အခန်း ၂၆
Vol. 2 Ch. 26
အခန်း (၂၆)
ဝံပုလွေအုပ်စု ဤနေရာသို့ မရောက်ရှိမီ သူမ အလျှင်အမြန် ထွက်ပြေးလိုသော်လည်း ထိုအချိန်တွင် မြက်တောများ အတွင်းမှ စိမ်းဖန့်ဖန့် မျက်လုံး တစ်စုံပြီး တစ်စုံမှာ တောက်ပလာခဲ့ကာ အရေအတွက်များလည်း တိုးပွား လာနေလေသည်။
"ငါ ထွက်သွားဖို့ နောက်ကျသွားပြီ ထင်တယ်"
သူမအား ဝန်းရံနေသော ဝံပုလွေအုပ်စုအား ကြည့်ရင်း သူမသည် မျက်မှောင် ကြုတ် လိုက်မိတော့သည်။ သူမ၏ နောက်ကွယ်တွင် သတိ မေ့နေသော အမျိုးသားအား တစ်ချက်ကြည့်လိုက် ပြီးနောက် သူမသည် ဒုက္ခ ရှာရာတွင် အမှန်ပင် ပါရမီပါသူ ဖြစ်ကြောင်း ခံစားလိုက်ရတော့သည်။
ဝံပုလွေအုပ်စုအား ရင်ဆိုင်ရမည်ဆိုလျှင် သူမတစ်ဦးတည်းဆိုပါမူ ကိစ္စမရှိသော်လည်း သတိမေ့နေသော လူတစ်ယောက် နှင့်ဆိုလျှင်မူ ၎င်းမှာ အတော်အတန် အနှောင့်အယှက် ဖြစ်စေနိုင်သည်။
"ဝူးးးး"
အမိန့်ပေးလိုက်သည့် အလား ရှည်လျားသော အူသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ယခင်တွင် ဖြည်းဖြည်းချင်း ချဉ်းကပ် လာသော ဝံပုလွေအုပ်စုသည် ရုတ်တရက် သူမထံသို့ တစ်ပြိုင်နက်တည်း ခုန်အုပ် လာကြတော့သည်။
စမ်းချောင်းမှာ ကုန်းစောင်းပေါ်မှ စီးဆင်းနေခြင်းဖြစ်သဖြင့် သူမသည် ထိုလူအား ရေထဲမှ ဆွဲတင်ကာ ကုန်းစောင်းမှ ထွက်ပေါ်နေသော ကမ်းပါးငယ်လေး တစ်ခုနားတွင် ထားရှိခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် သူမ၏ နောက်ကွယ်ရှိ မတ်စောက်သော ကုန်းစောင်းမှာ နောက်ကျော အတွက် အကာအကွယ် ဖြစ်သွားသဖြင့် ဝံပုလွေများ နောက်မှ တိုက်ခိုက်မည်အား စိုးရိမ်စရာမလိုသလို သတိမေ့နေသော လူအား ဝံပုလွေများ ဆွဲယူသွားမည်အားလည်း စိုးရိမ်စရာ မလိုတော့ချေ။
သူမသည် သူမ၏ ဓားမြှောင်အား ထုတ်ယူလိုက်ကာ သူမ၏ ရှေ့တွင် အလျားလိုက် ကိုင်ထားလိုက် ပြီးနောက် သူမ၏ လူသတ်သမား အငွေ့အသက်များကို အပြည့်အဝ ထုတ်ဖော် လိုက်လေတော့သည်။ အကယ်၍ မလွတ်မြောက်နိုင်ပါမူ တိုက်ခိုက်ရန်သာ သူမ ရွေးချယ်ရမည် ဖြစ်သည်။ ဤဝံပုလွေ ဆယ်ကောင်ကျော်အား သူမ မသတ်နိုင်စရာ အကြောင်းမရှိဟု ယုံကြည်နေလေသည်။
