← Chapters

အခန်း ၂၄

Vol. 2 Ch. 24

အခန်း ၂၄

Vol. 2 Ch. 24

အခန်း (၂၄)

ဖုန်းကျို့သည် သူမ၏မျက်လုံးများအား ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။ သူမ၏ နှုတ်ခမ်းအစုံသည် အနည်းငယ် ကွေးညွတ်သွားပြီးနောက် ကျေနပ်အားရသည့် အပြုံးတစ်ခု ပေါ်လွင်လာခဲ့သည်။

ခန္ဓာကိုယ်အတွင်းသို့ ချီစွမ်းအင်များအား ဆွဲယူရန် ကြိုးပမ်းမှုမှာ အောင်မြင်သည်ဟု ဆိုရမည်ဖြစ်ကာ သူမ ထင်ထားသည်ထက်ပင် အချိန်နည်းပါးခဲ့လေသည်။ သူမတွင် သိုလှောင်အိတ် ရှိနေသည်ကို သတိရမိသည်နှင့် ချက်ချင်းပင် အင်္ကျီအတွင်းမှ ထုတ်ယူလိုက်ပြီးနောက် ချီစွမ်းအားများအား ထည့်သွင်းကာ ဖွင့်လှစ်လိုက်လေသည်။

"ဟူး ပစ္စည်းတွေ တော်တော်များသားပဲ"

သိုလှောင်အိတ်၏ ပမာဏမှာ အလွန်အမင်း ကြီးမား ကျယ်ဝန်းခြင်း မရှိသော်လည်း ၎င်းထဲတွင် ပစ္စည်း အတော်များများအား သိမ်းဆည်းထားလေသည်။ သူမသည် ပစ္စည်းများအား တစ်ချက် ဝေ့ကြည့်လိုက် ပြီးနောက် သူမ၏ ယာယီ ထုပ်ပိုးထားသော အထုပ်ထဲမှ ဆေးဖက်ဝင်အပင်များနှင့် ရွှေတုံးများအား ထုတ်ယူလိုက်ကာ သိုလှောင်အိတ်ထဲသို့ ပြောင်းရွှေ့ ထည့်သွင်း လိုက်လေတော့သည်။ ၎င်းနောက် သိုလှောင်အိတ်အား သူမ၏ ခါးတွင် သေချာစွာ ချည်နှောင်လိုက်သည်။

ပိုနေသော အသားကင်အချို့ကိုလည်း အိတ်ထဲသို့ ထိုးထည့် လိုက်ပြီးနောက် သူမ၏မျက်နှာပေါ်ရှိ ဒဏ်ရာများအား ဆေးကြောရန်အတွက် ရေအရင်းအမြစ်အား ရှာဖွေရန် တောအုပ် အတွင်းသို့ ပိုမို၍ နက်ရှိုင်းစွာ ဝင်ရောက်လာခဲံသည်။

သူမ၏မျက်နှာပေါ်ရှိ ရွှံ့စေးများမှာ ပေါ့ပေါ့ဆဆ လိမ်းကျံထားခြင်းမျိုး မဟုတ်ဘဲ မြေအောက် အနှစ်သာရ ရေနှင့် မြေစေးတို့အား သေချာစွာ ရောစပ်၍ ရွှံ့စေအနှစ် အဖြစ် ဒဏ်ရာပေါ်တွင် အုပ်ထားခြင်း ဖြစ်သည်။ ၎င်း၏ အကျိုးကျေးဇူးတစ်ခုမှာ အေးမြသော မြေအောက်ရေသည် ဒဏ်ရာရောင်ရမ်းမှုအား လျော့ပါးစေခြင်း ဖြစ်ပြီး ဒုတိယအချက်မှာ ရွှံ့စေးများသည် သူမ၏ မျက်နှာပေါ်ရှိ ဒဏ်ရာများအား ဖုံးကွယ် ထားပေးသဖြင့် အခြားသူများ အလွယ်တကူ မှတ်မိနိုင်လိမ့်မည် မဟုတ်ပေ။

ရွှံ့စေးအနှစ်များမှာ သူမ၏ မျက်နှာပေါ်တွင် ရက်အတော်ကြာ ရှိနေခဲ့ပြီ ဖြစ်ရာ ယခုအခါ ဆေးကြောပစ်ရန် လိုအပ်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် အရေးကြီးဆုံး အလုပ်မှာ ရေရှိမည့်နေရာအား ရှာဖွေရန်ပင် ဖြစ်လေသည်။

