← Chapters

အခန်း ၂၈

Vol. 2 Ch. 28

အခန်း ၂၈

Vol. 2 Ch. 28

အခန်း (၂၈)

အမျိုးသားသည် သူ့အပေါ်သို့ ကိုင်းညွတ်နေသော မျက်နှာစိမ်းစိမ်းနှင့် သူတောင်းစားလေးအား ငေးမော ကြည့်နေခဲ့ပြီး သူတောင်းစားလေး၏ အသံအား ကြားလိုက်ရချိန်မှသာ အသိစိတ် ပြန်လည် ဝင်ရောက် လာခဲ့တော့သည်။

"ခင်ဗျား ပြုတ်ကျတုန်းက ကျောက်တုံးတွေနဲ့ ခေါင်းကို သွားဆောင့်မိတာ ဖြစ်ရမယ် သွေးခဲက အာရုံကြောတွေကို ဖိမိနေလို့ အခုလို ခဏတာ မှတ်ဉာဏ် ပျောက်ဆုံးသွားတာလို့ ကျုပ် ထင်တယ် အဲဒီ သွေးခဲတွေ ပျော်ကျသွားရင် အားလုံး ပုံမှန် ပြန်ဖြစ်သွားမှာပါ"

သူမသည် မတ်တတ် ထရပ်ကာ လက်အား ခါထုတ်လိုက်ပြီး ပြောလိုက်သည်။

"ကဲ ခင်ဗျားလည်း သတိရလာပြီ ဆိုတော့ ကျုပ် သွားစရာရှိတဲ့ လမ်းကို ဆက်သွားတော့မယ်"

ထိုစကားအား ကြားလိုက်ရသောအခါ အမျိုးသားသည် ပြာယာခတ်သွား ပြီးနောက် ဝမ်းဗိုက်မှ ပြင်းထန်လှသော နာကျင်မှုအား ကြိတ်မှိတ်သည်းခံကာ မတ်တတ် ထရပ်လိုက်တော့သည်။ သူ၏ စိတ်ထဲတွင် ဂနာမငြိမ် ဖြစ်မှုများ ပြည့်နှက်နေပြီး ရုတ်တရက် အထိတ်တလန့် ဖြစ်ကာ ဖုန်းကျို့၏ ဘေးနားသို့ ကပ်၍ ရပ်လိုက်တော့သည်။

သူသည် တစ်စုံတစ်ရာအား ပြောဆိုချင်နေပုံ ရသော်လည်း မည်သို့ ပြောရမည်အား မသိဘဲဖြစ်နေခဲ့ကာ ဖုန်းကျို့အား စိုက်ကြည့်ရင်း ပါးစပ်အား ဟလိုက် ပိတ်လိုက်သာ လုပ်နေမိတော့သည်။

အမျိုးသား မတ်တတ် ထရပ်လိုက်ပြီးနောက် ဖုန်းကျို့သည် ရုတ်တရက် အံ့အားသင့်သွားခဲ့လေသည်။ ထိုအချိန်မှသာ ထိုအမျိုးသားသည် မည်မျှ အရပ်ရှည်ကြောင်း သူမ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ သူသည် သူမထက် ခေါင်းတစ်ဝက်ခန့် ပိုမို ရှည်လျားပြီး သူ၏ အသားအရေသည် ကြေးနီရောင်သန်းကာ နေလောင်ခံထားရသည့် အလား တောင့်တင်း ခိုင်မာသော ကြွက်သားများဖြင့် ဖွဲ့စည်းထားကာ ထိုဦးလေးကြီး ထက်ပင် အနည်းငယ် ပို၍ တောင့်တင်းနေသယောင် ထင်ရလေသည်။

ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းထားသော အဝတ်အစားများသည် အနည်းငယ် တင်းကျပ်နေပြီး ဆွဲဆန့်ထားသကဲ့သို့ ဖြစ်နေကာ သူ၏ လက်မောင်းမှ ဖောင်းကြွနေသော ကြွက်သားများသည် အဝတ်အစားများအား အချိန်မရွေး ဆုတ်ဖြဲပစ်တော့မည့် အလား ထင်မှတ်ရလေသည်။

