အခန်း ၂၃
Vol. 2 Ch. 23
အခန်း (၂၃)
ထောင်ခြောက်ကိုးသွယ် တောအုပ်၏ အခြားတစ်နေရာတွင် မွှေးကြိုင်လှသော အသားကင်အား ဗိုက်ဝအောင် စားသုံးပြီး သွားသော ဖုန်းကျို့သည် အတွင်းပိုင်းသို့ ဆက်လက်၍ မဝင်ရောက်သေးချေ။
သူမသည် သစ်ပင်တစ်ပင် အောက်တွင် ထိုင်ကာ နက်နက်နဲနဲ စဉ်းစားနေလေသည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်များအား ဖယ်ရှားပြီး ဖြစ်၍ လောလောဆယ်တွင် အသက်အန္တရာယ် ကင်းရှင်းသွားသော်လည်း ဤ ထောင်ခြောက်ကိုးသွယ် တောအုပ်မှ ယခု အတိုင်း ထွက်သွား ပြီးနောက် ဖုန်းစံအိမ်သို့ ပြန်သွားပါက သူမသည် အစစ်အမှန် ဖုန်းချင်းကဲ ဖြစ်ကြောင်း ဖုန်းမိသားစုဝင်များ ယုံကြည်ရန် ခက်ခဲလိမ့်မည်ဟု သူမ တွေးတောနေမိလေသည်။
သူမသည် အစစ်အမှန် ဖုန်းချင်းကဲ ဖြစ်လင့်ကစား ထို စုရူယွမ် နှင့် သူမ ကိုယ်တိုင် မှလွဲ၍ သူမသည် အစစ်အမှန် ဖြစ်ကြောင်း မည်သူက ယုံကြည်ပါမည်နည်း။ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် လူတစ်ယောက်နှင့် နှိုင်းယှဉ်ပါက လက်ရှိ ဖုန်းစံအိမ်တွင် ရှိနေသော ပြိုင်ဘက်ကင်း အလှတရားနှင့် ဖုန်းချင်းကဲကိုသာ အားလုံးသည် အစစ်အမှန်ဟု ပို၍ ယုံကြည်ကြလိမ့်မည် ဖြစ်သည်။
အကယ်၍ သူမသည် ဖုန်းမိသားစု၏ တံခါးဝသို့ ရဲတင်းစွာ သွား၍ သူမသည် ဖုန်းချင်းကဲ ဖြစ်ကြောင်းနှင့် စုရူယွမ်သည် အတုအယောင် ဖြစ်ကြောင်း ကြေညာပါက ဖုန်းမိသားစု၏ ပင်မတံခါးကိုပင် ဖြတ်ကျော်နိုင်လိမ့်မည် မဟုတ်ဘဲ ထိုနေရာတွင်ပင် ရိုက်နှက် သတ်ဖြတ်ခြင်း ခံရနိုင်ခြေ အလွန်များကြောင်း သူမ ခန့်မှန်းမိလေသည်။
နောက်ထပ် အကြောင်းအရင်း တစ်ခုလည်း ရှိသေးသည်။ ထိုစုရူယွမ် ဆိုသည်မှာလည်း သာမန်လူမဟုတ်ချေ။ အမှားအယွင်း မရှိသည့် အစီအစဉ် တစ်ရပ် ကြိုတင် စီမံထားခြင်း မရှိဘဲနှင့် သူမသည် ဖုန်းမိသားစုထံသို့ ပြန်နိုင်မည့် လမ်းကြောင်း လုံးဝ ရှိလိမ့်မည် မဟုတ်ချေ။
"ဟူး ဒီခန္ဓာကိုယ်ရဲ့ အရင်ပိုင်ရှင်က ငါကို မယုံနိုင်လောက်အောင် ခက်ခဲကျပ်တည်းတဲ့ အခြေအနေထဲမှာ တကယ်ကို ထားရစ်ခဲ့တာပဲ"
သူမသည် လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ယှက်ကာ သစ်ပင်အား မှီချလိုက်ပြီးနောက် မိုးထက်ရှိ ကောင်းကင်ကြီးအား မော့ကြည့် လိုက်လေသည်။
"ဟုတ်တယ် ဒီအခွင့်အရေးကို အသုံးချပြီး ငါ့ခန္ဓာကိုယ်ထဲကို ဝိဉာဉ် စွမ်းအင်တွေကို နောက်တစ်ကြိမ် ပြန်ပြီး စ လေ့ကြည့်သင့်တယ်"
သူမ၏ မျက်လုံးများသည် အရောင်လက်သွားခဲ့ကာ မိမိဘာသာ ရေရွတ်လိုက်မိသည်။
"ဝိဉာဉ် စွမ်းအင်တွေကို ခန္ဓာကိုယ်ထဲ ဘယ်လို သွင်းရမလဲဆိုတဲ့ နည်းလမ်းကို ငါမသိပေမယ့်လည်း ငါ့ဦးနှောက်ထဲက မှတ်ဉာဏ်တွေထဲမှာ အဲဒါတွေ ရှိနေတာပဲ မဟုတ်ဘူးလား"
