အခန်း ၂၅
Vol. 2 Ch. 25
အခန်း (၂၅)
ထိုနေရာတွင် အမျိုးသားတစ်ဦး လဲကျနေခဲ့သည်။ တိတိကျကျ ဆိုရလျှင် ထိုသူသည် သတိမေ့နေသည်လား သို့မဟုတ် သေဆုံးနေသည်လားဆိုသည်အား မသိနိုင်ပေ။ သူ၏ ခန္ဓာကိုယ် အထက်ပိုင်း တစ်ခုလုံးမှာ စမ်းချောင်းအတွင်းသို့ ကျရောက်နေခဲ့ကာ မှောက်လျက် လဲနေသဖြင့် မျက်နှာအား မမြင်ရပေ။ သို့သော် သူဝတ်ဆင်ထားသည့် အညိုဖျော့ရောင် အဝတ်အစားများ၏ အရည်အသွေးအား ကြည့်ခြင်းအားဖြင့် သူသည် အတော်အတန် ချမ်းသာကြွယ်ဝလှသော မိသားစုမှ ဖြစ်ရပေမည်။
သူ၏ ဝမ်းဗိုက် ပတ်လည်ရှိ အဝတ်အစားများမှာ သွေးရောင်များဖြင့် ရဲရဲနီနေခဲ့ကာ ဦးခေါင်းတွင်လည်း သွေးများ ထွက်နေသေးသည်။ သူသည် စမ်းချောင်းထဲတွင် မှောက်လျက် လဲနေသော်လည်း သူလဲကျနေသော နေရာ၌ ရေမျက်နှာပြင်ထက် အနည်းငယ်မြင့်လှသော ကျောက်တုံးကြီး တစ်တုံး ရှိနေသဖြင့် သူ၏မျက်နှာမှာ ရေထဲသို့ နစ်မသွားဘဲ ကံကောင်းနေခဲ့ခြင်း ဖြစ်ပေသည်။ သို့မဟုတ်ပါက သွေးလွန်၍ မသေဆုံးလျှင်ပင် ရေနစ်၍ သေဆုံးသွားနိုင်ပေသည်။
သူ၏ခန္ဓာကိုယ်မှာ စမ်းချောင်းထဲတွင် ရှိနေသဖြင့် ဦးခေါင်းနှင့် ဝမ်းဗိုက်မှ စီးထွက်လာသော သွေးများသည် သဘာဝအတိုင်း ရေစီးနှင့်အတူ အောက်ဘက်သို့ စီးဆင်းသွားခဲ့ခြင်း ဖြစ်သည်။
သူမသည် လျှောက်သွားလိုက်ကာ ထိုလူအား ပက်လက်လှန် လိုက်လေသည်။ ၎င်းနောက် နှာခေါင်းအောက်သို့ လက်အား တိုး၍ အသက်ရှူခြင်း ရှိ မရှိ စစ်ဆေးလိုက်လေသည်။ သူ အသက်ရှင်နေသေးကြောင်း တွေ့ရှိရသဖြင့် စမ်းချောင်းဘေးရှိ မြက်ခင်းပြင်ပေါ်သို့ ဆွဲတင်လိုက်တော့သည်။
သူမသည် ဒဏ်ရာများအား စစ်ဆေးပြီးနောက် သိုလှောင်အိတ်ထဲမှ ပုလင်းငယ်လေး တစ်လုံးအား ထုတ်ယူလိုက်လေသည်။ ဦးခေါင်းရှိ ဒဏ်ရာပေါ်သို့ သွေးတိတ် ဆေးမှုန့်အချို့အား ဖြူးလိုက်ပြီးနောက် သူ၏ အဝတ်အစားများအား ဖြေလျော့လိုက်ကာ ဝမ်းဗိုက်ရှိ ဒဏ်ရာပေါ်သို့လည်း ဆေးများ ဖြူးပေးလိုက်လေသည်။ ဆက်လက်၍ သိုလှောင်အိတ်ထဲမှ အဝတ်တစ်စအား ထုတ်ယူလိုက်ပြီးနောက် အပိုင်းအစများ ဖြစ်အောင် ဆုတ်ဖြဲလိုက်ကာ ထိုလူ၏ ဒဏ်ရာများအား ပတ်တီး စည်းနှောင် ပေးလိုက်တော့သည်။
"ငါနဲ့ တွေ့ရတာ မင်း တကယ်ကို ကံကောင်းတာပဲ"