သူမသည် အကြည့်လွှဲလိုက်ပြီး သူမနောက်သို့ လိုက်လာသော အမျိုးသားကို ကြည့်ကာ မေးလိုက်သည်။

"ခင်ဗျား ဘာလုပ်နေတာလဲ"

သူမသည် ထိုအမျိုးသားအား မစဉ်းစားမဆင်ခြင်ဘဲ ကယ်တင်ခဲ့မိပြီး ဤလုပ်ရပ်သည် သူမကိုယ်သူမ ဒုက္ခများစွာ ပေးလိမ့်မည်အား မသိခဲ့ချေ။

"ကျွန်တော် ကျွန်တော် မင်းနောက်ကို လိုက်လို့ မရဘူးလား"

အမျိုးသားသည် သူမအား ကြည့်လိုက်လေရာ သူ၏ မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့သည်။

"ကျွန်တော် ဘာမှ မမှတ်မိတော့ဘူး ပြီးတော့ မင်းကိုပဲ ကျွန်တော် သိတယ်"

ဖုန်းကျို့သည် ရုတ်တရက် ဆွံ့အသွားခဲ့ရသည်။ ထိုစကားလုံးများသည် သူမအတွက် အတော်လေး ရင်းနှီးနေသလို ခံစားရလေသည်။ ထိုစဉ်တွင် ထိုဦးလေးကြီး၏ အနားတွင် ကပ်တွယ်နေရန် ဆုံးဖြတ်ခဲ့စဉ်က သူမကိုယ်တိုင်လည်း ဤစကားနှင့် ခပ်ဆင်ဆင် ပြောခဲ့ဖူးလေသည်။

"ကျွန်တော် ကျွန်တော် ဘာပြဿနာမှ မပေးပါဘူး"

ဖုန်းကျို့သည် မျက်လုံးများအား လှန်မိလိုက်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"ခင်ဗျားကိုယ်တိုင်က ကျုပ်အတွက် ပြဿနာကြီး ဖြစ်နေပြီ"

သူ့ကြောင့် သာမဟုတ်လျှင် သူမသည် တစ်ညတာလုံး ထိုဝံပုလွေများအား မျက်ခြေမပြတ် စောင့်ကြည့်နေရန် လိုအပ်လိမ့်မည် မဟုတ်ပေ။ သူမ၏ စွမ်းရည်နှင့် အမြန်နှုန်းအရ ဆိုလျှင် ၎င်းတို့အား မတိုက်ခိုက်နိုင်လျှင်ပင် လွတ်မြောက်ရန် ပြဿနာရှိလိမ့်မည် မဟုတ်ချေ။

မည်သည့် တုံ့ပြန်သံမှ မကြားရသည့်အခါ သူမသည် မျက်လုံးများကို မော့ကာ သူ့အား တစ်ချက် ကြည့်လိုက်လေရာ ထိုတစ်ချက်သော အကြည့်သည်ပင် သူမအား လန့်ဖြန့်သွားစေခဲ့သည်။

"ဘာ ယောက်ျားကြီးတန်မဲ့ ခင်ဗျားက ဘာလို့ ငိုနေတာလဲ"

အလွန်တရာ ကြီးမားခိုင်ခံ့သော ယောက်ျားကြီး တစ်ယောက်သည် သူမ၏ မျက်စိရှေ့တွင် မျက်ရည်များဖြင့် မျက်လုံးအိမ်များ နီရဲလျက် အနိုင်ကျင့်ခံ ထားရသော ချွေးမငယ်လေး တစ်ယောက် အလား အငိုမျက်နှာလေးဖြင့် ရှိနေသည်အား မြင်လိုက်ရသဖြင့် သူမ အနေဖြင့် အံ့အားသင့်ရုံ မှလွဲ၍ အခြား မည်သို့ လုပ်နိုင်မည်နည်း။

"မင်းက ကျွန်တော့်ကို လိုက်ခွင့်မပြုလို့"

အမျိုးသားသည် ဝမ်းနည်းပက်လက်ဖြင့် သူမအား ကြည့်ကာ ပြောလေသည်။

"ကျွန်တော် ဘယ်သွားရမှန်းလည်း မသိဘူး ပြန်သွားစရာ နေရာလည်း မရှိဘူး အဲဒါကို မင်းက လိုက်ခွင့်မပြုဘူးဆိုတော့"