သူမ၏ မျက်လုံးများမှာ အေးစက်စက် အလင်းရောင်များဖြင့် ထက်မြက်စွာ တောက်ပနေခဲ့သည်။ သူမသည် ခန္ဓာကိုယ် အတွင်းရှိ ချီစွမ်းအားများအား ဖြည်းဖြည်းချင်း စုစည်းလိုက်ပြီးနောက် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့် အလား သွားရည်များ တမြှေမြှေ ကျနေသော ဝံပုလွေ ဆယ်ကောင်ကျော်အား စိုက်ကြည့်နေလိုက်သည်။
ဝံပုလွေအုပ်စုမှာ မချဉ်းကပ်မီ သူမ၏ တိုက်ခိုက်လိုသော စိတ်ဓာတ်အား ခြောက်လှန့် ဖျက်ဆီးရန် ကြိုးစားသည့် အလား တိုးလျသော အူသံများကို အဆက်မပြတ် ထုတ်ဖော်နေကြလေသည်။ သို့သော် ဖုန်းကျို့မှာ သာမန်လူ မဟုတ်သကဲ့သို့ ခြောက်လှန့်ရုံနှင့် ခြေမခိုင်ဘဲ တိုက်ခိုက်လို စိတ် ပျောက်ကွယ်သွားမည့် သူမျိုးလည်း မဟုတ်ချေ။
အရေအတွက် အားဖြင့် များစွာ ရှုံးနိမ့်နေသဖြင့် သူမသည် ရှေ့သို့ အတင်းတိုး၍ မတိုက်ခိုက်နိုင်ပေ။ သို့မဟုတ်ပါက သူမ ဝိုင်းရံခံရမည် ဖြစ်သည်။ ထို့ကြောင့် သူမသည် ဝံပုလွေများ ခုန်အုပ်လာမည့် အချိန်အား သူမ၏ နေရာတွင်ပင် ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။
ဝံပုလွေ ဆယ်ကောင်ကျော် စလုံးမှာ လျော့ပါး မသွားဘဲ ပိုမို၍ ပြင်းထန်လာသော လူသတ်ငွေ့များအား ခံစားရသဖြင့် အူလိုက်ကြလေသည်။ ထိုအချိန်တွင် ပိုမို၍ ကြီးမားသော မီးခိုးရောင် ဝံပုလွေကြီး တစ်ကောင်သည် ကုန်းစောင်း၏ အထက်ပိုင်း တစ်နေရာမှ ရှည်လျားစွာ အူလိုက်တော့သည်။
"ဝူးးးးးးးးးးး"
ထိုအူသံအား ကြားသည်နှင့် ဝံပုလွေ ဆယ်ကောင်ကျော်မှာ သူမထံသို့ ချက်ချင်း ခုန်အုပ် လာကြတော့သည်။ ကျယ်ပြန့်စွာ ဟနေသော ပါးစပ်များ ထက်မြက်သော ဝံပုလွေစွယ်များနှင့် သွားရည်များ တမြှေမြှေ ကျနေသော ဝံပုလွေများသည် ဖုန်းကျို့အား ရက်စက်စွာ ကိုက်ခဲရန် ပြင်လိုက်ကြလေသည်။ ဝံပုလွေများ၏ ရှည်လျားသော လက်သည်းများမှာ နက်မှောင်သော ညဉ့်ဦးယံတွင် အလွန်ပင် ထက်မြက်နေပုံရသည်။
ဖုန်းကျို့သည် အချိန်ကိုက် လျင်မြန်စွာ တိုက်ခိုက်လိုက်တော့သည်။ သူမ၏ ထူးခြားသော လှုပ်ရှားမှုများသည် ချီစွမ်းအားများနှင့် ပေါင်းစပ် လိုက်သောအခါ သူမ၏ အရှိန်အား ပိုမို၍ မြန်ဆန်စေခဲ့သည်။ သူမ၏ လက်ထဲရှိ ဓားမြှောင်မှာ သူမထံသို့ ပထမဆုံး ခုန်အုပ်လာသော ဝံပုလွေ၏ လည်ပင်း အတွင်းသို့ ထိုးစိုက် ခံလိုက်ရပြီးနောက် လျင်မြန်စွာပင် ပြန်လည် ဆွဲထုတ်လိုက်ပြန်သည်။
