အခန်း ၂၂
Vol. 2 Ch. 22
အခန်း (၂၂)
ထိုသူ၏ မျက်လုံးထဲမှ အေးစက်လှသော လူသတ်ငွေ့သည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှပေသည်။ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် သူ၏နှလုံးသားအား တုန်လှုပ်သွားစေခဲ့ကာ ခြေနှစ်ဖက်လုံးမှ အင်အားများ ဆုံးရှုံးသွားစေခဲ့သည်။ ထိုအကြည့် ထိုသတ်ဖြတ်လိုသော ဆန္ဒမျိုးအား သူ၏အစ်ကိုကြီး ထံမှပင် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ဤမျှလောက်အထိလည်း တစ်ခါမှ မကြောက်လန့်ဖူးခဲ့ချေ။
မည်သူက ယုံကြည်နိုင်လိမ့်မည်နည်း။ ဂုဏ်သိက္ခာ ရှိသည့် သိုင်းပညာရှင် တစ်ဦးသည် ချီစွမ်းအား တစ်စက် မျှမရှိသည့် ကလေး တစ်ယောက်အား အလွန်အမင်း ကြောက်လန့်ကာ ထွက်ပြေး နေရသည်ဆိုသည်ကို ဆိုလိုပေသည်။ သို့သော် ၎င်းသည် အမှန်တကယ်ပင် ဖြစ်ချေသည်။ ထိုအချိန်တွင် သူတို့ ထွက်မပြေးနိုင်ပါက အသက်ရှင်နိုင်လိမ့်မည် မဟုတ်ကြောင်း သူ သေချာပေါက် သိနေခဲ့သည်။
လူလတ်ပိုင်း အမျိုးသားမှ မိန်းကလေးအား အတင်းအဓမ္မ ဆွဲခေါ်ကာ ထွက်ပြေးသွားသည်ကို မြင်သောအခါ ဖုန်းကျို့သည် အနည်းငယ် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။
(သူမက သူ့အတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူးလို့ သူပြောခဲ့တာ မဟုတ်ဘူးလား အခုမှ ဘာလို့ ထွက်ပြေးသွားရတာလဲ အစောင့်တွေကို ရှင်းလင်းပြီးရင် သူ့ကို ထပ်ပြီး ရင်ဆိုင်ရလိမ့်မယ်လို့ သူမ ထင်ထားခဲ့တာ)
သူမလက်ထဲရှိ ဓားမြှောင်သည် လခြမ်းပုံသဏ္ဍာန် ဝေ့ယမ်းသွားခဲ့ကာ နောက်ဆုံးကျန်နေရှိနေသည့် လူ၏ လည်ပင်းအား လှီးဖြတ်လိုက်လေတော့သည်။ ဒဏ်ရာမှ သွေးများ ပန်းထွက်လာခဲ့ကာ ထိုလူသည် မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့သည်။ မြေပြင်ပေါ်ရှိ အလောင်း ဆယ်လောင်းကျော်အား ကြည့်ရင်း သူမ၏မျက်လုံးများမှာ သနားကြင်နာမှု တစ်စုံတစ်ရာမျှ မရှိဘဲ ခံစားချက်ကင်းမဲ့နေခဲ့လေသည်။
သူမသည် "မင်းငါ့ကို မထိရင် ငါလည်း မင်းကိုမထိဘူး" ဟူသော စည်းမျဉ်းဖြင့် အမြဲတမ်း ရှင်သန်ခဲ့သူ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူမ၏ အသက်အား ရန်ရှာလာ သူများ အပေါ် လုံးဝ သနားညှာတာမှု ပြသမည် မဟုတ်ချေ။