ရေအရင်းအမြစ်ရှိမည့် နေရာအား သိရှိနိုင်ရန် အတိုတောင်းဆုံး နည်းလမ်းမှာ တောအုပ်အတွင်းရှိ သစ်ပင်များနှင့် အပင်များ၏ သိပ်သည်းမှုအား လေ့လာခြင်းပင် ဖြစ်လေသည်။

သူမသည် တောအုပ် အတွင်းပိုင်းသို့ တိုက်ရိုက်မဝင်ဘဲ သစ်ရွက်များ၏ သိပ်သည်းမှုနှင့် မြေပြင်ပေါ်ရှိ အပင်များ၏ ထူထပ်မှုအား ကြည့်၍ လမ်းကြောင်းအတိုင်း လိုက်ပါခဲ့လေသည်။ လေးနာရီခန့် ကြာ ပြီးနောက်တွင်မူ ရေအရင်းအမြစ် တစ်ခုအား သူမ ရှာဖွေတွေ့ခဲ့လေသည်။

၎င်းမှာ ကုန်းစောင်းတစ်ခု၏ အောက်ခြေတွင် စီးဆင်းနေသည့် စမ်းချောင်းလေး တစ်ခုဖြစ်ကာ ကမ်းပါးဝဲယာရှိ သစ်ပင်များမှာ ပိုမို၍ ထူထပ်သိပ်သည်းနေသည်အား တွေ့ရလေသည်။

"ဟူး ဒီတောအုပ်ထဲမှာ ရေရှာရတာ တကယ်မလွယ်ပါလား"

သူမသည် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်ပြီးနောက် ပေါ့ပါးလှသည့် ခြေလှမ်းများဖြင့် စမ်းချောင်းဘေးသို့ တိုးကပ် သွားခဲ့သည်။ သူမသည် ဆောင့်ကြောင့် ထိုင်လိုက်ကာ လက်နှစ်ဖက်အား ခွက်ပုံစံ ပြုလုပ်၍ ရေအား ခပ်ယူ သောက်လိုက် ပြီးနောက် သိုလှောင်အိတ်ထဲမှ ဝါးကျည် တောက်တစ်ခုအား ထုတ်ယူလိုက်လေသည်။ ဝါးကျည်တောက်ထဲသို့ ရေဖြည့်တင်းကာ နောင်တွင် အသုံးပြုနိုင်ရန် အတွက် ပြန်လည်၍ သိမ်းဆည်းလိုက်လေသည်။

၎င်းနောက် သူမသည် ဖိနပ်များအား ချွတ်လိုက်ကာ ခြေထောက်များအား ရေထဲတွင် စိမ်လိုက်လေရာ စမ်းချောင်း တစ်လျှောက် စီးဆင်းနေသော ရေအေးလေးများသည် သူမ၏ ပင်ပန်းနွမ်းနယ်မှုများအား ယူပစ်လိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။ ကျောက်ခဲလေးများပေါ်တွင် ရေစီးသံ တဖြည်းဖြည်း ကြားနေရစဉ် ခေတ္တမျှ အနားယူပြီးနောက် သူမသည် မျက်နှာပေါ်ရှိ ရွှံ့စေးများအား ဂရုတစိုက် စတင်၍ ဆေးကြော လေတော့သည်။ ရွှံ့စေးအကြွင်းအကျန်များ ကင်းစင်သွားစေရန် အတွက် ဒဏ်ရာများအား တစ်ခုချင်းစီ ဖြည်းဖြည်းချင်း သန့်စင်လိုက်လေသည်။

နောက်ဆုံးတွင်မူ ရေပြင်ပေါ်၌ ထက်မြက်လှသည့် ဓားချက်များကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော ကြောက်မက်ဖွယ် ကောင်းသည့် မျက်နှာ တစ်ခု၏ ပုံရိပ် တစ်ခု ပေါ်ပေါက်လာခဲ့သည်။

ရေထဲမှ ထိုမျက်နှာအား စိုက်ကြည့်ရင်း သူမ၏ မျက်လုံးများထဲတွင် အေးစက်မှုများ ပြည့်နှက်သွားလေသည်။ ယခု သူမ ပိုင်ဆိုင်ထားသော ခန္ဓာကိုယ်မှာ ၂၁ ရာစုမှ သူမ၏ ခန္ဓာကိုယ်နှင့် အတိအကျ တူညီနေခဲ့ကာ မျက်နှာမှာလည်း ပြောင်းလဲသွားခြင်း မရှိချေ။ သို့သော် နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ သူမ ရင်းနှီးခဲ့သည့် မျက်နှာမှာ ယခုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော အခြေအနေသို့ ရောက်ရှိသွားသည်အား တွေးမိသောအခါ သူမ၏ နှလုံးသား အတွင်း အိပ်မောကျနေသည့် လူသတ်လိုသည့် စိတ်ရိုင်းများသည် စတင်၍ နိုးထလာလေတော့သည်။