ဖုန်းကျို့သည် သူမ၏ နဖူးကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး ကောင်းကင်ကြီးအား စကားမဲ့စွာ မော့ကြည့်နေမိတော့သည်။ ယခုတစ်ကြိမ်တွင်မူ သူမသည် ဖယ်ရှားပစ်ရန် မလွယ်ကူလှသော ပြဿနာကြီး တစ်ခုနှင့် အမှန်ပင် ချိတ်ဆက်မိသွားခဲ့ပြီ ဖြစ်သည်။

‘ဒါက ဝဋ်လည်တာလား’

သူမသည် တစ်စုံတစ်ယောက်၏ အနားတွင် ကပ်တွယ်နေခဲ့ပြီး ယခုအခါတွင် အခြားတစ်ယောက်သည် သူမအား ထိုနည်းတူ လာရောက် ကပ်တွယ်နေခဲ့ပြီ ဖြစ်သည်။

သူမသည် စမ်းချောင်းလေးဆီသို့ လျှောက်သွားခဲ့ကာ ဝါးရေဘူးအား ထုတ်၍ ရေဖြည့်လိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် ဝံပုလွေသွေးများ စွန်းထင်းနေသော အပေါ်ဝတ်ရုံအား ချွတ်၍ လွှင့်ပစ်လိုက်တော့သည်။

သူမသည် ထိုနေရာမှ ထွက်ခွာရန် ပြင်ဆင်နေစဉ် ထိုအမျိုးသားသည် အရူး တစ်ယောက်ကဲ့သို့ ရပ်နေဆဲ ဖြစ်ကာ သူမ၏ နောက်သို့ လိုက်ချင်သော်လည်း မလိုက်ရဲဘဲ သူမအား ငေးကြည့်နေသည်ကိုသာ မြင်တွေ့လိုက်ရလေသည်။ သူမသည် သက်ပြင်း အရှည်ကြီး တစ်ချက်ချလိုက်မိပြီးနောက် ပြောလိုက်သည်။

"ဘာလို့ အဲဒီမှာ ရပ်နေသေးတာလဲ လာ သွားကြမယ်"

"ဟင် အို"

အမျိုးသားသည် တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် ပျော်ရွှင်စွာ ပြုံးလိုက်ကာ သဘောတူသည့် အနေဖြင့် ခေါင်းညိတ်ပြပြီးနောက် လျင်မြန်သော ခြေလှမ်းများဖြင့် လျှောက်လာခဲ့တော့သည်။ သို့သော် သူသည် နာကျင်မှုအား ကြိတ်မှိတ် သည်းခံထားရသဖြင့် လက်တစ်ဖက်သည် ဝမ်းဗိုက်ပေါ်သို့ အုပ်ကိုင်ထားခဲ့လေသည်။

ထို့နောက် သူတို့နှစ်ဦးသည် ကုန်းစောင်းပေါ်သို့ တက်လာခဲ့ကြကာ တောအုပ်ထဲသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက် လာခဲ့ကြလေသည်။ ထိုအချိန်တွင် ဖြည်းညင်းစွာ လမ်းလျှောက်နေသော ဖုန်းကျို့၏ မျက်ဝန်းများသည် တစ်ချက် လက်ကနဲ ဖြစ်သွားပြီး ရှေ့သို့ ဆက်လျှောက် နေရင်းဖြင့် ပတ်ဝန်းကျင်အား သတိကြီးစွာဖြင့် တိတ်တဆိတ် အကဲခတ်လိုက်လေသည်။

"ဒါနဲ့ ကျွန်တော် ကျွန်တော် မင်းကို ဘယ်လို ခေါ်ရမလဲ"

ဖုန်းကျို့၏ ဘေးမှ လိုက်ပါလာသော အမျိုးသားမှ မေးလိုက်သည်။

"ကြိုက်သလို ခေါ်ပါ"

သူမသည် စကားဝိုင်းအပေါ် အာရုံမစိုက်ဘဲ ပေါ့ပေါ့ဆဆပင် ပြန်ဖြေလိုက်သည်။ ထိုစကားအား ကြားသောအခါ အမျိုးသားသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရယ်မောကာ ပြောလိုက်သည်။

