင် လူလတ်ပိုင်း အမျိုးသားသည် ဝမ်းနည်းပူဆွေးရန် သို့မဟုတ် အံ့သြတုန်လှုပ်ရန် အခွင့်အရေးပင် မရလိုက်ချေ။ အကြောင်းမှာ သူတောင်းစားလေးအား ဝင်ရောက် တိုက်ခိုက်ကြသည့် အစောင့် ဆယ်ယောက်ကျော်သည် တစ်ယောက်ပြီး တစ်ယောက် လဲကျနေသည်ကိုသာ သူမြင်တွေ့နေရသည့် အတွက်ကြောင့်ဖြစ်ပေသည်။ သူတို့၏ အရေအတွက်သည် လျင်မြန်စွာ လျော့ကျသွားခဲ့ကာ အခြားတစ်ဖက်တွင်မူ သူတောင်းစားလေး၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ချက်မျှပင် သူ မတွေ့ရချေ။

"ထစမ်း ငါတို့ အခုချက်ချင်း ထွက်သွားရမယ်"

အလျင်အမြန် ဆုံးဖြတ်ချက် ချရတော့မည့် အခြေအနေသို့ ရောက်နေသဖြင့် သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ ၎င်းနောက် မြေပြင်ပေါ်တွင် အားလျော့စွာ ထိုင်နေဆဲဖြစ်သည့် သူ၏တူမ ဖြစ်သူအား ကောင်းမွန်နေသေးသည့် လက်တစ်ဖက်ဖြင့် ဆွဲထူလိုက်လေသည်။

"အစ်ကိုကြီးအတွက် ကလဲ့စားချေရမယ် သူ့ကို သတ်မယ် သူ့ကို သတ်ပစ်မယ်"

မိန်းကလေးမှ အော်ဟစ် ငိုကြွေးရင်း လူလတ်ပိုင်း အမျိုးသား၏ ဆုပ်ကိုင်ထားမှုမှ ရုန်းထွက်လျှက် ရှေ့သို့ ပြေးထွက်ရန် ကြိုးစားနေခဲ့လေသည်။

"အခုချက်ချင်း သတိထားစမ်း မင်း သူ့ကို သတ်နိုင်မှာမဟုတ်ဘူး"

လူလတ်ပိုင်း အမျိုးသားမှ သူမအား ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။

"ပြေးတော့ ငါတို့ အခုမသွားရင် နောက်ကျသွားလိမ့်မယ်"

သူသည် သူမအား အတင်းအဓမ္မ ဆွဲခေါ်သွားစဉ် အပြုံးတစ်ခု နှင့်အတူ အေးစက်စက် မျက်လုံးတစ်စုံအား မတော်တဆ မြင်လိုက်ရသောအခါ သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက် သွားခဲ့ရလေတော့သည်။

All Chapters