"စုရူယွမ် စုရူယွမ် နင် အသက်ရှင်လျက်နဲ့ ကောင်းကောင်းမွန်မွန် နေနှင့်ဦးပေါ့"

သူမသည် တိုးလျသော အသံဖြင့် မိမိဘာသာ ရေရွတ်လိုက်မိသည်။ သူမ၏ နှုတ်ခမ်းအစုံသည် ကွေးညွတ်သွားခဲ့ပြီး အပြုံးတစ်ပွင့် ပွင့်လန်းလာခဲ့သော်လည်း ထိုအပြုံးသည် ကျောရိုးစိမ့်သွား လောက်အောင် အေးစက်လှပေသည်။

လမ်းတစ်လျှောက်တွင် သူမ ဆွတ်ခူးလာခဲ့သည့် ဆေးဖက်ဝင်အပင်များအား သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်ကာ ဝိဉာည်ဆေးပင်အချို့နှင့် ရောစပ်၍ ထောင်းလိုက် ပြီးနောက် ရရှိလာသော ဆေးရည်များအား သူမ၏မျက်နှာပေါ်တွင် ထပ်မံ၍ လိမ်းကျံလိုက်လေသည်။ မျက်နှာပေါ်ရှိ ဒဏ်ရာများပေါ်တွင် တက်နေသည့် အဖတ်များမှာ အစောပိုင်းက ရွှံ့စေးများနှင့်အတူ ကွာကျသွားခဲ့ပြီး ဖြစ်သော်လည်း ဓားဒဏ်ရာများကြောင့် ကျန်ရစ်ခဲ့သော ကြောက်မက်ဖွယ်ကောင်းလှသည့် အမာရွတ်များမှာမူ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။

အနာဖတ်များ ကွာကျသွားပြီးနောက် မျက်နှာတစ်ခုလုံးတွင် ယှက်ဖြာ နေသော ဓားဒဏ်ရာ အမာရွတ်တိုင်းမှာ ပန်းရောင်ရင့်ရင့် အစင်းကြောင်းများ အဖြစ် ထင်ကျန်ရစ်နေခဲ့သည်။ အနာဖတ်များ ရှိနေစဉ်ကနှင့် နှိုင်းယှဉ်ပါမူ ကြောက်မက်ဖွယ် မကောင်းတော့သော်လည်း အနည်းဆုံး သူမသည် ယခုအခါ ရုပ်ဆိုးသူ တစ်ဦးအဖြစ်သာ သတ်မှတ်ခံရတော့မည် ဖြစ်သည်။

ဆေးရည်များ လိမ်းပြီးနောက် ခြောက်သွေ့ သွားသည်အထိ ခေတ္တစောင့်ကာ ရေပြင်ပေါ်တွင် ပြန်လည်၍ ကြည့်ရှုလိုက်လေသည်။ ကြည်လင်နေသော ရေပြင်ပေါ်တွင် မည်သူမှန်း ခွဲခြား၍ မရနိုင်သည့် မျက်နှာတစ်ခု ပေါ်နေခဲ့ပြီး ဆေးရည်များကြောင့် အနည်းငယ် စိမ်းဖန့်ဖန့် ဖြစ်နေသဖြင့် သူမအတွက် တစ်မျိုးတစ်ဖုံ ထူးဆန်းနေခဲ့လေသည်။

သူမသည် ဆက်လက် စိုက်ကြည့်နေစဉ် ရုတ်တရက် မျက်မှောင်ကြုတ် မိသွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ကြည်လင်နေသော စမ်းရေပြင်သည် ရုတ်တရက် သွေးရောင်များဖြင့် နောက်ကျိသွားသောကြောင့် ဖြစ်လေသည်။

သူမသည် မျက်လုံးများအား ပင့်ကြည့်လိုက်ပြီးနောက် စမ်းချောင်း၏ အထက်ပိုင်းသို့ လှမ်းကြည့်လိုက်လေသည်။ ခေတ္တမျှ စဉ်းစား ပြီးနောက် သူမသည် မတ်တပ်ရပ်ကာ စမ်းချောင်း၏ အထက်ပိုင်းသို့ ခြေလှမ်းလှမ်း၍ ထွက်ခွာသွားတော့သည်။

အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးချိန်တွင် သူမ၏ခြေလှမ်းများ ရပ်တန့်သွားခဲ့ကာ စမ်းချောင်းဘေးရှိ မြက်တော တစ်ခုပေါ်သို့ သူမ၏အကြည့်များ ကျရောက်သွားလေသည်။

All Chapters