"မင်းက ကျွန်တော့်ထက် ငယ်ပုံရတယ် ဒါကြောင့် မင်းကို ကလေးလေး လို့ပဲ ခေါ်မယ်နော်"

"အင်း"

သူမသည် သူပြောနေသည်များအား သေချာ နားမထောင်ဘဲ အာရုံလွင့်ပါးစွာဖြင့် ပြန်ဖြေလိုက် ပြီးနောက် သူမ၏ ခေါင်းကို အနည်းငယ် စောင်းကာ အနောက်ဘက်ရှိ ကြီးမားလှသော ပေါင်းပင် ချုံပုတ်ကြီးများအား စူးစိုက်ကြည့်နေခဲ့သည်။

ဖုန်းကျို့၏ သဘောတူညီချက်အား ကြားလိုက်ရသဖြင့် သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ လင်းလက်သွားခဲ့သည်။ သူသည် စကား ဆက်ပြောရန် ပြင်လိုက်သော်လည်း သူတောင်းစားလေးသည် ဘယ်ဘက် အနောက်ရှိ နေရာ တစ်နေရာသို့ စူးစိုက်ကြည့်နေသည်အား သတိပြုမိသွားလေသည်။

သူသည် ထိုအကြည့်များ ရှိရာသို့ လိုက်လံ ကြည့်ရှုလိုက်လေရာ သူ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူ၏ မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲ သွားခဲ့တော့သည်။

အခန်း (၂၈.၁)

"အဲဒီ ဝံပုလွေတွေ ရှိနေတုန်းပဲလား သူတို့ သူတို့တွေ ငါတို့နောက်ကို ဆက်လိုက် နေကြဦးမှာလား"

သူသည် ရုတ်တရက် အတော်လေး အံ့အားသင့် သွားခဲ့ရသည်။ သူတို့သည် ခရီး အတော် ဝေးဝေးအထိ လျှောက်လာခဲ့ကြပြီး ဖြစ်သော်လည်း သူတို့၏ အနောက်တွင် ဝံပုလွေ ဆယ်ကောင် ထက်မကသော ဝံပုလွေအုပ်ကြီး တစ်အုပ် လိုက်ပါလာခဲ့သည်အား သူ လုံးဝ သတိမထားမိခဲ့ချေ။

သူသည် ဆက်လက် တွေးတော ကြည့်ရန်ပင် မဝံ့မရဲ ဖြစ်သွားခဲ့ရလေသည်။ အကယ်၍ သူတို့သာ လုံးဝ သတိလက်လွတ် ဖြစ်နေချိန်တွင် ထိုဝံပုလွေများသည် သူတို့ အပေါ်သို့ ခုန်အုပ်လာခဲ့မည်ဆိုပါက မည်သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာလိမ့်မည်နည်း

"စိုးရိမ်မနေပါနဲ့ အဲဒီကောင်တွေ ကျုပ်တို့ကို ခုန်အုပ်ရဲကြမှာ မဟုတ်ပါဘူး သူတို့က အခွင့်အရေးကို စောင့်နေကြရုံသက်သက်ပါ"

ဖုန်းကျို့သည် ဝံပုလွေများအား တစ်ချက်မျှသာ လှည့်ကြည့် လိုက်ပြီးနောက် ရှေ့သို့ ပြန်လှည့်ကာ ခရီးဆက်ခဲ့လေသည်။ ထိုဝံပုလွေများထဲမှ အချို့အား ရက်စက် ကြမ်းကြုတ်စွာဖြင့် သနားညှာတာမှု ကင်းမဲ့စွာ သတ်ဖြတ် ပြလိုက်ပြီးနောက် ၎င်းလုပ်ရပ်သည် ကျန်ရှိနေသော ဝံပုလွေအုပ်ကြီး အတွက် အောင်မြင်သော ခြိမ်းခြောက်မှု တစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်ရာ သူတို့ဆီသို့ မဆင်မခြင် ဝင်ရောက် တိုက်ခိုက်ရဲကြတော့မည် မဟုတ်ကြောင်း သူမ ကောင်းစွာ သိရှိထားလေသည်။