သူမသည် လူရွယ်၏ ခါးမှ သိုလှောင်အိတ်အား ယူလိုက်သော်လည်း ဖွင့်၍ မရကြောင်း တွေ့လိုက်ရလေသည်။ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဤကဲ့သို့သော အရာများသည် ဖွင့်လှစ်နိုင်ရန် ချီစွမ်းအား ပိုင်ဆိုင်ထားသူ မှသာ ရနိုင်မည် ဖြစ်ကြောင်း သူမ မှတ်မိသွားလေသည်။ သူမတွင် မည်သည့် စွမ်းအားမျှ မရှိသဖြင့် သဘာဝကျစွာပင် ဖွင့်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် အစောင့်များ၏ အလောင်းများထံမှ မီးမွှေးရန် မီးတုတ် အချို့အား ရှာတွေ့ခဲ့ပြီးနောက် ၎င်းတို့ကို သိုလှောင်အိတ် နှင့်အတူ သူမ၏ အင်္ကျီထဲသို့ ထည့်လိုက်လေသည်။ ထိုအခိုက်တွင် သူမ မေ့လျော့နေခဲ့သည့် လူတစ်ယောက် အကြောင်းအား ရုတ်တရက် သတိရသွားတော့သည်။
"ဦးလေးကြီး ဘယ်ရောက် သွားတာလဲ သူ ထပ်ထွက်သွားပြန်ပြီလို့တော့ မပြောနဲ့နော်"
သူမသည် ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်ကာ ရှေ့သို့ ဆက်လျှောက်သွားရင်းဖြင့် အကြိမ် အနည်းငယ် အော်ခေါ်လိုက်လေသည်။
"ဦးလေးကြီး ဦး လေး ကြီး "
သို့သော် ကြမ်းတမ်းလှသည့် သားရဲ အသေကောင်များ ပြည့်နှက်နေသည့် နေရာကိုသာ သူမ တွေ့လိုက်ရလေသည်။
"အသား"
မြေပြင်ပေါ်ရှိ သားရဲ အသေကောင်များအား စစ်ဆေး ကြည့်ရှုရင်း သူမ၏မျက်လုံးများ အရောင်လက်သွားခဲ့ကာ သွားရည်ပင် ကျလာလေတော့သည်။ ထိုအချိန်တွင် သူမ တွေးမိသည်မှာ ကောင်းစွာ ကင်ထားသည့် မွှေးကြိုင်လှသည့် အရည်ရွှမ်းနေသည့် အသားကင်ပုံရိပ်သာ ဖြစ်လေသည်။
သူမသည် ဗိုက်အား ပွတ်လိုက်ကာ သွားရည်များ မျိုချလိုက်လေသည်။ ချက်ချင်းပင် ဓားမြှောင်အား ထုတ်ကာ နောက်ခြေထောက် တစ်ချောင်းလုံးအား ဖြတ်ယူလိုက် ပြီးနောက် အသားကင်စားရန် နေရာကောင်းတစ်ခု ရှာဖွေရန် ထွက်ခွာသွားတော့သည်။
အစောပိုင်းတွင် ထွက်ခွာသွားခဲ့သည့် လူလတ်ပိုင်း အမျိုးသားနှင့် မိန်းကလေးတို့ ထိုနေရာသို့ ပြန်လည်ရောက်ရှိလာချိန်မှာ သူမ ထွက်သွားပြီး နှစ်နာရီခန့် ကြာပြီးနောက်ပိုင်းတွင် ဖြစ်လေသည်။
"အစ်ကိုကြီး"
မိန်းကလေးသည် ရှေ့သို့ ပြေးသွားခဲ့ကာ သူမအစ်ကို ဖြစ်သူ၏ အလောင်းအား ဖက်ရင်း ဝမ်းနည်းပူဆွေးစွာ ငိုကြွေးလေတော့သည်။
"အိမ်ပြန်ရောက်ရင် အစ်ကိုကြီး သေသွားပြီဆိုတာကို ဖေဖေ့ကို ညီမလေး ဘယ်လိုပြောရမလဲ အစ်ကိုကြီး ဘယ်လိုလုပ် ဒီလိုသေသွားရတာလဲ ဟင့် ဟင့်"
မျိုးနွယ်စုမှ ဂရုတစိုက် ရွေးချယ် ထားသည့် အစောင့် တစ်ဆယ့်ရှစ်ဦးစလုံး သေဆုံးနေခဲ့ကာ သူ၏ တူဖြစ်သူပင် အသက်ဆုံးရှုံး သွားသည်အား မြင်သောအခါ လူလတ်ပိုင်း အမျိုးသား၏ မျက်လုံးများတွင် ဖော်ပြ၍ မရနိုင်သည့် ဝမ်းနည်းမှုများ ပြည့်နှက်နေခဲ့လေသည်။ သူ၏ လက်တစ်ဖက်အား လက်သီး တင်းတင်းဆုပ်ထားပြီးနောက် ဒဏ်ရာရနေသည့် အခြား လက်တစ်ဖက်မှာမူ မည်သည့် ခွန်အားမျှ မသုံးနိုင်ဘဲ အားပျော့စွာ တွဲလောင်းကျနေခဲ့သည်။