နက်မှောင်သော ညဉ့်ဦးယံတွင် ကြေကွဲဖွယ် အူသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး သွေးများ ပန်းထွက်လာသည်ကိုသာ သူမ မြင်တွေ့လိုက်ရသည်။ ပူနွေးသော သွေးများမှာ ညှီစော်နံလှကာ သူမ၏ အပေါ်သို့ စင်ဟပ်သွား ပြီးနောက် ထို ဝံပုလွေမှာ လဲကျသွားတော့သည်။
ဝံပုလွေအား သတ်ဖြတ် ပြီးနောက် သူမသည် ချက်ချင်းပင် နောက်သို့ တစ်လှမ်းဆုတ်လိုက်လေသည်။ သူမလက်ထဲမှ ဓားမြှောင်မှာ ဘယ်ဘက်မှ ခုန်အုပ်လာသော ဝံပုလွေ နှစ်ကောင်၏ ရှေ့တွင် လျှပ်စစ်ပမာ လက်ခနဲ ဖြစ်သွားသည်။
သူတို့၏ အပေါင်းအသင်း ရုတ်တရက် သေဆုံးသွားခြင်းကြောင့် ထိုဝံပုလွေ နှစ်ကောင်မှာ ပိုမို၍ နိုးကြားသွားခြင်း ဖြစ်နိုင်သည်။ သူတို့၏ တုံ့ပြန်မှုမှာ အလွန်မြန်ဆန်ပြီး သူမ၏ ဓားချက်အား ရှောင်တိမ်းလိုက်ကြစဉ် အခြားဝံပုလွေများမှာ ရှေ့တည့်တည့်မှ သူမထံသို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ညာဘက်မှ တိုက်ခိုက်လာသော ဝံပုလွေများမှာ နောက်ကွယ်ရှိ သတိမေ့နေသော လူထံသို့ ခုန်အုပ်ရန် အခွင့်အရေး ယူလိုက်ကြသည်။ ထိုအချိန်တွင် သူမသည် ခွဲခြား၍ မတိုက်ခိုက်နိုင်တော့သဖြင့် ဘယ်ဘက်မှ ဝံပုလွေများအား ဓားဖြင့် တိုက်ခိုက် နေစဉ်မှာပင် သူမ၏ ခြေတစ်ဖက်အား အသုံးပြု၍ မီးပုံအား ကန်ထုတ်လိုက်လေရာ မီးတောက်နေဆဲ ဖြစ်သော သစ်ကိုင်းနီနီများမှာ ညာဘက်ရှိ ဝံပုလွေများထံသို့ လွင့်စင်သွားတော့သည်။
ဝံပုလွေများသည် မီးအား ကြောက်ရွံ့ကြကုန်ကြသည်။ ထို့ကြောင့် လွင့်စင်လာသော မီးပွားများအား မြင်သောအခါ ထိတ်လန့်တကြား အူလိုက်ကြကာ အမြန်ပင် နောက်ဆုတ်သွားကြလေသည်။ ထိုအခိုက်အတန့်တွင် ဖုန်းကျို့၏ လက်ထဲရှိ ဓားမြှောင်မှာ အခြားဝံပုလွေ နှစ်ကောင်အား လျင်မြန်စွာပင် ရှင်းလင်းလိုက်တော့သည်။ အစောပိုင်းတွင် ဝံပုလွေ အပါအဝင် ယခုအခါ သူမ၏ ခြေရင်းတွင် ဝံပုလွေ အလောင်း သုံးလောင်း ရှိနေပြီ ဖြစ်သည်။
သူမ၏ ပြင်းထန်လှသော လူသတ်ငွေ့များမှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေ၍ ဖြစ်စေ သို့မဟုတ် သူမ၏ မပြေပျောက်နိုင်သော သတ်ဖြတ်လိုသော ဆန္ဒများကြောင့် ဖြစ်စေ အခြားသော ဝံပုလွေများမှာ တိုးလျသော အသံများဖြင့် ငိုညည်းရင်း တစ်လှမ်းချင်း ဖြည်းဖြည်းချင်း နောက်ဆုတ် သွားကြတော့သည်။ သူတို့မှာ ရှေ့သို့ ဆက်လက်တိုးရန် မရဲတော့သော်လည်း ဤအတိုင်း ထွက်ခွာသွားရန်လည်း မလိုလားကြသေးချေ။