အခန်း ၂၇
Vol. 2 Ch. 27
အခန်း (၂၇)
အရုဏ်ဦး၏ နေခြည်နုနုလေးများသည် မြေပြင်ထက်သို့ ဖြည်းညင်းစွာ လွှမ်းခြုံဖြာ ကျလာချိန်တွင် တစ်ညတာလုံး သတိလစ် မေ့မြောနေခဲ့သော ထိုအမျိုးသားသည်လည်း နောက်ဆုံး၌ သတိပြန်လည်လာခဲ့ပြီ ဖြစ်သည်။
သို့သော် သူ မျက်လုံးများအား ဖွင့်လိုက်ချိန်တွင် အလွန်တရာ ထူးဆန်းလှသော မြင်ကွင်းတစ်ခုသည် သူ၏ မျက်ဝန်းအစုံ ဆီသို့ တိုးဝင်လာခဲ့သည်။
စုတ်ပြတ် သတ်နေသော အဝတ်အစားများအား ဝတ်ဆင်ထားသည့် သူတောင်းစားလေး တစ်ယောက်သည် သူ၏ ဘေးတွင် တင်ပျဉ်ခွေလျက် ထိုင်နေလေသည်။ ထိုသူတောင်းစားလေး၏ တစ်ကိုယ်လုံးတွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး သွေးညှီနံ့များ ပြင်းထန်စွာ ထွက်ပေါ်နေဆဲ ဖြစ်သော်ငြားလည်း သွေးများမှာမူ လုံးဝ ခြောက်သွေ့နေခဲ့ပြီ ဖြစ်သည်။
ထို သူတောင်းစားလေး၏ မျက်နှာပေါ်တွင် ဆေးတစ်မျိုးမျိုးအား သုတ်လိမ်းထားသည့် အလား အစိမ်းရင့်ရောင် ဖြစ်နေသောကြောင့် သူ၏ ရုပ်သွင်ကို အသေအချာ ခွဲခြားသိမြင်နိုင်စွမ်း မရှိခဲ့ပေ။
သူတောင်းစားလေးသည် လက်ထဲတွင် ဓားမြှောင်တစ်လက်အား ဆုပ်ကိုင်ထားပြီး အရှေ့ဘက်သို့ စူးစိုက်ကြည့်နေသည်ကိုသာ မြင်လိုက်ရသဖြင့် အမျိုးသားသည် သူတောင်းစားလေး၏ အကြည့်များ ရှိရာဆီသို့ လိုက်လံ ကြည့်ရှုလိုက်လေရာ သူ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် သတိကြီးစွာဖြင့် မျက်လုံးများအား ကျဉ်းမြောင်း သွားမိစေခဲ့သည်။
သူတောင်းစားလေး၏ တည့်တည့် အရှေ့တွင် တောင့်တင်းခဲနေပြီ ဖြစ်သော ဝံပုလွေ အသေကောင် သုံးကောင် ရှိနေသည့် အပြင် ၎င်းတို့နှင့် သုံးမီတာခန့် အကွာတွင်မူ ပါးစပ်မှ သွားရည်များ တမြားမြား ကျနေသော မီးခိုးရောင် ဝံပုလွေ ဆယ်ကောင်ခန့်သည် နောက်ခြေထောက်များပေါ်တွင် ထိုင်နေကြပြီး ၎င်းတို့၏ မျက်လုံးများမှာ ဆာလောင် မွတ်သိပ်စွာဖြင့် သူတို့အား စိုက်ကြည့်နေကြလေသည်။
ဖုန်းကျို့သည် သူမ၏ ခေါင်းကို အနည်းငယ် လှည့်လိုက်လေရာ ဖြစ်ပျက်နေသည့် အခြေအနေများကြောင့် တုန်လှုပ်ခြင်း ဝေခွဲမရခြင်းများ ပြည့်နှက်နေသော ထိုအမျိုးသား၏ မျက်ဝန်းများနှင့် အမှတ်မထင် ဆုံတွေ့သွားခဲ့တော့သည်။
"သတိထား"