၎င်းတို့အနေဖြင့် အနည်းငယ်မျှ အမှားကျူးလွန်မိသည်နှင့် သေချာပေါက် သေပွဲဝင်ရမည်ကိုလည်း ထိုဝံပုလွေများမှ ကောင်းစွာ သဘောပေါက် နားလည်ထားကြသည် မဟုတ်ပါလား။

သို့သော် ဝံပုလွေများသည်လည်း ဒီအတိုင်း လှည့်ပြန်သွားရန် ဆန္ဒမရှိကြသည့် အတွက် သူတို့နှစ်ဦး၏ အနောက် ခပ်လှမ်းလှမ်း မှနေ၍ အခွင့်အရေးအား စောင့်မျှော်ရင်း လိုက်ပါလာခဲ့ကြခြင်း ဖြစ်သည်။

"ငါတို့က ဒီအတိုင်းပဲ သူတို့ကို အနောက်ကနေ လိုက်ခွင့်ပြု ထားတော့မလို့လား"

သူတောင်းစားလေးမှ အနည်းငယ်မျှပင် စိုးရိမ်ပူပန်နေပုံ မရသည်အား မြင်လိုက်ရသဖြင့် အမျိုးသားသည် အံ့အားသင့်စွာဖြင့် မေးလိုက်ပြီးနောက် ဤအခြေအနေအား အတော်လေး ထူးဆန်းနေသည်ဟု ခံစားလိုက်ရတော့သည်။

[ဤသူတောင်းစားလေးသည် သူ့ထက် အများကြီး အသက် ငယ်ရွယ်သည်မှာ သိသာ ထင်ရှားလှပါလျက် မည်သို့များ ဤမျှ ကြီးမားလှသော သတ္တိနှင့် အံ့မခန်းစွမ်းရည်များအား ပိုင်ဆိုင်ထားရလေသနည်း။]

ဖုန်းကျို့သည် သူမ၏ ခြေလှမ်းများအား ရပ်တန့်လိုက်ပြီး ထိုအမျိုးသားအား တည့်တည့် စိုက်ကြည့်လိုက်သည်။

"ဒါမှမဟုတ် ခင်ဗျား သွားပြီး မောင်းထုတ်ချင်လို့လား"

"ဟာ မလိုပါဘူး မလိုဘူးလို့ ကျွန်တော် ထင်ပါတယ် သူတို့ လိုက်ချင်လည်း လိုက်ကြပါစေတော့"

သူသည် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်ပြီး သူ၏ ခေါင်းအား ကူကယ်ရာမဲ့စွာ ကုတ်လိုက်မိတော့သည်။ သို့ဖြစ်၍ အကယ်၍ တစ်စုံတစ်ယောက်သာ အနီးအနားတွင် ရှိနေခဲ့မည်ဆိုပါက ဖြတ်သန်း သွားသော ဤထူးဆန်းလှသည့် မြင်ကွင်းကြီးအား မြင်တွေ့ သွားရမည် ဖြစ်သည်။

လူနှစ်ယောက်သည် အရှေ့မှနေ၍ သက်သောင့်သက်သာဖြင့် လမ်းလျှောက် သွားနေကြပြီး သူတို့၏ အနောက်ဘက် ဆယ်မီတာခန့် အကွာတွင်မူ ပါးစပ်မှ သွားရည်များ တမြားမြားကျနေသော ဆာလောင် မွတ်သိပ်နေသည့် မီးခိုးရောင် ဝံပုလွေ ဆယ်ကောင်ကျော် ပါဝင်သော ဝံပုလွေအုပ်ကြီးမှ နောက်ယောင်ခံ လိုက်ပါလာကြခြင်း ဖြစ်ပေသည်။

"ကလေးလေး ဒီကျောက်စိမ်းပြားပေါ်က စာက ကျွန်တော့်နာမည် ဖြစ်နိုင်မလား"

သူသည် ကျောက်စိမ်းပြားတစ်ခုအား ဖုန်းကျို့ထံသို့ ကမ်းပေးလိုက်ရင်း ပြောလိုက်သည်။

"ဒါက အစတုန်းက ကျွန်တော့်လည်ပင်းမှာ ဆွဲထားတာ"