ထိုအချက်အလက်များ သူမ၏ စိတ် အတွင်းသို့ ဝင်ရောက်လာသောအခါ သူမ ရုတ်တရက် အလွန်ပင် စိတ်လှုပ်ရှား သွားလေတော့သည်။ ဤကမ္ဘာလောကရှိ လူများသည် မသေမျိုးကျင့်စဉ်ကို ကျင့်ကြံ အားထုတ်ကြလေသည်။ ယေဘုယျအားဖြင့် လူတစ်ရာလျှင် တစ်ယောက် သို့မဟုတ် နှစ်ယောက်ခန့်သာ ချီစွမ်းအင်ကို ကျင့်ကြံနိုင်စွမ်း ရှိသော်လည်း ချီစွမ်းအင်အား ကျင့်ကြံကြသည်မှာ အများစု ဖြစ်ကြောင်း ယုံမှားဖွယ်မရှိချေ။ သို့သော် ဝိညာဉ်စွမ်းအင်အား ကျင့်ကြံရန် အတွက်မူ လူတစ်သောင်းလျှင် တစ်ယောက် သို့မဟုတ် နှစ်ယောက်ခန့်သာ အခွင့်အရေးရှိသည်ဟု ဆိုကြလေသည်။
ချီစွမ်းအား ကျင့်ကြံခြင်းနှင့် ဝိညာဉ်စွမ်းအား ကျင့်ကြံခြင်းတို့ကြား ကွာခြားချက်မှာ ချီစွမ်းအင် ကျင့်ကြံခြင်းသည် ရုပ်ခန္ဓာကိုယ်ကို လေ့ကျင့်ခြင်းဖြစ်ကာ ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းမှာမူ မသေမျိုးခန္ဓာကိုယ်အား လေ့ကျင့်ခြင်း ဖြစ်လေသည်။
မသေမျိုးများသည် တိမ်များကို စီးလျှက် လေပေါ်တွင် ရပ်တည်နိုင်ကြကာ မိုးကိုခေါ်ယူကာ လေကို ထိန်းချုပ်နိုင်ကြလေသည်။ ထို့ပြင် လက်ဖျောက် တစ်ချက် တီးလိုက်ရုံဖြင့် တောင်များအား ရွှေ့ကာ သမုဒ္ဒရာများကိုပင် မှောက်လှန် ပစ်နိုင်စွမ်း ရှိကြကုန်ကြသည်။ သို့ရာတွင် ဝိညာဉ်စွမ်းအင်အား ကျင့်ကြံနိုင်သူများသည် အလွန်နည်းပါးလှကာ ရှားပါးလှပေသည်။ ထို့အပြင် သူရိယတေဇ နိုင်ငံတော် ကဲ့သို့သော အဆင့်ကိုး နိုင်ငံငယ်လေး တစ်ခုတွင် ဝိညာဉ်စွမ်းအင် ကျင့်ကြံသူများ အတွက် စစ်ဆေးမည့်သူများ ရှိနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့သည် မြင့်မြတ်လှသည့် မင်းမျိုးမင်းနွယ်များ ဖြစ်စေ တော်ဝင်မိသားစုဝင်များပင် ဖြစ်စေကာမူ များသောအားဖြင့် ချီစွမ်းအား ကျင့်ကြံမှု အဖြစ်သာ စမ်းသပ်ခံရကာ ထိုနေရာ မှစ၍ သူတို့၏ ကျင့်ကြံခြင်းကို စတင် လေ့ရှိကြလေသည်။
အကယ်၍ သူတို့သည် အလွန်အမင်း ပါရမီထူးချွန်ပါက သူရိယတေဇနိုင်ငံတော်မှ ထွက်ခွာကာ အဆင့်ခုနစ်နှင့် အထက်ရှိသည့် အခြားနိုင်ငံငယ် တစ်ခုသို့ သွားရောက်ရန် အခွင့်ရမှသာလျှင် ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်း အတွက် သူတို့ကိုယ်သူတို့ စမ်းသပ်နိုင်လိမ့်မည် ဖြစ်သည်။ ထို့ပြင် သူမ၏စိတ်ထဲရှိ မှတ်ဉာဏ်များအရ သူရိယတေဇနိုင်ငံတော် တစ်ခုလုံးတွင် ဝိညာဉ်စွမ်းအင်အား ကျင့်ကြံနိုင်ခဲ့သူ အရေအတွက်မှာ စုစုပေါင်း သုံးဦးသာရှိကြောင်း သူမ သိရှိထားလေသည်။
သို့သော် မှတ်ဉာဏ်များထဲမှ သူမမှတ်မိနေသည့် အချက်များမှာ ထို မသေမျိုးကျင့်စဉ်အား ကျင့်ကြံသူ ထိုသုံးဦးစလုံးသည် သူရိယတေဇနိုင်ငံတော်မှ ထွက်ခွာသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် ဤသူရိယတေဇနိုင်ငံတော်ရှိ သူတို့၏ မိသားစုများသည် ကိုင်လှုပ်၍ မရသော မြင့်မားလှသည့် ဂုဏ်ဒြပ်အား ပိုင်ဆိုင်ထားကြဆဲပင် ဖြစ်သည်။