မီးခိုးရောင် ဝံပုလွေ တစ်ကောင်သည် သူတောင်းစားလေးဆီသို့ ခုန်အုပ်လာသည်ကိုသာ မြင်လိုက်ရသဖြင့် ထိုအမျိုးသားသည် ထိတ်လန့်တကြားဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့ကာ ရုတ်တရက် အော်ဟစ် သတိပေးလိုက်လေသည်။
ထိတ်လန့်သွားသော အခြေအနေတွင် သူသည် အလိုအလျောက် မတ်တတ်ထရပ်ရန် ကြိုးစား လိုက်သော်လည်း ထိုသို့ အားကုန် သုံးကာ လှုပ်ရှားလိုက်မှုကြောင့် သူ၏ ဝမ်းဗိုက်ရှိ ဒဏ်ရာအား ပြနလည် ပြဲဟ သွားစေခဲ့ပြီး ညည်းတွားသံ တစ်ချက် ထွက်ပေါ်လာခဲ့ကာ မြေပြင်ပေါ်သို့ ပြန်လည် လဲကျသွားခဲ့တော့သည်။ ထို့နောက် သူ၏ ဒဏ်ရာမှ သွေးများ တစ်ဖန် ပြန်လည် စိမ့်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
အမျိုးသား၏ အော်ဟစ်သံ ထွက်ပေါ်လာချိန်တွင် ဖုန်းကျို့သည် အနောက်သို့ လှည့်ကြည့်လိုက်ပြီး ဖြစ်ကာ သူမ၏ အေးစက် စူးရှသော အကြည့်များသည် မီးခိုးရောင် ဝံပုလွေဆီသို့ စိုက်ကျနေလျက် တစ်ချက်တည်းသော လှုပ်ရှားမှုဖြင့် ပေါ့ပါးသွက်လက်စွာ မတ်တတ် ရပ်လိုက်လေသည်။ သူမဆီသို့ ခုန်အုပ်လာသော ဝံပုလွေ နီးကပ်လာသည်အား မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူမသည် ချက်ချင်းပင် ကိုယ်ကို ကိုင်းညွတ်ကာ မြေပြင်ပေါ်တွင် လိမ့်ချလိုက်ပြီးနောက် သူမ၏ ဓားမြှောင်အား အထက် လေဟာနယ်ထဲသို့ လခြမ်းပုံသဏ္ဍာန် ခုတ်ပိုင်းချလိုက်တော့သည်။
"ရွှတ်"
"အူး"
ရက်စက် ကြမ်းကြုတ်သော ခွန်အားဖြင့် အားပါးတရ ထိုးသွင်းလိုက်သော ထိုဓားမြှောင်သည် ဝံပုလွေ၏ ဝမ်းဗိုက် အောက်ပိုင်းကို ရှည်လျား နက်ရှိုင်းစွာ ခွဲဖြတ်သွားခဲ့တော့သည်။ ဝံပုလွေသည် နာကျင်စွာဖြင့် အူလိုက်သော်လည်း ၎င်း၏ ခုန်အုပ်လိုက်သော အရှိန်ကြောင့် အရှေ့သို့ ဆက်လက် လွင့်စင်သွားခဲ့ကာ မြေပြင်ပေါ်တွင် လဲကျနေသော အမျိုးသားဆီသို့ လေထဲ မှတစ်ဆင့် ဆက်လက် ပျံသန်းသွားခဲ့ကာ ၎င်း၏ ရက်စက် ကြမ်းကြုတ်သော မျက်လုံးကြီးများ ပြူးကျယ်လျက် ထိုအမျိုးသားအား မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။
ထို့နောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် ၎င်း၏ ခန္ဓာကိုယ်သည် နောက်ဆုံး အနေဖြင့် တစ်ချက် တွန့်လိမ်သွားခဲ့ကာ ကြီးမားလှသော မေးရိုးကြီးများ အနည်းငယ် လှုပ်ရှားသွား ပြီးနောက် ထူထဲသော အမွေးအမျှင်များ ဖုံးလွှမ်းနေသည့် ခန္ဓာကိုယ်ကြီးထဲမှာ နောက်ဆုံး ထွက်သက်အား စွန့်ခွာသွားခဲ့တော့သည်။