သတိမေ့နေသော ထိုလူအား ကြည့်ကာ သူမသည် သာသာယာယာ ရယ်မောလိုက်ပြီးနောက် တီးတိုး ရေရွတ်ရင်း မိမိကိုယ်ကို အံ့သြသွားမိလေသည်။
"ငါ ဘယ်တုန်းက ဒီလောက် စိတ်ကောင်းရှိသွားရတာလဲ"
သွေးနံ့များကြောင့် သားရဲများ ရောက်ရှိမလာစေရန် အတွက် ထိုလူ၏ သွေးစွန်းနေသည့် အဝတ်အစားများအား ချွတ်ယူ၍ စမ်းရေထဲသို့ ပစ်ချလိုက်လေရာ ရေစီးနှင့်အတူ မျောပါသွားလေတော့သည်။ ၎င်းနောက် သိုလှောင်အိတ်ထဲမှ အခြားအဝတ်တစ်စုံအား ထုတ်ယူလျှက် ထိုလူ၏ ခန္ဓာကိုယ်အား ဖုံးအုပ်ပေးလိုက်လေသည်။
အချိန်မှာ အတော်နောက်ကျနေပြီ ဖြစ်ပြီး လိုအပ်သည့် ရေလည်းရှိသဖြင့် သူမသည် သစ်ကိုင်းခြောက် အချို့ကိုလည်း ကောက်ယူလိုက်ပြီး ညတာကုန်ဆုံးစေရန် အတွက် မီးမွှေးလိုက်လေသည်။
ရေနှင့်နီးသောကြောင့် ငါးအချို့ ရနိုင်မည်ဟု သူမ ထင်ထားခဲ့သော်လည်း အချိန်အတော်ကြာ စောင့်ကြည့် ပြီးနောက်တွင် ငါးတစ်ကောင်မျှပင် တွေ့ရခြင်း မရှိသဖြင့် သူမသည် စိတ်ပျက်စွာ သက်ပြင်းချလိုက်မိသည်။
"ကြည်လင်လွန်းတဲ့ ရေမှာ ငါးမရှိဘူးဆိုတာ တကယ်ပဲ ဖြစ်ရမယ်"
သူမတွင် အခြားရွေးချယ်စရာ မရှိသဖြင့် ကျန်နေသေးသည့် အသားကင်များကိုသာ ပြန်နွှေး၍ စားသောက် လိုက်တော့သည်။ ဗိုက်ပြည့်သွားသောအခါ သူမသည် ကြာပန်းထိုင် ထိုင်လိုက် ပြီးနောက် ကျင့်ကြံခြင်းအား တစ်ဖန်ပြန်လည် စတင်လေတော့သည်။
သူမသည် ယခုအခါ ခန္ဓာကိုယ်အတွင်းသို့ ချီစွမ်းအင်များကိုသာ စုပ်ယူနေခြင်းသာ ဖြစ်လေသည်။ စစ်သည်တော် အဆင့်သို့ စတင်သ အခြေချသူများသည် သုညမှ စတင်ရခြင်း ဖြစ်သည်။ သို့သော် ချီစွမ်းအားများအား ကျင့်ကြံပြီးနောက် သူမ၏ခန္ဓာကိုယ် အတွင်းရှိ သေးငယ်သော ပြောင်းလဲမှုများအား သူမ ခံစားရလေသည်။ လက်တွေ့ကျသည့် အကျိုးကျေးဇူးများအား ခံစားရလာရသော အခါ သူမသည် ကျင့်စဉ် အား ဆက်လက် ကျင့်ကြံရန် အတွက် ပိုမို၍ တက်ကြွလာလေတော့သည်။
သူမသည် နာရီပေါင်းများစွာ ဆက်လက်၍ ကျင့်ကြံနေခဲ့သည်။ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်သည့် ချီစွမ်းအားများသည် စစ်သည်တော်အဆင့် ၂ ၏ အစောပိုင်းအဆင့်သို့ ထိုးဖောက် ရောက်ရှိသွားသည်ဟု ခံစားရမှသာလျှင် သူမသည် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ကာ မျက်လုံးများအား ဖွင့်လိုက်တော့သည်။