ဖုန်းကျို့သည် ကျောက်စိမ်းပြားအား လှမ်းယူကာ ကြည့်ရှုလိုက်လေသည်။ ထိုအပြားပေါ်တွင် စာလုံးသုံးလုံးအား အမှန်ပင် ထွင်းထုထားပြီး "ကွမ်ရှီးလင်း" ဟု ဖတ်ရလေသည်။

သူမ၏ အသံသည် ခေတ္တမျှ တန့်သွားခဲ့ပြီး ထိုအမျိုးသားအား တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။

"ခင်ဗျားနာမည်က ကွမ်ရှီးလင်း လား"

"ကျွန်တော်ကတော့ ဖြစ်နိုင်လောက်တယ်လို့ ထင်နေတာပဲ"

သူမသည် ကျောက်စိမ်းဆွဲသီးအား သူ့ထံသို့ ပြန်ပေးလိုက်ပြီး ရယ်မောကာ ဤသို့ ပြောလိုက်သည်။

"ကျုပ်က ခင်ဗျားကို ငတုံးကြီး လို့များ ခေါ်ရမလားလို့ တွေးနေတာ"

ကွမ်ရှီးလင်း တစ်ယောက် ဆွံအသွားခဲ့ရသည်။ ကွမ်ရှီးလင်းသည် သူတောင်းစားလေးအား ပြောရန် စကားမဲ့စွာ ကြည့်နေလိုက်သော်လည်း ပညာရှိစွာဖြင့် မည်သည့် စကားမှ ထပ်မပြောတော့ချေ။

သူတို့နှစ်ဦးသည် နောက်ထပ် ခရီးတစ်ထောက်အား ဆက်လက် ဖြတ်သန်းခဲ့ကြသော်လည်း ဝံပုလွေအုပ်ကြီးသည် အနောက်မှ လိုက်ပါလာဆဲ ဖြစ်ကာ ထွက်ခွာသွားကြမည့် အရိပ်အယောင် အနည်းငယ်မျှ မပြကြချေ။

နောက်ဆုံးတွင်မူ ကွမ်ရှီးလင်းသည် နှာခေါင်းအား ရှုံ့ကာ အနံ့ခံလိုက်ပြီး ဖုန်းကျို့အား သွားဖြဲကာ ပြုံးပြရင်း ဤသို့ ပြောလိုက်သည်။

"ကလေးလေး အရှေ့မှာ လူတွေရှိတယ် ငါတို့ မြန်မြန်သွားပြီး သူတို့ကို အမီလိုက်ကြရအောင် အကယ်လို့ အဲဒီလူတွေက ငါတို့ကို သူတို့နောက် လိုက်ခွင့်ပြုမယ်ဆိုရင် အနောက်က လိုက်လာတဲ့ ဝံပုလွေတွေလည်း ငါတို့ကို လုံးဝ တိုက်ခိုက်ရဲကြတော့မှာ မဟုတ်ဘူး"

"လူတွေ ဟုတ်လား ခင်ဗျားက ဘယ်လိုလုပ် သိတာလဲ"

သူမသည် အရှေ့သို့ လှမ်းမျှော် ကြည့်လိုက်သော်လည်း သစ်ပင်များနှင့် ပေါင်းပင်များ မှလွဲ၍ မည်သူ တစ်ဦးတစ်ယောက်၏ အရိပ်အယောင်ကိုမျှ မတွေ့မြင်ရပေ။ သူသည် ခေါင်းအား အခိုင်အမာ ညိတ်ပြလိုက်ရင်း ပြောလိုက်သည်။

"သေချာပေါက် ရှိတယ်ဗျ အသားကင်နေတဲ့ အနံ့ကို ကျွန်တော် ရနေတယ်"

"အသားကင်တဲ့အနံ့ ဘာလို့ ကျုပ်က မရပါလိမ့်"