"အူး ဝူး"
ကျန်ရစ်နေခဲ့သော မီးခိုးရောင် ဝံပုလွေများသည် ဂနာမငြိမ် ဖြစ်လာခဲ့ကာ ဒေါသ ထွက်လာကြပြီး ခေါင်းများအား မော့လျက် အသံရှည်ကြီးများဖြင့် အူလိုက်ကြသည်။ ဝံပုလွေများသည် ၎င်းတို့၏ လည်ချောင်းများထဲမှ ခပ်တိုတို ညည်းတွားသံများ ထွက်ပေါ်လာရင်း မြေကြီးများကို စတင် ကုတ်ခြစ်လာကြတော့သည်။
ဆာလောင် မွတ်သိပ်နေပြီး သွေးဆာနေသော ၎င်းတို့၏ မျက်လုံးများသည် ဖုန်းကျို့အား မျှော်လင့်ချက်မဲ့စွာ ဆက်လက် စိုက်ကြည့် နေကြသော်လည်း မဆင်မခြင် ဝင်ရောက် တိုက်ခိုက်ရန်မူ မဝံ့မရဲ ဖြစ်နေကြသည်။
ဖုန်းကျို့သည် တစ်ချက်တည်း ခုန်ထလိုက်ကာ ခြေနှစ်ဖက်ဖြင့် မြေပြင်ပေါ်သို့ လျင်မြန်စွာ ပြန်လည် ရပ်တန့်လိုက်ပြီး သူမ၏ အေးစက် စူးရှသော အကြည့်များဖြင့် မီးခိုးရောင် ဝံပုလွေများအား ထပ်မံ ကြည့်ရှုလိုက်တော့သည်။
သွေးဆာလောင်မှုအား မည်သို့မျှ ဖြည့်ဆည်း၍ မရနိုင်သော ရက်စက် ကြမ်းကြုတ်သည့် မိစ္ဆာတစ်ကောင်အလား အသွင်အပြင်ဖြင့် သူမ၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ ဤသို့ ပြောလိုက်လေသည်။
"မင်းတို့ကောင်တွေ ဒီမှာ ဆက်နေဖို့ ရွေးချယ်မယ်ဆိုရင် ငါ တစ်ကောင်မကျန် အကုန် သတ်ပစ်မယ်"
သူမ၏ ရေခဲတမျှ အေးစက်နေသော အကြည့်များသည် ၎င်းတို့ အပေါ်သို့ ဝေ့ဝဲ ဖြတ်သန်းသွားပြီး နောက်ဆုံးတွင် ခပ်လှမ်းလှမ်းရှိ ကုန်းစောင်းပေါ်တွင် ရပ်နေသည့် ဝံပုလွေအုပ်၏ ခေါင်းဆောင် ဖြစ်သော ဝံပုလွေကြီးဆီသို့ စူးစိုက်သွားခဲ့သည်။
၎င်းတို့ ရှေ့မှောက်ရှိ ပြင်းထန်လှသော ခြိမ်းခြောက်မှုကြီးအား အာရုံ ခံစားမိသွားသည့် အလား ထိုဝံပုလွေကြီးသည် ဖုန်းကျို့အား ခေတ္တမျှ စိုက်ကြည့်နေခဲ့ပြီးနောက် ခေါင်းအား မော့လျှက် ရှည်လျားစွာ အူလိုက်လေတော့သည်။
အချိန်ကြာမြင့်ခြင်း မရှိဘဲ လူသားများအား ဝိုင်းရံထားကြသော ဝံပုလွေ ဆယ်ကောင်ကျော်ခန့်သည် မတ်တတ်ထကြပြီးနောက် ခပ်လှမ်းလှမ်းဆီသို့ ခုန်ဆွခုန်ဆွဖြင့် ထွက်ပြေးသွားကြတော့သည်။
အမျိုးသားသည် သူ၏ တံတောင်ဆစ်များကို အားပြုကာ ကိုယ်ကို ထူမလိုက်ပြီးနောက် ကြက်ဥများ အလား ပြူးကျယ်နေသော မျက်လုံးများဖြင့် အံ့အားသင့်လျှက် မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့ကာ သူ၏ မျက်နှာကြီးသည် အံ့ဩမင်သက်မှုများကြောင့် အေးခဲ တောင့်တင်းနေခဲ့တော့သည်။