သူမ၏ နှလုံးသားဆန္ဒများအား လိုက်နာလျက် သူမသည် ချက်ချင်းပင် စတင်၍ လုပ်ဆောင်တော့သည်။ ချက်ချင်းဆိုသလိုပင် သူမသည် ကြာပန်းသဏ္ဍာန် ခွေ၍ တရားထိုင်သည့် ကိုယ်နေဟန်ထားဖြင့် ထိုင်လိုက်လေသည်။ ထို့နောက် မျက်စိအား မှိတ်လျှက် ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်များ ဝင်ရောက်လာစေရန် အတွက် သူမ၏ခေါင်းထဲရှိ ကျင့်ကြံခြင်း ဂါထာမန္တန်များအား ရွတ်ဆိုလိုက်လေတော့သည်။
သို့သော် စိတ်ကူးယဉ်မှုများသည် အမြဲတမ်း လှပသည့် ပန်းချီကားတစ်ချပ်ကို ဖန်တီးပေးတတ်သော်လည်း လက်တွေ့ဘဝတွင်မူ ရက်စက်လှပေသည်။
အနှောင့်အယှက် ဖြစ်စေသည့် အတွေးများအားလုံးကို သူမ၏စိတ်ထဲမှ ဖယ်ရှားလိုက်ကာ အသိစိတ်အား ဗလာကျင်း စေပြီးနောက် ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်များ ဝင်ရောက် လာစေရန် ကြိုးစားရင်း ကျင့်ကြံခြင်း ဂါထာမန္တန်များအား နေ့ဝက်ခန့်ကြာအောင် တိတ်ဆိတ်စွာ ရွတ်ဆိုနေခဲ့သည်။ သို့သော် မျက်စိကိုမှိတ်ထားခြင်း အတွေးများအား ရှင်းလင်းထားခြင်းနှင့် အချိန်ကြာမြင့်စွာ ငြိမ်သက်စွာ ထိုင်နေခြင်းတို့ကြောင့် သူမသည် သတိလက်လွတ်ဖြင့် အိပ်ပျော်သွားလေတော့သည်။
"ဝေါင်း"
တောအုပ်၏ အနက်ရှိုင်းဆုံးနေရာမှ သားရဲ တစ်ကောင်၏ အူသံ ထွက်ပေါ်လာသံသည် သူမအား လန့်နိုးသွားစေခဲ့သည်။
"ဟမ်"
nအိပ်ချင်မပြေသေးသည့် မျက်လုံးများအား အတင်း ကြိုးစား၍ ဖွင့်လိုက်ရင်းဖြင့် သူမသည် အကြာကြီး သမ်းဝေလိုက်သော်လည်း သူမ၏ တစ်ကိုယ်လုံး အိပ်ချင်စိတ်ကြောင့် နုံးခွေနေဆဲ ဖြစ်လေသည်။ ခန္ဓာကိုယ်အတွင်း၌ ချီစွမ်းအားများ ကျင့်ကြံရန် တရားထိုင်နေစဉ် အိပ်ပျော်သွားခဲ့ကြောင်း သူမ သတိပြုမိသွားသောအခါ ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်ကာ မိမိဘာသာ ရယ်မောလိုက် မိလေတော့သည်။
"ဘာမှမတွေးဘဲ မျက်စိမှိတ် ထားရတာဆိုတော့ မငိုက်မိ ဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းတယ်"
လည်ပင်းအား နှိပ်နယ်ရင်းဖြင့် ခြေလက်များအား အကြောလျှော့ရန် အတွက် သူမ မတ်တပ်ရပ်လိုက်လေသည်။ တစ်ရေးအိပ်ရာမှ နိုးထလာကာစ ဖြစ်သဖြင့် သူမ၏ တစ်ကိုယ်လုံး အလွန် လန်းဆန်းသွားသလို ခံစားနေရလေသည်။ ထို့ကြောင့် သစ်ပင်အောက်တွင် တရားထိုင်သည့်ဟန်ဖြင့် နောက်တစ်ကြိမ် ပြန်လည်၍ ထိုင်လိုက်ပြန်သည်။ ယခင်က အတွေ့အကြုံ ရှိထားပြီး ဖြစ်သဖြင့် ယခုတစ်ကြိမ်တွင်မူ သူမ၏အသိစိတ်အား နိုးကြားစွာထားရှိကာ ကျင့်ကြံခြင်း ဂါထာမန္တန်များအား နောက်တစ်ဖန် ပြန်လည်၍ ရွတ်ဆိုလိုက်လေသည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားပြီးနောက် လေးနာရီခန့် အကြာတွင် သူမခန္ဓာကိုယ်၏ ပတ်ပတ်လည် အစွန်းများတွင် မှေးမှိန်လှသော ချီစွမ်းအားများ မှိန်ဖျော့ဖျော့ တောက်ပလာခဲ့တော့သည်။