ကောင်းကင်မှာ မှောင်မည်းနေခဲ့ပြီ ဖြစ်ရာ တောအုပ် အတွင်းရှိ လေထုမှာ အတော်အတန် အေးစက်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် ရှေ့ရှိ မီးပုံမှ အပူရှိန်အား ရရှိနေခဲ့သည့်အပြင် ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအားများကိုလည်း လှည့်လည်၍ အအေးဒဏ်အား တွန်းလှန်ရန် အတွက် အသုံးပြုနိုင်ခဲ့သည်။
သူမသည် ဘေးနားရှိ လူစိမ်းအား လှည့်ကြည့်လိုက်မိသည်။ ခွေခွေလေး လဲလျောင်းနေသည့် ထိုလူမှာ တုန်ယင်နေသလို ခံစားရသဖြင့် သူမသည် လက်လှမ်း၍ စစ်ဆေးကြည့်လေရာ ဒဏ်ရာများ ရောင်ရမ်းမှုကြောင့် ထိုသူ ဖျားနေကြောင်း တွေ့ရှိရလေသည်။
သူမသည် ခေတ္တမျှ စဉ်းစားပြီးနောက် သိုလှောင်အိတ် အတွင်း၌ ပြန်လည်၍ ရှာဖွေလိုက်လေသည်။ နောက်ဆုံးတွင် ပုလင်းငယ်လေး တစ်လုံးအား ထုတ်ယူကာ ဆေးလုံးတစ်လုံးကို သူမ၏ လက်ဝါးပေါ်သို့ လောင်းချလိုက် ပြီးနောက် အနံ့ခံကြည့်လိုက်လေသည်။ ဆေး၏ အာနိသင်နှင့် အကျိုးကျေးဇူးအား အတည်ပြုပြီးနောက် သူမသည် ထိုလူ၏ မေးရိုးအား ဆွဲချလိုက်ကာ ဆေးလုံးအား ပါးစပ်အတွင်းသို့ ထည့်ပေးလိုက် ပြီးနောက် မျိုချနိုင်ရန်အတွက် ရေအနည်းငယ် တိုက်ကျွေးလိုက်လေသည်။
သူမသည် မီးပုံထဲသို့ သစ်ကိုင်းအချို့ ထပ်မံ ထည့်လိုက်လေရာ မီးတောက်များ ပိုမိုတောက်ပလာခဲ့သည်။ သို့သော် ထိုအချိန်တွင် တောအုပ်အတွင်းမှ ကြားလိုက်ရသည့် အသံများကြောင့် သူမ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားခဲ့ပြီး စိုးရိမ်ထိတ်လန့်မှုများကိုလည်း ခံစားလိုက်ရတော့သည်။
"အူးးး"
"အူးး"
"အူးးးးး"
"ဝံပုလွေတွေလား"
သူမသည် ချက်ချင်းပင် မတ်တပ်ရပ်လိုက်မိသည်။ နက်မှောင်လှသော ညဉ့်နက်ပိုင်းတွင် ဝံပုလွေများ၏ အူသံမှာ အထူးသဖြင့် ကျောချမ်းဖွယ် ကောင်းနေခဲ့ကာ သစ်ပင်များကြားတွင် ပဲ့တင်ထပ်နေလေသည်။
ဝံပုလွေများသည် အုပ်စုလိုက်နေတတ်သည့် ကြမ်းတမ်းသည့် သားရဲများ ဖြစ်ကြလေသည်။ သူတို့ ပေါ်လာလျှင် အုပ်စုလိုက် သေချာပေါက် ပေါ်ထွက်လာမည်သာ ဖြစ်လေသည်။