ဖုန်းကျို့သည် သူမ၏ ဓားမြှောင်အား ဝံပုလွေ တစ်ကောင်၏ အမွေးပေါ်တွင် သန့်စင်အောင် သုတ်လိုက် ပြီးနောက် ပြန်လည် သိမ်းဆည်းလိုက်လေသည်။ သူမ လှည့်ကြည့် လိုက်သောအခါ အမျိုးသား၏ မျက်နှာအမူအရာအား မြင်တွေ့လိုက်ရသဖြင့် ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်ကာ ပြောလိုက်သည်။
"ခင်ဗျား နိုးလာတာ ကောင်းတယ် ဒီထက်ပိုပြီး ဆက်အိပ်နေဦးမယ်ဆိုရင် ကျုပ် ခင်ဗျားကို ထားပြီး ထွက်သွားတော့မှာ"
ထို့နောက် သူမသည် ဘေးသို့ လျှောက်သွားလိုက်ကာ ထိုင်ချလိုက်ပြီး ဝါးရေဘူးအား ထုတ်၍ ရေတစ်ငုံ သောက်လိုက်လေသည်။ တစ်ညတာလုံး ဝံပုလွေ ဆယ်ကောင်ကျော်အား မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ရသဖြင့် သူမ၏ စိတ်သည် အလွန်တရာ တင်းမာနေခဲ့ပြီး တစ်ခဏလေးမျှပင် အနားမရခဲ့ချေ။
အကယ်၍ သူမသာ သတိလက်လွတ် ဖြစ်သွားကာ အနည်းငယ်မျှ အမှားကျူးလွန်မိခဲ့ပါမူ ထိုအခြေအနေမျိုးတွင် သူတို့နှစ်ဦးစလုံး ဝံပုလွေများ၏ ကိုက်ဖြတ် ဆွဲဆုတ်ခြင်းအား ခံရကာ အပိုင်းပိုင်းအစစ ဖြစ်သွားနိုင်ချေ အလွန်ပင် များပြားလှပေသည်။
"မင်း မင်းက ဘယ်သူလဲ"
သူသည် စောစောပိုင်းတွင် ဖုန်းကျို့၏ ရက်စက် ကြမ်းကြုတ်သော အသွင်အပြင်ကြောင့် ထိတ်လန့် သွားခဲ့ပုံရပြီး ယခု စကားပြောသည့် တိုင်အောင် အသံများ ထစ်အနေခဲ့သည်။
"ကျုပ်က ဘယ်သူလဲဆိုတာ ခင်ဗျားက ဘာလို့ ဂရုစိုက်နေရတာလဲ"
"ဒါဆို ဒါဆို ငါကရော ဘယ်သူလဲ"
ထိုစကားလုံးများ အမျိုးသား၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ် လာသည်နှင့်တစ်ပြိုင်နက် ရုတ်တရက် ဝေခွဲမရ ဖြစ်သွားသူမှာ ဖုန်းကျို့ ပင်ဖြစ်ချေတော့သည်။
"ခင်ဗျား ခေါင်းကို အဲဒီလောက်တောင် ပြင်းပြင်းထန်ထန် ထိခိုက်သွားတာလား ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲ ဆိုတာတောင် မမှတ်မိတော့ဘူးပေါ့"
ထိုသို့ ပြောနေရင်းဖြင့် သူမသည် တစ်စုံတစ်ရာအား ရုတ်တရက် သတိရသွားသည့် အလား သူမ၏ လက်အား ဆန့်ထုတ်လိုက်ကာ အမျိုးသား၏ နောက်စေ့ကို စမ်းသပ်ကြည့်လိုက်လေသည်။ ထင်ထားသည့် အတိုင်းပင် ကြီးမားလှသော ဘုကြီး တစ်ခုသည် ထိုနေရာတွင် ဖောင်းကား ရောင်ရမ်းနေခဲ့တော့သည်။