သူမသည် ရေရွတ်လိုက်ရင်း နောက်ထပ် ခရီး တစ်ထောက်အား ဆက်လျှောက် လာခဲ့တော့သည်။ အတန်ကြာသော အခါတွင်မူ သူမသည် အသားကင်နေသည့် မွှေးရနံ့အား အမှန်ပင် ရရှိလာခဲ့ပြီး လူများ စကားပြော ဆိုနေကြသည့် အသံများအားလည်း သဲ့သဲ့မျှ ကြားလာရလေသည်။ သူမသည် သူမ၏ ဘေးရှိ ကွမ်ရှီးလင်းအား စပ်စုချင်သော အကြည့်များဖြင့် ချက်ချင်းပင် စူးစိုက်ကြည့်လိုက်မိသည်။

[သူက အမဲလိုက်ခွေးတစ်ကောင်ရဲ့ နှာခေါင်းမျိုးများ ပိုင်ဆိုင်ထားတာလား]

"ဟဲဟဲ မြင်ပြီမလား ဒီမှာ လူတွေရှိတယ်လို့ ကျွန်တော် ပြောသားပဲ"

သူသည် ရယ်မောကာ ပြောလိုက်သည်။

"သွားကြရအောင် ကျွန်တော်တို့ အဲဒီကို ရောက်လို့ သူတို့နောက် လိုက်ခွင့်ရပြီဆိုရင် နောက်ထပ် ဘယ်လို သားရဲတိရစ္ဆာန်တွေနဲ့ တွေ့တွေ့ ကြောက်စရာ မလိုတော့ဘူး"

"တခြားလူတွေက ငါတို့ကို သူတို့အဖွဲ့ထဲ ဒီလောက် လွယ်လွယ်လေး ဝင်ခွင့်ပြုလိမ့်မယ်လို့ ခင်ဗျားက ထင်နေတာလား"

သူမသည် သူ့အား စူးရဲစွာ ကြည့်လိုက် ပြီးနောက် ဆက်ပြောလိုက်သည်။

"ကျုပ်လို အားယားနေတဲ့ လူမှပဲ ခင်ဗျားကို အနောက်ကနေ လိုက်ခွင့်ပြုမှာ"

သူသည် ကြောင်တောင်တောင်ဖြင့် ကူကယ်ရာမဲ့သော မျက်နှာထားနှင့် ရပ်နေသည်အား မြင်လိုက်ရသဖြင့် ဖုန်းကျို့သည် သူ့အား စူးရဲစွာ ထပ်ကြည့်လိုက်ကာ ဆက်ပြောလိုက်သည်။

"ဒီနေရာကို ထောင်ချောက်ကိုးသွယ် တောအုပ် လို့ ခေါ်တယ် ပြီးတော့ ဒီမှာ ပြင်းထန် ရက်စက်တဲ့ သားရဲတွေ အများကြီး ပြည့်နှက်နေတာလေ အဆုံးမရှိတဲ့ အန္တရာယ်တွေ ပြည့်နေတဲ့ နေရာမျိုးမှာ သူစိမ်း နှစ်ယောက်က ရုတ်တရက် အနားကို ချဉ်းကပ်လာတာကို တွေ့ရင် တခြားလူတွေက ဘယ်လိုတွေးကြမလဲဆိုတာ ခင်ဗျား စဉ်းစားမိကြည့်ဖူးလား"

"ဘာ ဘယ်လို တွေးကြမှာမို့လို့လဲ"

သူသည် အခြေအနေအား နားမလည်နိုင်စွာဖြင့် သိချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။

"ငတုံးကြီးရဲ့ သူတို့အနားကို ကပ်လာတာ ငါတို့မှာ ဘယ်လို ရည်ရွယ်ချက်ဆိုးတွေများ ရှိနေမလဲဆိုပြီး တွေးကြမှာပေါ့"

"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ"

ဖုန်းကျို့၏ မျက်ဝန်းအစုံသည် ပြောင်းလဲသွားခဲ့ပြီး သူမ၏ နှုတ်ခမ်းများ ပွင့်ဟသွားကာ ကောက်ကျစ်စဉ်းလဲသော အပြုံးတစ်ခု ပေါ်လာခဲ့တော့သည်။

"ကိစ္စမရှိဘူး ကျုပ်မှာ အကြံရှိတယ် ကျုပ်ကိုသာ သေချာ ကြည့်နေ"

All Chapters