"ယင်းရို့ မင်းအစ်ကိုရဲ့ အလောင်းကို ပြန်သယ်သွားပြီးတော့ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးလိုက်ပါ ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စအတွက် ငါတို့ သေချာပေါက် ကလဲ့စားချေရမယ်"
မိန်းကလေးသည် မျက်နှာအား သုတ်လျှက် ရှိုက်ငိုရင်း ပြောလိုက်သည်။
"ဦးလေး ၂ အဲဒီသူတောင်းစားလေးက ဒီ ထောင်ခြောက်ကိုးသွယ် တောအုပ် ထဲမှာ ရှိနေတာလေ ကျွန်မတို့ အခု ထွက်သွားရင် ဘယ်လိုလုပ် ကလဲ့စားချေနိုင်တော့မှာလဲ ဒီတောအုပ်ထဲကနေ ထွက်သွားတာနဲ့ သူ့ကို ဘယ်ကနေ စရှာရမလဲတောင် ကျွန်မတို့ သိမှာမဟုတ်တော့ဘူး"
"မလိုဘူး ငါတို့ကိုယ်တိုင် လုပ်စရာမလိုဘူး အိမ်ပြန် ရောက်တာနဲ့ အဲဒီ သူတောင်းစားလေးကို လိုက်လံသတ်ဖြတ်ဖို့ အတွက် ကြေးစားဂိုဏ်းကို ငါသွားပြီး အလုပ်အပ်မယ် တစ်ယောက်ယောက်ကတော့ အဲဒီကောင်ရဲ့ ခေါင်းကို သေချာပေါက် ဖြတ်ယူလာပေးလိမ့်မယ်"
ထိုသို့ပြောလိုက်ချိန်တွင် သူ၏အသံသည် တိုးလျလျနှင့် ကြောက်မက်ဖွယ် ကောင်းနေခဲ့ကာ သူ၏ မျက်လုံးများအား အောက်သို့ ချထားလေသည်။ သူ၏ လှုပ်ရှားမှု ကင်းမဲ့နေသည့် လက်အား ကြည့်ရင်း သတ်ဖြတ်လိုသော ဆန္ဒများ ကြီးထွားလာသော်လည်း သူသည် သူတောင်းစားလေး၏ ပြိုင်ဘက် မဟုတ်ကြောင်းကိုမူ ကောင်းစွာသိနေခဲ့လေသည်။
ထိုစကားများအား ကြားသောအခါ မိန်းကလေးသည် မျက်ရည်များကို တစ်ဖန် ပြန်သုတ်လိုက် ပြီးနောက် သူမ အစ်ကို ဖြစ်သူ ၏ အလောင်းအား ကျောပေါ်သို့ တင်လိုက်လေသည်။ ထိုအချိန်မှသာ အစ်ကိုဖြစ်သူ၏ ခါးတွင် ချိတ်ထားသည့် သိုလှောင်အိတ် ပျောက်ဆုံးနေသည်အား သူမ ရှာဖွေတွေ့ရှိသွားနောက် ပြောလိုက်လေသည်။
"ဦးလေး ၂ အဲဒီလူက အစ်ကိုကြီးရဲ့ သိုလှောင်အိတ်ကိုတောင် ယူသွားသေးတယ်"
"အဲဒါ ပိုတောင် ကောင်းသေးတယ် သူ့ကိုရှာဖို့ ငါတို့မှာ နည်းလမ်းတွေ အများကြီးရှိတယ်"
တောအုပ်၏ အတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာများဆီသို့ စိုက်ကြည့်နေစဉ် သူ၏မျက်လုံးများတွင် ရက်စက် ကြမ်းကြုတ်သည့် အရောင်အဝါများ တောက်ပလာခဲ့လေသည်။ ဤနေရာသို့ သူတို့ လာရောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒဏ္ဍာရီလာ သားရဲများအတွက် ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူတို့သည် တောအုပ်အတွင်းသို့ ထပ်မံ ဝင်ရောက်ရန် အခြေအနေ မကောင်းတော့သည်မှာ သိသာထင်ရှားနေခဲ့သည်။
ထိုကလေးနှင့်ပတ်သက်၍မူ ထိုကလေး၏ ဘဝအား ငရဲကျသကဲ့သို့ ဖြစ်စေရမည်ဟု သူ ကျိန်ဆိုလိုက်တော့သည်။